အပိုင်း ၁၀၅
Viewers 18k

Chapter 105



ချန်ကုန်းရန်းက ချန်ရုံ့အား အကဲခတ်၍ ခပ်အေးအေးပင်ပြောလိုက်သည်။

"မောယန်အကြောင်း ဦးလေးကို သေချာပြောပြပါ..."

"ဟုတ်ကဲ့..."

ချန်ရုံက ခေါင်းကိုငုံ့၍ အရိုအသေပေးကာ စတင်ပြောလိုက်သည်။

"အဲဒီနေ့က မောယန်မြို့ အသိမ်းပိုက်ခံရပြီး တပ်မှူးစွင်းနဲ့ ဝမ်ချီလန်တို့က မြို့ထဲမှာ ပိတ်မိနေကြပြီး အသက်ကိုဖက်နဲ့ထုပ်ထားရသလိုမျိုး အသက်အန္တရာယ်နဲ့ အရမ်းနီးနေတယ်လို့ သတင်းကြားခဲ့ပါတယ်...အဲဒီအချိန်တုန်းက ကျွန်မခံစားခဲ့ရတဲ့ ဝမ်းနည်းမှုဆိုတာ မဖော်ပြနိုင်အောင်ပါပဲ...ကျွန်မနဲ့ တပ်မှူးစွင်းက ဒီကိုလာတဲ့လမ်းခရီးမှာ ရင်းနှီးခဲ့ကြပြီး အခုအချိန်အထိ မောင်နဲ့နှမလို့ ချစ်ခင်ကြပါတယ်...ဝမ်ချီလန်ကလည်း ကျွန်မ နန်ယန်မင်းသားရဲ့နန်းတော်ထဲမှာ ပိတ်လှောင်ခံထားရပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့အထိကြံစည်မိနေတဲ့အချိန်မှာ နန်းတွင်းသူငါးဦးကို ခေါ်လာပြီး ကျွန်မကို ကယ်တင်ပေးခဲ့တာပါ..."

ထိုအချိန်၌ ချန်ကုန်းရန်း၏မျက်နှာက သိသိသာသာပင်ပြောင်းလဲသွားသည်။ ချန်ကုန်းရန်းသည် ရှေ့သို့ကိုင်း၍ ချန်ရုံ့အား တစ်လုံးချင်းသေချာမေးလိုက်သည်။

"အားရုံ မင်းက မင်းသားရဲ့နန်းတော်ထဲရောက်နေတုန်းက ကိုယ့်အသက်ကိုယ်သတ်သေဖို့အထိတောင် ကြံစည်ခဲ့တာလား..."

"ဟုတ်ကဲ့..."

ချန်ရုံက ရိုးစင်းစွာပင် ပြန်ဖြေလိုက်သည်။

ချန်ရုံက ခေါင်းကိုမော့၍ ချန်ကုန်းရန်းအား တောက်ပ၍ တည်ငြိမ်သောမျက်လုံးများဖြင့်ကြည့်လိုက်ကာ ဆက်ပြောလိုက်သည်။

"မင်းသားရဲ့နန်းတော်ကနေ ကယ်တင်ခံလိုက်ရတဲ့နေ့မှာ ဝမ်ချီလန်ရဲ့ကျေးဇူးကို တစ်နေ့နေ့မှာတော့ မဖြစ်မနေပြန်ဆပ်ရမယ်လို့ ကျွန်မကိုယ်ကျွန်မ ကတိပေးခဲ့ပါတယ်...ဒါပေမယ့် ဦးလေး...ကျွန်မလို့ မိန်းကလေးတစ်ယောက်က ဝမ်ချီလန်ကို ဘယ်လိုနည်းနဲ့များ ကျေးဇူးပြန်ဆပ်နိုင်မှာလဲ...ကျွန်မ ဘယ်လိုပဲစဉ်းစားစဉ်းစား ကျွန်မရဲ့ ကယ်တင်ရှင်နဲ့ ကျွန်မရဲ့မိတ်ဆွေတို့နဲ့တူတူ သေဆုံးလိုက်တာကသာ ကျွန်မ တမလွန်မှာ အေးအေးချမ်းချမ်းနေနိုင်မယ်လို့ ခံစားမိပါတယ်..."

ချန်ကုန်းရန်းက သက်ပြင်းချလိုက်သည်။ ထို့နောက် အင်္ကျီလက်ကို ဝှေ့ရမ်းကာ ပြောလိုက်သည်။

"ထပါ အားရုံ..."

"ဟုတ်ကဲ့..."

ချန်ရုံ မတ်တပ်ရပ်လိုက်သောအခါ ချန်ကုန်းရန်းက ပထမဆုံးအကြိမ်အဖြစ် ချန်ရုံ့အား လေးနက်စွာကြည့်လိုက်သည်။ ခဏကြာသောအခါမှ ကြင်နာစွာပြောလိုက်သည်။

"မင်းက မိန်းကလေးတစ်ယောက်ပေမယ့် ခင်မင်မှုနဲ့ ကျေးဇူးတရားအတွက် မင်းအသက်ကိုတောင် စွန့်ဖို့ကြံစည်ခဲ့တယ်...မင်းလို့ မိန်းကလေးမျိုးက တကယ်ကိုရှားပါးပါပေတယ်..."

ထို့နောက် ချန်ကုန်းရန်းသည် ညာဘက်သို့ လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

"အားရုံအတွက် ထိုင်‌စရာနေရာပြင်ပေးလိုက်..."

"ဟုတ်ကဲ့..."

ချန်ရုံက ချန်ကုန်းရန်းအား အရိုအသေပေး‌လိုက်၍ အနောက်သို့ ဖြည်းညှင်းစွာပြန်လျှောက်သွားကာ ခုံ၌ ထိုင်လိုက်သည်။

ထို့နောက်တွင်တော့ ချန်ကုန်းရန်းက ချန်ဝေ့ဘက်သို့လှည့်လိုက်သည်။

ချန်ဝေ့သည် နေရာ၌ မူးမေ့လဲကျတော့မတတ်ဖြစ်နေသည်။ ချန်ဝေ့ခေါင်းထဲ၌ စဉ်းစားမိသည့် ရာထောင်ချီသော ဖြစ်နိုင်ချေများထဲတွင် ယခုဖြစ်ပျက်သွားသောအရာကို တစ်ခါလေးမျှပင် ထည့်မစဉ်းစားဖူးခဲ့ပေ။

ချန်ကုန်းရန်းသည် ဆောက်တည်ရာမရဖြစ်ကာ အခုချက်ချင်းပင်ငိုချလိုက်တော့မည့်ပုံပေါက်နေသော ချန်ဝေ့ကိုကြည့်၍ မျက်မှောင်ကြုတ်ကာ ခပ်မာမာမေးလိုက်သည်။

"အားဝေ့...မင်းကရော တပ်မှူးရန်အပေါ်မှာ ချစ်ခင်စိတ်ရှိလား..."


ချန်ဝေ့က ခန္ဓာကိုယ်ကို လဲမကျသွားရန်ပင် မနည်းထိန်းနေရသည်။ အချိန်အတော်ကြာသွားသောအခါမှ ကျယ်လောင်စွာငိုရှိုက်၍ အက်ကွဲနေသောအသံဖြင့်ပြောလိုက်သည်။

"ရှိပါတယ်..."

ထို့နောက် ချန်ဝေ့သည် ဒူးထောက်ချလိုက်၍ ချန်ကုန်းရန်းဆီသို့ တွားသွားကာ ချန်ကုန်းရန်း၏ဝတ်ရုံစကိုကိုင်၍ တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။

"ဦးလေး...တပ်မှူးရန်က ကျွန်မကိုလက်ထပ်ချင်လာအောင်ပြောပေးမယ်လို့ ဦးလေးပြောထားတယ်နော်...ဦးလေးရဲ့ကတိကို မဖျက်လိုက်ပါနဲ့...ကျွန်မ ရန်မင်းရဲ့ ဇနီးမဖြစ်ရရင် တစ်သက်လုံး လက်မထပ်ပဲ နေလိုက်တော့မယ်...ဆယ်နှစ်ပဲစောင့်ရစောင့်ရ အနှစ်နှစ်ဆယ်ပဲစောင့်ရစောင့်ရ ကျွန်မစောင့်နိုင်ပါတယ်...တစ်နေ့နေ့မှာတော့ တပ်မှူးရန်က ကျွန်မကို သူ့ရင်ထဲမှာ မြင်လာမှာပါ...အဲ့ဒီအခါကျရင် သူ ကျွန်မကို လက်ထပ်ယူမှာမဟုတ်လားဟင်...ဟုတ်တယ်မလား..."

ချန်ဝေ့သည် ထိုစကားများကိုပြောရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်သောကြောင့် ပြောချင်သည်များကို အလေးအနက်ထားပြီးပြောနေလေသည်။

သို့သော် ဤကဲ့သို့သော အခြေအနေ၌ ထိုစကားများကိုကြားရသည်မှာ ချန်ဝေ့က ခြိမ်းခြောက်နေသကဲ့သို့ဖြစ်နေသည်။ အလွန်စိတ်ရှည်သော ချန်ကုန်းရန်းသည်ပင် နားထောင်ရင်းဖြင့် ဒေါသထွက်လာမိသည်။

ထို့ကြောင့် ချန်ကုန်းရန်းသည် မတ်တပ်ထရပ်၍ အင်္ကျီလက်များကို ဝှေ့ယမ်းကာ ရှေ့သို့ ခြေလှမ်းကြဲများဖြင့် လျှောက်သွားသည်။

"ကိုယ့်ဘာသာကိုယ်အရှက်ရအောင် လုပ်မနေနဲ့တော့ အားဝေ့...အိမ်ပြန်တော့..."

သို့သော် မိန်းကလေးများကသာ အိမ်သို့ပြန်၍ရမည်ဖြစ်သည်။ ချန်ကုန်းရန်းကတော့ မိန်းကလေးများ၏အရေးမပါသောကိစ္စလေးများအတွက်နှင့် သူပါ လိုက်၍စိတ်ဆိုးကာ အိမ်ပြန်သွား၍မဖြစ်ပေ။ ဧည့်ခံပွဲပြီးဆုံးသည်အထိတော့ နေရပေဦးမည်။

အစောင့်များ၏လိုက်လံပို့ဆောင်ပေးမှုနှင့်အတူ ချန်ရုံတို့၏ရထားလုံးများသည် ဘီးများက တကျွီကျွီမြည်လျက် မှောင်မည်းသောလမ်းပေါ်၌ မောင်းနှင်နေကြသည်။

ချန်ရုံသည် သူမ၏ရထားလုံးဘေးမှ ရထားလုံးကို လှမ်းကြည့်လိုက်မိသည်။ ထိုရထားလုံးထဲ၌ နှလုံးသားကွဲကြေ၍ ဆောက်တည်ရာမရဖြစ်နေသောငိုရှိုက်သံများထွက်ပေါ်နေသည်။ ထိုငိုသံများကို နားထောင်ရင်းဖြင့် တစ်စက္ကန့်တွင် ချန်ရုံ ကျိတ်၍ပျော်မိသော်လည်း နောက်တစ်စက္ကန့်တွင်တော့ ချန်ရုံကိုယ်တိုင်ခံစားခဲ့ရသည့် အသည်းကွဲနာကျင်မှုကို သတိရကာ ချန်ဝေ့အား ကိုယ်ချင်းစာနေမိသည်။

ယနေ့ည၌ လမ်းပေါ်တွင် အခြားရထားလုံးများမရှိသလောက်ဖြစ်နေ၍သာ တော်သေးသည်။ လမ်းလျှောက်နေကြသောလူများသာရှိ၍ ချန်ရုံတို့၏ရထားလုံးသည် လူစိတ်ဝင်စားခြင်းသိပ်မခံရပေ။

"ငါနင့်ကိုမုန်းတယ်..."

ချန်ဝေ့က ရုတ်တရက် ထအော်လိုက်သည်။

ချန်ဝေ့ဆိုလိုသည်မှာ ချန်ရုံဖြစ်သည်ကတော့ ပြောစရာမလိုပါချေ။

ချန်ရုံက အေးတိအေးစက်ပင်ပြန်ပြောလိုက်သည်။

"အားဝေ့ နင်သိထားဖို့က ငါ တပ်မှူးရန်ကို ဘယ်တုန်းကမှ ငါ့ကိုကြိုက်လာအောင် မဆွဲဆောင်ခဲ့ဘူးနော်...အခုလည်း ငါ့ကို လက်ထပ်ချင်တယ်ဆိုတာ သူ့ဘာသာသူ စပြောလာတာပဲ..."

"အကုန်လုံးက နင့်ကြောင့်ပဲ..."

ချန်ဝေ့က အော်လိုက်သည်။

"နင်က အခွင့်အရေးရတိုင်း တပ်မှူးရန် နင့်ကိုကြိုက်လာအောင် လုပ်နေတာမဟုတ်လား...ရင်ထဲကမပါတဲ့ အပြုံးလေးပြုံးပြီး တပ်မှူးကြိုက်တဲ့စကားတွေကိုပြောမယ်...ပြီးရင် နင်က တပ်မှူးကိုချစ်နေတယ်လို့ တပ်မှူးကထင်အောင် ရှက်ကြောက်တဲ့အမူအယာလေးတွေလုပ်ပြမယ်...နင် အဲဒီလိုတွေလုပ်နေတာမဟုတ်လား...အဲဒါကြောင့်လည်း တပ်မှူးက ဒီည အဲဒီစကားကိုပြောတာပေါ့..."

ဘဝနှစ်ခုကြာသည်အထိ ချန်ဝေ့သည် သူမ အား ဤမျှ ထိုးထွင်းမြင်နိုင်လိမ့်မည်ဟု ချန်ရုံမထင်ထားချေ။

ချန်ရုံသည် ရင်ထဲမှ ကျိတ်ကာရယ်လိုက်၍ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

"တပ်မှုးရန်က ရဲစွမ်းသတ္တိအပြည့်ရှိတဲ့သူရဲကောင်းတစ်ယောက်ပါ...သူ့ကိုမြင်တာနဲ့ ရှက်သွေးဖြန်းသွားမယ့်လူတွေမှ တစ်ပုံကြီး...အားဝေ့ အခု ငါ့နာမည်က ဝမ်ချီလန်နဲ့ လုံးဝပတ်သတ်ဆက်နွှယ်နေပြီဆိုတာ နင်လည်း သိသားပဲ...နင်လုပ်ရမှာက တပ်မှူးရန်စိတ်ပြောင်းလာအောင် လုပ်ရမှာလေ...ငါ့ကို လာပြီး ဒေါသထွက်နေတော့ ဘာထူးမှာလဲ..."

ချန်ရုံ၏စကားများက ချန်ဝေ့ကို လှုပ်နှိုးလိုက်သကဲ့သို့ဖြစ်သွားသည်။ ချက်ချင်းပင် ရထားလုံးက ငိုသံများဖြင့် ပြည့်သွားပြန်လေသည်။

ငိုသံများက တဖြည်းဖြည်း လျော့ပါးသွားသည့်အချိန်မှာတော့ ချန်ဝေ့က မျက်ရည်များကိုသုတ်၍ပြောလိုက်သည်။

"နင်‌ပြောတာ မှန်တယ်..."

ချန်ရုံက မနေနိုင်ပဲ လှောင်‌ပြောင်သည့်အသံ လုပ်လိုက်မိသည်။

ချက်ချင်းပင် ချန်ဝေ့က နာကျည်းသောအသံဖြင့်ပြောလိုက်သည်။

"အားရုံ...ငါက နင့်ကို ဘယ်တုန်းကမှ မကောင်းစိတ်နဲ့ မဆက်ဆံခဲ့ဖူးပေမယ့် နင်က ငါ့ချစ်ရတဲ့အမျိုးသားကို ငါ့ဆီက ဆွဲလုသွားခဲ့တယ်...ငါ အဲ့ဒီကိစ္စကိုတော့ လုံးဝမမေ့ဘူး..."

ချန်ဝေ့သည် ထိုစကားများကို လေးနက်စွာပြောနေသောကြောင့် ကျိန်ဆိုနေသကဲ့သို့ ဖြစ်နေသည်။

"နင်ဒီလိုတွေလုပ်လေ တပ်မှူးရန်က ပိုမကြိုက်လေဖြစ်မှာပဲ..."

ချန်ရုံကပြောလိုက်သည်။

ထိုအခါမှသာ ချန်ဝေ့လည်း အေးစက်တောင့်တင်းသွားပြန်လေသည်။

ချန်ရုံသည် ချန်ဝေ့နှင့်စကားဆက်မပြောချင်တော့သောကြောင့် ရထားလုံးမောင်းသူအား ပြောလိုက်သည်။

"မြန်မြန်သွားပါ..."


"ဟုတ်ကဲ့..."

တကယ်တော့လည်း ချန်ရုံ အမိန့်ပေးရန်ပင်မလိုပါ။ လမ်းအလယ်‌၌ သခင်မလေးနှစ်ဦးက အိန္ဒြေသိက္ခာများကိုမစဉ်းစားပဲ တကျက်ကျက်ရန်ဖြစ်နေကြသောကြောင့် အစေခံသည်လည်း စိတ်အိုက်ကာ အရှိန်ကိုတင်၍ မောင်းနှင်နေပြီးဖြစ်လေသည်။

မကြာခင်တွင် ရထားလုံးများသည် ချန်အိမ်တော်ဆီသို့ရောက်လာတော့သည်။

ချန်ရုံနှင့် ချန်ဝေ့တို့သည် ရထားလုံးများကို သူတို့၏ အဆောင်တော်ခြံဝန်းများဆီသို့သာ တည့်တည့်မတ်မတ်မောင်းနှင်ခိုင်းလိုက်ကြသည်။

ရထားလုံးပေါ်မှ ချန်ရုံဆင်းလာသည်ကိုမြင်သောအခါ ချန်ရုံ့အား စောင့်ဆိုင်းနေသော အထိန်းတော်ဖျင်က အလျင်အမြန်ထွက်လာသည်။ မီးရောင်အောက်မှ ချန်ရုံ၏မျက်နှာလေးသည် သိသိသာသာပင် မသာမယာဖြစ်နေသည်ကိုမြင်သောအခါ အထိန်းတော်ဖျင်က စိုးရိမ်စွာမေးလိုက်သည်။

"ဘာဖြစ်လာတာလဲ မမလေး..."

"ဘာမှမဖြစ်ပါဘူး..."

ချန်ရုံသည် အင်္ကျီလက်ကိုဝှေ့ယမ်းကာ အိမ်ထဲသို့ ဝင်သွားသည်။

ခဏအကြာ၌ အခန်းတံခါးဆောင့်ပိတ်လိုက်သံကို ကြားလိုက်ရလေသည်။

ချန်ရုံသည် အိပ်ခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်းက ပါးစပ်မှလည်း ပွစိပွစိပြောနေမိသည်။

"တော်တော်အသုံးမကျတဲ့စွင်းယန်...ဘယ်သူက ရှင့်ကို ပါးစပ်အထိန်းအကွပ်မရှိပဲ လျှောက်ပြောခိုင်းလို့လဲ..."

ထိုသို့ ခဏမျှပေါက်ကွဲလိုက်ပြီးသောအခါမှ ချန်ရုံ၏ဒေါသက အနည်းငယ်ငြိမ်သက်သွားသယောက်ရှိသည်။ ထို့နောက် ချန်ရုံသည် နံရံ၌ချိတ်ထားသောကြာပွတ်ကိုယူ၍ လေထဲ၌ ဝှေ့ယမ်းကာ အော်လိုက်ပြမ်သည်။

"ရှင့်ကိုလေ ဒီကြာပွတ်နဲ့ အစိပ်စိပ်အမြွှာမြွှာဖြစ်သွားအောင် ရိုက်ချင်တယ်သိလား မိုက်မဲတဲ့ ကောင်ဆိုးလေးရဲ့..."

ချန်ရုံ၏အသံက ဒေါသများဖြင့် ပြည့်နေသည်။

သို့သော် ချန်ရုံ၏ စိတ်အတွင်းပိုင်းထဲတွင်တော့ စွင်းယန်က ရန်မင်းအား ဤကိစ္စများကိုပြောလိုက်ခြင်းမှာ ရန်မင်းကဲ့သို့သောလူက ချန်ရုံ့ကို နှစ်သက်၍ လက်ထပ်ခွင့်တောင်းခံလိမ့်မည်ဟုမထင်ထားသောကြောင့်ဖြစ်သည်ကို ချန်ရုံသိလေသည်။

ရန်မင်းကြိုက်နှစ်သက်သောပုံစံက ယခုပြန်လည်မွေးဖွားလာသည့် ချန်ရုံ၏ပုံစံဖြစ်သည်ကို ချန်ရုံပင် မသိခဲ့ပါချေ။

ကြာပွတ်ကိုဝှေ့ယမ်းလိုက်ခြင်းက ချန်ရုံ၏ စိတ်အလျင်ကို အနည်းငယ် အနည်းထိုင်သွားစေသည်။ ခဏအကြာတွင် ချန်ရုံသည် မောပန်းလာသောကြောင့် အသက်ကိုပင် ခက်ခဲစွာ ရှူနေရကာ နောက်သို့ဆုတ်၍ ချည့်နဲ့စွာ ထိုင်ချလိုက်တော့သည်။

ချန်ရုံသည် ကြာပွတ်ကို လွှတ်ချလိုက်၍ လက်များထဲသို့ မျက်နှာအပ်ကာ စိတ်ညစ်ညစ်နှင့်‌ တွေးနေမိသည်။ စွင်းယန်ကတော့ ချန်ရုံ့အား လုံးဝလက်ထပ်မည်မဟုတ်ချေ။ ဝမ်ဟုန်နှင့်ကလည်း မဖြစ်နိုင်၍ ချန်ရုံ့အား လိုလိုချင်ချင်လက်ထပ်မည့်သူဟူ၍ ရန်မင်းသာ ရှိနေသည်။ သို့သော် ချန်ရုံကလည်း ရန်မင်းအား နှစ်‌ပေါင်း ဆယ်ကုဋေကြာလျှင်တောင်မှ လက်ထပ်မည်မဟုတ်ချေ။ အခု ချန်ရုံ မည်သို့လုပ်ရပါတော့မည်နည်း။

ယခင်ကတော့ ချန်ရုံသည် ကံကြမ္မာ၏အကူအညီဖြင့် ချန်ရုံ့ကဲ့သို့ နိမ့်ကျသော နောက်ခံအသိုင်းအဝိုင်းမှ ‌ပေါက်ဖွားလာသော ပညာရှိတစ်ဦးဖြင့် တွေ့ဆုံ၍ ချစ်ကြိုက်မိကာ လက်ထပ်၍ အေးဆေးသာယာသောဘဝလေးကို နေထိုင်ရလိမ့်မည်ဟု မျှော်လင့်ခဲ့ဖူးသည်။

သို့သော် ယခုတော့ ထိုအိပ်မက်‌လေးလည်း အစိပ်စိပ်အမြွှာမြွှာ ပျက်စီးသွားချေပြီ။

ဘုရားရေ။ ချန်ရုံ ဘာလုပ်ရ‌တော့မှာပါလဲ။


Xxxxx