အပိုင်း ၁၁၀
Viewers 18k

Chapter 110





ဂိတ်တံခါးမှ ထွက်လာပြီးသည်နှင့် တပြိုင်နက် ချန်ရုံသည် မထိန်းနိုင်တော့ပဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိတော့သည်။ သို့သော် အလျင်အမြန် ပါးစပ်ကိုပြန်ပိတ်၍ ခေါင်းငုံ့ကာ အိမ်သို့ အမြန်ပြန်လာခဲ့လိုက်သည်။

မကြာမီတွင် ချန်ရုံ၏အဆောင်တော်ဆီသို့ ပြန်ရောက်လာတော့သည်။

ချန်ရုံဝင်လာသည်ကို မြင်သောအခါ အထိန်းတော်ဖျင်က အလျင်အမြန်ပြေးလာသည်။ သို့သော် ချန်ရုံ့နားသို့ရောက်လာသောအခါ အထိန်းတော်ဖျင်၏ခြေလှမ်းများ တုံ့ဆိုင်းသွားရသည်။

အဘယ်ကြောင့်ဆိုသော် ချန်ရုံတစ်ယောက် အင်္ကျီဝတ်ရုံလက်များကို လှုပ်ခါ၍ ရယ်မောနေသည်ကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။

ချန်ရုံ၏ရယ်သံမှာ ကျယ်လောင်၍ ကြည်လင်လွတ်လပ်ပေါ့ပါးကာ သာယာနေသည်။

ထိုကဲ့သို့သောရယ်သံမျိုးကို အထိန်းတော်ဖျင်မကြားရသည်မှာ အတော်ပင်ကြာနေပြီဖြစ်သည်။

အထိန်းတော်ဖျင်သည် ပထမတွင်တော့ အံ့ဩသွားသော်လည်း ချန်ရုံ့ကိုကြည့်ရင်းဖြင့် သူလည်း ပျော်ရွှင်လာမိသည်။

ချန်ရုံသည် ပါးစပ်ကိုအုပ်၍ အချိန်အတော်ကြာအောင် အရူးလေးတစ်ယောက်ကဲ့သို့ရယ်နေမိသည်။ ထို့နောက် ဗိုက်ကို လက်ဖြင့် ကိုင်၍ ရယ်နေပြန်သည်။ အထိန်းတော်ဖျင်က အနားသို့ အမြန်ရောက်လာ၍ ချန်ရုံ့အား ထိန်းကိုင်ပေးလိုက်သည်။

ချန်ရုံသည် အထိန်းတော်ဖျင်ကို မှီ၍ ရယ်မောနေပြန်လေသည်။

အချိန်အတော်အတန်ကြာသွားသည့်အချိန်မှပင် ချန်ရုံ အရယ်ရပ်တော့သည်။ အထိန်းတော်ဖျင်ကလည်း ရယ်၍ မေးလိုက်သည်။

"ဘာတွေဖြစ်နေတာလဲ မမလေး...ဒီနေ့ အရမ်းတွေ ရွှင်မြူးနေပါလား..."

ချန်ရုံက ပျော်ရွှင်စွာဖြင့် မျက်လုံးများကိုမှေးစင်းလိုက်ကာ သခင်မရွမ်၏ အိမ်တော်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် အထိန်းတော်ဖျင်နားသို့ တိုးကပ်၍ ‌လေသံလေးဖြင့်ပြောလိုက်သည်။

"ချန်ယွမ်က ဝမ်ချီလန်ရဲ့ အပြစ်ပြောတာကို ခံလိုက်ရတယ်..."

"တော်တော်လေးကို မာထန်တဲ့ အပြစ်တင်မှုပဲ..."
ချန်ရုံသည် လေးနက်သည့်လေသံလေးဖြင့် ဆက်ပြောလိုက်သည်။

"ဟားဟား...ဝမ်ချီလန်ရဲ့ အပြစ်တင်မှုကို ချန်ယွမ် ခံနိုင်ပါ့မလားတောင်မသိဘူး..."

အထိန်းတော်ဖျင်၏ အလွန်အမင်းအံ့ဩတုန်လှုပ်သွားသောမျက်နှာကိုမြင်‌လိုက်သောအခါ ချန်ရုံက ဘာမှဆက်မပြောတော့ပေ။ အထိန်းတော်ဖျင်အား တွန်းဖယ်လိုက်၍ အခန်းဆီသို့သာ ခုန်ပေါက်ပြန်သွားတော့သည်။

လမ်းတစ်လျှောက်တွင်လည်းချန်ရုံသည် မြူးထူးစွာ ခုန်ပေါက်၍ သီချင်းများပင် ဆိုသွားလိုက်သေးသည်။

အရင်တစ်ခေါက်က ချန်စန်းလန်သည် ချန်ရုံနှင့်အတူ ဧည့်ခံပွဲသို့လိုက်ခဲ့စဉ်က သူ၏အပြုအမူများကြောင့် ပညာရှိတစ်ဦး၏အရှက်ခွဲခြင်းကိုခံလိုက်ရသည်။ ထိုအရှက်ခွဲခံလိုက်ရခြင်း၏ရလဒ်အနေဖြင့် ချန်စန်းလန်သည် ယခုအချိန်အထိ အိမ်ထဲ၌သာ ပုန်းအောင်းနေရ၍ သူ၏ သုံးစားမရသော သူငယ်ချင်းများဖြင့်ပင် အပြင်သို့ လျှောက်မသွားနိုင်တော့ချေ။

အခြေအနေက အလွန်ဆိုးသောကြောင့် ချန်ယွမ်သည် ကျန့်ခန်း၌ ချန်စန်းလန်အတွက် လယ်ကွက်များနှင့် ဆိုင်ခန်းများကိုပါ ဝယ်ယူထားပေးရပြီးဖြစ်သည်။ ချန်စန်းလန်သည် ပညာရှိအသိုင်းအဝိုင်းမှ ထွက်၍ ကုန်သည်တစ်ဦးအဖြစ်သာ အသက်မွေးရတော့မည်ဖြစ်သည်။

အခြားနည်းလမ်းလည်း မရှိပါချေ။ ထိုစကားလုံးများသည် လူတစ်ဦး၏ဘဝကိုပင် ပျက်သွားစေ‌နိုင်သော ချိုးဖဲ့ပြောဆိုသည့်စကားများဖြစ်သည်။

ယခုတွင်တော့ ချန်ယွမ်၏အလှည့်သို့ ရောက်ပေပြီ။

ဝမ်ချီလန်၏ မှိုချိုးမျှစ်ချိုးပြောလိုက်သည့်စကားများအတွက် နောက်ဆက်တွဲ မည်သို့ဖြစ်မည်နည်း။ ချန်ရုံသည် သတင်းစကားကို မျှော်လင့်တကြီး စောင့်ဆိုင်းနေမိသည်။

ချန်ရုံလိုချင်နေသောအဖြေကို နောက်တစ်နေ့၌ သိလိုက်ရသည်။ ညနေခင်းတွင် ချန်ကုန်းရန်းသည် ချန်ယွမ့်အား ဘိုးဘွားကျောင်းဆောင်သို့ အတင်းခေါ်သွား၍ ချန်ယွမ်ပိုင်ဆိုင်ရမည့် အမွေများကို တရားဝင်ရုတ်သိမ်းလိုက်သည်။ အကယ်၍ ဤအချိန်မှာသာ ချန်ကုန်းရန်း ဆုံးပါးသွားခဲ့ပါက နန်ယန်မြို့၏ချန်အိမ်တော်ကို အမွေဆက်ခံရမည့်လူသည် ကုန်သည်များမှ ပေါက်ဖွားလာသည့် ချန်စူး ဖြစ်သွားတော့သည်။

ကံမကောင်းစွာပင် ထိုအမွေများဆုံးရှုံးလိုက်ရခြင်းသည် ချန်ယွမ်အတွက် တစ်ခုတည်းသော ဆုံးရှုံးခြင်းမဟုတ်ပေ။ ချန်ယွမ်သည် တရားဝင်ရာထူးတစ်ခုရရန်သာ ကြိုးစားနေခဲ့သောကြောင့် ပညာရှိများကြား၌ ချန်ယွမ်သည် ပညာမရှိပဲ မိုက်မဲသောလူတစ်ဦးအဖြစ် သတင်းကြီးနေပြီဖြစ်လေသည်။

ထို့ကြောင့် ဝမ်ဟုန်၏ အပြစ်တင်စကားများကြောင့် ချန်ယွမ့်အားလက်ညှိုးထိုး၍ မကောင်းပြောမည့်လူများ တစ်စတစ်စ ပိုပိုများလာတော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်ပေါင်းများစွာ ကုန်လွန်သွားကာ ဆောင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည်။

တစ်ခုသောရက်၏နံနက်စောစောတွင် ချန်ရုံသည် ခေါင်းကိုလှည့်၍ အပြင်သို့ လှမ်းကြည့်ကာ တအံ့တဩမေးလိုက်သည်။

"ဘာဖြစ်လို့ အပြင်က အရမ်းလင်းနေရတာလဲ..."

အထိန်းတော်ဖျင်က အငွေ့များထောင်းထောင်းထနေသော ရေဇလုံကိုသယ်၍ အခန်းထဲသို့ဝင်လာသည်။ အထိန်းတော်ဖျင်သည် ရေစိုနေသော တဘက်ကို လိမ်ညှစ်၍ ရယ်မောကာပြန်ဖြေလိုက်သည်။

"နှင်းကျနေတာကိုး မမလေးရဲ့..."

"နှင်းကျနေပြီလား..."
ချန်ရုံက အော်လိုက်သည်။

အထိန်းတော်ဖျင်က ကြင်နာနူးညံ့စွာ ပြုံးရယ်လိုက်သည်။

"ဟုတ်တယ် မမလေးရဲ့...နှင်းက တော်တော်ကို ကျနေတာ...တကယ်ကို သတင်းကောင်းပါပဲ..."

အထိန်းတော်ဖျင်၏အသံက ပျော်ရွှင်မှုဖြင့် တုန်ယင်နေသည်။

ချန်ရုံသည်လည်း ထိုနည်းတူပင်ဖြစ်သည်။

မတတ်နိုင်ပါ။ နန်ယန်တစ်မြို့လုံးသည် ယခုနှစ် နှင်းကျရန် အလွန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြရပြီမဟုတ်လား။

နှင်းကျသည်နှင့် တပြိုင်နက် ဟူလူမျိုးများသည်လည်း တောင်ဘက်ပိုင်းသို့ လာကြတော့မည်မဟုတ်ချေ။ နှင်းများသည် မရပ်တော့ပဲ အမြဲတစ်သက်လုံးကျနေရန်သာ ဆုတောင်းလိုက်ချင်တော့သည်။

ချန်ရုံသည် အထိန်းတော်ဖျင်က ပို၍ ပွတ်တိုက်ပေးရလွယ်ကူစေရန် မျက်နှာကို မော့ပေးထားလိုက်ရင်းဖြင့် အပြင်မှ ဝမ်းမြောက်ဝမ်းသာစွာ အော်ဟစ်သံများကို နားထောင်နေလိုက်သည်။
"နှင်းကျနေပြီပဲ...တကယ်ကို နှင်းတွေကျနေပြီပဲ..."

တကယ်တော့ ချန်ရုံသည် ဤအချိန်၌ နှင်းကျမည်ကို သေချာပေါက်သိထားသော်လည်း တစ်မြို့လုံး၏ စိတ်ပူပန်နေကြမှုကြောင့် ချန်ရုံပင်လျှင် ရောယောင်၍ စိတ်ပူခဲ့မိသည်။ ယခု နှင်း တကယ်ကျလာမှသာလျှင် ချန်ရုံလည်း သက်ပြင်းချနိုင်တော့သည်။

အထိန်းတော်ဖျင်ကတော့ အတော်ပင်ပျော်နေသည်။ ချန်ရုံရေချိုးရန် ဆားပြာကိုပြင်ဆင်နေရင်းက ချန်ဝေ့၏အိမ်တော်ဘက်သို့ လှမ်းကြည့်၍ တိုးတိုးလေးပြောလိုက်သည်။

"မမလေး...ညက အဲဒီဘက်က ငိုနေသံတွေကြားတယ်...အားဝေ့က တစ်နာရီနီးပါးလောက် ငိုနေခဲ့တာ..."

ချန်ရုံ၏ မျက်လုံးထဲ၌ ကျေနပ်မှုလေး ဖြတ်ခနဲပြေးသွား၍ ပြုံးလိုက်သည်။

ချန်ရုံ မျက်နှာသစ်ပြီးသွားသောအခါ အထိန်းတော်ဖျင်က ရေနွေးငွေ့ဖြင့်ပေါင်းထားသော တဘက်ကို လှမ်းပေးရင်းဖြင့် ပြောလိုက်သည်။

"သခင်ကြီးချန်ကုန်းရန်းက မမလေးကို သခင်ကြီးချန်ယွမ်ရဲ့ အုပ်ထိန်းမှုအောက်ကနေ ဖယ်ပေးဖို့ အမိန့်ပေးရင်ကောင်းမှာပဲနော်...အင်း မမလေး ဒီတစ်ခေါက်တော့ သူတို့တစ်မိသားစုလုံးကို စော်ကားမိသလိုဖြစ်သွားပြီထင်ပါရဲ့...ချန်ဝေ့က မမလေးကို သူကိုယ်တိုင်သတ်ပစ်ချင်တယ်လို့ပြောနေတာကိုတောင် ကျွန်မ ကြားခဲ့ရတယ်..."

ချန်ရုံက ပြုံးနေရာမှ တဖြည်းဖြည်းမျက်နှာတည်သွားသည်။ ထို့နောက် မျက်လွှာချ၍ တစ်ချက်ရယ်လိုက်သည်။

"ဒါကတော့ မတတ်နိုင်ဘူးလေ..."

အထိန်းတော်ဖျင်ကတော့ ဘာမှဆက်မပြောတော့ချေ။

ကိုယ်လက်သန့်စင်ပြီးသောအခါ ချန်ရုံသည် တံခါးဆီသို့သွား၍ တွန်းဖွင့်လိုက်သည်။

တံခါးပွင့်သွားသောအခါ အေးစက်နေသောအအေးဓာတ်က အခန်းထဲသို့ ဝင်လာသည်။ တစ်ချိန်တည်းမှာပင် အဖြူပေါ်အဖြူထပ်နေသော နှင်းထုကြီးကိုလည်း မြင်လိုက်ရသည်။

မြင်မြင်သမျှ ဖြူစင်ဝင်းပနေသော ကမ္ဘာကြီးကိုကြည့်၍ ချန်ရုံက ရယ်မောကာပြောလိုက်သည်။

"နှင်းတွေ ဘယ်လောက်တောင်ကျနေလဲ ကြည့်ပါဦး..."

ချန်ရုံက နှင်းများအကြောင်းကို ပျော်ရွှင်စွာပြောနေသည်ကိုမြင်သောအခါ အထိန်းတော်ဖျင်သည်လည်း လိုက်၍ ရယ်မောလိုက်သည်။

ချန်ရုံသည် သူမ၏ မျက်နှာလေးကိုမော့၍ အေးမြစွာတိုက်ခတ်နေသောလေကို သေချာခံစားနေလိုက်သည်။ အအေးဓာတ်က ပြင်းထန်လွန်း၍ ချန်ရုံသည် အသက်တစ်ချက်ရှူလိုက်တိုင်း သူမ၏ နှာခေါင်းလေး အေးခဲသွားတော့မည်ဟု ခံစားနေမိသည်။

ချန်ရုံသည် သူမ၏မျက်စိရှေ့မှ မြင်မြင်သမျှဖြူဖွေးနေသော နှင်းများအောက်မှ တိုးထွက်နေသော အညိုရောင်တောင်ကမူလေးနှင့် နှင်းများအထပ်ထပ်တင်နေသော သစ်ပင် ပင်စည်ကိုကြည့်ရင်း တွေးနေမိသည်။

ဟုတ်တယ်...ငါ သူတို့တစ်မိသားစုလုံးကို စော်ကားမိသွားပြီထင်တယ်...ဒါပေမယ့် ချန်ကုန်းရန်းက ငါ့ကိုကာကွယ်ပေးမှာပါ...ချန်ကုန်းရန်းက ရေရှည်အကျိုးကိုကြည့်တတ်တဲ့လူပဲ...ရန်မင်းရော ဝမ်ဟုန်ရောက ငါ့ကို စိတ်ဝင်စားနေတာကိုသူလည်းသိနေတော့ တခြားလူတွေ ငါ့ကို ထိခိုက်မှာကို သူမလိုလားလောက်ပါဘူး...

ချန်ရုံ ထိုသို့တွေးလိုက်သောအခါမှ အနည်းငယ် စိတ်သက်သာရာရသွားသည်။

ပြင်းထန်စွာကျသောနှင်းများကြောင့် နန်ယန်တစ်မြို့လုံး တက်တက်ကြွကြွဖြစ်ကုန်ကြသည်။

ချက်ချင်းပင် အော်ဟစ်သံများနှင့် ကျူရိုးမှုတ်သံများက လမ်းများပေါ်၌ ပြည့်သွားသည်။ မိန်းကလေးများနှင့် ယောင်္ကျားလေးလူငယ်များသည်လည်း လမ်းများပေါ်၌ မြင်းရိုင်းများကဲ့သို့ ပျော်ရွှင်စွာပြေးလွှားနေကြသည်။

အိမ်ထဲမှ အိမ်ပြင်သို့မထွက်သော ချန်ဝေ့နှင့်မတူပဲ ချန်ရုံ၏ အိမ်ဝန်းထဲတွင်တော့ အိမ်တော်အများအပြားမှ ချန်ရုံ့ကိုလာတွေ့ကာ ဧည့်ခံပွဲများဆီသို့ တက်ရန် ဖိတ်ကြားသော အစေခံများဖြင့် ပြည့်နေလေသည်။

သို့သော်လည်း မည်သူပင်လာလာ ချန်ရုံကတော့ အကုန်လုံးကို ငြင်းပယ်ချနေလေသည်။ ချန်ရုံသည် လူမှုရေးအခြေအနေများ၌ အပြောအဆိုမတတ်မှန်း သူမဘာသာ သိလေသည်။ ထိုကဲ့သို့ ဧည့်ခံပွဲများသို့သွားခြင်းသည် ချန်ရုံ့အား ပို၍ နာမည်ကြီးစေမည်မဟုတ်ပဲ လူများအလှောင်ခံရမည်က ပိုနေသည်။

ချန်ရုံသည် နှစ်ဘဝစာ ရှင်သန်နေထိုင်ရသည့်ရလဒ်က သူမ၏အကြောင်းကို သူမဘာသာ ပို၍သိလာခြင်းဖြစ်သည်။ ချန်ရုံသည် ဉာဏ်ကောင်းသည့်လူမဟုတ်ပဲ ပြစ်ချက်များစွာရှိသူဖြစ်သည်။ တစ်နေ့ တစ်နေ့ ချန်ရုံသည် သူမ၏ဘဝ စည်ပင်တိုးတက်ရေးအတွက် သူမ အား မနှိမ်ချမည့် လင်ယောင်္ကျားနှင့် မိသားစုများ၊ မိသားစုအတွင်းရေး မရှုပ်ထွေးသောမိသားစုများကိုသာ ရှာဖွေနေမိသည်။

သို့သော်လည်း ထိုကဲ့သို့သော ရိုးစင်းသည့်ဘဝလေးကိုရရန်အခွင့်အရေးသည်ပင် ချန်ရုံနှင့် တစ်စတစ်စ ပို၍ဝေးကွာလာသကဲ့သို့ရှိလေသည်။

တွေးနေရင်းဖြင့် ချန်ရုံသည် နှင်းများဖုံးနေသော ပြတင်းပေါက်ဆီသို့ လေပူများမှုတ်ထုတ်ကာ အထိန်းတော်ဖျင်အား လှည့်မကြည့်ပဲ ခေါ်လိုက်သည်။
"အထိန်းတော်ဖျင်..."

အလျင်အမြန်လျှောက်နင်းလာသော ခြေသံများနှင့်အတူ အထိန်းတော်ဖျင်ပေါ်လာသည်။
"ဘာလဲ မမလေး..."
အထိန်းတော်ဖျင်က ရယ်၍ ပြောလိုက်သည်။

ချန်ရုံသည် တဖြည်းဖြည်းနှင့် အရည်ပျော်ကြနေသော နှင်းများကို ငေးကြည့်နေမိသည်။ တလက်လက်တောက်ပနေသော ရေခဲများမှတဆင့် ချန်ရုံသည် ဝမ်ဟုန်၏ ဂုဏ်သရေမြင့်မား၍ ချောမောသောမျက်မှာနှင့် ထိုနေ့က ထွက်သွားတုန်းက နာကျင်သွားသောမျက်နှာထားကို သတိရနေမိသည်။

ထို့နောက် ကိုယ့်ကိုယ်ကိုယ်သတိမထားမိပဲ ချန်ရုံသည် ရင်ဘတ်ပေါ်သို့ လက်ကိုတင်လိုက်မိသည်။

ချန်ရုံသည် နှုတ်ခမ်းများကိုကိုက်၍ ပျော့ပျောင်းစွာပြောလိုက်သည်။

"အထိန်းတော် ကျွန်မအတွက် နာမည်ပြားပြင်ဆင်ပေးပါလား...ကျွန်မ သူ့ကို သွားတွေ့ချင်လို့..."

"သူ...ဟုတ်လား မမလေး..."
အထိန်းတော်ဖျင်က အံ့ဩစွာမေးလိုက်သည်။
"ဘယ်သူ့ကိုပြောတာလဲဟင်..."

ချန်ရုံက ပြန်ပြောလိုက်သည်။

"ဝမ်ချီလန်ပေါ့...သူက ချန်ယွမ့်ကို ကျွန်မက 'မိတ်ဆွေတွေအတွက် အသက်ကိုတောင်စွန့်လွှတ်ဖို့ကြိုးစားခဲ့တဲ့ သတ္တိရှိလှတဲ့ မိန်းမငယ်တစ်ယောက်' လို့ပြောခဲ့တယ်လေ...ကျွန်မ သူ့ဆီသွားပြီး ကျေးဇူးတင်ကြောင်းပြောရမယ်..."

အထိန်းတော်ဖျင်က အချိန်အတော်ကြာ ဘာမှမပြောပဲနေနေသည်။ ထို့နောက်တွင်မှ ခပ်တိုးတိုးပြောလိုက်သည်။

"ဝမ်ချီလန်က မမလေးကို ဂုဏ်သရေရှိကိုယ်လုပ်တော်အနေနဲ့ တင်မြှောက်တာကိုပဲ ကျွန်မကတော့ ပိုသဘောကျတယ်..."

အထိန်းတော်ဖျင်သည် ချန်ရုံ့အားကြည့်၍ ဝမ်းနည်းစွာပြောလိုက်သည်။

"မမလေးရယ်...ဝမ်ချီလန်ရဲ့ ဂုဏ်သရေရှိကိုယ်လုပ်တော်ဖြစ်ဖို့ဆိုတာ ထိုင်ဆုတောင်းရင်တောင် လူတိုင်းဖြစ်ခွင့်ရှိတာမဟုတ်ဘူး...သူက အခုအချိန်မှာ ပြဿနာတွေဖြစ်နေတာကို မမလေးက သူ့ကိုသွားပြီး ကျေးဇူးတင်ဦးမလို့လား..."

ချန်ရုံက မျက်လွှာချလိုက်သည်။

"ကျွန်မ တစ်နေ့နေ့မှာ နန်းတွင်းသူပဲ ဖြစ်လာဖြစ်လာ...ပညာရှိပဲ ဖြစ်လာဖြစ်လာ ကိုယ်လုပ်တော်ကတော့ ဖြစ်နေရဦးမှာပဲ..."

ချန်ရုံက အေးစက်စွာပြောလိုက်သည်။

"အထိန်းတော် ဒီတစ်ခေါက်မှာတော့ ကျွန်မ လူဆန်ဆန်ပဲ နေတော့မယ်လို့ ကျွန်မကိုယ်ကျွန်မ ကတိပေးထားတယ်...အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မရဲ့ ကံကြမ္မာက လက်ထပ်ခြင်းအပေါ်မှာပဲ လုံးဝမှီခိုနေတာမဟုတ်လား...ဘာတွေပဲဖြစ်လာပါစေ ထိုက်တန်တဲ့ယောင်္ကျားတစ်ယောက်ကိုလက်ထပ်ပြီး အဆင့်အတန်းရှိတဲ့ ဘဝမှာနေချင်တယ်...ကျွန်မထပ်ပြီး မရှုံးချင်တော့ဘူး အထိန်းတော်..."

ခဏတိတ်ဆိတ်ပြီးသွားသောအခါမှ အထိန်းတော်ဖျင်က သက်ပြင်းချ၍ နားမလည်စွာမေးလိုက်သည်။
"ဘာဖြစ်လို့ ထပ်ပြီးမရှုံးချင်တော့ဘူး လို့ပြောတာလဲ မမလေး..."

ချန်ရုံ တစ်ကိုယ်လုံးတောင့်တင်းသွားမိသည်။ ‌အတော်ကြာသည့်အခါမှ ချန်ရုံက ခပ်တိုးတိုးပြန်ပြောလိုက်သည်။

"အထိန်းတော် နားကြားလွဲတာနေမှာပါ..."
ချန်ရုံ၏လေသံက လေးနက်နေသောကြောင့် အထိန်းတော်ဖျင်သည်လည်း ဘာမှထပ်မမေးတော့ချေ။


Xxxx