အပိုင်း ၁၀၄
Viewers 18k

Chapter 104
ချန်ရုံ့အားကြိုက်ရသော ရန်မင်း၏အကြောင်းပြချက်



ရန်မင်းက ချန်ဝေ့၏ရှက်သွေးဖြန်းနေသောမျက်နှာနှင့် တင့်တယ်စွာရပ်နေသောပုံစံကို စိုက်ကြည့်နေသည်။


ရန်မင်း၏အကြည့်အောက်တွင် ချန်ဝေ့၏မျက်လုံးများသည် မည်သည့်အမျိူသားကိုမဆို အရည်ပျော်ကျသွားစေနိုင်သော မကြာခင် လက်ထပ်ရတော့မည့် မိန်းမပျိုလေးတစ်ယောက်၏ ရှက်ကြောက်မှုနှင့် ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။

ချန်ဝေ့သည် မျှော်လင့်ချက်များပြည့်နေသော မျက်ဝန်းများဖြင့် ရန်မင်းအား မော့ကြည့်လိုက်သည်။

သို့သော် ရန်မင်းက လက်ကို မဆန့်တန်းလာပေ။

တဖြည်းဖြည်းနှင့် လက်ဖက်ရည်ခွက်ကို ကိုင်မြှောက်ထားသော ချန်ဝေ့၏လက်များသည် မခိုင်တော့ပဲ တုန်ယင်လာကာ သူမ၏ ရှက်သွေးဖြန်းနေသော မျက်နှာလေးသည်လည်း တဖြည်းဖြည်း ဖြူလျော်လာသည်။

ရန်မင်းကိုမော့ကြည့်ရင်းဖြင့် ချန်ဝေ့၏မျက်လုံးမှ မျက်ရည်များ ဖြည်းညှင်းစွာ စီးကျလာလေသည်။ ချန်ဝေ့၏ဖြူလျော်နေသောမျက်နှာနှင့် မျက်လုံးများ၌ ရန်မင်းအား အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ရသော တမ်းတမှုနှင့် မြတ်နိုးမှုများဖြင့် ပြည့်နေသည်။

ရန်မင်းက ချန်ဝေ့အား တစ်ချက်မျှသာကြည့်လိုက်ပြီးနောက် ခေါင်းကိုပြန်မော့လိုက်သည်။

ရန်မင်း၏အကြည့်သည် အခန်းထောင့်သို့ရောက်သွား၍ နှုတ်ခမ်းများကို တွန့်ကွေးကာပြုံးလိုက်သည်။

"ချန်အိမ်တော်မှာ အားရုံ လို့ခေါ်တဲ့ တခြားမိန်းကလေးတစ်‌ယောက် ရှိသေးတယ်မဟုတ်လား..."

ရန်မင်း၏စကားများကြောင့် ချန်ကုန်းရန်း၏မျက်လုံးများက ပြူးကျယ်သွားကြကာ ချန်ရုံကတော့ ရန်မင်းအား မျက်စောင်းထိုးလိုက်မိသည်။

ချန်ဝေ့၏နှုတ်ခမ်းများက တဆတ်ဆတ်တုန်ရီစပြုလာကြသော်လည်း ရန်မင်းအား လက်ဖက်ရည်ဆက်သနေသည့်ပုံစံကိုတော့ မဖျက်သေးပဲ လှပစွာပင် အရိုအသေပေးနေဆဲဖြစ်သည်။ ချန်ဝေ့သည် နှုတ်ခမ်းများကို ဖိကိုက်လိုက်သည်။ ချန်ဝေ့၏မျက်နှာက ထိရှလွယ်သည့် ချယ်ရီပွင့်ဖတ်ကဲ့သို့ဖြစ်နေသော်လည်း မျက်လုံးများတွင်တော့ လက်မလျှော့နိုင်သည့်ပုံစံက ထင်ဟပ်နေသည်။

ဒီလက်ထပ်ပွဲက ဖြစ်မြောက်မှာပါ...ဦးလေးချန်းကုန်းရန်းက ရန်မင်းကို သေချာရှင်းပြမှာပါ...အားရုံလည်း ဒီမှာရှိနေတာပဲ...သူ မပိုင်ဆိုင်တဲ့အရာတွေကို ဝင်မယူသင့်ဘူးဆိုတာ အားရုံနားလည်မှာပါ...နားလည်လောက်တယ်မဟုတ်လား...

ချန်ဝေ့နှင့် ချန်ရုံတို့သည် တွေ့ဆုံရသည်မှာ သိပ်မကြာသေးသော်လည်း ချန်ရုံနှင့် ပတ်သတ်၍ သိသင့်သမျှကိုတော့ သိထားပြီးပြီ ဟု ချန်ဝေ့ထင်မိသည်။ ချန်ရုံသည် စတွေ့စဉ်အခါတုန်းကတော့ သူမ ပြောချင်သည်ကို ပွင့်ပွင့်လင်းလင်းပြောတတ်သည်ဟု ထင်ရသော်လည်း တကယ်တမ်းတော့ ချန်ရုံသည် တုံဏှိဘာဝေလုပ်ကာ သူမ လုပ်ချင်သည်များကို လုပ်သွားတတ်သည်ဟု ချန်ဝေ့ခံစားမိသည်။ ရန်မင်းက ချန်ရုံ့အား စိတ်ဝင်စားနေသည်ဟု သိပြီးနောက်တွင် တစ်နေ့နေ့၌ ချန်ဝေ့မသိလိုက်စဉ်တွင် သူမ၏နှိမ့်ချတတ်သော်လည်း ချောမောလှပသည့် ညီမဝမ်းကွဲသည် ရန်မင်း၏ကုတင်ပေါ်သို့ တိတ်တဆိတ်တက်၍ ရန်မင်းကို သူမ အား လက်ထပ်ရန် မြူဆွယ်လိုက်မည်ကို ချန်ဝေ့ကြောက်နေမိသည်။

ရန်မင်းသည် ဘေးလူများကန့်ကွက်သည်ကိုဂရုမစိုက်ပဲ ချန်ဝေ့၏ အဆင့်အတန်းနိမ့်ကျသော ဝမ်းကွဲညီမအား လက်ထပ်ယူနိုင်မည့် တစ်ဦးတည်းသော အကောင်းဆုံးအမျိုးသားဖြစ်လောက်သည်။ ထို့ကြောင့်လည်း ရန်မင်းအား မိန်းကလေးများက တမ်းတမ်းစွဲဖြစ်နေကြခြင်းဖြစ်ပေမည်။

ချန်ဝေ့၏စိတ်ထဲ၌ တပ်မှူးရန်မင်းရော ချန်ရုံရောသည် ထက်မြက်သူများဖြစ်ကြသည်။ ထိုကဲ့သို့ ထက်မြက်သူများသည် ကိစ္စများကို ဖုံးကွယ်လျှို့ဝှက်ထားခြင်းထက် ပွင့်လင်းစွာပြောဆိုခြင်းကို ပို၍ နှစ်သက်ကြသည်။

ချန်ဝေ့မျှော်လင့်ထားသည့်အတိုင်းပင် ချန်ကုန်းရန်းက မျက်မှောင်ကြုတ်၍ ရန်မင်းဘက်သို့ လှည့်ကာ စကားအသုံးအနှုန်းကို စိစစ်ရွေးချယ်၍ ပြောလိုက်သည်။

"အားရုံကိုပြောတာလား...အားရုံက ဝမ်ချီလန်ရဲ့ မျက်နှာသာပေးမှုကိုရရှိထားတာပါ..."

ပုံမှန်ဆိုလျှင်တော့ ထိုရှင်းပြချက်နှင့်ပင် မည်သူကမျှ ရှေ့ဆက်တိုးတော့မည်မဟုတ်ချေ။

သို့သော် ရန်မင်းကတော့ အနည်းငယ်မျှပင် ဂရုစိုက်သည့်ပုံမပေါ်ချေ။ ရန်မင်းသည် ပြုံးလိုက်၍ အမှောင်ထဲမှချန်ရုံ့ကိုစိုက်ကြည့်ကာ လက်ဝှေ့ယမ်း၍ ခေါ်လိုက်သည်။

"ချန်ရုံ...ဒီကိုလာခဲ့လေ..."

ရန်မင်း၏အသံထဲ၌ ရင်းနှီးနွေးထွေးမှုများပါနေ‌သည်။

ချက်ချင်းပင် ချန်ကုန်းရန်း၏မျက်နှာက သိသိသာသာပျက်သွား၍ ချန်ဝေ့၏မျက်နှာသည်လည်း ပို၍ပင်သွေးဆုတ်ဖြူလျော်သွားလေသည်။

ချန်ရုံက ဖြည်းဖြည်းချင်းထွက်လာသည်။ ချန်ရုံသည် ရန်မင်းကိုရော ချန်ကုန်းရန်းကိုရော မကြည့်ပဲ ခေါင်းကိုသာငုံ့ထားသည်။

ထို့နောက် ရန်မင်းရှေ့၌ရပ်ကာ အရိုအသေပေးလိုက်သည်။ ချန်ရုံက ရန်မင်းလက်လှမ်းမှီသည့်နေရာသို့ရောက်လာသောအခါ ရန်မင်းသည် ချန်ရုံ၏လက်မောင်းကို လှမ်းကိုင်ရန် လက်ကို ဆန့်တန်းလိုက်လေသည်။

သဘောကောင်းလွန်းသော ချန်ကုန်းရန်းသည်ပင် ထိုအဖြစ်အပျက်ကိုမြင်သောအခါ မထိန်းနိုင်ပဲ ဒေါသတကြီးဖြင့် အော်လိုက်မိသည်။

"တပ်မှူးရန်...ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပါဦး..."

ချန်ကုန်းရန်း၏အသံက ခက်ထန်နေသည်။

ရန်မင်း၏လက်က လေထဲ၌ ရပ်သွားသည်။ ရန်မင်းသည် ချန်ကုန်းရန်းအား စောင်းငဲ့ကြည့်လိုက်ပြီးမှ ပျင်းရိပျင်းတွဲပုံစံဖြင့် လက်ကိုပြန်ချလိုက်သည်။

ရန်မင်းက ဝိုင်အရက်ခွက်ကိုမ၍ ခပ်ဖြည်းဖြည်းဖြင့် တစ်ငုံသောက်၍ ပြောလိုက်သည်။

"ဒီလောက်လည်း မလန့်သွားပါနဲ့ သခင်ကြီး...ကျွန်ုပ် ဝမ်ဟုန်နဲ့ စကားပြောမှာပါ...အားရုံက ချန်အိမ်တော်မှာ ကျွန်ုပ်သဘောကျမိတဲ့ တစ်ဦးတည်းသော မိန်းကလေးပဲ..."

ထိုစကားကိုကြားလိုက်သောအခါ ချန်ဝေ့၏မျက်နှာသည် စာရွက်ကဲ့သို့ ဆွတ်ဆွတ်ဖြူသွားတော့သည်။ နှုတ်ခမ်းများမှလည်း အတင်းဖိကိုက်လိုက်မိသောကြောင့် သွေးများယိုစီးကျလာသည်။ အရိုအသေပေးနေသော ချန်ဝေ့၏ဟန်ပန်က တဖြည်းဖြည်းနှင့် တုန်ယင်လာလေသည်။

ရန်မင်းနဲ့ချန်ရုံက တစ်ခါ နှစ်ခါလောက်ပဲတွေ့ဖူးကြတာလေ...ပြီးတော့ ရန်မင်းက မိန်းကလေးတွေနဲ့ အချစ်ကို သိပ်ပြီးဂရုစိုက်တတ်တဲ့လူမျိုးလည်းမဟုတ်ဘူး...ဘာဖြစ်လို့လဲ...ဘာဖြစ်လို့ အခုမှ အရမ်းကို စိတ်ထက်သန်နေရတာလဲ...

ချန်ဝေ့သာမက ချန်ရုံသည်လည်း သူမ၏ခြေထောက်များက အားပျော့၍ခွေယိုင်လာသည်ကို သတိထားမိလိုက်သည်။ ထိုအမျိုးသားနှင့် ဤမျှနီးနီးကပ်ကပ်နေနေရခြင်းသည် ချန်ရုံ၏ စိတ်ထဲမှ တမင်မေ့လျော့ထားသော ခံစားချက်များကို ပြန်လည်ထွက်ပေါ်လာအောင် နှိုးဆွနေသကဲ့သို့ ရှိလေသည်။ ချန်ရုံသည် ရန်မင်းအား "ကျွန်မ ရှင့်ကို မချစ်ဘူး...ကျွန်မ ရှင့်ကို လက်စားပဲချေချင်တယ်..." ဟု အော်‌မိတော့မတတ်ပင်ဖြစ်သွားသည်။

သို့သော်လည်း ချန်ရုံသည် ယခုဘဝ၌ အသက်ရှင်သန်ရန် ကြိုးစားရုန်းကန်မည်ဟု သံဓိဌာန်ချထားသောကြောင့် ချန်ရုံ၏ဘဝတစ်ခုလုံးကို ဖျက်ဆီးလိုက်နိုင်သည့် နှလုံးသားထဲမှ တစိမ့်စိမ့်ထွက်နေသော အမုန်းတရားနှင့် စိတ်ခံစားချက်များကို ချိုးနှိမ်လိုက်သည်။

ရန်မင်း၏ အလေးအနက်ပြောနေသောမျက်နှာကြောင့် ချန်ကုန်းရန်းသည်လည်း သူ၏ဒေါသကို ဖိနှိပ်လိုက်သည်။ ထို့နောက် ဤကိစ္စကို သေချာပြန်၍ စဉ်းစားစပြုလေသည်။

ချန်ကုန်းရန်းသည် ရန်မင်းဘက်သို့ လှည့်၍ မေးလိုက်သည်။

"တပ်မှူးလိုမျိုး ဂုဏ်အရည်အချင်းတွေနဲ့ ပြည့်ဝနေတဲ့လူတစ်ယောက်က ဘာဖြစ်လို့များ အားရုံကို နှစ်သက်ရတာပါလဲ..."

ထို့နောက် ချန်ကုန်းရန်းသည် ချန်ရုံ့အား မယုံသင်္ကာသည့်အကြည့်ဖြင့် တစ်ချက်လှမ်းကြည့်ကာ အေးစက်သောအသံဖြင့်ပြောလိုက်သည်။

"ဒါမှမဟုတ် တပ်မှူးနဲ့ အားရုံတို့ကလည်း အနာဂတ်မှာ ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာကို ဆွေးနွေးတိုင်ပင်ပြီးကြပါပြီလား..."

ချန်ကုန်းရန်းသည် "လည်း" ဟူသောစကားလုံးကို သုံးနှုန်းလိုက်မိသည်။ ချန်ကုန်းရန်းက ထိုစကားလုံးကို သာမာန်ကဲ့သို့ပြောလိုက်သော်လည်း ရန်မင်းကတော့ မျက်ခုံးများ တွန့်ကွေးသွားကာ အရက်ခွက်ကို ဖြည်းညှင်းစွာ ချလိုက်သည်။

ရန်မင်းသည် ခေါင်းကိုမော့၍ ချန်ရုံ့အားကြည့်လိုက်သောအခါ ချန်ရုံသည် ခေါင်းကိုငုံ့ထားဆဲဖြစ်၍ သူ့အား ကြည့်မနေသည်ကို မြင်လိုက်ရသည်။ ရန်မင်းက သက်ပြင်းချ၍ပြောလိုက်သည်။

"ဒီမိန်းကလေးက သူ့ရဲ့မိတ်ဆွေတွေကိုကယ်တင်ဖို့အတွက် မောယန်မြို့ဆီကို အသက်ကိုစွန့်စားပြီးတော့တောင် သွားခဲ့တယ်လို့ စွင်းယန်ဆီက ကျွန်ုပ်ကြားထားတယ်..."

ရန်မင်းက ထိုစကားများကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အခန်းတစ်ခုလုံး ပင့်သက်ရှိုက်သံများဖြင့်ပြည့်သွားသည်။

ချန်ဝေ့နှင့်အစေခံများသည် ပြူးကျယ်သောမျက်လုံးများဖြင့် ချန်ရုံ့အား မယုံနိုင်သကဲ့သို့ စိုက်ကြည့်နေကြသည်။

ချန်ကုန်းရန်းသည်ပင် ခေါင်းကို ဆတ်ခနဲလှည့်၍ ချန်ရုံ့အား သေချာအကဲ‌ခတ်နေတော့သည်။

ဤသတင်းကို အခုမှ ပထမဆုံး ကြားဖူးကြခြင်းမဟုတ်ပါလား။

ချန်ရုံ၏နှလုံးသည်လည်း ဒုတ်ခနဲ မြည်အောင်ပင် ခုန်သွားသည်။ ချန်ရုံသည် စွင်းယန်၊ ဝမ်ဟုန်နှင့် ဝမ်အိမ်တော်မှအ‌စေခံများကို သေချာနှုတ်ပိတ်ထားခဲ့သော်လည်း ဤကိစ္စက ရန်မင်း၏နှုတ်မှထွက်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့မိချေ။

ချန်ရုံသည် ခေါင်းကိုငုံ့၍ မျက်လုံးများကိုမှိတ်ကာ နာကျည်းခါးသီးမှုက နှလုံးသားကိုဖုံးလွှမ်းသွားသည်ကို ခံစားနေမိသည်။ ချန်ရုံ၏စိတ်ထဲ၌ စကားလုံးနှစ်လုံးသာ ပဲ့တင်သံထပ်နေလေသည်။

သွားပြီ...

ဤအကြောင်းသာ ပျံ့နှံ့သွားပါက ချန်ရုံသည် စွင်းယန်၊ ဝမ်ဟုန် နှင့် ယခု သူမ အားလက်ထပ်ရန်ကြိုးစားနေသော ရန်မင်း တို့ကိုသာ လက်ထပ်ရန် ရွေးချယ်၍ရတော့မည်ဖြစ်သည်။ အနာဂတ်တွင် ဝမ်ဟုန်က သဘောထားကြီးစွာဖြင့် ချန်ရုံက ဖြူစင်ဆဲပါ ဟု လောကကြီးတစ်ခုလုံးကို ကြေငြာလိုက်လျှင်တောင်မှ အခြားယောင်္ကျားများက ချန်ရုံ့အား ဇနီးမယားအဖြစ် လက်ထပ်လိုတော့မည်မဟုတ်ချေ။

ဤကိစ္စကို ပြန်လည်ရုတ်သိမ်း၍လည်း မရတော့ပေ။

ချန်ရုံတစ်ယောက် မောယန်သို့ မည်သည့်အကြောင်းကြောင်းဖြင့် လိုက်သွားသည်သာဖြစ်ပါစေ၊ချန်ရုံက မိန်းမပျိုလေးတစ်ဦးဖြစ်သည့်အတွက် လူများယုံကြည်မည့် ဖြေရှင်းချက်က တစ်ခုသာရှိသည်။ ချန်ရုံသည် သူမ၏ချစ်သူနှင့် မခွဲခွာနိုင်ပဲ အတူတကွသေပွဲဝင်လိုသောကြောင့် ချစ်သူနောက်သို့ လိုက်ပြေးသွားခြင်းဟူသော အကြောင်းပြချက်ဖြစ်ပေသည်။

ရန်မင်းကတော့ ဤပြဿနာ၏ရှုပ်ထွေးမှုကို မည်သို့သိနိုင်ပါမည်နည်း။ ရန်မင်းသည် မိန်းကလေးတစ်ဦးအား ချစ်စိတ်ဖြင့် ပထမဆုံးကြည့်သည့်အနေဖြင့် ချန်ရုံ့အား သူ၏ စူးရဲသောမျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။

"သခင်ကြီးသိတဲ့အတိုင်းပဲ ကျွန်ုပ်က စစ်မြေပြင်မှာပဲ တိုက်ခိုက်ရင်းနဲ့ သေသွားရမယ့်လူပါ...အဲ့ဒီလိုဘဝမျိုးမှာ ကျွန်ုပ်နဲ့အတူ သေအတူ ရှင်မကွာ အဖော်ပြုပေးနိုင်မယ့် လက်တွဲဖော်တစ်ယောက်သာရှိနေရင်တော့ မြှားအစင်းတစ်သိန်းစိုက်ဝင်ပြီး သေရလည်း ကျွန်ုပ် သေပျော်မယ်ထင်ပါတယ်..."

ရန်မင်းသည် ချန်ရုံ့အား ကြည့်၍ အသံကို နှိမ့်ကာ ခံစားချက်အနည်းငယ်ရောယှက်နေသောအသံဖြင့်ပြောလိုက်သည်။

"ကျွန်ုပ်က အမြဲတမ်း ချူဘုရင်ကို အားကျခဲ့ရတာ...အားရုံကတော့ ကျွန်ုပ်ရဲ့ ကိုယ်လုပ်တော်ယွီ မဖြစ်ချင်ဘူးထင်ပါတယ်..."

[T/N: ချူဘုရင်ဆိုတာ အနောက်ပိုင်းချူဒေသရဲ့ စစ်ဘုရင် ရှန်းယွီကိုပြောခြင်းဖြစ်ပါတယ်။ ရှန်းယွီနဲ့ သူ့ရဲ့ ကိုယ်လုပ်တော်ယွီတို့ရဲ့ အချစ်ဇာတ်လမ်းက ရှေးခေတ်တရုတ်ပြည်မှာ အရမ်းကိုနာမည်ကျော်ကြားခဲ့ပါတယ်။ အပြည့်အစုံသိချင်ရင် ဒီမှာဖတ်ကြည့်လို့ရပါတယ်။

https://en.m.wikipedia.org/wiki/Consort_Yu]

ထို့နောက် ရန်မင်းသည် ကောင်းကင်သို့မော့ကြည့်၍ သက်ပြင်းချလိုက်ကာ အင်္ကျီလက်များကိုဝှေ့ယမ်း၍ ချန်ကုန်းရန်းကိုရော ချန်ဝေ့ကိုပါ တစ်ချက်မျှပင် လှည့်မကြည့်တော့ပဲ လှည့်ထွက်သွားတော့သည်။

ရန်မင်းထွက်သွားပြီး အတော်ကြာသည်အထိ အခန်းသည် တိတ်ဆိတ်မှုဖြင့်သာ ပြည့်လျက်ရှိသည်။

အချိန်အတန်ကြာသွားသောအခါမှ ချန်ကုန်းရန်း၏ ညင်သာသောအသံ ထွက်ပေါ်လာသည်။

"အားရုံ...ဒီကိုလာပါဦး..."

ချန်ရုံက ခြေထောက်များကိုကြွ၍ သူမ၏ဦးလေးဆီသို့ ‌ဖြည်းညှင်းစွာလျှောက်သွားလိုက်သည်။


Xxxxx