Chapter 103
ချန်ဝေ့က ယိုင်တိယိုင်တိုင်ဖြင့်ထ၍ ကာထားသော ကန့်လန့်ကာကိုဖယ်လိုက်သည်။ ထို့နောက် ခုနက ချန်ရုံ့ကို စိတ်ကောက်နေသည်ကို လုံးဝမေ့သွားဟန်ဖြင့် ချန်ရုံ့နားသို့ရောက်လာကာ ချန်ရုံ၏အင်္ကျီစကိုဆွဲလိုက်သည်။
ချန်ဝေ့သည် ညီမဝမ်းကွဲဖြစ်သူ ချန်ရုံ၏လက်ကိုကိုင်ကာ အသနားခံသည့်ပုံဖြင့်ကြည့်လိုက်သည်။
"အားရုံ...တူတူသွားကြရအောင်နော်..."
ချန်ရုံကလည်း အေးအေးဆေးဆေးပင်ခေါင်းငြှိမ့်၍ မတ်တပ်ရပ်လိုက်သည်။ နှစ်ယောက်သားသည် ကန့်လန့်ကာများကိုဖယ်ကာ ချန်ကုန်းရန်းနောက်သို့ လိုက်သွားကြတော့သည်။
ဆူညံပျော်ရွှင်စွာပြောဆိုနေကြသော စကားပြောသံများနှင့် များပြားလှသော လူအုပ်ကြီးကိုဖြတ်သန်းကာ ချန်ကုန်းရန်းသည် ခန်းမ၏အရှေ့သို့ အေးဆေးစွာပင်လျှောက်သွားသည်။
ခန်းမ၏တံခါးဝသို့ရောက်သွားသောအခါ လှေကားထစ်များကိုနင်း၍ လူအရမ်းမများသော အောက်ဘက်သို့ဆင်းလိုက်ကြသည်။ လမ်းလျှောက်နေရင်းဖြင့် ချန်ကုန်းရန်းက ခေါင်းကိုခါရမ်း၍ ချန်ဝေ့အားပြောလိုက်သည်။
"လက်ထပ်ထိမ်းမြားတယ်ဆိုတာ တကယ်တာ့ လူကြီးတွေနဲ့ အရင်စီစဉ်သင့်တဲ့ကိစ္စတစ်ခုပဲ...မင်းတို့လူငယ်ချင်းတွေ့တာက ကိစ္စမရှိပေမယ့် ရန်မင်းက စစ်မြေပြင်ကလူတစ်ယောက်ဖြစ်နေတာမို့လို့ စစ်ပွဲဆီကို အမြန်ပြန်သွားချင်နေတယ်...အဲ့ဒါကြောင့် အားဝေ့ရဲ့ဦးလေးတစ်ယောက်အနေနဲ့ ဒီကိစ္စမြန်မြန်အထမြောက်အောင် ထုံးတမ်းစဉ်လာတွေကို ဂရုမစိုက်နိုင်ပဲ ရန်မင်းအတွက် အဆင်ပြေအောင်သာ လုပ်လိုက်ရတယ်..."
ချန်ကုန်းရန်း၏စကားများကို နားထောင်နေရင်းဖြင့် ချန်ဝေ့၏မျက်နှာသည် သွေးများယိုစီးကျတော့မတတ် နီရဲလာသည်။ ခြေထောက်များကလည်း တုန်ယင်လာသောကြောင့် ချန်ဝေ့သည် ချန်ရုံ့ကိုမှီ၍ ရှက်ရွံ့တွန့်ဆုတ်သောအသံဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့...ဦးလေးတို့အဆင်ပြေသလိုသာ အားလုံးစီစဉ်ပေးပါ ဦးလေး..."
ချန်ကုန်းရန်းက လှည့်မကြည့်ပဲ ခေါင်းကိုသာ ငြှိမ့်ပြလိုက်သည်။
ခြေလှမ်းဆယ်လှမ်းခန့်လှမ်းပြီးသောအခါ ချန်ကုန်းရန်းက အိမ်တန်းများရှိသော ဘယ်ဘက်သို့ ကွေ့ကာ မီးများထိန်လင်းစွာထွန်းထား၍ လူများဝင်ထွက်သွားနေသော အခန်းတစ်ခန်းထဲသို့ ဝင်လိုက်သည်။ ချန်ကုန်းရန်းဝင်လာသည်ကိုမြင်သောအခါ အစေခံများက ချက်ချင်းပင် ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
ချန်ကုန်းရန်းက အေးဆေးစွာပင် အခန်းထဲသို့ လှမ်းဝင်လိုက်သည်။
အနောက်မှ ချန်ဝေ့သည် စိတ်လှုပ်ရှားလွန်း၍ အသက်ပင် မရှူနိုင်ဖြစ်နေသည်။ သို့သော် အခန်းထဲ၌ မည်သူမှမရှိသည်ကို တွေ့လိုက်သည့်အခါတွင်တော့ ချန်ဝေ့သည် စိတ်ပျက်စွာဖြင့် အသက်ကို ပြင်းစွာရှူထုတ်လိုက်မိသည်။
ချန်ဝေ့၏စိတ်ပျက်စွာ သက်ပြင်းချလိုက်သည့်အသံကိုကြားသောအခါ ချန်ကုန်းရန်းက ချန်ဝေ့ကို လှည့်ကြည့်ကာ ညင်ညင်သာသာပင် ပြောလိုက်သည်။
"အဆင့်အတန်းရှိတဲ့မိန်းကလေးဆိုတာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အိန္ဒြေမပျက်စေပဲ တင့်တင့်တယ်တယ်ဖြစ်အောင် နေတတ်ရတယ်..."
ချန်ကုန်းရန်းက ချန်ဝေ့အား မသိမသာ သတိပေးလိုက်ခြင်းဖြစ်သည်။
ချန်ဝေ့ကလည်း ချက်ချင်းပဲ ဦးညွှတ်ကာ ဖြေလိုက်သည်။
"ဟုတ်ကဲ့..."
ချန်ဝေ့က ချန်ကုန်းရန်းပြောသည့်အတိုင်း မျက်နှာထားကိုပြင်လိုက်သော်လည်း သူမ၏ မျှော်လင့်တမ်းတခြင်းနှင့် စိတ်အားထက်သန်မှုတို့က ဖုံးဖိမရဖြစ်နေသည်။
ချန်ကုန်းရန်းသည်လည်း ချန်ဝေ့၏ပုံစံကိုကြည့်ကာ သဘောမကျပဲ မျက်မှောင်များပင် ကြုတ်မိသွားသည်။
သို့သော်လည်း ချန်ကုန်းရန်းက မျက်နှာထားကို အမြန်ဖြေလျှော့လိုက်သောကြောင့် ချန်ဝေ့က သတိမထားလိုက်မိချေ။
ချန်ကုန်းရန်းသည် ဘယ်ဘက်ရှိ ခုံ၌ ဖြည်းညှင်းစွာထိုင်လိုက်ကာ လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။
"တပ်မှုးရန်ကို ဒီကိုဖိတ်ခေါ်လိုက်ပါ..."
"ဟုတ်ကဲ့..."
အစေခံက ထွက်ခွာသွားသောအခါ ချန်ကုန်းရန်းက သက်ပြင်းချလိုက်ပြန်သည်။ ချန်ဝေ့က နားမလည်သလို လှမ်းကြည့်လိုက်သောအခါ ချန်ကုန်းရန်းက မတတ်နိုင်ပဲ ထုတ်ပြောလိုက်သည်။
"ကိုယ်နဲ့လက်ထပ်ရမယ့်မိန်းကလေးတစ်ယောက်ကို ဒီလိုမျိုးစောင့်ခိုင်းထားတာ ဘယ်လိုတောင် ရိုင်းပြတဲ့အပြုအမူမျိုးလဲ...ဟူလူမျိုးတွေက တစ်ပါးသူကိုလေးစားတတ်တဲ့စိတ် မရှိဘူးထင်တယ်..."
ချန်ဝေ့ကတော့ ချန်ကုန်းရန်းစိတ်မပြောင်းသေးသည်ကိုသာ ပျော်သွားမိသည်။ ချန်ဝေ့သည် ချက်ချင်းပင်သက်ပြင်းချလိုက်၍ အခန်း၏ထောင့်၌ရပ်နေသောချန်ရုံ့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
"အားရုံ...ဒီကိုလာပြီး ငါနဲ့တူတူလာထိုင်လေ..."
ချန်ရုံက "အင်း..." ဟုပြော၍ လျှောက်လာလိုက်သည်။
ချန်ဝေ့၏လှမ်းခေါ်လိုက်သံကြောင့် ချန်ကုန်းရန်းက လှည့်ကြည့်လိုက်သည်။ ချန်ကုန်းရန်းသည် ချန်ရုံ့အား သေချာအကဲခတ်ပြီးမှ ရုတ်တရက်မေးလိုက်သည်။
"မင်းက အားရုံလား..."
"ဟုတ်ကဲ့..."
ချန်ရုံက အရိုအသေပေးလိုက်သည်။
"ဒီနားကိုလာခဲ့ပါဦး..."
"ဟုတ်ကဲ့..."
ချန်ရုံက ဆက်လျှောက်သွား၍ ချန်ကုန်းရန်းနှင့် ခြေလှမ်းသုံးလှမ်းအကွာသို့ရောက်မှသာ ရပ်လိုက်သည်။ ထို့နောင် ခေါင်းကို ငုံ့ထား၍ ချန်ကုန်းရန်းက စေ့စေ့စပ်စပ်ကြည့်နေသည်ကို ခံနေလိုက်သည်။
အချိန်အတော်ကြာအောင် အကဲခတ်ပြီးကာမှ ချန်ကုန်းရန်းက နွေးထွေးစွာပြောလိုက်သည်။
"အားရုံ..."
"ဟုတ်ကဲ့..."
"မင်းနဲ့ ဝမ်ချီလန်တို့ ဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာ ဆုံးဖြတ်ပြီးကြပြီလား..."
ချန်ကုန်းရန်း၏မျက်လုံးများနှင့် မျက်နှာအမူအယာများသည် အလွန်ပင် ကြင်နာ၍ သဘောကောင်းသည့်ပုံပေါ်နေသည်။
"မဆုံးဖြတ်ရသေးပါဘူး..."
ချန်ရုံက ချက်ချင်းပြန်ဖြေလိုက်သည်။
ထိုသို့ပြောပြီးမှ ချန်ရုံသည် အလွန်အေးစက်စွာဖြေလိုက်မိသည်ဟု သတိထားလိုက်မိ၍ ခေါင်းကိုပိုငုံ့ကာ နူးညံ့သောအသံဖြင့် ထပ်ပြောလိုက်သည်။
"ချီလန့်လိုမျိုးလူက ကျွန်မနဲ့ ဘယ်လိုများ ရှေ့ဆက်နိုင်မှာပါလဲ ဦးလေး..."
ချန်ကုန်းရန်းက ခေါင်းငြှိမ့်၍ ကြင်နာစွာပြောလိုက်သည်။
"အဲ့ဒါကို မင်းသဘောပေါက်လို့ ဦးလေးဝမ်းသာပါတယ်...ဒါဆိုရင် ဦးလေး မေးပါရစေ အားရုံ ချီလန်က မင်းကို တစ်ခုခုလုပ်ပြီးသွားပြီလား..."
တစ်ခုခုလုပ်ပြီးသွားပြီလား?
ချန်ကုန်းရန်းဆိုလိုသည်က ဝမ်ဟုန်သည် ချန်ရုံ့အပေါ် အခွင့်ကောင်းယူလိုက်ပြီလား ဟု မေးလိုက်ခြင်းဖြစ်သည်။
ချန်ရုံ၏မျက်နှာက ရဲတက်သွားသည်။ ချန်ရုံသည် ဝမ်ဟုန်၏အနမ်းနှင့် နှစ်ခါမျှ ပွေ့ဖက်ခဲ့ခြင်းကို စဉ်းစားမိသွားသော်လည်း ချန်ကုန်းရန်းအား ဂရုတစိုက် ပြန်ဖြေလိုက်သည်။
"ချီလန်က ဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက်ပါ ဦးလေး...သူ ဘယ်လိုများ အဲ့ဒီကိစ္စတွေကို လုပ်မှာပါလဲ..."
ချန်ကုန်းရန်းကတော့ မျက်နှာထားမပျက်ပဲ ပြုံးရုံသာပြုံးလိုက်သည်။
"ဒါဆိုရင် အားရုံကရော သူ့ကို ကိုယ့်ဘာသာကိုယ် ဆက်သဖို့ အစီအစဉ်ရှိလား..."
ချန်ကုန်းရန်းကမေးလိုက်ပြန်သည်။
ထိုစကားကိုကြားလိုက်သောအခါ ချန်ဝေ့သည် မထိန်းနိုင်ပဲ ကျယ်လောင်စွာ ပင့်သက်ရှိုက်လိုက်မိသည်။ ထို့နောက် ပါးစပ်ကို လက်ဖြင့်အုပ်၍ ပြူးကျယ်သောမျက်လုံးများဖြင့် ချန်ရုံနှင့် ချန်ကုန်းရန်းတို့အား ကြည့်နေလိုက်သည်။
ချန်ရုံ၏မျက်နှာကတော့ အနည်းငယ်မျှပင် မပြောင်းလဲသွားချေ။ ချန်ရုံသည် ခေါင်းကို ငုံ့၍ ပြောလိုက်သည်။
"ချီလန်က အရမ်းကိုကောင်းမွန်တဲ့ ယောင်္ကျားတစ်ယောက်ဖြစ်ပေမယ့် ကျွန်မက ဘယ်သူ့ရဲ့ ကိုယ်လုပ်တော်မှ မဖြစ်ချင်ပါဘူး..."
ချန်ရုံပြောသည်ကို ကြားလိုက်သောအခါ ချန်ဝေ့က မနေနိုင်ပဲ လှောင်ပြောင်သည့်အသံပြုလုပ်လိုက်သည်။
ချန်ကုန်းရန်းအား နှစ်ပေါင်းကြာရှည်စွာ အမှုထမ်းခဲ့သော အစေခံကလည်း ချန်ရုံ့အား သေချာစိုက်ကြည့်နေလေသည်။
ချန်ကုန်းရန်းကတော့ ဘာမှမပြောပဲ အချိန်အတော်ကြာထိုင်နေပြီးမှ သက်ပြင်းချကာ ပြောလိုက်သည်။
"မင်းက အရမ်းကို ရိုးသားလွန်းနေတာပဲ အားရုံ..."
ချန်ကုန်းရန်းသည် ခေါင်းကိုခါ၍ ချန်ရုံနှင့် စကားဆက်မပြောချင်တော့သကဲ့သို့ တစ်ဖက်သို့ မျက်နှာလွှဲထားလိုက်တော့သည်။ ခဏအကြာတွင် တံခါးမှ အသံတစ်ခုထွက်ပေါ်လာသည်။
"သခင်ကြီး တပ်မှူးရန် ရောက်နေပါပြီ..."
ချန်ကုန်းရန်းက ရယ်၍ ထိုင်ခုံမှထကာပြောလိုက်သည်။
"အထဲကိုလွှတ်လိုက်ပါ..."
ချန်ကုန်းရန်းပြောပြီး မကြာခင်မှာပင် ရန်မင်းက အခန်းထဲသို့ ခြေလှမ်းကြဲကြီးများဖြင့် ဝင်ရောက်လာလေသည်။
ရန်မင်း ဝင်ဝင်လာချင်းမှာပင် ချန်ရုံသည် အနောက်သို့ အပြေးသွား၍ မှောင်ရိပ်ထဲ၌ ပုန်းကွယ်နေလိုက်သည်။
ရန်မင်းသည် ယခင်ကထက် သိသိသာသာပင် ပိန်ကျသွားသည်။ သို့သော်လည်း မျက်နှာကတော့ အလွန်ချောမောဆဲဖြစ်ကာ မျက်လုံးများကလည်း စူးရှ၍ ကြောက်လန့်ဖွယ် အေးစက်မှုများကို ထုတ်လွှတ်နေဆဲဖြစ်သည်။ ရန်မင်းသည် ဝင်လာသည်နှင့် အခန်းထဲရှိ လေများအားလုံးကိုစုပ်ယူကာ ကြောက်မက်ဖွယ်အေးစက်မှုကိုသာ ချန်ထားလိုက်သကဲ့သို့ ဖြစ်သွားသည်။
ရန်မင်းသည် ဤကဲ့သို့သော ကြောက်မက်ဖွယ်အရှိန်အဝါကို တမင်သက်သက် လုပ်ယူထားခြင်းမဟုတ်ပဲ အလိုလိုဖြစ်နေမှန်းကို ချန်ရုံသိသည်။ ယခုခံစားနေရသော ရန်မင်း၏ အရှိန်အဝါသည် ယခင်ဘဝက ချန်ရုံခံစားခဲ့ရသော ကြောက်ထိတ်လန့်ဖွယ် အရှိန်အဝါများနှင့်စာလျှင် ဘာမှမပြောပလောက်သေးပေ။ သို့သော်လည်း ချန်ဝေ့၏မျက်နှာကတော့ သွေးဆုတ်ဖြူလျော်သွားကာ ချန်ကုန်းရန်းနှင့် အစေခံများသည်လည်း အနည်းငယ် အထိတ်တလန့်ဖြစ်ကုန်ကြသည်။
စစ်မားတော်ဝင်အိမ်တော်ကို မကြိုက်ကြသော ကျင်းအထက်တန်းလွှာများသည် ဤကဲ့သို့သော ဖိနှိပ်ခံရမှုမျိုးကို မကြိုက်ကြချေ။ ထိုမကြိုက်သူများ၌ ချန်ကုန်းရန်းသည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
ထို့ကြောင့် ချန်ကုန်းရန်းသည် မျက်ခုံးများကိုတွန့်ကွေး၍ ဖြည်းညှင်းစွာထလိုက်သည်။
ထိုသို့ မတ်တပ်ထရပ်လိုက်ခြင်းက ချန်ကုန်းရန်းအား ရန်မင်းနှင့် ရင်ဆိုင်နိုင်ရန် ခွန်အားသတ္တိကိုပေးလိုက်သကဲ့သို့ ချန်ကုန်းရန်း၏မျက်နှာသည် ပြန်လည်ပြုံးရွှင်သွား၍ ပြောလိုက်သည်။
"တပ်မှူးရန်လား...ထိုင်ပါ..."
ရန်မင်းကတော့ အခန်းထဲရှိလူများ၏အမူအယာများပြောင်းလဲသွားကြသည်ကို သတိမထားလိုက်မိပေ။ တကယ်တော့လည်း ရန်မင်းသည် သူနှင့်တွေ့လိုက်သည့်အခါတိုင်းအများစုက မျက်နှာထားများပြောင်းလဲသွားတတ်ကြသောကြောင့် ထိုကဲ့သို့အမူအယာများကို ကျွမ်းဝင်နေပြီဖြစ်သည်။
ချန်ကုန်းရန်း၏ကြိုဆိုမှုကို ခံယူပြီးသောအခါ ရန်မင်းသည် ရယ်မော၍ ရှေ့သို့ ဆက်လျှောက်လာလေသည်။
ထို့နောက် ရန်မင်းသည် သူ့ရှေ့၌ ချန်ကုန်းရန်း ပြန်ထိုင်သည်ကို စောင့်နေပြီးမှ ဝိုင်အရက်ပုလင်းကိုဆွဲယူကာ မော့ချလိုက်သည်။ အရက်တော်တော်များများသောက်လိုက်ပြီးမှ ရန်မင်းသည် ပါးစပ်ကို လက်ဖြင့်သုတ်၍ ချန်ကုန်းရန်းကိုကြည့်ကာ ပြုံးရွှင်စွာမေးလိုက်သည်။
"ဘာဖြစ်လို့များ ကျွန်ုပ်ကိုခေါ်တွေ့ရတာပါလဲ သခင်ကြီး..."
ရန်မင်း၏ ဓားသွားကဲ့သို့စူးရှသောမျက်လုံးများသည် အခန်းထဲ၌ အခြားမိန်းကလေးတစ်ဦးရှိနေသည်ကို လုံးဝမသိသကဲ့သို့ ချန်ဝေ့ဘက်သို့ တစ်ချက်မျှပင် လှမ်းမကြည့်ချေ။
ချန်ကုန်းရန်းသည်လည်း သူ့ခွက်ထဲသို့ ဝိုင်အရက်ကိုလောင်းထည့်၍ ဖြည်းညှင်းစွာ တစ်လုပ်သောက်လိုက်ပြီးမှ ရင်းနှီးသည့်အသံဖြင့် မေးလိုက်သည်။
"တပ်မှူး ဒီည နန်ယန်မြို့ကနေ ပြန်ထွက်တော့မယ်လို့ ကျွန်ုပ်ကြားပါတယ်..."
"သခင်ကြီးကြားတဲ့ သတင်းက မှန်ပါတယ်...ဟုတ်တယ် စစ်ပွဲက ကျွန်ုပ်ကို စောင့်နေပြီလေ...ရှောင်ပြေးနေလို့မှ မရပဲ..."
ချန်ကုန်းရန်းက တစ်ချက်ရယ်လိုက်သည်။
"စစ်ပွဲက ခေါ်နေရင်တောင်မှ ယောင်္ကျားတစ်ယောက်က မျိုးဆက်တွေကျန်နေဖို့တော့လိုပါတယ် တပ်မှူး...အခု အခြေအနေတွေကလည်း မတည်ငြိမ်တာမို့ ကျွန်ုပ် စကားဦးတွေ သမ်းမနေတော့ပါဘူး လိုရင်းပဲပြောပ့ါမယ်...အခုတစ်ခေါက် တပ်မှူး ပြန်သွားရင် နောက်ဘယ်တော့မှ ပြန်လာမယ်မှန်း မသိနိုင်တာကြောင့် အခုချက်ချင်းပဲ တပ်မှူးနဲ့ ချန်အိမ်တော်တို့ကြား လက်ဆက်လိုတဲ့အကြောင်း ကျွန်ုပ်ပြောချင်လို့ပါ..."
ထို့နောက် ချန်ကုန်းရန်းသည် ညာဘက်လက်ကိုဝှေ့ယမ်း၍ ပြောလိုက်သည်။
"အားဝေ့...တပ်မှူးရန်ကို လာနှုတ်ဆက်လေ..."
ရှက်သွေးဖြန်းနေသော မျက်နှာနီနီဖြင့် ချန်ဝေ့သည် ချန်ကုန်းရန်းနားသို့ သွား၍ ရန်မင်းနှင့် မျက်နှာချင်းဆိုင်နေရာ၌ ရပ်လိုက်သည်။
ရန်မင်းက ချန်ဝေ့အား တစ်ချက်လှမ်းကြည့်လိုက်သည်။
"ဒီမိန်းကလေးကို ကျွန်ုပ်တွေ့ဖူးပါတယ်..."
ရန်မင်းက ခေါင်းတစ်ချက်ငြှိမ့်၍ပြောလိုက်သည်။
ချန်ကုန်းရန်းက ရယ်၍ လက်များကို ချိတ်ဆက်ကာပြောလိုက်သည်။
"စစ်မြေပြင်ပေါ်မှာပဲနေပြီး သေဆုံးသွားမယ့်လူပီသစွာပဲ တပ်မှူးက စကားပြောတာ ပွင့်လင်းလှပါတယ်...အားဝေ့ တပ်မှူးကို လက်ဖက်ရည်ခွက် ဆက်သလိုက်လေ...တပ်မှူး သူက အားဝေ့ပါ...သူ့ဖခင်က ချန်ရှစ်ဟွားလို့ လူသိများတဲ့ ချန်ယွမ်ပါ...အားဝေ့က ကိုယ်လုပ်တော်က မွေးဖွားတဲ့သမီးပေမယ့် ငယ်ငယ်တည်းက ဂရုစိုက်ခံရပြီး ချန်ယွမ်ရဲ့တရားဝင်ဇနီးနဲ့လည်း ရင်းနှီးပါတယ်...ချန်ယွမ်မှာ တခြား တရားဝင်သမီးလည်းမရှိတာမို့လို့ အားဝေ့က တရားဝင်သမီးလိုပါပဲ...တပ်မှူး သဘောကျတယ်ဆိုရင် နန်ယန်မြို့မှာ ရက်နည်းနည်းလောက်ဆက်နေပြီး မင်္ဂလာကိစ္စကို လုပ်ဆောင်ကြပါစို့လား တပ်မှူး..."
ချန်ကုန်းရန်းသည် ထိုစကားများကိုပြောနေရင်းဖြင့် တစ်ခါတစ်ခါတွင် မျက်ခုံးများက တွန့်သွားကာ လေသံကလည်း ခပ်တောင့်တောင့်ဖြစ်နေလေသည်။ ချန်ကုန်းရန်းက မဖြစ်အောင် ထိန်းချုပ်သော်လည်း မတတ်နိုင်ပါ။ ချန်ကုန်းရန်းသည် ချန်ဝေ့အား ရန်မင်း၏ဇနီးမယားအဖြစ် ပေးအပ်နေသည်မဟုတ်ပဲ ကိုယ်လုပ်တော်အဖြစ် ချီးမြှောက်ရန် အတင်းတိုက်တွန်းနေရသည်ဟု ခံစားနေရမိသည်။ ချန်ကုန်းရန်းဘဝ၌ ဤကဲ့သို့ကိစ္စပေါင်းများစွာကြုံတွေ့ခဲ့ရသော်လည်း မည်သည့် မင်္ဂလာကိစ္စအကြောင်းဆွေးနွေးသောစကားဝိုင်းကမျှ ဤတစ်ခုလောက် ထူးခြားမနေပေ။
ပြောပြီးသွားသောအခါ ချန်ကုန်းရန်သည် အစေခံတစ်ဦးအား ချန်ဝေ့ထံသို့ လက်ဖက်ရည်တစ်ခွက်ယူလာခိုင်းလိုက်သည်။ ချန်ဝေ့က ထိုလက်ဖက်ရည်ခွက်အား လက်နှစ်ဖက်ဖြင့်ကိုင်၍ ရန်မင်းဆီသို့ ရှက်ကြောက်သည့်ဟန်ဖြင့် လျှောက်သွားလေသည်။
ချန်ဝေ့သည် ရန်မင်းအား မမြင်တွေ့ခဲ့ရစဉ်က ခြေထောက်များက လမ်းမလျှောက်နိုင်အောင်ပင် ပျော့ခွေ၍ တုန်လှုပ်ကြောက်လန့်ခဲ့ရသည်။ သို့သော် ယခုတွင်တော့ ရန်မင်းအား မြင်လိုက်ရပြီးသောအခါ ချန်ဝေ့သည် အသက်တစ်ဖန်ပြန်ရှင်သန်လာသကဲ့သို့ ခံစားနေရသည်။ ချန်ဝေ့သည် အနည်းငယ် တုန်လှုပ်နေဆဲဖြစ်သော်လည်း သူမ၏နှလုံးသားထဲ၌ ရန်မင်းအား ချစ်ခင်မှု၊ မြတ်နိုးတွယ်တာမှုတို့နှင့်သာ ပြည့်နေတော့သည်။ ဖြစ်များဖြစ်နိုင်လျှင် ချန်ဝေ့သည် ရန်မင်း ဖြတ်နင်းသွားသော မြေကြီးများကိုပင် တယုတယနှင့် ကိုးကွယ်ထားချင်စိတ်များ ပေါက်နေလေသည်။
ချန်ဝေ့သည် ရန်မင်း၏ရှေ့၌ ရပ်လိုက်၍ အလှပအနွဲ့နှောင်းဆုံးပုံစံဖြင့် အရိုအသေပေးလိုက်၍ လက်ဖက်ရည်ခွက်အား ခေါင်းပေါ်သို့မြှောက်လိုက်သည်။ ထို့နောက် ချန်ဝေသည် ရန်မင်းအား မော့ကြည့်လိုက်သောအခါ ချန်ဝေ့၏လှပသောမျက်နှာ၌ ခံစားချက်များဖြင့်ပြည့်နေ၍ ရှက်သွေးများဖြင့်နီရဲနေကာ မျက်လုံးများသည်လည်း ပြင်းပြသောအချစ်များဖြင့် တောက်ပနေလေသည်။
"တပ်မှူးရန်...အရှင့်အတွက် လက်ဖက်ရည်ပါ..."
ချန်ဝေ့၏အသံက ဆွဲဆောင်မှုပြည့်၍ မျက်လုံးများကလည်း အိပ်မက်မက်နေသကဲ့သို့ မှိုင်းရီနေလေသည်။
Xxxxx