အပိုင်း ၁၀၆
Viewers 18k

Chapter 106
ဝမ်ချီလန်က ပြဿနာကို ပိုကြီးထွားအောင်လုပ်လိုက်ခြင်း



ထိုည၌ ချန်ရုံသည် အိပ်ယာထဲ၌ လူးလှိမ့်နေကာ အိမ်မပျော်နိုင်ဖြစ်နေသည်။ တစ်ချက် မှေးခနဲ အိပ်ပျော်သွားချိန်တွင် မြင်းဆွဲသောရထားလုံးဖြင့် အလွန်ခမ်းနားထည်ဝါသော စံအိမ်ကြီးတစ်ခုဆီသို့ အခေါ်ခံသွားရသည်ဟု အိပ်မက်မက်နေသည်။ အိပ်မက်ထဲ၌ ဝမ်ဟုန်က သတိုးသားဝတ်စုံဖြင့် ချန်ရုံ့အား မြတ်နိုးစွာကြည့်နေသည်။ ဝမ်ဟုန်၏မျက်လုံးများ၊ ခန်းမဆောင်နှင့်အပြည့်ဖြစ်နေသော ဧည့်သည်များနှင့် ဤကြီးကျယ်ခမ်းနားလှသော မင်္ဂလာဆောင်တို့ကို မြင်တွေ့လိုက်ရသောအခါ ချန်ရုံသည် မိမိကိုယ်တိုင်ပင် ဘာကြောင့်မှန်းမသိပဲ ခေါင်းအုံးပေါ်၌ မျက်ရည်များ သွင်သွင်စီးကျနေတော့သည်။ ချန်ရုံ အိပ်ပျော်ရာမှ နိုးလာချိန်တွင် မျက်ရည်များကျနေဆဲဖြစ်၍ အိပ်ယာခင်းသည်လည်း စိုရွှဲနေတော့သည်။

ထို့နောက် ထပ်၍ အလူးလူးအလှိမ့်လှိမ့်ဖြင့် ချန်ရုံသည် တစ်ခါ ထပ်အိပ်ပျော်သွားပြန်သည်။

ဤတစ်ခေါက်အိပ်မက်ထဲ၌ ပေါ်လာသူက ရန်မင်းဖြစ်သည်။ ချန်ရုံသည် သူမကိုယ်သူမ မီးထဲ၌ ရပ်နေသည်ကို မြင်တွေ့နေရ၍ သတို့သားဝတ်စုံနဲ့ ရန်မင်းက သွေးရူးသွေးတမ်းပြေးလာကာ ချန်ရုံ့အား ပွေ့ချီ၍ ခေါ်ထုတ်သွားသည်ကို တွေ့ရသည်။ ထို့နောက် သတိလစ်မေ့မျောခါနီး‌ဖြစ်နေသောချန်ရုံ့အား ရန်မင်းက ငုံ့ကြည့်လိုက်သောအခါ ရန်မင်း၏ မျက်လုံးထဲ၌ မျက်ရည်များပြည့်နေသည်ကို ချန်ရုံမြင်လိုက်ရသည်။

ထိုအိပ်မက်နှစ်ခုလုံးသည် ချန်ရုံ့အား အချိန်အတော်ကြာ အိပ်မပျော်စေနိုင်တော့ပေ။

နံနက်အရုဏ်မတက်သေးခင်မှာပင် ချန်ရုံသည် အိပ်ယာထဲမှ ထလိုက်သည်။ ထို့နောက် ပြတင်းပေါက်ဆီသို့ ဖြည်းညှင်းစွာလျှောက်သွား၍ အရှေ့ဘက်ကောင်းကင်ဆီမှ မိုးသောက်ကြယ်ကို ငေးကြည့်နေမိလေသည်။

ထိုအခိုက်အတန့်၌ ကောင်းကင်သည် အလွန်ကြည်လင်လှပနေသောကြောင့် ကမ္ဘာကြီး၌ မည်မျှ ဒုက္ခများရှိနေပြီး လူများသည် မည်မျှကောက်ကျစ်စဉ်းလဲနေကြသည် ဆိုသည်တို့ကပင် အရေးမကြီးတော့သကဲ့သို့ ခံစား‌လိုက်ရသည်။

ချန်ရုံငေးကြည့်နေမိသည်မှာ အချိန်မည်မျှကြာသွားသည်မသိပဲ အခန်းအပြင်မှ အထိန်းတော်ဖျင်၏ အသံကြားမှပင် အသိပြန်ဝင်လာတော့သည်။
"မမလေး...နိုးနေပါပြီလား..."

ချန်ရုံက အသံပြန်ပေးလိုက်သည်။

တံခါးက ကျွိခနဲပွင့်သွား၍ ကိုယ်လက်သန့်စင်ရန် ပစ္စည်းများကိုင်၍ အထိန်းတော်ဖျင်ဝင်လာသည်။ အထိန်းတော်ဖျင်သည် ချန်ရုံ့အား စိတ်ပူစွာကြည့်၍ မေးလိုက်သည်။

"ညက မမလေး အော်ဟစ်ပြီး ခဏခဏနိုး‌တယ်နော်...အိပ်မက်ဆိုးတွေ မက်နေလို့လား..."

ယခင်တစ်ခေါက်က ချန်ရုံတစ်ယောက် အိပ်မက်ဆိုးများဆက်တိုက်မက်ပြီးသောအခါ အပြုအမူများနှင့် စရိုက်တို့သည် လုံးလုံးလျားလျားပြောင်းလဲသွားသည်ကို အထိန်းတော်ဖျင် သတိရနေမိသေးသည်။ ထို့ကြောင့် အထိန်းတော်ဖျင်၏လေသံ၌ စိတ်ပူမှုများက ထိန်းချုပ်မရပဲ ပေါ်လွင်နေသည်။

ချန်ရုံက ခေါင်းခါ၍ ခေါင်မိုးများပေါ်၌ နေထွက်လာသည်ကို ငေးကြည့်ရင်း ပြန်ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး..."

အထိန်းတော်ဖျင်သည် ချန်ရုံ့နားသွား၍ ချန်ရုံ၏ ရှည်လျားသောဆံပင်များကို ဖြီးသင်ပေးရန် ဖြန့်ချလိုက်သည်။ ခါးနားအထိရောက်သော နက်မှောင်၍ ပိုးသားကဲ့သို့ နူးညံ့နေသည့်ဆံပင်များကို ကြည့်ရင်းဖြင့် အထိန်းတော်ဖျင်သည် ရုတ်တရက်သက်ပြင်းချကာ ပြောလိုက်သည်။

"မမလေးရဲ့ ရုပ်ရည်ကသာ အရမ်းကို လှပမနေရင် မမလေးရဲ့ လက်ထပ်မှုကိစ္စက ဒီ့ထက်ပိုလွယ်ကူနေမှာ..."

အထိန်းတော်ဖျင်က ပြောနေရင်းဖြင့် မော့ကြည့်လိုက်ရာ နေရောင်ဖြာကျနေသော ချန်ရုံ၏ လှပလွန်းသည့် မျက်နှာလေးကိုမြင်လိုက်ရသည်။ ချန်ရုံ၏ ကြွေသားကဲ့သို့ ဖြူနုသောအသားအရည်၌ သွေးနီရောင်လေးများသမ်းနေသော ကြီးမားဝိုင်းစက်သောမျက်လုံးများကလည်း ဆောင်းဦးရာသီ၏ရေကန်ကဲ့သို့ တောက်ပနေ၍ နှင်းဆီဖူးကဲ့သို့သောနှုတ်ခမ်းများကလည်း နမ်းချင်စရာကောင်းလောက်အောင် ဖူးရွနေလေသည်။ ချန်ရုံ၏ပုံစံသည် ဩဇာအာဏာကြီးမားသော အသက်ကြီးကြီးလူများ ကြိုက်နှစ်သက်သည့်ပုံနှင့် ထပ်တူကျနေတော့သည်။

အထိန်းတော်ဖျင်သည် ချန်ရုံ့အား အဝတ်အစားဝတ်ပေးတိုင်း ချန်ရုံ၏ပုံစံကို ပို၍ အမြင်ကောင်းစေရန် ချန်ရုံ၏ ပင်ကိုအားဖြင့် ဆွဲဆောင်မှုအားကောင်းသော အစိတ်အပိုင်းများကို တတ်နိုင်သမျှ ဖုံးအုပ်ပေးလေ့ရှိသည်။

အထိန်းတော်ဖျင်တစ်ယောက် ချန်ရုံ့အား ပြင်ဆင်ပေးရင်းဖြင့် အလုပ်ရှုပ်နေချိန်တွင် အပြင်မှ အသံများထွက်လာသည်။

ထိုအသံများကို နားထောင်နေရင်းဖြင့် ချန်ရုံက ရုတ်တရက်ပြောလိုက်သည်။

"အထိန်းတော် ဒီနေ့ ကျွန်မကိုလာတွေ့တဲ့ လူတိုင်းကို ကျွန်မ နေလို့မကောင်းဘူးလို့ပြောလိုက်ပါ..."

"ဟုတ်ကဲ့..."

အထိန်းတော်ဖျင်သည်လည်း ယခုမှ ခြံဝန်းထဲမှ လူများ၏အသံကိုကြားလိုက်ရသည်။ အထိန်းတော်ဖျင်သည် ချန်ရုံ၏ဆံပင်ကို အမြန်ဖြီးပေးလိုက်၍ အပြင်သို့ထွက်လာလိုက်သည်။

မကြာခင်မှာပင် ချန်ချမ်၏အသံစူးစူးက ထွက်ပေါ်လာသည်။

"ဟင့်အင်း ကျွန်မ ရှင့်ရဲ့ သခင်မလေးကို တွေ့မှရမယ်...ဟွန့် ထွက်နေတဲ့သတင်းတွေက ကြားလို့ကိုမကောင်းဘူး...သူ့ကို ကျွန်မကိုယ်တိုင်မေးမှရမယ်..."

ထို့နောက် ချန်စန်းလန်၏ ညင်သာသော်လည်း လေးနက်သည့်အသံထွက်ပေါ်လာသည်။

"ခင်ဗျားရဲ့ သခင်မလေးကို နေမကောင်းချင်ဟန်ဆောင်နေလည်း မထူးဘူးလို့ပြောလိုက်ပါ...သူ့ရဲ့ အစ်ကိုက လူကိုယ်တိုင်တောင်လာတွေ့နေတာကို သူက ဘာဖြစ်လို့ ထွက်မတွေ့နိုင်ရတာလဲ..."

စိတ်ဆိုးမာန်ဆိုးမေးနေကြသော အသံများကို နားထောင်ရင်းဖြင့် ချန်ရုံသည် တံခါးဆီသို့ လျှောက်သွားကာ သူမဆီသို့ ပြောခိုင်းသည်များကိုပြန်ပြောဖို့လာနေသော အထိန်းတော်ဖျင်အား တိုးတိုးလေးပြောလိုက်သည်။

"အထိန်းတော် သူတို့ကို အထဲကို ခေါ်လိုက်ပါ...ကျွန်မ ကန့်လန့်ကာနောက်ကနေ စကားပြောပါမယ်..."

"ဟုတ်ကဲ့..."

အထိန်းတော်ဖျင်သည် နှစ်မီတာခန့်ရှည်သော ကန့်လန့်ကာအား အလျင်အမြန်ယူလာ၍ ချန်ရုံ၏ အိပ်ယာရှေ့၌ ကာပေးလိုက်သည်။

အိမ်ထဲသို့ ဝင်လာသော ခြေသံများကြားတွင် ချန်ချမ်၏ ရယ်မောလှောင်ပြောင်သော အသံကို ကြားလိုက်ရသည်။

"အို ဒုက္ခပါပဲ...အားရုံက တကယ်နေမကောင်းဖြစ်နေတာလား..."

"စိတ်လျှော့ပါ မမရယ်..."

နူးညံ့သောအသံတစ်သံကပြောလိုက်သည်။
"အားရုံက သေတွင်းကနေ သီသီလေးလွတ်လာတာမဟုတ်လား...အရမ်းစိတ်ခိုင်တယ်ဆိုတဲ့ လူတွေတောင် ဒီလိုအခြေအနေမျိုးမှာ ပြိုလဲနိုင်ကြသေးတာပဲ..."

ထိုမိန်းကလေး၏စကားက မှန်နေသောကြောင့် အခြားလူများသည်လည်း ချန်ရုံက နေမကောင်းဟန်ဆောင်နေသည်လား တကယ်နေမကောင်းဖြစ်နေသည်လားကို မမေးကြတော့ချေ။

လူတိုင်းနေရာတကျ ထိုင်ပြီးသောအခါ ချန်စန်းလန်က ပထမဆုံးစပြောလိုက်သည်။

"အားရုံ...မင်း မောယန်ကို တကယ်သွားခဲ့လားဆိုတာကို မေးဖို့ အမေက ငါ့ကို လွှတ်လိုက်တာပဲ..."

ချန်ရုံက ခဏမျှ တိတ်ဆိတ်နေပြီးမှ ဖြေလိုက်သည်။

"ဟုတ်ကဲ့..."

"ဒါဆိုရင် မင်းရဲ့ အထိန်းတော်နဲ့အတူတူ သူရဲ့ ဆွေမျိုးတွေကိုရှာဖို့ သွားခဲ့တာမဟုတ်ဘူးပေါ့..."

ချန်ရုံက နှုတ်ခမ်းကိုကိုက်၍ တိုးတိတ်စွာ ဖြေလိုက်ပြန်သည်။

"မဟုတ်ပါဘူး..."

ချန်စန်းလန်က နှုတ်ဆိတ်သွားသည်။ ခဏကြာမှ သက်ပြင်းချ၍ ပြောလိုက်သည်။

"ငါ ဒီအမှန်တရားတွေကို အမေ့ကိုပြန်ပြောလိုက်ပါမယ်..."

ချန်စန်းလန်ထွက်သွားသောအခါ ချန်ချမ်က ချိုသာသောအသံဖြင့်မေးလိုက်သည်။

"အားရုံ နင်တကယ်ပဲ မောယန်ကို သွားခဲ့တာလား..."

"အင်း..."
ချန်ရုံက စိတ်ပျက်လာသံဖြင့် ဖြေလိုက်ရပြန်သည်။

"တကယ်လား...နင် ငါ့ကို လိမ်နေတာမဟုတ်ဘူးပေါ့...ငါတကယ်မယုံနိုင်ဘူး..."

ချန်ရုံသည် နွမ်းနယ်စွာသာ ပြုံးလိုက်တော့သည်။

ချန်ရုံ့ဆီမှ အဖြေမရသောအခါ ချန်ချမ်က ရုတ်တရက် ပြောလိုက်ပြန်သည်။
"အားရုံ နင်က သေဖို့ကို တကယ်မကြောက်ဘူးနော်...ဒီကိစ္စမှာတော့ ငါ နင့်လောက်သတ္တိမကောင်းတာ ဝန်ခံရမှာပဲ..."

ချန်ချမ်၏စကားကို တုံ့ပြန်လိုက်သည်က တိတ်ဆိတ်မှုသာဖြစ်သည်။

"အားရုံ တပ်မှူးရန်က အားဝေ့ကို မလိုချင်ပဲ နင့်ကိုပဲလိုချင်တယ်လို့ ငါကြားတယ်..."

ချန်ချီက ဝင်ပြောလိုက်သည်။

ချန်ရုံက ‌အဖြေကိုသေချာစဉ်းစားပြီးမှ မောပန်းစွာဖြေလိုက်သည်။

"မင်္ဂလာကိစ္စက လူကြီးတွေစီစဉ်တာပါပဲ...ငါဘာမှဝင်မပြောချင်ဘူး..."

ချန်ချမ်က အော်ကြီးဟစ်ကျယ်ရယ်လိုက်၍ ပေါ့ပါးသောလေသံဖြင့်ပြောလိုက်သည်။

"တော်ပါဟယ်... တစ်ခုခုဆိုရင် လူတိုင်းက ဒီအကြောင်းပြချက်ကိုပဲ သုံးနေကြတာ...ဒီလိုတွေဖြစ်လာတာ နင့်အတွက်ကောင်းပါတယ် အားရုံ...ကောင်းကင်ဘုံက နတ်ဘုရားလို့တင်စားကြတယ် ဝမ်ချီလန်ရော...ချောမောခန့်ညားတဲ့ တပ်မှူးရန် ရောတို့က နင်နဲ့ ပတ်သတ်နေကြတာ...အမှန်အတိုင်းပြောရရင် ငါတောင် နင့်ကို နည်းနည်းမနာလိုဖြစ်လာပြီ..."

မိန်းကလေးများက ချန်ချမ်၏စကားကို ရယ်လိုက်ကြသည်။

အိပ်ခန်းဆောင်ထဲ၌ ရယ်သံများနှင့် ပြည့်နေချိန်တွင် ကျယ်လောင်သောအသံတစ်ခုက ‌အပြင်မှ ကြေငြာလိုက်သည်။

"ယွီအိမ်တော်က အားချီက သခင်မလေးချန်ရုံကို တွေ့ဖို့ရောက်နေပါတယ်..."

ယွီချီ?

ချန်ချမ်က ရုတ်တရက်ပြောလိုက်သည်။

"အဲ့ဒီ ယွီချီဆိုတဲ့ မိန်းကလေးက သူ့ကိုယ်သူ အရမ်းတော်နေ တတ်နေတယ်လို့ထင်ပြီး နေရာတကာမှာ ဝင်ပါနေတာပဲ...အခုလည်း ဘာဖြစ်လို့ အားရုံကို လာတွေ့ရတာလဲ..."

ချန်ချမ်၏စကားမဆုံးသေးခင်မှာပင် အသံနောက်တစ်ခုက ကြေငြာလိုက်ပြန်သည်။

"လျှိုအိမ်တော်က အားရူက သခင်မလေး ချန်ရုံကိုတွေ့ဖို့ရောက်နေပါတယ်..."

ထို့နောက် အသံနောက်တစ်ခု ထွက်လာပြန်သည်။
"ဝူအိမ်တော်က အားစုက သခင်မလေး ချန်ရုံကိုတွေ့ဖို့ရောက်နေပါတယ်..."

"ယန်အိမ်တော်က အားချင်က သခင်မလေး ချန်ရုံကိုတွေ့ဖို့ရောက်နေပါတယ်..."



ခြံဝန်းထဲမှ အဆက်မပြတ်သော ကြေငြာသံများကြောင့် အိပ်ခန်းထဲမှ စကားပြောလက်စများရပ်သွားသည်။

ထိုအချိန်မှာပင် အထိန်းတော်ဖျင်က အပြင်သို့ အလျင်အမြန်ထွက်သွား၍ ဧည့်သည်များကို ဦးညွှတ်၍ ရိုသေစွာပြောလိုက်သည်။

"ကျွန်မရဲ့သခင်မလေးကို လေးစားတန်ဖိုးထားပြီး ကိုယ်တိုင်လာတွေ့ပေးကြတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်...ဒါပေမယ့် သခင်မလေးက မနေ့ညကပဲ အအေးမိသွားပြီး နေမကောင်းဖြစ်နေတဲ့အတွက် အိပ်ယာထဲမှာပဲ အနားယူနေရတာမို့လို့ သခင်မလေးတို့ကို ကိုယ်တိုင်မကြိုဆိုနိုင်ဖြစ်နေရပါတယ်..."

ခဏတိတ်ဆိတ်သွားပြီးသောအခါမှ အိန္ဒြေရှိသော အသံလေးတစ်ခုကပြောလိုက်သည်။

"အားရုံက နေမကောင်းဖြစ်နေတယ်ဆိုတော့ အနားယူရမှာပေါ့...ကျွန်မ နောက်တစ်နေ့မှ ထပ်လာပါဦးမယ်လို့ အားရုံကိုပြောလိုက်ပါ အထိန်းတော်ကြီး..."

ထို့နောက်တွင်တော့ ရထားလုံးများ၏ဘီးလိမ့်သံများနှင့်အတူ သခင်မလေးများထွက်ခွာသွားကြတော့သည်။

ခြံဝန်းသည်လည်း တိတ်ဆိတ်သွားပြန်သည်။

ချန်ချမ်၊ ချန်ချီနှင့် အခြားမိန်းကလေးများက ကန့်လန့်ကာနောက်၌ထိုင်နေသော ချန်ရုံ့အား ပြန်လှည့်ကြည့်လိုက်ကြသည်။

ခဏတိတ်ဆိတ်ပြီးသွားသောအခါ ချန်ချမ်၏ မနာလိုသောအသံကထွက်ပေါ်လာသည်။

"အားရုံ နင်က အရမ်းကို နာမည်ကြီးနေတာပဲနော်..."

"ငါရှက်မိပါတယ်..."

ချန်ချီက မတ်တပ်ထရပ်လိုက်သည်။ ချန်ချီသည် ဖြူဖွေးဝင်းဝါသောအသားအရည်နှင့် ကြည်လင်တောက်ပသည့်မျက်လုံးများဖြင့် အထက်တန်းလွှာများနှစ်သက်သော နူးညံ့သည့်အလှအပကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ချန်ချီသည် ကန့်လန့်ကာတစ်ဖက်မှ ချန်ရုံ့ကိုကြည့်၍ ယောင်္ကျားလေးများနှင့်စကားပြောသည့်အခါ၌သာ အသုံးပြုလေ့ရှိသော နူးညံ့သည့်အသံဖြင့် ပြောလိုက်သည်။

"အားရုံ နင်က မောယန်မှာ သေမင်းနဲ့တောင် ရင်ဆိုင်နိုင်တဲ့အထိ သတ္တိရှိခဲ့တာပဲ...နင် အဲဒီလိုလုပ်ခဲ့တာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အခု နင့်ရဲ့ သတ္တိရှိလွန်းတဲ့ ဂုဏ်သတင်းက နန်ယန်တစ်မြို့လုံးကို ပျံ့နှံ့သွားပြီ...ဉာဏ်ပညာနဲ့ သတ္တိတွေနဲ့ ပြည့်စုံနေတဲ့ အမျိုးသားတွေအားလုံးက နင့်ရဲ့ အရည်အချင်းကို သဘောကျကြမှာပါ..."

ကန့်လန့်ကာနောက်၌ ချန်ရုံသည် လက်များကို ဆုပ်နယ်နေမိသည်။ သူမ၏လှပသော မျက်နှာလေး၌ အပြုံးတစ်ခုပေါ်လာသော်လည်း ထိုအပြုံးသည် ပျော်ရွှင်၍ပြုံးသောအပြုံးလား နာကျည်းစွာပြုံးလိုက်သည့်အပြုံးလား ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ပါ။

ချန်ရုံ၏ ဒုတိယအကြိမ် အခွင့်အရေးရခဲ့သော ဘဝတွင် ချန်ရုံသည် သူမကိုယ်တိုင်အတွက် ချီးကျူးမှုများရချင်ခဲ့သော်လည်း ချန်ရုံ ဘာပဲလုပ်လုပ် ချန်ရုံ၏ နောက်ခံအသိုင်းအဝိုင်းနှင့် ချန်ရုံ၏ရုပ်ရည်တို့ကြောင့် လူများသည် ချန်ရုံ၏ ကြိုးစားအားထုတ်မှုများကို မျက်ကွယ်ပြုခဲ့ကြသည်။

ထိုသည်မှာလည်း မျှော်လင့်ထားပြီးကိစ္စတစ်ခုဖြစ်ပါသည်။ ရန်မင်းသည်လည်း ဤကျင်းနိုင်ငံမှ မြောက်မြားစွာသောလူများကို ကယ်ပေးခဲ့သည်ဖြစ်‌စေ၊ နန်ယန်မြို့မှလူများအတွက် စစ်ပွဲများစွာကို တိုက်ပေးခဲ့သည်ဖြစ်စေ ရန်မင်း၏ မျိုးရိုးနာမည်ကြောင့် သူ၏နောက်ကွယ်တွင် လူများက အကောင်းမမြင်ကြဆဲဖြစ်သည်။

ယခုတော့ ချန်ရုံသည် သူမ လိုချင်ခဲ့သော အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီဖြစ်သည်။ ထိုအသိအမှတ်ပြုမှုသည် ချန်ချီကဲ့သို့ အညတရမိန်းကလေးတစ်ယောက်ထံမှ ဖြစ်သော်လည်း အသိအမှတ်ပြုမှုပင်မဟုတ်လား။ ထိုကဲ့သို့သော အသိအမှတ်ပြုမှုကို ရရှိရန် ချန်ရုံသည် များစွာသော အကျဉ်းအကျပ်၊ ဒုက္ခများကို ကျော်ဖြတ်ခဲ့ရသည်။

မိန်းကလေးများသည် တစ်နာရီခန့် စကားဆက်ပြောပြီးကြသောအခါ ပြန်ထွက်ခွာစပြုလာကြသည်။

တဖြည်းဖြည်းဝေးကွာသွားသော မိန်းကလေးများ၏ ခြေသံများကို နားထောင်ရင်းဖြင့် ချန်ရုံသည် ကုတင်‌ပေါ်၌ လှဲချ၍ အချိန်အတော်ကြာ မလှုပ်မယှက်နေပြီးမှ ရုတ်တရက် အော်လိုက်သည်။
"အထိန်းတော်ဖျင်..."

အထိန်းတော်ဖျင်က ပါးစပ်မှ ထပ်ခါတလဲလဲမေးရင်း အခန်းထဲသို့ ပြေးဝင်လာသည်။
"မမလေး ဘာဖြစ်လို့လဲ..."

ချန်ရုံက ညှောင်နာနာအသံလေးဖြင့် ပြန်ပြောလိုက်သည်။
"ဟင့်အင်း ဘာမှမဖြစ်တော့ဘူး...အထိန်းတော် သွားလို့ရပြီ..."

ထို့နောက်တွင် ချန်ရုံ၏ အိမ်တော်ခြံဝန်းသည် ချန်ရုံ့ကိုတွေ့ရန်လာကြသော မိန်းကလေးများနှင့် ပြည့်နှက်သွားပြန်လေသည်။

ဇွဲမလျှော့ပဲ ဧည့်သည်များအား နေမကောင်း၍ မတွေ့နိုင်ကြောင်း တောင်းပန်ပြီးသောအခါတွင်တော့ ညနေခင်းတွင် ချန်ရုံ၏ အိမ်တော်၌ လူများရှင်း၍ တိတ်ဆိတ်မှုအတိဖြင့်သာ ဖုံးလွှမ်းနေတော့သည်။



Xxxx