အပိုင်း ၁၀၈
Viewers 16k

Chapter 108
ဂုဏ်သရေရှိကိုယ်လုပ်တော်




ချန်ရုံသတိမထားမိခင်မှာပင် ဝမ်ဟုန်သည် ရထားလုံးပေါ်သို့တက်၍ အစေခံများကိုခေါ်ကာ ခြံဝန်းထဲမှ ထွက်ခွာသွားလေသည်။

ဝမ်ဟုန်ထွက်ခွာသွားသည်ကို ကြည့်နေကြသော လူအုပ်ကြီးကိုကြည့်ရင်းဖြင့် ချန်ရုံသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။

အထိန်းတော်ဖျင်က ချန်ရုံ့နားသို့ အပြေးအလွှားရောက်လာချိန်တွင် ချန်ရုံ့ထံမှ စိတ်တိုတိုနှင့်ပြောလိုက်သံကိုကြားလိုက်ရသည်။

"သေလိုက်ပါတော့ ဝမ်ဟုန်က ဘာမှလည်း မပြောသွားဘူး...ကျွန်မက ကျွန်မတို့ရဲ့ဆက်ဆံရေးကို အဆက်ဖြတ်ဖို့ သူ့ကိုပြောခိုင်းလိုက်တာကို..."

စိတ်ရှုပ်သွားသော အထိန်းတော်ဖျင်သည် ချန်ရုံ၏မျက်နှာမှ မျက်ရည်စများကို တွေ့သောအခါ တံခါးကိုပိတ်၍ ချန်ရုံ့နားသို့ အမြန်ရောက်လာသည်။ ထို့နောက် ချန်ရုံ၏လက်များကို သေချာကြည့်ကာ မေးလိုက်သည်။

"မမလေး...တစ်ခုခုဖြစ်ခဲ့လို့လား..."

ချန်ရုံက ထိုင်းမှိုင်းမူးဝေနေသည့်ပုံဖြင့် အထိန်းတော်ဖျင်အား မော့ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ ချန်ရုံ၏နှုတ်ခမ်းများက တရွရွလှုပ်လာကာ ရှိုက်ကြီးတငင်ငိုချလိုက်တော့သည်။

ချန်ရုံသည် အထိန်းတော်ဖျင်၏ ရင်ခွင်ထဲသို့ တိုးဝင်၍ အထိန်းတော်ဖျင်၏အင်္ကျီလက်များကို ကူကယ်ရာမဲ့ ဆွဲကိုင်ကာ ငိုသံများကြားထဲမှပြောနေသည်။

"အထိန်းတော် ကျွန်မ သူ့ကို မချစ်ချင်ဘူး...အဲဒီလူကို ကျွန်မ မချစ်ချင်ဘူး..."

မျက်ရည်များကြားထဲမှ အသက်ကိုပင်မနည်းရှူနေရသော ချန်ရုံ့ကိုကြည့်၍ အထိန်းတော်ဖျင်သည် စိတ်ပူစွာဖြင့် ချန်ရုံ၏ကျောလေးကိုသပ်ကာမေးလိုက်သည်။

"မမလေး ဝမ်ချီလန်ကို ပြောနေတာလား..."

ချန်ရုံက ခေါင်းငြှိမ့်၍ ငိုရှိုက်လိုက်ပြန်သည်။

"ဟုတ်တယ် သူ့ကိုပြောနေတာ...အဲဒီလူကို ကျွန်မ နည်းနည်းလေးမှတောင်နားမလည်နိုင်ဘူး...ပြီးတော့ သူ့ရဲ့ မျိုးရိုးနောက်ခံကလည်း အရမ်း မြင့်မားတယ်လေ...အထိန်းတော်ရယ် ကျွန်မ သူ့ကို တကယ်ကို မချစ်ချင်တော့ဘူး..."

ထိုသို့ပြောရင်းဖြင့် ချန်ရုံ၏ ငိုရှိုက်သံများက တဖြည်းဖြည်းတိုးတိတ်လာသည်။ ချန်ရုံသည် အထိန်းတော်ဖျင်၏ လက်ထဲမှ ဖြည်းညှင်းစွာ ပြန်ထွက်လိုက်၍ ခေါင်းကိုငုံ့ကာ မျက်ရည်များကိုသုတ်ပြီး တီးတိုးပြောလိုက်သည်။

"ဝမ်ဟုန်က ကျွန်မက သူ့ကိုမချစ်ပါဘူးလို့ သက်ပြင်းချပြီး ပြောတာကြားလိုက်ရတာ ကျွန်မရဲ့နှလုံးသားကို ဆွဲဆုတ်ခံလိုက်ရသလိုပဲ..."

ချန်ရုံသည် လက်ဖြင့် သူမ၏ရင်ဘတ်ကို ဖိလိုက်ကာ ‌ဆက်ပြောလိုက်သည်။

"စွင်းယန်ပြောတာမှန်တယ်...ငါ့လိုလူက ချစ်လို့မရသလို ရှုံးလို့လည်းမရဘူး...ငါ တစ်ခါ ရှုံးခဲ့ပြီးပြီ...အဲဒီအရှုံးတရားဆီကို နောက်ဘယ်တော့မှ ပြန်မသွားနိုင်တော့ဘူး..."

ချန်ရုံ၏အသံက အလွန်တိုးတိတ်နေသောကြောင့် အထိန်းတော်ဖျင်က ပြောလိုက်သည်။

"မမလေး ဘာပြောလိုက်တာလဲ...ကျွန်မ မကြားလိုက်ဘူး..."

ချန်ရုံက ဘာမှထပ်မပြောတော့ပဲ မတ်တပ်ရပ်၍ ကြာပွတ်ကို နံရံ၌ ပြန်ချိတ်ကာ ထိုင်ဖုံပေါ်၌သာ တိတ်ဆိတ်စွာထိုင်နေတော့သည်။

ခဏအကြာတွင် တံခါးခေါက်သံများ‌ပေါ်လာ၍ မိန်းကလေးတစ်စုသည် ချန်ရုံ၏အခန်းထဲသို့ ဝင်လာကြတော့သည်။

စိတ်နှင့်လူနှင့်မကပ်ပဲ ထိုင်ဖုံပေါ်၌ထိုင်နေသော ချန်ရုံ့ကို မြင်သောအခါ မိန်းကလေးများသည် မေးခွန်းများတရစပ်မေးကြတော့သည်။

"အားရုံ ဝမ်ချီလန်က နင့်ကို ဘာဖြစ်လို့လာတွေ့တာလဲ..."

"အားရုံ နင် မောယန်ကို ဝမ်ချီလန်အတွက်နဲ့ လိုက်သွားတာလား..."

"အားရုံ ငါလည်း ချီလန့်ကို နှစ်သက်ပေမယ့် နင့်လောက်တော့ အချစ်မကြီးနိုင်ပါဘူး...သူ့အတွက်နဲ့တော့ ငါအသေမခံနိုင်ဘူး..."



မေးခွန်းသံများက ‌အိမ်ခေါင်မိုးပွင့်ထွက်တော့မတတ် ဆူညံနေလေသည်။

ချန်ရုံသည် ထိုမိန်းကလေးများကို ကြည့်ရင်းဖြင့် နှဖူးကို လက်ဖြင့် ညှစ်လိုက်မိသည်။ ချန်ရုံသည် မျက်လုံးများကိုမှိတ်ကာ ခေါင်းကိုက်ကိုက်ဖြင့် စဉ်းစားလိုက်သည်။
'ဝမ်ဟုန်က ငါတို့ရဲ့ဆက်ဆံရေးကို မဖြတ်သွားတဲ့အပြင် ငါကလည်း အမှန်တရားတွေကို လူတွေအကုန်သိအောင်ပြောလိုက်မိပြီ...ငါဘာလုပ်ရတော့မှာလဲ..."

မိန်းကလေးများ၏ စူးစမ်းသောအကြည့်များကို ရင်ဆိုင်၍ ချန်ရုံသည် မတ်တပ်ထရပ်လိုက်သည်။

ထို့နောက် ချန်ရုံက ထိုမိန်းကလေးများကိုကြည့်ကာ ခေါင်းခါ၍ အသံအက်အက်ဖြင့်ပြောလိုက်သည်။

"ဟင့်အင်း ငါသွားခဲ့တာ အချစ်အတွက် သွားခဲ့တာမဟုတ်ပါဘူး...ကျေးဇူးပြန်ဆပ်ဖို့သွားခဲ့တာပါ..."

ချန်ချမ်က အော်ရယ်လိုက်သည်။

"တော်ပါဟယ်...နင့်မျက်နှာမှာ အခုထိတောင် မျက်ရည်တွေက မခြောက်သေးဘူး...ဝမ်ချီလန်ဝင်လာတာနဲ့ အပျော်လွန်ပြီး ကယောင်ခြောက်ခြားဖြစ်သွားတာမဟုတ်လား...အဲဒါကိုတောင်မှ နင် မောယန်ကိုသွားတာ အချစ်အတွက်မဟုတ်ဘူး ပြောနေသေးတယ်..."

စိတ်သဘောထားနူးညံ့ဟန်တူသော ချန်မိန်းမပျိုလေးတစ်ဦးကလည်း ညင်သာစွာ ဝင်ပြောလိုက်သည်။

"လန်ယာက ဝမ်အိမ်တော်ကလည်း ချန်ရုံ ဒီလိုလုပ်ခဲ့တဲ့အကြောင်းကို သိသွားမယ်ထင်တယ်နော်...သူတို့ သေချာစဉ်းစားပြီး မင်္ဂလာပွဲစီစဉ်ပေးပြီး ချန်ရုံ့ကို ဂုဏ်သရေရှိကိုယ်လုပ်တော်အဖြစ်နဲ့ မိသားစုထဲကို ဖိတ်ခေါ်မလားမသိဘူး..."

[T/N: 贵妾 - သာမာန်ကိုယ်လုပ်တော်များထက် တစ်ဆင့်မြင့်သော ဂုဏ်သရေရှိ ကိုယ်လုပ်တော်
娶妻之礼 - ကိုယ်လုပ်တော်နှင့်မဟုတ်ပဲ တရားဝင်ဇနီးမယားဖြင့် လက်ထပ်သော မင်္ဂလာပွဲ]

ချန်ရုံ၏နောက်ခံအခြေအနေနှင့်ဆိုလျှင် ထိုကဲ့သို့ ဂုဏ်သရေရှိကိုယ်လုပ်တော် ဖြစ်ခွင့်ရခြင်းကပင် ချန်ရုံ့ဘဝ၌ ရနိုင်သော အမြင့်မားဆုံး ဂုဏ်ပုဒ်တစ်ခုဖြစ်နေတော့သည်။

ထို့ကြောင့် အခြားမိန်းကလေးများက ထိုချန်မိန်းကလေး၏စကားကို‌ကြားသောအခါ တိတ်ဆိတ်သွားကြသည်။

"မင်္ဂလာပွဲလုပ်ပေးပြီး မိသားစုထဲကို ဖိတ်ခေါ်မယ် ဟုတ်လား..."

ခဏကြာသောအခါမှ ချန်ချမ်က ခပ်တိုးတိုးပြောလိုက်သည်။ ချန်ချမ်သည် ချန်ရုံ့အားကြည့်လိုက်သောအခါ ပထမဆုံးအကြိမ်အဖြစ် ချန်ချမ်၏မျက်လုံးများထဲ၌ မနာလိုမှုများ ပါဝင်နေသည်။

ချန်ချမ်သည် နန်ယန်မှ ချန်အိမ်တော်၏တရားဝင်သမီးတစ်ယောက်ဖြစ်သော်လည်း ဝမ်ချီလန်၏ ဂုဏ်သရေရှိကိုယ်လုပ်တော်ဖြစ်ဖို့ဆိုသည်မှာ သူ့အတွက် အလွန်ဝေးကွာနေသည်မဟုတ်ပါလား။

ချန်ချမ်အပါအဝင် အခြားမိန်းကလေးများ၏ မနာလိုမျက်လုံးများဖြင့် ချန်ရုံရင်ဆိုင်လိုက်ရသည်။

ချန်ရုံသည် မနည်းအားတင်း၍ပြုံးကာ ထပ်ပြောလိုက်သည်။

"ငါ ခုနပြောခဲ့သလိုပဲ ငါ မောယန်ကိုသွားခဲ့တာ ချီလန်ရဲ့ကိုယ်ကျိုးအတွက်မဟုတ်ပဲ ကျေးဇူးဆပ်ဖို့အတွက်ပဲ သွားခဲ့တာပါ..."

သို့သော် မည်သူကမှ ချန်ရုံ၏စကားကိုမယုံကြချေ။

ချန်ရုံက သက်ပြင်းချ၍ ဆက်ပြောလိုက်သည်။

"ပြီးတော့ လန်ယာက ဝမ်အိမ်တော်ဆိုတာ အရမ်းကို ကြီးကျယ်မြင့်မြတ်တဲ့အိမ်တော်ဆိုတာလည်း ညီအစ်မတို့သိကြမှာပါ...ငါ့လိုမိန်းကလေးက ဘယ်လိုများ အဲဒီအိမ်တော်ကို ဝင်ခွင့်ရနိုင်ပါမလဲ..."

ထိုသို့ပြောပြီးသောအခါ ချန်ရုံသည် အင်္ကျီလက်များကို ဝှေ့ယမ်း၍ပြောလိုက်သည်။
"ညီအစ်မတို့ ပြန်ကြပါတော့...ငါလည်း အရမ်းပင်ပန်းနေပြီမို့လို့ နားချင်နေပါပြီ..."

ထို့နောက် မိန်းကလေးများ၏တုံ့ပြန်မှုကို မစောင့်တော့ပဲ ချန်ရုံသည် အဝတ်အစားများနှင့် ဖိနပ်ကိုပင်မချွတ်တော့ကာ မိန်းကလေးများကိုကျောပေး၍ ကုတင်ပေါ်သို့ လှဲချလိုက်တော့သည်။

မိန်းကလေးများသည် ချန်ရုံ၏တောင်းဆိုချက်ကို ဂရုပင်မပြုပဲ သူတို့ဘာသာ စကားများဆက်ပြောနေကြသည်။ နာကီဝက်ခန့်ကြာသောအခါမှပင် တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြတော့သည်။

မိန်းကလေးများပြန်သွား၍ မကြာမီမှာပင် အိမ်ဝန်းအပြင်၌ ရထားလုံးများ တစ်စီးပြီးတစ်စီးရောက်လာနေကြသည်။ ထိုရထားလုံးများသည် အိမ်တော်များစွာမှ မိန်းကလေးများက ‌ဆောင်းရာသီဧည့်ခံပွဲ၊ ကဗျာရွတ်ဆိုပွဲ၊ ဗျပ်စောင်းတီးပြိုင်ပွဲ အစရှိသည့်ပွဲများသို့ ချန်ရုံ့အားဖိတ်ခေါ်များ ဖိတ်စာများ ပို့လွှတ်နေခြင်းဖြစ်သည်။

ချန်ရုံသည် ထိုဖိတ်ကြားချက်များအားလုံးကို ငြင်းပယ်လိုက်သည်။

နောက်တစ်နေ့နံနက်၌ ချန်ရုံ ကိုယ်လက်သန့်စင်ပြီး၍ အဝတ်အစားလဲလှယ်ပြီးသောအခါ အစေခံတစ်ဦးက အပြင်မှအော်ပြောလိုက်သည်။

"သခင်မလေးအားရုံ ရှိပါသလား...သခင်ကြီးက အခေါ်လွှတ်လိုက်ပါတယ်..."

ချန်ယွမ်က အခေါ်လွှတ်လိုက်သည်လား?

ချန်ရုံသည် ချက်ချင်းပင် မတ်တပ်ထရပ်၍ ရင်ဘတ်ကို လက်ဖြင့်ဖိကာ ခပ်တိုးတိုးပြောလိုက်သည်။

"ခဏစောင့်ပါ..."

ထို့နောက် ချန်ရုံသည် အိပ်ခန်းထဲသို့ပြေးဝင်၍ ကြာပွတ်အား လှမ်းယူလိုက်သည်။ သို့သော်လည်း ကြာပွတ်၏လက်ကိုင်ကို ထိကိုင်ပြီးသောအခါမှ ချန်ရုံသည် သက်ပြင်းချကာ လက်ကို ပြန်ရုတ်လိုက်သည်။ ကြာပွတ်အစား အံဆွဲထဲမှ ရွှေဆံထိုးကိုသာယူ၍ တံခါးမှ ထွက်လာလိုက်သည်။

ချန်ရုံထွက်လာသည်ကို မြင်သောအခါ ဖျင်မြို့မှ ချန်ရုံနှင့်အတူ လိုက်လာသောအစေခံမိန်းမပျိုတစ်ဦးက ချန်ရုံ့နားလျှောက်လာ၍ အရိုအသေပေးလိုက်သည်။

"သခင်မလေး..."

အစေခံမိန်းမပျိုက ချန်ရုံ့အား အတူလိုက်ပေးရန်လိုပါသလား ဆိုသောအကြည့်ဖြင့်ကြည့်လိုက်သည်။ အထိန်းတော်ဖျင်က အဖိုးစွင်းနှင့်အတူ နံနက်အစောကြီးထဲက ဈေးဝယ်ထွက်သွားသောကြောင့် ယခုလောလောဆယ်တွင် ချန်ရုံ့နား၌ ထိုအစေခံလေးတစ်ဦးသာ ရှိနေသည်။

ချန်ရုံက ခေါင်းခါပြလိုက်၍ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ လာခေါ်သောအစေခံနောက်သို့ လိုက်သွားလိုက်သည်။

ယခုသည် ဆောင်းရာသီဖြစ်နေ၍ ကောင်းကင်မှ နေသည်ပင် မှုန်မှိုင်း၍ ‌ချမ်းအေးနေသည်။ ချန်ရုံသည် ဘေးပတ်ဝန်းကျင်မှ အရိုးပြိုင်းပြိုင်းနှင့် သစ်ပင်များကိုကြည့်၍ တွေးလိုက်မိသည်။
'နောက်နှစ်လဆိုရင် နွေဦးကိုရောက်တော့မှာပဲ...'

ချန်ရုံက ဘေးဘီသို့ကြည့်နေစဉ်တွင် အစေခံက အသံကိုမြှင့်၍ ပြောလိုက်သည်။

"အထဲကိုဝင်သွားလိုက်ပါ သခင်မလေး...သခင်ကြီး အထဲမှာရှိပါတယ်..."

ချန်ရုံက ဘေးပတ်ဝန်းကျင်ကိုကြည့်နေရာမှ အသိစိတ်ပြန်ဝင်လာသောအခါ သခင်မရွမ်၏အဆောင်တော်ခြံဝန်းထဲသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။

ချန်ရုံ ဖြည်းညှင်းစွာ လျှောက်ဝင်သွားသည်။

သခင်မလီက အဆောင်၏အပြင်၌ရပ်နေသည်။ ချန်ရုံလျှောက်လာသည်ကို မြင်သောအခါ သခင်မလီသည် ချန်ရုံ့အား ကြာမြင့်စွာ စိုက်ကြည့်နေပြီးမှ အိမ်ထဲမှလူများကို သတင်းပေးလိုက်သည်။

ခဏအကြာတွင် ချန်ရုံသည် အဆောင်တော်၏လှေကားများဆီသို့ရောက်သွားသည်။ ချန်ရုံသည် ဒူးထောက်၍ ခေါင်းကိုငုံ့ကာ ညင်သာစွာပြောလိုက်သည်။

"မင်္ဂလာပါ ဦးလေး...အဒေါ်..."

သခင်မလီက ပြန်ဖြေလိုက်သည်။
"အားရုံလား...ဝင်ခဲ့လေ..."

"ဟုတ်ကဲ့..."

ချန်ရုံသည် ခေါင်းကိုမော့၍ အသက်ပြင်းပြင်းရှူလိုက်ကာ လှေကားများပေါ်သို့ တက်လိုက်သည်။

အထဲ၌ ချန်ယွမ်သည် ပင်မညောင်စောင်းပေါ်၌ထိုင်နေ၍ သခင်မရွမ်က ချန်ယွမ်၏ဘေး၌ ထိုင်နေသည်။

ချန်ရုံက မျက်လုံးဝေ့ကြည့်လိုက်ရာ ဘေးနား၌ရပ်နေသော အစေခံများထဲ၌ ချန်ဝေ့မပါသည်ကို မြင်လိုက်ရသည်။

ချန်ရုံက မျက်လွှာကိုပြန်ချလိုက်၍ လုပ်နည်းလုပ်ဟန်အတိုင်း ချန်ယွမ်နှင့် သခင်မရွမ်တို့ကို ခေါင်းငုံ့အရိုအသေပေး၍ သူတို့၏ကျန်းမာရေးကို မေးမြန်းလိုက်သည်။

ချန်ယွမ်က ထိုင်ခုံမှနေ၍ ချန်ရုံ့အား သေချာအကဲခတ်နေသည်။ ချန်ရုံက အရိုအသေပေးပြီးသောအခါ ချန်ယွမ်သည် ခေါင်းတစ်ချက်ငြှိမ့်၍ ညာဘက်ရှိ ထိုင်ခုံဆီသို့ လက်ညှိုးထိုးပြကာ ခပ်အေးအေးပြောလိုက်သည်။

"ထိုင်ပါ အားရုံ..."

"ကျေးဇူးတင်ပါတယ် ဦးလေး..."

ချန်ရုံက ယဉ်ကျေးစွာပြော၍ ထိုင်ခုံဆီသို့ လျှောက်သွားလိုက်သည်။

ချန်ယွမ်က ချန်ရုံ့ကို အကဲခတ်နေရာမှ အကြည့်လွှဲလိုက်၍ ချောင်းတစ်ချက်ဟန့်ကာ မေးလိုက်သည်။
"အားရုံ...မင်း တကယ်ပဲ မောယန်ကို သွားခဲ့တာလား..."

"ဟုတ်ကဲ့..."

"ဖြစ်ခဲ့သမျှကိစ္စအားလုံးကို ငါ့ကိုပြောစမ်း..."

"ဟုတ်ကဲ့..."

ချန်ရုံက ခေါင်းကိုငုံ့၍ ချန်ကုန်းရန်းအား ပြောခဲ့သည်များကို ပြန်ပြောလိုက်သည်။

ချန်ရုံ ဖြစ်ကြောင်းကုန်စင် ပြောပြီးသွားသောအခါ ချန်ယွမ်က တစ်ချက်လှောင်ရယ်ရယ်လိုက်သည်။

ချန်ယွမ်က ဘာမှမပြောရသေးခင်မှာပင် သခင်မလီက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

"ရယ်ရလိုက်တာဟယ်...နင်က မိန်းကလေးငယ်ငယ်လေးပဲရှိသေးတာပဲ...ဘယ်လိုကျေးဇူးတရားကြောင့်များ နင့်အသက်ကိုနင်စွန့်လွှတ်လောက်ဖို့အထိ ဖြစ်နိုင်မှာလဲ...ငါတို့အကုန်လုံးကို အရူးလို့ ထင်မနေပါနဲ့..."

ထို့နောက် သခင်မလီသည် ချန်ရုံ့အားစိုက်ကြည့်၍ သူမ၏စူးရှသောအသံဖြင့် အမိန့်ပေးလိုက်သည်။

"မင်း ထိမ်ချန်ထားတဲ့ကိစ္စတွေရှိဦးမှာပဲ...ငါတို့ကို အခုချက်ချင်းပြောစမ်း..."

ချန်ရုံက ထိုင်နေရာမှထ၍ ကြမ်းပြင်၌ ဒူးထောက်လိုက်ကာ ခေါင်းကိုငုံ့၍ အခိုင်အမာပြောလိုက်သည်။

"တကယ် ဘာအကြောင်းမှမရှိပါဘူး..."

သခင်မလီက ရယ်လိုက်သည်။

သခင်မလီ ရယ်နေစဉ်မှာပင် သခင်မရွမ်က ခေါင်းကိုခါ၍ တိုးတိတ်စွာပြောလိုက်သည်။

"အားရုံ ငါတို့တွေအကုန်လုံးက အမျိုးသမီးတွေပဲလေ...ဘာဖြစ်လို့ လူကြီးတွေဆီကနေ အကြောင်းကိစ္စတွေကို ဖုံးကွယ်နေရတာလဲ..."

ချန်ရုံက မလှုပ်မယှက်ဖြစ်သွားကာ သခင်မရွမ်အား မော့ကြည့်၍ အံ့ဩစွာမေးလိုက်သည်။

"ဖုံးကွယ်တယ်...ကျွန်မက ဘာကိုများ ဖုံးကွယ်ထားရမှာလဲ အဒေါ်..."

သခင်မရွမ်ကပြုံးလိုက်သည်။ သခင်မရွမ် ဘာမှမပြောနိုင်ခင်မှာပင် သခင်မလီက ရယ်မော၍ ဘေးမှဝင်ပြောလိုက်သည်။

"ဘာဖြစ်ရမှာလဲ...မင်းက အဲဒီလူရဲ့ ကိုယ်ဝန်ကို လွယ်ထားရတဲ့ကိစ္စပေါ့...မင်းမှာ တခြားသွားစရာနေရာမရှိတော့တာမို့လို့ တူတူသေဖို့ အဲဒီလူနောက်ကိုလိုက်သွားရတာမဟုတ်လား..."

ပြောနေရင်းဖြင့် သခင်မလီ၏အသံက မာထန်လာသည်။

"ငါပြောတာ မှန်တယ်မဟုတ်လား..."

ချန်ရုံက အလွန်ပင်အံ့ဩသွား၍ အော်ဟစ်ရယ်လိုက်မိတော့သည်။

ချန်ရုံသည် သခင်မလီအား မကြည့်ပဲ သခင်မရွမ်ဆီသို့သာ ကြည့်လိုက်၍ ပေါ့ပါးစွာပြောလိုက်သည်။

"ကျွန်မ အပျိုစင် ဟုတ် မဟုတ်ဆိုတာ စစ်ဆေးလို့လွယ်တယ်မဟုတ်လား...ကျွန်မပြောတာကို မယုံရင် အ‌ဒေါ်တို့ ကျွန်မကို စိတ်ကြိုက်စစ်ဆေးနိုင်ပါတယ်..."

ဤမိန်းကလေးသည် အခြားလူများက သူ၏ခန္ဓာကိုယ်ကိုစစ်ဆေးရန် တကယ်ပင် ပြောနေတာပါလား။

သခင်မရွမ်က ရှက်စိတ်နှင့် ရင်များတုန်၍ အသက်ရှူများမြန်လာချိန်တွင် သခင်မလီက အော်လိုက်သည်။

"အရှက်မရှိလိုက်တာ..."



Xxxx