အပိုင်း ၁၀၇
Viewers 18k

Chapter 107



အိမ်တော်သည် ပုံမှန်အားဖြင့် တိတ်ဆိတ်သော်လည်း ခပ်လှမ်းလှမ်းမှ အစေခံများ၏ တီးတိုးစကားပြောသံများနှင့် ရယ်သံများကိုတော့ ကြားနေရစမြဲဖြစ်သည်။ သို့သော် ယခုတွင်တော့ လောကကြီးမှ အသံများအားလုံးပျောက်ကွယ်သွားသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ချန်ရုံသည် အစကတော့ ထိုတိတ်ဆိတ်မှုကို ဂရုမစိုက်မိပေ။ သို့သော် တဖြည်းဖြည်းဖြင့် တစ်စုံတစ်ခုလိုအပ်နေသလိုခံစားလာရသောကြောင့် ကုတင်ပေါ်၌ ထထိုင်ကာ အထိန်းတော်ဖျင်ကို အော်ခေါ်ရန်ပြင်လိုက်သည်။

သို့သော် ချန်ရုံသည် ကုတင်ပေါ်၌ပင် သေချာမထိုင်ရသေးခင်မှာပင် အထိန်းတော်ဖျင်၏ ပျော်ရွှင်မှုဖြင့် တုန်လှုပ်နေသောအသံကို ကြားလိုက်ရသည်။

"အရှင်...အရှင်က မမလေးကိုတွေ့ဖို့ ကိုယ်တိုင်ရောက်လာတာပါလား...လာပါ အရှင်...အိမ်ထဲကိုဝင်ပါ..."

ချန်ရုံသည် ချက်ချင်းပင် ပါးစပ်ကိုပိတ်၍ အသံမထွက်မိအောင်နေလိုက်သည်။

ထိုအချိန်၌ နွေဦးရာသီ၏စမ်းရေကဲ့သို့ နူးညံ့၍ သာယာကာ ချန်ရုံနှင့် ရင်းနှီးနေသည့်အသံတစ်ခုက ထွက်ပေါ်လာလေသည်။

"အားလုံးထကြပါ..."

ထိုစကားလုံးငါးလုံးနှင့်ပင် တိတ်ဆိတ်နေသော ခြံဝန်းတစ်ခုလုံးက ဟစ်ကြွေးသံများ၊ စကားပြောသံများဖြင့် ပြည့်သွားတော့သည်။

တက်ကြွမှုများကြားတွင်အေးဆေးစွာလျှောက်လာသော ‌ခြေသံများက တဖြည်းဖြည်းကျယ်လောင်လာသည်။

သူမ၏အခန်းနားသို့ တဖြည်းဖြည်းတိုးကပ်လာသော ခြေသံများကို နားထောင်ရင်းဖြင့် ချန်ရုံသည် ကုတင်ပေါ်မှ ခုန်ထွက်ကာ နံရံပေါ်၌ ချိတ်ထားသော ကြာပွတ်ဆီသို့ လက်လှမ်းလိုက်သည်။

ချန်ရုံသည် ကြာပွတ်၏ လက်ကိုင်ကို ထိကိုင်ရုံသာရှိသေးသည်၊ တံခါးဆီမှ ညင်သာသောရယ်သံက ထွက်ပေါ်လာသည်။

ထိုရယ်သံသည် နူးညံ့၍ တိုးတိတ်ကာ အနည်းငယ်စနောက်လိုသည့်လေသံလည်းပါသောကြောင့် ချန်ရုံ၏ လှုပ်ရှားမှုများက တောင့်တင်းသွားကြသည်။

ချန်ရုံသည် တစ်စက္ကန့်မျှရပ်ပြီးမှ ကြာပွတ်ကိုလှမ်းယူကာ မျက်လုံးများကိုမှေးစင်း၍ အနောက်မှ အမျိုးသားကို လှည့်ကြည့်လိုက်သည်။

တံခါးဘောင်ကို မှီပြီးရပ်နေ၍ ချန်ရုံ့အား မခို့တရို့ပြုံးပြနေကာ နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံနှင့် တစ်ခန်းလုံးကိုသူ၏ ချောမောမှုနှင့် အလင်းများဖြာထွက်နေစေသော လုလင်ပျိုသည် ဝမ်ဟုန်မှလွဲ၍ မည်သူဖြစ်နိုင်ပါဦးမည်နည်း။

ချန်ရုံက ဝမ်ဟုန်၏ အနောက်သို့လှမ်းကြည့်၍ တိုးတိတ်စွာပြောလိုက်သည်။

"တံခါးကိုပိတ်လိုက်..."

ချန်ရုံ၏အသံက အမိန့်ပေးသံကဲ့သို့ ဖြစ်သွားသည်။

ဝမ်ဟုန်က ချန်ရုံပြောလိုက်သည်ကိုကြားသောအခါ မနေနိုင်ပဲ နှုတ်ခမ်းကိုတွန့်ကွေး၍ပြုံးလိုက်မိသည်။ ပြီးမှ အင်္ကျီဝတ်ရုံလက်များကို လှုပ်ခတ်၍ ချန်ရုံပြောသည့်အတိုင်း တံခါးကိုပိတ်လိုက်သည်။

တံခါးက စေ့ပိတ်သွားသွားချင်းမှာပင် ချန်ရုံသည် ဝမ်ဟုန့်ရှေ့သို့ အလျင်အမြန်ရောက်သွားသည်။ ချန်ရုံသည် လက်ကို ဆန့်တန်း၍ ကြာပွတ်ကို ဝမ်ဟုန်၏လည်ပင်းဆီသို့တေ့ကာ ပြောလိုက်သည်။

"ရှင့်ကို ဘယ်သူက ဒီကို လာခိုင်းလို့လဲ..."

ဒေါသတကြီးပြောလိုက်ပြီးခါမှ ချန်ရုံသည် အလွန်အမင်း ငိုချင်လာမိသည်။ မျက်တောင်ကို တစ်ချက် နှစ်ချက် ခပ်လိုက်သော်လည်း မျက်ရည်များက မထိန်းနိုင်ပဲ စီးကျလာသောကြောင့် ချန်ရုံသည် အင်္ကျီလက်ဖြင့် မျက်နှာကို နီရဲနေသည်အထိ ပွတ်သပ်ကာ သုတ်လိုက်သည်။ ထို့နောက် ချန်ရုံသည် ဝမ်ဟုန့်အားကြည့်၍ ပြောလိုက်သည်။

"ကျွန်မကို အခုအချိန်မှာ နန်ယန်တစ်မြို့လုံးက စောင့်ကြည့်နေကြတာ ရှင်က ဘာဖြစ်လို့ ဒီအချိန်မှာမှ ဒီကို ရောက်လာရတာလဲ...ကျွန်မကို တကယ်ပဲ လက်မထပ်နိုင်အောင် လုပ်နေတာလား..."

ဝမ်ဟုန်က သက်ပြင်းချလိုက်သည်။ ထို့နောက် ချန်ရုံ့အား အံ့ဩစေသော အလွန်ပင် ကျက်သရေရှိ၍ တင့်တယ်သောပုံစံဖြင့်လက်ကိုမြှောက်ကာ ချန်ရုံ၏မျက်ရည်များကို သုတ်ပေးလိုက်သည်။ ချန်ရုံသည် မျက်ရည်များ ပြောင်စင်သွားသည့်အချိန်အထိ မလှုပ်မယှက်ပဲ ရပ်နေမိသည်။

ချန်ရုံ၏မျက်ရည်များကို သုတ်ပေးပြီးသောအခါ ဝမ်ဟုန်က သက်ပြင်းချ၍ ပြောလိုက်သည်။
"ဒါတွေကို မင်းသိနေရင်လည်း ငါဝင်လာတုန်းက ဘာဖြစ်လို့ တံခါးကို ပိတ်ခိုင်းသေးတာလဲ..."

ဝမ်ဟုန်သည် ချန်ရုံ့အား အလွန်ကြင်နာသည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဝမ်ဟုန်၏ တောက်ပ၍ အဆင့်အတန်းမြင့်သောမျက်လုံးများသည် နောင်တရမှုဖြင့် ပြည့်နေပုံပေါ်နေသည်။

"မိန်းကလေးနဲ့ ယောင်္ကျားလေးတို့ နှစ်ယောက်တည်း အခန်းထဲမှာ...အခန်းတံခါးကလည်း ပိတ်ထားတယ်...ဒီကိစ္စကို ငါတို့ ဘယ်လိုလုပ်ကြမှာလဲ..."

ချန်ရုံ၏ မျက်နှာက ချက်ချင်းပင် ခရမ်းရောင်သမ်းသွားသည်။ ကြာပွတ်ကိုကိုင်ထားသောလက်က ထိန်းမရအောင်ပင် တဆတ်ဆတ် တုန်လာသည်။

ခဏကြာသောအခါမှ ချန်ရုံသည် ကြာပွတ်ကို ဝမ်ဟုန်၏ လည်မျိုဆီသို့ ပို၍ ဖိကပ်ကာ ဒေါသတကြီးပြောလိုက်သည်။

"ဒါဆိုရင်လည်း ရှင် ဘာဖြစ်လို့ ကျွန်မကို သတိမပေးတာလဲ..."

ချန်ရုံသည် မျက်ရည်များထပ်ကျလာသောကြောင့် စိတ်ဆိုးမာန်ဆိုးဖြင့် ခပ်ကြမ်းကြမ်း သုတ်လိုက်သည်။ ထို့နောက် ချန်ရုံသည် ဒေါသကို မျိုသိပ်၍ ပြောလိုက်သည်။

"ရှင်က သတိမပေးတဲ့အပြင် အလိုတူ အလိုပါ တံခါးကိုတောင်ပိတ်လိုက်သေးတယ်..."

"ဒါပေမယ့် မင်းက ပိတ်စေချင်နေတာလေ အားရုံ..."

ဝမ်ဟုန်က အပြစ်ကင်းစင်သောလေသံဖြင့် ပြန်ပြောလိုက်သည်။ ဝမ်ဟုန်၏အသံသည် အလွန်ပင် ရိုးသားဖြူစင်နေသည့်အသံဖြစ်နေသည်။

ချန်ရုံသည် ဝမ်ဟုန့်အား သွေးထွက်သည်အထိ ကုတ်ဖဲ့ပစ်ချင်လောက်အောင် စိတ်တိုသွားမိသည်။ လက်များက အချိန်အတော်ကြာအထိ တဆတ်ဆတ်တုန်နေပြီးမှ အနည်းငယ် စိတ်ပြေသွားချိန်တွင် ချန်ရုံသည် နောက်သို့တစ်လှမ်းဆုတ်၍ ကြမ်းပြင်ပေါ်ထိုင်ချကာ မျက်နှာကို လက်ဖြင့်အုပ်၍ အော်နေမိတော့သည်။

"ရှင်...ရှင် အကျင့်မကောင်းတဲ့လူ..."

ချန်ရုံသည် အလွန်‌ဒေါသထွက်နေသောကြောင့် ထိုစကားများကိုသာ ထပ်ခါ ထပ်ခါ ပြောနေမိသည်။ ခဏအကြာတွင် ညင်သာသည့် လက်နှစ်ဖက်က ချန်ရုံ့အား ပွေ့ဖက်လိုက်သောကြောင့် အနွေးဓာတ်လေးက ချန်ရုံ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။

ဝမ်ဟုန်သည် ချန်ရုံ့အား ပွေ့ဖက်ထားရင်းဖြင့် ချန်ရုံ၏ဆံပင်လေးများကို ပွတ်သပ်ပေးနေသည်။ ဝမ်ဟုန်၏အသံသည် ယစ်မူးဖွယ်ရာကောင်းလောက်အောင်ပင် နူးညံ့နေသည်။

"အချစ်ရယ်...တံခါးကိုကျပိတ်ထားပြီး မင်းက ငိုပြီး ငါ့ကို အော်ဟစ်နေတော့...မင်းက ငါနဲ့တူတူသေဖို့အတွက် မောယန်ကို လိုက်သွားတာလို့ လူတွေကပြောကြတော့မှာပေါ့..."

ဝမ်ဟုန်က ခဏရပ်လိုက်ပြီးမှ ခေါင်းကိုငုံ့ကာ ယခုအချိန်အထိ မလှုပ်မယှက်နှင့်တောင့်တောင့်လေးဖြစ်နေသော ချန်ရုံ့ကိုပြောလိုက်သည်။

"ဒီတစ်ခေါက်တော့ ငါ မင်းကို သတိပေးတယ်နော်..."

ဝမ်ဟုန်၏အသံက သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေဟန်ပေါက်၍ ချန်ရုံ့ထံမှ ချီးကျူးမှုကိုတောင်းခံနေသကဲ့သို့ ဖြစ်နေသည်။

တောင့်တင်းနေသောချန်ရုံကတော့ ယခုထိ မလှုပ်မယှက်ပင်။ အချိန်အတော်ကြာသွားသောအခါမှ ချန်ရုံသည် မတော်တဆလား၊ တမင်သက်သက်လားမသိနိုင်ပဲ ရုတ်တရက် မတ်တပ်ထလိုက်ရာ သူမ၏ခေါင်းနှင့် ဝမ်ဟုန်ကို တိုက်မိသွားတော့သည်။

တိုက်မိသွားသည်က အရှိန်အတော်ပြင်းသွားသောကြောင့် ဝမ်ဟုန်သည် တံခါးရှိရာ အနောက်သို့ လန်သွားသည်။

ဝမ်ဟုန်က တံခါးနှင့်တိုက်မိသွား၍ ဒုန်း ဟူသော အသံထွက်ပေါ်လာသောအခါ အပြင်မှ တီးတိုးပြောသံများက ရုတ်တရက် တိတ်ဆိတ်သွားကြသည်။

ထိုအချိန်၌ ချန်ရုံသည် တံခါးသို့ ကြည့်လိုက်၍ မျက်ရည်များကို အလျင်အမြန်သုတ်ကာ တံခါးကိုဖွင့်ရန် လက်လှမ်းလိုက်လေသည်။


"အချစ်..."

ဝမ်ဟုန်က ခပ်ဖြည်းဖြည်းပြောလိုက်သည်။
"မင်းက ငါ့ကိုတွေ့တွေ့ချင်းမှာတောင် မျက်ရည်မထိန်းနိုင်ဖြစ်နေတာ...တခြားလူတွေ မင်းကို ဒီလို ပုံနဲ့တွေ့ရင်..."

ဝမ်ဟုန်၏စကားမဆုံးသေးခင်မှာပင် တံခါးဆီသို့ လှမ်းနေသော ချန်ရုံ၏လက်များက ရပ်တန့်သွားသည်။

ချန်ရုံသည်လည်း ထိုကိစ္စကိုစဉ်းစားမိသော်လည်း ဝမ်ဟုန်၏အပြုအမူကြောင့် ဒေါသအလွန်ထွက်သွားရသောကြောင့် လုံးဝမေ့သွားခဲ့ရသည်။

ချန်ရုံသည် လက်ကို ပြန်ရုတ်၍ တစ်ဖက်သို့ပြန်လှည့်ကာ ဝမ်ဟုန့်အား မျက်စောင်းထိုးလိုက်သည်။

ဝမ်ဟုန်၏ အနည်းငယ် မသာမယာဖြစ်နေသော အပြုံးကို ကြည့်ရင်းဖြင့် ချန်ရုံသည် ရှေ့သို့တိုး၍ ကြာပွတ်ကို ဝမ်ဟုန်၏ လည်မျိုဆီသို့ တေ့လိုက်ပြန်သည်။

ဤတစ်ခေါက်တွင်တော့ ချန်ရုံ၏ဖိအားကြောင့် ဝမ်ဟုန်က ခေါင်းမော့လာသည်။

ချန်ရုံသည် ဝမ်ဟုန့်အား ငေးကြည့်ကာ အသံကို နှိမ့်၍ ပြောလိုက်သည်။

"ဝမ်ဟုန်...ကျွန်မတို့နှစ်ယောက်ကြားမှာ ဘာဆက်ဆံရေးမှမရှိတော့ဘူးလို့ လူတွေမြင်လာအောင် အကြောင်းပြချက်တစ်ခုကို ရှင်စဉ်းစားပေးပါ..."

ဝမ်ဟုန်၏မျက်နှာမှအပြုံးက စိတ်ရှုပ်သည့်ပုံပေါက်နေဆဲဖြစ်သည်။ ချန်ရုံက ကြာပွတ်ကို အပေါ်သို့ အနည်းငယ် တိုးလိုက်သည်။ ချက်ချင်းပင် ကြာပွတ်ကိုရစ်ပတ်ထားသော ရွှေရောင်သံကြိုးများက ဝမ်ဟုန်၏ အသားကို ခြစ်မိသွားကြသည်။

ဝမ်ဟုန်၏လည်မျိုနေရာမှ စိမ့်ထွက်လာသော သွေးစက်ကိုမြင်လိုက်သည့်အခါတွင်တော့ ချန်ရုံ၏စိတ်သည် အနည်းငယ်ပျော့သွားကာ လက်ထဲမှ ကြာပွတ်ကို ဖယ်လိုက်သည်။

ဝမ်ဟုန်ကတော့ ဘာမှမပြောပဲ တိတ်ဆိတ်စွာသာ ချန်ရုံ့ကို မော့ကြည့်လိုက်သည်။ ဝမ်ဟုန်၏မျက်လုံးများ၌ ချန်ရုံနားမလည်နိုင်သည့် အကြည့်တစ်ခုရှိနေကာ ထိုအကြည့်ကြောင့်ပင် ချန်ရုံသည် မိမိကိုယ်ကိုယ် အပြစ်ရှိသူတစ်ယောက်ကဲ့သို့ မလုံမလဲဖြစ်သွားသည်။

ချန်ရုံသည် ဝမ်ဟုန်၏အကြည့်များကို ရှောင်လွှဲရန် မျက်လွှာချလိုက်၍ ခပ်တိုးတိုးပြောလိုက်သည်။

"ရှင်ကလည်း ကျွန်မကို လက်ထပ်နိုင်မှာမှမဟုတ်ပဲ..."

ဝမ်ဟုန်က ရှည်လျားစွာ သက်ပြင်းချလိုက်သည်။

ထို့နောက် ဝမ်ဟုန်သည် သူ၏အပြန့်ကျယ်သော အင်္ကျီလက်များကို လှုပ်ခတ်၍ ဖြည်းညှင်းစွာ လျှောက်သွားကာ တံခါးလက်ကိုင်ကို ဆွဲကိုင်လိုက်သည်။

ဝမ်ဟုန်သည် တံခါးရှေ့၌ရပ်၍ ချန်ရုံ့အားလှည့်ကြည့်လိုက်ရာ သူ့အား ရီဝေစွာကြည့်နေသော ချန်ရုံ့ကို မြင်လိုက်ရသည်။ ချန်ရုံတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင်ရပ်နေကြ၍ ဝမ်ဟုန်၏နူးညံ့၍ကြည်လင်သောမျက်လုံးများ၌ ဝမ်းနည်းရိပ်များသမ်းနေသည်။

ဝမ်ဟုန်၏မျက်လုံးများထဲမှ ဝမ်းနည်းမှုသည် မထင်မရှားနှင့် အရိပ်မျှသာဖြစ်သော်လည်း ထိုမျက်ဝန်းများကို မြင်ရသောအခါ ချန်ရုံသည် မိမိကိုယ်ကိုယ် အလွန်ပင်အပြစ်ရှိသည်ဟု ခံစားလာရသည်။ ချန်ရုံသည် သူမ၏ နှင်းဆီဖူးကဲ့သို့သောနှုတ်ခမ်းများကို ဖွင့်ဟ၍ ဝမ်ဟုန့်အားနှစ်သိမ့်ရန် ကြံရွယ်လိုက်သည်။ သို့သော် ထိုစကားများက နှုတ်ခမ်းဝမှ မထွက်ခင်မှာပင် သူမ ဤကဲ့သို့ ကိစ္စများကို ရှည်ကြာစေရန်ဆက်လုပ်နေမိပါက ပြန်လှည့်စရာလမ်းမရှိတော့မည်ကို စဉ်းစားမိသွားသောကြောင့် ချန်ရုံသည် နှုတ်ခမ်းကိုပြန်စေ့၍ တစ်ဖက်သို့လှည့်ကာ ဝမ်ဟုန့်အား ကျောပေးထားလိုက်သည်။

ဝမ်ဟုန့်ထံမှ ဖြည်းညှင်းသောသက်ပြင်းချသံ ထွက်ပေါ်လာသည်။

ထို့နောက် ဝမ်ဟုန်သည် အလွန်သိမ်မွေ့နူးညံ့၍ ဝမ်းနည်းသော လေသံဖြင့် ပြောလိုက်သည်။

"နောက်ဆုံးတော့လည်း အားရုံက ငါ့ကို တကယ်မချစ်ခဲ့ဘူးထင်ပါတယ်..."

ဝမ်ဟုန်၏အသံသည် အလွန်ပင် အထီးကျန်ဆန်နေ၍ ချန်ရုံက သူ့အားမချစ်ခြင်းက ဖြေဆည်မရနိုင်သည့် ပူဆွေးမှုတစ်ခုကဲ့သို့ ဖြစ်နေသော လေသံဖြစ်နေသည်။

ချန်ရုံ၏အနောက်မှ အမျိုးသားသည် ချန်ရုံ ဘာကြောင့် ဤသို့လုပ်ရသည်ကို နားလည်နိုင်အောင် ထက်မြက်သူဖြစ်မှန်း ချန်ရုံသိသော်လည်း ချန်ရုံသည် မနေနိုင်ပဲ တိုးတိတ်စွာ ပြောလိုက်မိသည်။

"ဟင့်အင်း...အရှင့်အပေါ်မှာ ကျွန်မ ခံစားချက်ရှိပါတယ်...ဒါပေမယ့် အဲ့ဒီခံစားချက်တွေကို ဆက်မွေးမြူထားမိရင် ကျွန်မဘဝ အဖက်ဆည်မရအောင်ဖြစ်တော့မှာ..."

ကျွိ

တံခါးပွင့်သွား၍ ခဏအကြာမှာပင် ဝမ်ဟုန်၏ အရပ်မြင့်မား၍ ဖြူဖွေးသောဝတ်ရုံနှင့် ပုံရိပ်သည် ချန်ရုံနှင့် တဖြည်းဖြည်းဝေးကွာသွားတော့သည်။

တဖြည်းဖြည်းနှင့် ဝေးကွာတိုးတိတ်သွားသော ခြေလှမ်းများကို နားထောင်နေရင်းဖြင့် ချန်ရုံသည် တံခါးရှိရာဘက်သို့လှည့်၍ နှုတ်ခမ်းများကို တင်းတင်းစေ့ကာ ဝမ်ဟုန်အား ငေးကြည့်နေမိတော့သည်။

ချန်ရုံ၏အခန်းထဲမှ ဝမ်ဟုန် ထွက်လာလာချင်းမှာပင် ချန်ရုံ၏အိမ်ဝန်းတစ်ခုလုံးထဲမှ လူများက ဝမ်ဟုန့်အား လှည့်ကြည့်လိုက်ကြသည်။

အင်္ကျီဝတ်ရုံအဖြူကို ဝတ်ဆင်ထားသော ဝမ်ဟုန်သည် လေတိုက်ခတ်ခံနေရသည့် သစ်ပင်တစ်ပင်နှင့်‌တူနေသည်။ ဝမ်ဟုန်၏ အပြုံးကလည်း ဖျော့တော့ကာ အသက်မပါဖြစ်နေသည်။

ဝမ်ဟုန်သည် မျက်နှာကို အပြုံးမပျက်စေပဲ အင်္ကျီဝတ်ရုံလက်များကို လှုပ်ခတ်ကာ အိမ်ထဲမှထွက်သွားတော့သည်။



Xxxxx