အပိုင်း ၁၀၉
Viewers 16k

Chapter 109



ချန်ရုံက ထိုစကားကိုကြားသောအခါ အော်ရယ်မိတော့မတတ်ဖြစ်သွားသည်။

သူတို့ကတော့ ငါ့ကို ထင်ရာတွေစွပ်စွဲကြပြီး ငါက အချက်အလက်တွေနဲ့ သက်သေပြမယ်ဆိုတော့ ငါ့ကို အရှက်မရှိဘူးတဲ့လား...ဘယ်လိုတောင် ထူးဆန်းတဲ့လူတွေလည်းမသိပါဘူး...

ချန်ရုံက သခင်မလီအား လျစ်လျူရှု၍ သခင်မရွမ်ကိုသာ စူးရှပြတ်သားသောအကြည့်ဖြင့်ကြည့်လိုက်သည်။

သခင်မရွမ်က ချန်ယွမ့်ကို လှည့်ကြည့်လိုက်သည်။

ထိုအခါမှသာ ချန်ယွမ်က လည်ချောင်းရှင်း၍ ပြောလိုက်သည်။

"အားရုံ မင်းက မိန်းမငယ်လေးပဲရှိသေးပေမယ့် အချစ်အတွက်နဲ့ သေရဲတဲ့သတ္တိရှိနေတာဟာ တကယ်ကိုပဲ မယုံနိုင်စရာပါပဲ...ဒါပေမယ့်..."
ချန်ယွမ်က လေးနက်သောအသံဖြင့် ဆက်ပြောလိုက်သည်။

"ဒီအကြောင်းကိစ္စတွေကို မင်းက ငါတို့လူကြီးတွေဆီကနေဖုံးကွယ်ထားခဲ့တယ်...ပြီးတော့ အလိမ်အညာတွေနဲ့ ငါတို့ကို လှည့်စားခဲ့တယ်...အမှန်တရားသာ မထွက်ပေါ်လာရင် ငါတို့လည်း ဘာမှ သိလိုက်ကြရမှာမဟုတ်ဘူး...အခု မင်းက အလိမ်အညာနေရာမှာ ‌ဆရာတစ်ဆူဖြစ်နေပြီထင်ပါရဲ့..."

ချန်ရုံက မျက်လွှာချလိုက်ကာ ချန်ယွမ်၏စကားအပြီးကို စောင့်နေပြီးမှ ပြောလိုက်သည်။

"ကျွန်မ ရှက်မိပါတယ်..."

ချန်ရုံက ရှက်သည်ဟု ပြောနေသော်လည်း သူမ၏မျက်နှာ‌တွင်တော့ ရှက်ကြောက်သည့် အမူအယာလုံးဝပေါ်မနေချေ။ ချန်ယွမ်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုခါယမ်းလိုက်သည်။

ချန်ယွမ်သည် သက်ပြင်းထပ်ချလိုက်၍ ရှေ့သို့တိုးကာ ချန်ရုံ့အားစိုက်ကြည့်၍ ခပ်ဖြည်းဖြည်းပြောလိုက်ပြန်သည်။

"အားရုံ မင်းက ဝမ်ချီလန်နဲ့ အတူတူတောင် လိုက်သေဖို့သတ္တိရှိလောက်တဲ့အထိ သူ့ကိုချစ်တာပဲ...အဲဒီလိုအချစ်မျိုးက ကောင်းကင်နဲ့မြေကြီးကိုရွေ့လျားအောင်လုပ်နိုင်တဲ့အထိ အင်အားကြီးပေတယ်..."

ချန်ယွမ်သည် ပြောရင်းဖြင့် မုတ်ဆိတ်ကိုပွတ်သပ်ကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။

"ငါ မင်းကို အခုခေါ်လိုက်ရတာက ငါ ဝမ်အိမ်တော်ကို လက်ထပ်ဖို့စပြီးကမ်းလှမ်းလိုက်ပြီဆိုတဲ့အကြောင်းပြောချင်လို့ပဲ..."

ချန်ရုံက ခေါင်းကိုဆတ်ခနဲမော့လိုက်သည်။

ချန်ရုံ၏အာရုံစိုက်မှုကို ရသွားသောအခါ ချန်ယွမ်က ပိုပြုံးလိုက်သည်။

"လန်ယာအိမ်တော်က ဝမ်ရိကလည်း အခုနန်ယန်ကိုရောက်နေတော့ ပိုပြီး အဆင်သင့်ဖြစ်သွားတာပေါ့...မင်းရဲ့ ဇာတ်လမ်းကိုလည်း ဝမ်ရိသိအောင် ငါ့လူ‌တွေကိုပြောပြခိုင်းထားတယ်...အဲဒါမှ ဝမ်အိမ်တော်က မင်းအတွက် မင်္ငလာပွဲကိုစီစဉ်ပေးပြီး ဂုဏ်သရေရှိကိုယ်လုပ်တော်အနေနဲ့ မိသားစုထဲကို ဖိတ်ခေါ်နိုင်မှာ..."

ပြောရင်းဖြင့် ချန်ယွမ်သည် ချန်ရုံ့အ‌ပေါ်ကြီးစွာသော ကျေးဇူးပြုထားသောကျေးဇူးရှင်ကဲ့သို့ ချန်ရုံ့အား ကြည့်လိုက်သည်။

"အားရုံ မင်းရဲ့ နောက်ခံအခြေအနေနဲ့ ဒီလို လန်ယာရဲ့ဝမ်အိမ်တော်ထဲကို ဝင်ခွင့်ရတယ်ဆိုတာ ဘဝပေါင်းများစွာတောင် မမျှော်မှန်းနိုင်တဲ့ ကောင်းချီးပေးမှုတစ်ခုပဲမဟုတ်လား...ဝမ်ဟုန်ရဲ့အိမ်တော်ထဲကို ဝင်ခွင့်ရပြီးရင် သူတို့နဲ့တူတူ ကျန့်ခန်းကို ပြန်လိုက်သွားမယ်လို့ငါ မျှော်လင့်တယ်...အဲဒီအချိန်ကျရင် လင်ယောင်္ကျားရှိတဲ့ ဇနီးမယားတစ်ယောက်အနေနဲ့ ရှိသင့်ရှိထိုက်နဲ့ ကျင့်ဝတ်တွေနဲ့ ပြည့်စုံအောင်နေပါ...ဝမ်အိမ်တော်က လူတွေကို လုံးဝမစော်ကားမိပါစေနဲ့...ဒါပေမယ့် မင်းရဲ့ အစ်ကိုသုံး နဲ့ ငါကလည်း မင်းကို အကူအညီပေးမှာမို့လို့ စိတ်တော့ မပူပါနဲ့...ဘာတွေပဲဖြစ်ဖြစ် မင်းဘက်မှာ ငါတို့ရှိနေမှာပါ..."

ချန်ယွမ်က ရုတ်တရက်သက်ပြင်းချ၍ ဆက်ပြောလိုက်သည်။

"ဝမ်ဟုန်မှာ အခုလောလောဆယ် တရားဝင်ဇနီးရော ကိုယ်လုပ်တော်ရော မရှိသေးဘူးဆိုတော့ မင်းသာ သူ့ရဲ့ ကလေးကို ကိုယ်ဝန်ဆောင်နိုင်ရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ...အဲဒီကလေးက လန်ယာဝမ်ချီရဲ့ သားဦးလေးဖြစ်လာမှာပဲ..."

ချန်ယွမ်၏မျက်လုံးများ၌ မျှော်လင့်မှုများဖြင့် ပြည့်နေလေသည်။ ချန်ရုံ၏ တရားဝင်လက်မထပ်ရသေးခင် ကိုယ်ဝန်ရခြင်း၊ တစ်လောကလုံး၏ အပြစ်တင်စွပ်စွဲခြင်းကိုခံရခြင်းနှင့် နောက်ပိုင်းတွင် ဝမ်အိမ်တော်၌ ကိုယ်ပိုင်ဂုဏ်သိက္ခာဟူ၍ အနည်းငယ်မျှပင်မရှိပဲ နေထိုင်ရတော့မည့်အရေးသည် ချန်ယွမ်အတွက် မြူမှုန်မျှပင် အရေးမပါသကဲ့သို့ဖြစ်နေသည်။ ထို့အပြင် ချန်ရုံသာ ကလေးမွေးဖွားပေးနိုင်ခဲ့ပါက ချန်ယွမ့်အတွက် လန်ယာ၏ဝမ်အိမ်တော်မှ ပို၍ ရစရာများကို တောင်းဆိုနိုင်တော့မည့်အခွင့်အရေးများရှိလာတော့မည်ကိုသာ သူ့ခေါင်းထဲရှိနေတော့သည်။

ချန်ရုံသည် ချန်ယွမ်ပြောနေသည့်တစ်ချိန်လုံး ချန်ယွမ့်အား မော့မကြည့်ပေ။

ကျယ်ပြန့်သော အင်္ကျီဝတ်ရုံလက်အောက်၌ ချန်ရုံသည် လက်များကို ကျစ်ကျစ်ပါအောင်ဆုပ်ထား၍ နှလုံးသားသည်လည်း အပြင်းအထန်ခုန်နေသည်။

ချန်ရုံ ဘာလုပ်ရမည်မှန်း မသိတော့ချေ။

နှစ်ဘဝလုံးလုံး ရုန်းကန်၍ ရှင်သန်လာပြီးသောအခါ ချန်ရုံ့ဘဝသည် ဤသို့ပင် အဆုံးသတ်ရတော့မည်လား။

ချန်ရုံသည် နှစ်ဘဝ နေထိုင်ခဲ့ရပြီးဖြစ်သောကြောင့် ချန်ရုံ၏အဖေနှင့် အစ်ကိုတို့သာ ချန်ရုံ့နား၌ရှိ၍ အားကိုးရမည်ဆိုပါက ယခင်ဘဝ၌ ချန်ရုံ့ဘဝသည် ထိုကဲ့သို့ ဆိုးဝါးစွာ အသက်ဆုံးရှုံးခဲ့မည်မဟုတ်မှန်း ချန်ရုံသိထားသည်။

သို့သော် ယခင်ဘဝတွင်ရော ယခုဘဝတွင်ရော ချန်ရုံသည် မည်မျှပင် လမ်းဆုံးသို့ရောက်၍ ချောင်ပိတ်နေစေပါမူ ဤမိသားစုအား စွန့်လွှတ်လိုက်ရန် မည်သောအခါမှ အတွေးမဝင်ဖူးချေ။ ပထမဆုံးအနေဖြင့် ချန်ရုံသည်လည်း ဤခေတ်အခါမှ လူများထက် မထူးခြားနားပဲ မိသားစုမျိုးရိုးကို ချစ်ခင်စိတ်သည် အရိုးအသားထဲအထိ စွဲနေပြီဖြစ်သည်။ ဒုတိယအနေဖြင့် ယခုကဲ့သို့ အန္တရာယ်များသော အချိန်အခါ၌ အိမ်တော်၏ အကာအကွယ်မရှိပါက ချန်ရုံ၌ မည်မျှပင် ပိုင်ဆိုင်မှုများစွာ ရှိပါစေ လမ်းပေါ်သို့ရောက်သည့်စက္ကန့်ပိုင်းအတွင်းမှာပင် ကုန်းကောက်စရာပင်မရှိအောင် ဓားပြတိုက်ခံလျှင်ခံရ၊ မဟုတ်လျှင်လည်း ကျွန်အဖြစ် ရောင်းစားခံလိုက်ရမည်ဖြစ်သည်။

ဝမ်မိသားစုနှင့်တောင်ပိုင်းသို့ အတူလာခဲ့သည့်ခရီးလမ်းတွင် ‌မရေတွက်နိုင်လောက်အောင် များပြားသော အထက်တန်းလွှာများသည် အသတ်ခံရခြင်း၊ မွဲတေသွားအောင် လုယက်ခံရခြင်းများကို ချန်ရုံကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်။ တော်ဝင်ကိုယ်လုပ်တော်များပင် လူကုန်ကူးသောလူများ၏ ဖမ်းဆီးခြင်းကိုခံရပြီး ယခုအချိန်အထိ သေသည်လား၊ ရှင်သည်လား မသိရပေ။

ထိုသို့ စဉ်းစားနေရင်းက ချန်ရုံသည် ခါးသီးစွာပြုံးလိုက်သည်။

တော်ပါတော့ ချန်ရုံ...ဆက်ပြီး တွန်းလှန်မနေပါနဲ့တော့...

နှုတ်ဆိတ်နေသောချန်ရုံ့ကိုကြည့်၍ ချန်ယွမ်က ရယ်လိုက်ကာ မုတ်ဆိတ်ကို ပွတ်သပ်၍ ပြောလိုက်သည်။

"အရမ်းလည်းပျော်မနေပါနဲ့...လန်ယာဝမ်ချီက ဂုဏ်အဆင့်အတန်းမြင့်တဲ့မိန်းကလေးတွေကြားမှာ အရမ်းရေပန်းစားတာမဟုတ်လား...မင်းက သူ့ရဲ့ ဂုဏ်သရေရှိကိုယ်လုပ်တော်ဖြစ်လာရင်တောင်မှ သူ့ရဲ့ တရားဝင်ဇနီးထက်တော့ အမြဲ တစ်ဆင့်နိမ့်နေဦးမှာပဲ...တကယ်တော့ မိသားစုကသာ ဒီလောကကြီးမှာ အားကိုးအားထားရဆုံးဆိုတာကို မင်းက ငယ်သေးလို့ မသိ‌နိုင်သေးတာပါ..."

ချန်ယွမ်သည် "အားကိုးအားထားရဆုံး" ဟူသည့်နေရာ၌ လေသံကို သေချာဖိ၍ပြောလိုက်သည်။

ချန်ရုံကတော့ ခေါင်းကို ငုံ့ထားဆဲဖြစ်သည်။

ချန်ယွမ်က ချန်ရုံအရှက်ရနေသည်ဟုထင်၍ရယ်မောလိုက်ပြီးမှ ချိုသာသည့်အသံဖြင့်ပြောလိုက်သည်။

"အားရုံ နန်ယန်မင်းသားက ငါ့ကို အရမ်းဖိအားပေးခဲ့လို့သာ အဲဒီတုန်းက မင်းကို နန်ယန်မင်းသားဆီပို့ခဲ့ရတာပါ...မင်းက အဲဒီကိစ္စနဲ့ ငါ့ကို အညှိုးထားနေတုန်းလား..."

ပြောပြီးသောအခါ ချန်ယွမ်က ရှေ့သို့ကိုင်း၍ ချန်ရုံ့အားသေချာကြည့်နေလိုက်သည်။

ချန်ရုံက ခေါင်းကိုငုံ့ထားဆဲဖြစ်သည်။ အချိန်အတန်ကြာသွားသည့်အခါမှ ချန်ရုံသည် သွားကိုစေ့၍ ခပ်တိုးတိုးပြောလိုက်သည်။

"အညှိုးမထားဝံ့ကြောင်းပါ ဦးလေး..."

ချန်ယွမ်ကတော့ ဘာမှ သတိမထားမိပဲ ဆက်၍ ပြုံးနေသည်။ သို့သော် သခင်မလီကတော့ နှုတ်ဆိတ်နေသော ချန်ရုံ့အား မသင်္ကာသည့်မျက်လုံးများဖြင့် အကဲခတ်နေလေသည်။

ထို့နောက် ချန်ယွမ်သည် ခေါင်းကိုမော့၍ အပြင်မှ နေလုံးကို လှမ်းကြည့်လိုက်ပြီးမှ ချန်ရုံ့ကို လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။

"မင်းသွားလို့ရပြီ အားရုံ...မင်းလည်း ပြင်ဆင်စရာတွေ ရှိဦးမှာပေါ့..."

ချန်ရုံက ချန်ယွမ်၏အမိန့်နှင့်အတူ ဖြည်းညှင်းစွာထလိုက်သည်။

ချန်ရုံသေချာပင် မထရသေးခင်မှာပင် အပြင်မှ ခြေသံများထွက်ပေါ်လာသည်။

မကြာခင်မှာပင် မောဟိုက်၍ အသက်ကို ပြင်းစွာရှူနေရသောအသံတစ်ခုက အပြင်မှ လှမ်းပြောလိုက်သည်။

"ကျွန်တော်တို့ ပြန်ရောက်ပါပြီ သခင်ကြီး..."

ထိုအသံကိုကြားသောအခါ ချန်ယွမ်က မတ်တပ်ထရပ်၍ ထိုလူများနှင့်တွေ့ရန် အပြင်သို့ ထွက်သွားလိုက်သည်။

"ဘာဖြစ်လို့ မင်းတို့က အစောကြီး ပြန်ရောက်လာကြတာလဲ...ဝမ်ရိနဲ့ မတွေ့ခဲ့ကြဘူးလား..."

သခင်မရွမ်နှင့် သခင်မလီတို့ကို အရိုအသေပေး၍ ပြန်ရန်ပြင်နေသော ချန်ရုံသည် ဝမ်ရိ ဟူသောနာမည်ကိုကြားသောအခါ ခြေလှမ်းများ ရပ်တန့်သွားသည်။

ချန်ရုံတစ်ဦးတည်းမဟုတ်ပေ။ သခင်မရွမ်နှင့် သခင်မလီတို့သည်လည်း စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်၍ ထိုင်ခုံများဆီမှ လှေကားနားသို့ ပြေးသွားကြသည်။

လှေကားအောက်၌ တောင့်တင်းကြံ့ခိုင်သော အစေခံ တစ်ဒါဇင်ခန့်ရပ်နေကြသည်။ ထိုအစေခံများရှေ့၌ အသက်သုံးဆယ်ခန့်ရှိ၍ ဖြူဖျော့သောအသားအရည်၊ နူးညံ့သောမျက်နှာသွင်ပြင်နှင့် လူတစ်ယောက် ရပ်နေသည်။ ကြည့်လိုက်ရုံနှင့်ပင် ထိုလူသည် စကားအရာ၌ ကျွမ်းကျင်လိမ္မာသူဖြစ်မှန်း သိနိုင်သည်။

သို့သော်လည်း ထိုလူသည် ယခုအချိန်တွင်တော့ ခေါင်းကိုငုံ့ထား၍ စကားပြောရန်တုံ့ဆိုင်းဆိုင်းဖြစ်နေလေသည်။

စိတ်လှုပ်ရှားနေသောချန်ယွမ်က ဒေါသတကြီးအော်လိုက်သည်။

"ဘာဖြစ်လာကြတာလဲ...ငါ့ကိုပြောစမ်း..."

အစေခံက တုန်လှုပ်သွားပြီးမှ လေပျော့လေးဖြင့်ပြောလိုက်သည်။

"ကျွန်တော် ပြောရမှာ ကြောက်ရွံ့မိပါတယ်..."

ချန်ယွမ်က မျက်နှာပျက်သွားသည်။ ချန်ယွမ်သည် ထိုအစေခံအား စိုက်ကြည့်နေပြီးမှ သတိထား၍မေးလိုက်သည်။

"ဝမ်ရိက မကောင်းတာတစ်ခုခုပြောလိုက်လို့လား..."

အစေခံက ခေါင်းခါပြလိုက်သောအခါမှ ချန်ယွမ်သည် စိတ်အေးစွာ သက်ပြင်းချ၍ စိတ်မရှည်သကဲ့သို့ပြောလိုက်သည်။

"ဒါဆို ဘာဖြစ်လာလို့လဲ...ငါ့ကို အမှန်အတိုင်းပြောစမ်း..."

"ဟုတ်ကဲ့..."

အစေခံက ချန်ယွမ်အား အရိုအသေပေးလိုက်ပြီးမှ စပြောတော့သည်။

"အရှင်ပြောတဲ့အတိုင်း လက်ဆောင်ပစ္စည်းတွေကိုယူပြီး ကျွန်တော်တို့ ဝမ်အိမ်တော်ကိုသွားခဲ့ပါတယ်...ကျွန်တော်တို့ အိမ်တော်ရဲ့ ပင်မတံခါးပေါက်ကဝင်ပြီး ဝမ်အိမ်တော်ရဲ့ နာမည်ပြားကို ပြပြီး သခင်ကြီးဝမ်ရိနဲ့ တွေ့ခွင့်တောင်းခဲ့ပါတယ်..."

ပြောနေရင်းဖြင့် အစေခံက ချန်ယွမ့်အားမော့ကြည့်လိုက်ပြီးမှ ခပ်တိုးတိုးဆက်ပြောသည်။

"ဂိတ်တံခါးက အစောင့်က ကျွန်တော်တို့ရဲ့ နာမည်ပြားကိုယူလိုက်တဲ့အချိန်မှာပဲ ဝမ်ချီလန်ရဲ့ ရထားလုံးကဆိုက်ရောက်လာပါတယ်...ကျွန်တော်တို့ကိုမြင်တော့ ချီလန်က အနားလာပြီး မေးမြန်းပါတယ်..."

အစေခံ၏အသံက တိုးတိတ်နေရာမှ ထစ်အထစ်အဖြစ်လာသည်။

"ကျွန်တော်တို့က အကျိုးအကြောင်းပြောပြလိုက်တဲ့အခါမှာ ဝမ်ဟုန်က ကျွန်တော်တို့ကို သခင်ကြီးကိုပြန်ပြောပေးဖို့ စကားတစ်ခွန်းပါးပြီး အိမ်ကိုပြန်ခိုင်းလိုက်ပါတယ်...

ထိုစကားကိုကြားသောအခါ ချန်ယွမ်၏မျက်နှာက အလွန်အမင်းပျက်သွားသည်။

ချန်ယွမ်သည် ချန်ရုံ့အား လှည့်ကြည့်၍ စိတ်ထဲမှတွေးလိုက်သည်။

ဝမ်ဟုန်က ဒီကောင်မလေးကို ဘယ်တုန်းကမှ မနှစ်သက်ခဲ့လို့လား...ဒါဆိုရင်တော့ ဒီကောင်မလေးက ဘာမှအသုံးမကျတဲ့ အမှိုက်တစ်စပဲ...ဒီလောက်တောင် ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး ယောင်္ကျားတစ်ယောက်ကိုတောင် သေချာမမြူဆွယ်နိုင်ဘူး...

ချန်ယွမ်က အနောက်သို့လှည့်ကြည့်နေသည်ကို မြင်သောအခါ အစေခံက စကားပြောရပ်သွားသည်။

ချန်ယွမ်က ရိုကျိုးစွာရပ်နေသော ချန်ရုံ့အား ဒေါသတကြီးစိုက်ကြည့်လိုက်ပြီးသောအခါ အရှေ့သို့ ပြန်လှည့်၍ အော်လိုက်သည်။

"အဲဒီတော့ ချီလန်က ဘာပြောလိုက်တာလဲ...မင်းက ဘာဖြစ်လို့ တန်းလန်းကြီးရပ်ပြီး ဆက်မပြောရတာလဲ ဟမ်..."

အစေခံက ချန်ယွမ်၏ဒေါသအောက်၌ ကျုံ့ဝင်သွား၍ ထပ်ခါတလဲလဲပြောလိုက်သည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့..."

ချန်ယွမ်ဆူဆဲ‌နေရာမှ ရပ်သွားအောင် စောင့်နေပြီးမှ အစေခံက ထစ်အစွာဖြင့် ဆက်ပြောလိုက်သည်။

"ဒါ ဝမ်ဟုန်ပြောလိုက်တဲ့စကားတွေပါ သခင်ကြီး...ခင်ဗျားက ခင်ဗျားရဲ့သမီးကို လက်ထပ်ပေးဖို့လုပ်နေတာလား...ရာထူး နေရာတစ်နေရာရဖို့ ရောင်းစားနေတာလား...ဒီလို သူ့ရဲ့ မိတ်ဆွေတွေအတွက် အသက်ကိုတောင်စွန့်လွှတ်ဖို့ကြိုးစားခဲ့တဲ့ သတ္တိရှိလှတဲ့ မိန်းမငယ်တစ်ယောက်ကို ဒီလိုမျိုးခံစားရအောင်လုပ်တာဟာ စော်ကားမှုတစ်ခုပဲ...အဲဒီလိုပြောလိုက်ပါတယ် သခင်ကြီး..."

အစေခံ၏စကားဆုံးသွားသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ချန်ယွမ်သည်လည်း ဘာပြောရမည်မသိဖြစ်သွားသည်။

ချန်ယွမ်သည် အစေခံအားငေးကြည့်နေ၍ သူ့နားကို သူမယုံနိုင်ဖြစ်နေသည်။ တဖြည်းဖြည်းနှင့် သူ့မျက်နှာသည် သွေးဆုတ်ဖြူလျော်လာသည်။

"သူက ဘာ..ဘာပြောလိုက်တယ်..."

ချန်ယွမ့်ကိုကြည့်၍ အစေခံသည် စကားပြောသည်ကိုရပ်ကာ မြေကြီးပေါ်၌ ဒူးထောက်ချလိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ချန်ယွမ်၏မျက်နှာက ပို၍ပင် ဖြူလျော်လာသည်။

ချန်ယွမ်သည် အစေခံအား ဆက်၍ ‌ငေးကြည့်နိုင်ကာ မယုံနိုင်သည့်ပုံဖြင့် တစ်ကိုယ်တည်း တီးတိုးပြောနေသည်။

"မဖြစ်နိုင်ဘူး...လူတိုင်းက ဝမ်ဟုန်က အရမ်းကို ယဉ်ကျေးသိမ်မွေ့ပြီး အဆင့်အတန်းရှိတယ်လို့ပြောကြတာ...သူက တခြားလူတွေက ဘယ်တော့မှ ဒီလိုစကားလုံးတွေနဲ့ ထိခိုက်နာကျင်အောင် ပြောမှာမဟုတ်ဘူး..."

ချန်ယွမ်၏အသံက တဖြည်းဖြည်းနှင့် မကြားရတော့လောက်အောင် တိုးတိတ်သွားသည်။

ချန်ရုံသည်လည်း ဘာပြောရမည်မသိဖြစ်နေသည်။

သို့သော် ချန်ရုံသည် ပြောစရာစကားမရှိဖြစ်နေသော်လည်း စိတ်ထဲ၌ အေးချမ်း၍ ပျော်ရွှင်နေမိသည်။ ချန်ယွမ်၏ လေလုံးထွားကြွားဝါနေသောမျက်နှာကြီး တဖြည်းဖြည်းနှင့် ဖြူလျော်သွားကာ ပြာပင်ပြာလာသည်ကိုမြင်သောအခါ ချန်ရုံသည် အလျင်အမြန်ပင် ခြံဝန်းထဲမှ ထွက်လာခဲ့တော့သည်။


Xxxxx