အပိုင်း ၁၀၂
Viewers 18k

Chapter 102
လက်ထပ်ထိမ်းမြားရန်ကိစ္စကို ပြန်လည်ပြောဆိုခြင်း



ထိုအချိန်၌ အစေခံများက မိန်းကလေးများကို ကာရံပေးရန် ကန့်လန့်ကာများ သယ်ဆောင်လာကြပြီဖြစ်သည်။

ချန်ရုံသည် ကန့်လန့်ကာများနောက်သို့ရောက်သွားမှပင် သက်ပြင်းချလိုက်မိတော့သည်။ လူများ၏အကြည့်အောက်၌နေနေရသည်မှာ အလွန်မသက်မသာဖြစ်နေရသည်မဟုတ်လား။

ချန်ရုံသည် ခေါင်းကိုငုံ့၍ ဝိုင်အရက်တစ်ငုံသောက်လိုက်ကာ ကန့်လန့်ကာ၏အခြားတစ်ဖက်မှ ဝမ်ဟုန်၏အရိပ်ကို ကြည့်နေမိသည်။

ထိုအချိန်၌ တံခါးဝနား၌ လူများရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ ဝမ်ဟုန်အပါအဝင်ပညာရှိတော်တော်များများသည်လည်း ယခုရောက်ရှိလာသူကို ကြိုဆိုရန် မတ်တပ်ထရပ်လိုက်ကြသည်။

ချန်ရုံက ဝိုင်အရက်သောက်နေသည်ကို ခဏမျှရပ်လိုက်သည်။ ချန်ရုံ၏ဘေးမှ ချန်ဝေ့ကတော့ ပျော်ရွှင်စွာ အော်လိုက်သည်။

"သူရောက်လာပြီ..."

ချန်ဝေ့၏အသံက စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေသည်။

ရန်မင်း ရောက်လာပြီလား...

ချန်ရုံသည် ခေါင်းကိုလှည့်၍ ရန်မင်းရှိသည့်နေရာသို့ ကြည့်လိုက်သည်။

ခန်းမထဲသို့ ဝင်ရောက်လာသော ခပ်ဝါးဝါးအရိပ်ကိုသာလျှင် ကန့်လန့်ကာမှတစ်ဆင့် ချန်ရုံမြင်လိုက်ရသည်။ ထိုပုံရိပ်သည် လှုပ်ရှားနေသော မီးအိမ်များ၏အလင်းရောင်အောက်၌ မြင့်မား၍ ခန့်ငြားနေလေသည်။

ရန်မင်းသည် ဝမ်ဟုန်နှင့် စကားပြောနေရင်းဖြင့် ခန်းမထဲသို့ ဝင်လာသည်။ ခဏအကြာတွင် ရန်မင်းသည် ချန်ရုံ့ရှေ့၌ရှိသော စားပွဲ၌ ထိုင်လိုက်သည်။

ရန်မင်းက စားပွဲ၌ ဝင်ထိုင်ပြီးသော်လည်း အထက်တန်းလွှာများက ရန်မင်းနား၌ ဝိုင်းအုံနေကြဆဲဖြစ်သည်။ ပျော်ရွှင်အော်ဟစ်သံများကြားတွင် ချန်ကုန်းရန်းက တည်ငြိမ်သောမျက်နှာဖြင့် မတ်တပ်ထ၍ ရန်မင်းအား အလေးအနက်ဦးညွှတ်ကာ ပြောလိုက်သည်။

"ဒီလို အခက်အခဲ ဘေးအန္တရာယ်တွေနဲ့ ပြည့်နေတဲ့အချိန်မှာ တပ်မှူးကို ကြိုဆိုခွင့်ရလို့ နန်ယန်မြို့က အရမ်းကို ကံကောင်းတဲ့မြို့ပဲဖြစ်ပါတယ်...တပ်မှူး ရောက်လာပေးတဲ့အတွက် နန်ယန်တစ်မြို့လုံး ပျော်ရွှင်ဝမ်းမြောက်ရပါတယ်..."

ချန်ကုန်းရန်းက လူလေးစားခြင်းခံရသော ပညာရှိတစ်ဦးဖြစ်သောကြောင့် ချန်ကုန်းရန်း စကားစပြောလိုက်သည်နှင့်တစ်ပြိုင်နက် လူများက တိတ်ဆိတ်ငြိမ်သက်သွားကာ နားထောင်နေကြသည်။

လူများ၏စပ်စုသောအကြည့်များအောက်တွင် ရန်မင်းက ပြုံးရုံသာပြုံးလိုက်သည်။ စကားစပြောလိုက်သောအခါ ရန်မင်း၏အသံသည် ပင်ပန်းနွမ်းနယ်မှုများဖြင့် အနည်းငယ် အက်ကွဲနေသည်။

"ဒီလိုစကားပဏာမတွေ ပြောစရာမလိုပါဘူး သခင်ကြီး..."

ချန်ကုန်းရန်းက ရယ်လိုက်သည်။

"ဟုတ်ပါတယ် ဟုတ်ပါတယ်...ဒီလိုစကားတွေမလိုပါဘူး...ကျွန်ုပ်တို့ရဲ့ပျော်ရွှင်မှုကို တပ်မှူးလည်း ကိုယ်တိုင်မြင်တွေ့ပြီးဖြစ်မှာပါ..."

ထိုအချိန်၌ ချန်ဝေ့သည် ချန်ရုံ့နားသို့တိုးကပ်၍ တိုးတိုးလေးပြောလိုက်သည်။

"အားရုံ...ငါရင်တွေခုန်လိုက်တာ..."

ချန်ရုံက အရပ်မြင့်မား၍ ခန့်ညားစွာထိုင်နေသည့်လူကိုကြည့်၍ ပြုံးလိုက်ကာ ခပ်အေးအေးပင်ပြန်ဖြေလိုက်သည်။

"အားဝေ့...နင်ကြောက်နေရင် အခြေအနေပိုဆိုးသွားမယ်နော်..."

"ဒါပေမယ့် ငါမှ ထိန်းလို့မရတာ..."

ချန်ဝေ့က တိုးတိုးလေးဆက်ပြောနေသည်။

"အရင်တစ်ခေါက်တုန်းက သူ ငါ့အပေါ်မှာ နည်းနည်းအမြင်မကြည်ဖြစ်သွားတယ်မဟုတ်လား...သူ ငါ့ကို ကြိုက်လာအောင် လုပ်နိုင်ပါတော့မလားတောင် ငါမသိတော့ဘူး..."

ထိုမေးခွန်းကိုတော့ ချန်ရုံ၌ ပြန်ဖြေစရာ အဖြေမရှိတော့ပါ။ အကယ်၍ ရှိခဲ့လျှင်လည်း ချန်ရုံ မဖြေချင်ပေ။

ထို့နောက် ချန်ရုံသည် ရန်မင်း၏ဘေးသို့ကြည့်လိုက်ရာ ယခုမှပင် ရန်မင်းနှင့်အတူလိုက်လာသော စွင်းယန်ကို မြင်လိုက်ရ၍ ကိုယ့်ဘာသာကိုယ် ဒေါသထွက်သွားမိလေသည်။

အရေးကြီးသောဧည့်သည်များ အကုန်ရောက်နေပြီဖြစ်၍ လှပစွာဝတ်စားဆင်ယင်ထားသော အိမ်စေများဝင်ရောက်လာ၍ စားပွဲ‌များပေါ်၌ အစားအစာနှင့် သောက်စရာများကို ခင်းကျင်းပြင်ဆင်ပေးကြတော့သည်။

ချန်ရုံနှင့် ချန်ဝေ့တို့၏စားပွဲဆီသို့ စားစရာများကို ယူဆောင်လာသောအခါ ကန့်လန့်ကာကို ခဏဖယ်လိုက်ရသည်။

ထိုအချိန်၌ ချန်ရုံမော့ကြည့်လိုက်သောအခါ ရန်မင်းသည် ချန်ရုံနှင့် ချန်ဝေ့တို့နှစ်ဦးလုံးအား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ တောက်ပသောအလင်းရောင်အောက်၌ ရန်မင်း၏ ဓားသွားကဲ့‌သို့ စူးရှထက်မြက်သောမျက်လုံးများကြောင့် ချန်ဝေ့သည် အလိုလိုကျုံ့ဝင်သွား၍ မျက်နှာသည်လည်း ရှက်စိတ်ဖြင့် နီရဲသွားသည်။ ချန်ရုံပင်လျှင် ရန်မင်း၏အကြည့်ကြောင့် အနည်းငယ်တုန်လှုပ်သွားမိသည်။

သို့သော် ချက်ချင်းပင် ကန့်လန့်ကာများကို ပြန်လည်ဖုံးအုပ်လိုက်သောကြောင့် အမျိုးသားများက အကြည့်များကို ပြန်လွှဲလိုက်ကြသည်။

ဝမ်ဟုန်က သူထိုင်နေသည့်နေရာမှ ရုတ်တရက်ထ၍ အရက်ခွက်ကိုယူကာ ရန်မင်း၏စားပွဲဆီသို့ရောက်လာသည်။ ထို့နောက် ခပ်အေးအေးပင် လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။

"ငါ့အတွက် စားပွဲပြင်ပေးပါ..."

"ဟုတ်ကဲ့..."

အစေခံနှစ်ဦးက ဝမ်ဟုန်၏စားပွဲကို ရန်မင်းနှင့် မျက်နှာချင်းဆိုင်နေရာသို့ ရွှေ့ပေးလိုက်သည်။

ဝမ်ဟုန်က ထိုင်ပြီးသောအခါ ခွက်ကိုမြှောက်၍ ပြုံးကာပြောလိုက်သည်။

"တပ်မှူးရဲ့ စစ်သည်နှစ်ထောင်ကြောင့်သာမဟုတ်ရင် မောယန်မှာ ကျွန်ုပ် အသက်ဆုံးရှုံးနေရလောက်ပါပြီ...ကျွန်ုပ်ရဲ့အသက်ကို ကယ်ဆယ်ပေးခဲ့တဲ့ တပ်မှူးရဲ့ကျေးဇူးကို ဘယ်တော့မှမမေ့ပါဘူး...အခုတော့ ဒီကောင်းချီးပေးမှုကို လက်ခံပါ..."

ထို့နောက် ဝမ်ဟုန်သည် ခေါင်းကိုမော့၍ ခွက်ထဲမှ အရက်များကို ကုန်စင်အောင် သောက်ချလိုက်သည်။

ရန်မင်းကလည်း ရယ်လိုက်၍ သူ၏ခွက်ကိုယူကာ ကုန်စင်အောင်သောက်လိုက်သည်။

သောက်ပြီးသောအခါမှ ရန်မင်းသည် ဝမ်ဟုန့်အား စူးစူးစိုက်စိုက်ကြည့်လိုက်၍ မေးလိုက်သည်။

"ဒါပေမယ့် မူရုံခယ်က ဘာဖြစ်လို့ ချီလန်ရဲ့ခေါင်းကို မရမကလိုချင်နေလဲဆိုတာ ကျွန်ုပ်နားမလည်နိုင်ဘူး..."

ရန်မင်း၏အသံက သိပ်မတိုးလှသောကြောင့် ခဏတွင်းချင်းမှာပင် ခေါင်းများက ဝမ်ဟုန်တို့ဘက်သို့ လှည့်လာ၍ ဆူညံနေသောခန်းမသည်လလည်း ရုတ်ချည်းတိတ်ဆိတ်သွားသည်။ လူတိုင်းသည် ဝမ်ဟုန်ဆက်ပြောမည်ကို စောင့်ဆိုင်းနေကြ‌လေသည်။

"သူက ဒီတိုင်း လိုချင်တာမရလို့ ကလေးဆန်ဆနတာပါ...မူရုံခယ်က သူ့အရှုံးကိုသူ လက်မခံနိုင်ဘူးလေ..."

ဝမ်ဟုန်က ပြုံးရွှင်စွာပင်ပြန်ဖြေလိုက်သည်။

ခန်းမထဲမှ တီးတိုးပြောသံများ ထွက်ပေါ်လာပြန်သည်။

ရန်မင်းကလည်း အံ့ဩစွာမေးလိုက်သည်။

"သူ့အရှုံးကိုသူ လက်မခံနိုင်ဘူး ဟုတ်လား...ချီလန်က ဘယ်တုန်းကများ မူရုံခယ်နဲ့ ဒီလို သိကျွမ်းသွားရတာလဲ..."

ဝမ်ဟုန်က ပြုံးလိုက်သော်လည်း ဘာမှပြန်မဖြေတော့ချေ။

ဝမ်ဟုန်မဖြေချင်သည်ကို မြင်သောအခါ ရန်မင်းက ရယ်လိုက်၍ သူတို့နှစ်ဦးလုံးအတွက် ဝိုင်အရက်များကို ငှဲ့ထည့်‌လိုက်သည်။

"လာပါ...နောက်တစ်ခွက်လောက် ထပ်သောက်ကြပါစို့..."

ဝမ်ဟုန်တို့ သောက်နေကြစဉ်တွင် ဝမ်ရိက သူထိုင်နေသည့်နေရမှာနေ၍ မျက်မှောင်ကြုတ်နေလေသည်။ ဝမ်ရိသည် မကျေနပ်သည့်ပုံဖြင့် ရန်မင်းအား လှမ်းကြည့်ကာ အနီးအနားမှလူများကိုမေးလိုက်သည်။

"ချီလန်က ဘာဖြစ်လို့ မျိုးရိုနာမည်နှစ်ခုနဲ့ သာမာန်လူတစ်ယောက်နဲ့ ရင်းနှီးနေရတာလဲ..."



အစေခံများက ဘာမှမပြောပဲ တိတ်တိတ်သာနေနေကြသည်။ ခဏကြာသောအခါမှ ဝမ်ဟုန်၏အတူလိုက်ပါလာလေ့ရှိသော အသက်ကြီးကြီးပညာရှိက ညင်သာသည့်အသံဖြင့်ပြောလိုက်သည်။

"ချီလန်က အမြဲ သူကြိုက်တာကိုပဲ လုပ်လေ့ရှိတာပဲမဟုတ်လား...ဘာဖြစ်လို့များ သူ့အတွက် ဝင်စိတ်ပူပေးနေပါမလဲ အရှင်..."

ပညာရှိ၏ ပွင့်လင်းသောစကားများကြောင့် ဝမ်ရိသည် ထိုပညာရှိအား မကျေနပ်စွာလှမ်းကြည့်လိုက်သည်။ သို့သော် ထိုပညာရှိက ဝမ်ရိအား အရိုအသေပေးထားသော်လည်း ကြောက်လန့်သည့်ပုံမပေါ်သောကြောင့် ဝမ်ရိသည် မကျေနပ်သည့်အသံတစ်ချက်သာလုပ်လိုက်၍ ပြန်လှည့်သွားသည်။

"အဲ့ဒီလူက လူအရိုင်းအစိုင်းတစ်ယောက်ပဲ...အဲ့ဒီလိုလူနဲ့ ပေါင်းသင်းနေတဲ့ ဝမ်ဟုန်က သူ့အဆင့်အတန်းကိုသူ နှိမ့်ချနေတာပဲ..."

ဝမ်ရိက ထိုစကားများကိုပြောလိုက်သော်လည်း ရန်မင်းမကြား‌နိုင်အောင် တီးတိုးသာပြောလိုက်သည်။

ထို့နောက်တွင်တော့ အထက်တန်းလွှာများသည် ခန်းမထဲသို့ ကူးလူးသွားလာ၍ အချင်းချင်း နှုတ်ဆက်နေကြသည်။ သို့သော် ချန်ကုန်းရန်းကတော့ သူ့စားပွဲ၌သာ ထိုင်လျက်ရှိသည်။

ချန်ကုန်းရန်းရှေ့၌ ရန်မင်းနှင့် ဝမ်ဟုန်တို့ကလည်း သွားလာနှုတ်ဆက်ရန် ထနေကြသည်။

ချန်ကုန်းရန်က သူ့အားလာရောက်နှုတ်ဆက်သော လူများအားလုံးကို ပြုံးပြ၍နှုတ်ဆက်နေသော်လည်း ဝမ်ရိဆီကိုတော့ သွား၍မနှုတ်ဆက်ပေ။ ထိုအချိန်၌ ဧည့်ခံပွဲ၌ရှိသောလူတစ်ဦးက ချန်ကုန်းရန်းနားသို့လာ၍ သတိပေးလိုက်သည်။

"သခင်...ဘာဖြစ်လို့ သခင်ကြီးဝမ်ကို သွားမနှုတ်ဆက်သေးတာပါလဲ..."

ချန်ကုန်းရန်းက အခြားအိမ်တော်အကြီးအကဲတစ်ဦးနှင့် အရက်‌တူတူသောက်နေရင်းက နားမလည်သကဲ့သို့မေးလိုက်သည်။

"ဘာဖြစ်လို့လဲ..."

လာပြောသည့်လူက အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူသည် ချန်ရုံ့အား လှမ်းကြည့်၍ ပြောလိုက်သည်။

"မနေ့ညက သခင်က အရှင်ချန်ယွမ်ရဲ့ တောင်းဆိုချက်ကိုလက်ခံခဲ့တယ်မဟုတ်ပါလား...အခုအချိန်မှာ ချီလန်လည်းမရှိပဲ ဝမ်ရိအနားမှာလည်း ဘယ်သူမှမရှိတာမို့လို့ ချန်ရုံ့အကြောင်းကိုပြောဖို့ အသင့်တော်ဆုံးပါ သခင်ကြီး..."

ချန်ကုန်းရန်းက အရက်ခွက်ကိုစားပွဲပေါ်သို့ချလိုက်၍ ဖြည်းညှင်းစွာ တစ်လုံးချင်းမေးလိုက်သည်။

"ဝမ်စုံ...မင်း ချန်ယွမ်ဆီက ဆန်ဘယ်နှအိတ်ရထားတာလဲ..."

ရုတ်တရက် လန့်ဖြန့်သွားသောဝမ်စုံက စိတ်ကျဉ်းကျပ်သည့်ပုံဖြင့် အကြည့်ကိုလွှဲကာ ထစ်ငေါ့စွာ ပြောလိုက်သည်။

"တစ်အိတ်ပါ သခင်ကြီး..."

ချန်ကုန်းရန်းက ခေါင်းငြှိမ့်လိုက်သည်။

"မင်းက ဟိုတလောကပဲ ကိုယ်လုပ်တော်တစ်ယောက်ကို ထပ်ယူထားတော့ မင်းလည်း အသုံးစရိတ်တွေ ပိုကုန်နေမှာပေါ့..."

ချန်ကုန်းရန်းက အေးအေးဆေးဆေးပင်ပြောလိုက်သည်ဖြစ်သော်လည်း ဝမ်စုံကတော့ ချွေးပြိုက်ပြိုက်ကျနေပြီဖြစ်ကာ မနေနိုင်တော့ပဲ ပြောလိုက်တော့သည်။

"ကျွန်တော် မှားပါတယ် သခင်ကြီး...ကျွန်တော် နောက်တစ်ခါ မလုပ်ဝံ့တော့ပါဘူး..."

ဝမ်စုံက ချန်ကုန်းရန်းက အလျင်အမြန်တောင်းပန်တိုးလျှိုးနေသော်လည်း ချန်ကုန်းရန်းကတော့ အေးအေးသက်သာပင် ဆက်ပြောနေသည်။

"ဝမ်ချီလန်က ခုနကပဲ အားရုံကို ရေတစ်ဇလုံပို့ခိုင်းလိုက်တယ်မဟုတ်လား...အဲ့ဒါက ချီလန်က အားရုံကို နှစ်သက်နေတဲ့သဘောပဲလေ...အဲ့ဒါကို ငါက ဝမ်ရိကို အားရုံအကြောင်းသွားပြောနေမယ်ဆိုရင် ဝမ်ရိက လက်မခံရုံမကပဲ ချီလန်ကလည်း ချန်အိမ်တော်အပေါ်ကို အမြင်စောင်းသွားနိုင်တယ်...ချန်ယွမ်ဆိုတဲ့ကောင်က ဘယ်တော့မှ ရေရှည်ကိုမကြည့်ဘူး...အမြဲသူလုပ်ချင်တာကိုပဲ ထထလုပ်နေတတ်တာ...နောက်ဆိုရင် သူပြောတဲ့စကားတွေကို ဘယ်တော့မှ နားမထောင်ကြနဲ့..."

ချန်ကုန်းရန်း၏စကားများကို နားထောင်ရင်းဖြင့် ဝမ်စုံက အလျင်အမြန်ပင်ထောက်ခံလိုက်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ သခင်ကြီး...သခင်ကြီးပြောတာအရမ်းမှန်ပါတယ်..."

ထိုအချိန်၌ ဝမ်ရိက စားပွဲမှထရပ်လိုက်ရာ ခန်းမထဲမှ လူအများက ဝမ်ရိနားသို့ ဝိုင်းအုံသွားကြလေသည်။ ချန်ကုန်းရန်းသည်လည်း အရက်ခွက်ကိုကိုင်၍ ဝမ်ရိနားသို့လျှောက်သွားလိုက်သည်။

ဝမ်စုံက ချန်ကုန်းရန်းအားကြည့်ရင်းဖြင့် နဖူးမှချွေးများကို သုတ်လိုက်သည်။ ဝမ်စုံသည် ယခုအထိပင် တုန်လှုပ်နေဆဲဖြစ်သည်။

ချန်ရုံနှင့် ချန်ဝေ့တို့ကတော့ ချန်ကုန်းရန်းတို့နှင့် စားပွဲများစွာခြားသော အခန်းထောင့်၌ ထိုင်နေကြသောကြောင့် ထိုစကားများကို မကြားလိုက်ကြပေ။

ချန်ဝေ့က သူမ၏အတွေးများထဲ၌သာ နစ်မျောနေသည်။ သူမသည် ချန်ရုံ့နားသို့ ကပ်၍ ‌စိတ်ပူစွာဖြင့် ထပ်မေးလိုက်ပြန်သည်။

"အားရုံ...ငါ တပ်မှူးရန်ကိုတွေ့ရင် ဘာပြောသင့်လဲဟင်..."

ထိုအချိန်တွင် ချန်ဝေ့သည် သူမနှင့် ချန်ရုံတို့အား ကာထားသောကန့်လန့်ကာများကို ဖယ်လိုက်ပြီးဖြစ်၍ သူမ၏စားပွဲကို ချန်ရုံ့နားသို့ အနည်းငယ်တိုးကပ်ထားသည်။

ချန်ဝေ့၏တောင်းပန်တိုးလျှိုးသည့်မျက်လုံးများကိုကြည့်၍ ချန်ရုံသည် အနည်းငယ်ဟန်ဆောင်ထားသောအပြုံးကိုပြုံးပြလိုက်သည်။ ထို့နောက် မျက်လွှာချကာ ခေါင်းကိုခါ၍ပြောလိုက်သည်။

"ငါမသိဘူးလေ..."

ချန်ဝေ့က အနည်းငယ်စိတ်တိုသွားသည်။

"နင်က သူနဲ့ ရင်းနှီးတယ်မဟုတ်ဘူးလား...ဘယ်လိုဖြစ်လို့ မသိနိုင်ရတာလဲ..."

ချန်ရုံက ချန်ဝေ့အားကြည့်၍ လေးနက်စွာပြောလိုက်သည်။

"အားဝေ့ နင် ငါတို့ကို ရင်းနှီးတယ်လို့ လွယ်လွယ်ပြောလို့မရဘူးလေ...သူက ယောင်္ကျား ငါက မိန်းမပဲ...ငါတို့ရဲ့ အဆင့်အတန်းက အရမ်းကွာခြားနေတာ ငါတို့ဘယ်လိုများ ရင်းနှီးနိုင်မှာလဲ...နင် အဲ့ဒီလိုပြောလိုက်တာက တပ်မှူးရန်ရဲ့ ဂုဏ်သိက္ခာကိုရော ငါ့ရဲ့ဂုဏ်သိက္ခာကိုရော ထိခိုက်နစ်နာစေတယ်..."

ချန်ရုံ၏အသံက အလွန်တင်းမာပြတ်သားနေသောကြောင့် ချန်ဝေ့ပင် အံ့ဩသွားသည်။ သို့သော် ခဏအကြာတွင်တော့ ချန်ဝေ့၏မျက်လုံးများ၌ မျက်ရည်များပြည့်လာကာ အရှက်ရသည့်လေသံဖြင့် ပြောလိုက်သည်။

"နင်မပြောလည်း ငါ တပ်မှူးကိုဘာပြောရမယ်ဆိုတာ သိပါတယ်..."

ထို့နောက် ချန်ဝေ့သည် နောက်သို့လှည့်၍ ချန်ရုံနှင့်ဝေးရာသို့ သွားထိုင်နေတော့သည်။


"အားဝေ့..."

ထိုအချိန်၌ ချန်ကုန်းရန်း၏အသံက ချန်ရုံတို့၏ဘေးမှ ထွက်ပေါ်လာသည်။


ချန်ဝေ့က ချက်ချင်းလှည့်၍ ထူးလိုက်သည်။

"ဟုတ်ကဲ့..."

"ငါနဲ့လိုက်ခဲ့..."

"ဟုတ်ကဲ့..."


Xxxxxx