အပိုင်း ၁၁၁
Viewers 18k

Chapter 111
ရန်မင်း၏အဓမ္မခေါ်ဆောင်သွားမှုကို ခံရခြင်း



နာမည်ပြားက မကြာခင်အဆင်သင့်ဖြစ်သွား၍ ချန်ရုံသည် အိမ်တော်ထဲမှ ရထားလုံးဖြင့်ထွက်လာတော့သည်။

ဂိတ်တံခါးကို ကျော်ဖြတ်လာပြီးသောအခါ ချန်ရုံသည် လိုက်ကာကိုမ၍ ချန်ဝေ့၏ အိမ်ဝန်းထဲသို့ လှမ်း၍ အကဲခတ်လိုက်သည်။ ခြံတံခါးများက ပွင့်ဟနေသော်လည်း ခြံဝန်းတစ်ခုလုံးကတော့ တိတ်ဆိတ်နေသည်။ တစ်ချက်လှမ်းကြည့်ရုံနှင့်ပင် အလုပ်ရှုပ်နေကြသော အစေခံများသည် အသက်ပင် ပြင်းပြင်းမရှူရဲပဲ ခေါင်းများငုံ့၍ သွားလာလှုပ်ရှားနေကြသည်ကို မြင်နေရသည်။

ထိုမြင်ကွင်းကိုကြည့်၍ ချန်ရုံ လှောင်ရယ်ချင်စိတ်ပေါက်လာသည်။ သို့သော် ချက်ချင်းပင် အကြည့်များဝေဝါးလာ၍ ဤကဲ့သို့သော မြင်ကွင်းအား အရင်ဘဝတုန်းကလည်း မြင်ခဲ့ရသည်ကို ချန်ရုံ သတိရသွားသည်။ ထိုအချိန်တုန်းကလည်း ချန်ဝေ့သည် ဤသို့သောအရှုံးနှင့် ရင်ဆိုင်ခဲ့ရ၍ ချန်ရုံကလည်း အောင်နိုင်သူတစ်ယောက်ကဲ့သို့ လှောင်ပြောင်ရယ်မောခဲ့သည်။

သို့သော်လည်း နောက်ဆုံး၌ ပြုံးရယ်နိုင်ခဲ့သူက ချန်ရုံမဟုတ်ခဲ့ပါချေ။

ထိုအတွေးနှင့်အတူ ချန်ရုံလည်း အသိစိတ်များ ပြန်နိုးထလာသည်။

မည်သည့်နေရာသို့ကြည့်ကြည့် အဖြူရောင်နှင်းများကသာ ဖုံးလွှမ်းနေသည်။ လွန်ခဲ့သောရက်အနည်းငယ်ကစ၍ နှင်းများက အဆက်မပြတ်ကျနေခဲ့ကာ ကမ္ဘာမြေကြိးအား နှင်း၏အဖြူရောင်ဆိုးပေးထားလေသည်။

နှင်းများနှင့် ရွှံ့များရောနေသော လမ်းပေါ်၌ လှည်းဘီးရာများဖြင့် ပြည့်နေသည်။ လမ်းဘေးမှ သစ်ပင်များပေါ်၌လည်း နှင်းများဖုံးနေသည်။ တစ်ခါတစ်ခါတွင် ရထားလုံးများက မြေကြီးကို တုန်ခါသွားစေရာ သစ်ပင်ပေါ်မှ နှင်းခဲများက ရထားလုံးခေါင်မိုးများပေါ်သို့ ပြုတ်ကျလာတတ်သည်။

ဖူး...အေးလိုက်တာ...

ချန်ရုံ လိုက်ကာကို ပြန်ပိတ်လိုက်ပြီး လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ ထို့နောက် လက်များကို အနွေးဓာတ်ရစေရန်မီးလင်းဖိုနားသို့ တိုးကပ်သွားလိုက်သည်။ အဖိုးစွင်းက အပြင်၌ထိုင်၍ မောင်းနှင်နေရသည်ကို သတိရသွားသောအခါ ချန်ရုံသည် မီးသွေးအနွေးပေးမီးဖိုအသေးလေးနှစ်လုံးထဲမှ တစ်လုံးကိုယူ၍ အပြင်သို့ လှမ်းပေးလိုက်သည်။

"အဖိုးစွင်း...လက်တွေကိုနွေးအောင်ထားပါ..."

အဖိုးစွင်း၏ရယ်သံက ရထားလုံးထဲသို့ရောက်လာသည်။

"မလိုပါဘူး သခင်မလေး မလိုပါဘူး...အဖိုးက ရထားလုံးလည်းမောင်းနေရတာဆိုတော့ လက်မအားဘူးလေ..."

အဖိုးစွင်းက ရယ်လိုက်သောအခါ မျက်နှာမှ ပါးရေတွန့်နေ‌များသည်က ပိုထင်ရှားလာသည်။ အဖိုးစွင်းသည်လည်း အထိန်းတော်ဖျင်ကဲ့သို့ပင် တောင်ပိုင်းသို့ရောက်လာသည့်အချိန်မှစ၍ ချန်ရုံတစ်ယောက် အလွန်ပင် ရင့်ကျက်လာသည်ဟု ခံစားရမိသည်။ ထို့ကြောင့် အဖိုးစွင်းလည်း ချန်ရုံ့အား တစ်စတစ်စ ပို၍ စိတ်ချလာမိသည်။

ရထားလုံးထဲမှ ချန်ရုံက "အင်း..." ဟုပြော၍ အနွေးပေးမီးဖိုကို အထဲသို့ ပြန်ထည့်လိုက်သည်။

ထိုအချိန်၌ ရထားလုံးသည် ချန်အိမ်တော်အဝန်းထဲမှထွက်လာ၍ မြို့ထဲသို့ ဦးတည်နေပြီဖြစ်သည်။

အံ့ဩဖွယ်ကောင်းစွာပင် လမ်း‌များပေါ်၌ လူများပြည့်နေသည်။ လူအများစုမှာ သာမာန်အရပ်သားများဖြစ်ကြသော်လည်း အထက်တန်းလွှာများ၏ ရထားလုံးများသည်လည်း ဥဒဟို သွားလာနေကြသည်။

အဖိုးစွင်းက ထိုမြင်ကွင်းကိုကြည့်၍ ပြုံးကာ ပြောလိုက်သည်။

"သခင်မလေး...လူတိုင်းက ဒီအေးချမ်းမှုကို ကောင်းကောင်းကြီးခံစားနေကြတာပဲ..."

ချန်ရုံကလည်း ပါးစပ်မဖွင့်ပဲ အသံပြန်ပေးလိုက်သည်။

မညီမညာသောနှင်းများဖုံးနေ၍ ရွှံ့များဖြင့် ချောနေသော လမ်းပေါ်သို့ ဖြတ်သွားသောအခါ လှည်းကို မနည်းထိန်း၍‌မောင်းနေရသည်။ ရထားလုံးသည် ခဏခဏချော်ထွက်သွား၍ ဘေးမှ ရထားလုံးကိုပင် သွားတိုက်မိတော့မလို ဖြစ်ဖြစ်သွားသည်။

ချန်ရုံက ရထားလုံးထဲမှ ခေါင်းထွက်၍ အော်ပြောလိုက်သည်။

"ဖြည်းဖြည်းမောင်းပါ အဖိုးစွင်း..."

"ဟုတ်ကဲ့ပါ သခင်မလေး..."

အဖိုးစွင်းက ရွှင်မြူးစွာ ပြန်ဖြေလိုက်ချိန်တွင် လူတစ်ယောက်၏စကားပြောသံက ချန်ရုံ့နားထဲသို့ ဝင်လာသည်။

"တပ်မှူးရန်မင်းက နန်ယန်ဆီကို ပြန်ရောက်နေပြီလို့ ပြောနေကြတာလား..."

"ဟုတ်တယ်...မနေ့ညက ရောက်လာတာတဲ့..."

အခြားလူတစ်ယောက်က ပြန်ပြောလိုက်သည်။

"ဟားဟား နှင်းကျတည်းက ကျွန်ုပ်က နည်းနည်းစိတ်အေးသွားတာ...အခု တပ်မှူးရန်လည်း ပြန်ရောက်လာပြီဆိုတော့ ပိုပြီး စိတ်ချလက်ချနေနိုင်ပြီပေါ့ဗျာ..."

ထိုလူတို့၏ စကားများကိုနားထောင်ရင်းဖြင့် ချန်ရုံက ပြုံး၍ အထဲသို့ ပြန်ဝင်လိုက်သည်။

ရထားလုံးက ရှေ့သို့ဆက်သွားနေသည်။ မကြာခင်မှာပင် ရထားလုံးသည် တောင်ဘက်လမ်းသို့ ရောက်ရှိလာသည်။

ချန်ရုံသည် ဤနေရာ၌ ဆိုင်ခန်းအချို့ဝယ်ယူပြီးသည့်အချိန်မှစ၍ အပြင်သို့ထွက်တိုင်း ထိုဆိုင်ခန်းများကို လာကြည့်လေ့ရှိသည်။ ထိုဆိုင်ခန်းများကို အပြင်မှကြည့်ရုံနှင့်ပင် သူမကိုယ်သူမ ချမ်းသာလာသကဲ့သို့ ချန်ရုံခံစားရမိသည်။

ချန်ရုံက လိုက်ကာကိုမကာ ဆိုင်ခန်းတစ်ခုချင်းစီကို လိုက်ကြည့်နေမိသည်။ ခဏကြာသောအခါ ခပ်ပြတ်ပြတ်ထပြောလိုက်သည်။

"အဖိုးစွင်း...ခဏရပ်လိုက်ဦး..."

အဖိုးစွင်းကလည်း အမိန့်နာခံ၍ ရထားလုံးကို အရှိန်လျှော့လိုက်သည်။

ချန်ရုံက ခေါင်းကိုငုံ့၍ ရထားလုံးပေါ်မှ ခုန်ဆင်းမည်လုပ်နေစဉ်မှာပင် ရုတ်တရက် ရင်းနှီးသောအသံနက်နက်တစ်သံကို ကြားလိုက်ရသည်။
"ချန်အိမ်တော်ရဲ့ အားရုံလား..."

ချန်ရုံသည် ထိုအသံကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံး တောင့်တင်းသွားမိသည်။

ချန်ရုံ ခပ်ဖြည်းဖြည်းမော့ကြည့်လိုက်၍ ထိုလူကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ချန်ရုံ၏မျက်နှာ၌ သိပ်မဖော်ရွေသော ယဉ်ကျေးသည့်အပြုံးတစ်ခု ပေါ်လာသည်။

အနားသို့ရောက်လာသောလူကို ကြည့်၍ ချန်ရုံသည် ခါးကို အနည်းငယ်ကိုင်း၍ တာဝန်အရပြောလိုက်သည်။

"မင်္ဂလာပါ တပ်မှူးရန်..."

သူ့အကြောင်း စဉ်းစား၍မဆုံးခင်မှာပင် သူက ရုတ်တရက် ပေါ်လာလေပေသည်။

ချန်ရုံရှေ့၌ ပေါ်လာသူမှာ တကယ်ပင် ရန်မင်းဖြစ်နေသည်။ ရန်မင်းသည် အရင်တစ်ခေါက်များနှင့်မတူပဲ ယခုတစ်ခေါက်တွင်တော့ ရထားလုံးထဲ၌ ထိုင်နေသည်။

ရန်မင်းသည် ချန်ရုံ့အား အရင်စိုက်ကြည့်ပြီးသောအခါမှ ရထားလုံးမောင်းသူကို လှမ်းကြည့်လိုက်သည်။

ရထားလုံးမောင်းသူသည် ခန္ဓာကိုယ်ကြီးမား၍ အရပ်လည်းမြင့်ကာ သူ၏မျက်လုံးများသည် ကြေးဝါခေါင်းလောင်းများနီးပါး ရှိကြသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ထိုလူသည် စစ်သည်တစ်ဦးမှန်းသိသာနိုင်သည်။ ရန်မင်း၏အမိန့်ပေးမှုအောက်တွင် ထိုရထားလုံးမောင်းသူသည် နားလည်သကဲ့သို့ တစ်ချက်ရယ်လိုက်၍ ရထားလုံးကို ချန်ရုံရှိရာသို့ မောင်းလိုက်သည်။

ချန်ရုံ၏ရထားလုံးက ဆိုင်ခန်းတစ်ခု၏ရှေ့ လမ်းဘေး၌ ရပ်ထားခြင်းဖြစ်သည်။ ရန်မင်း၏ရထားလုံးက လျင်မြန်စွာပင် အနားသို့ကပ်လာ၍ ချန်ရုံ၏ရထားလုံးကိုပိတ်ရပ်လိုက်သည်။

ရန်မင်းက ချန်ရုံ့အား ကြည့်လိုက်ပြန်သည်။ ချန်ရုံ့အား ခေါင်းအစ ခြေအဆုံး စိုက်ကြည့်ပြီးသောအခါမှ ရန်မင်းသည် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်သည်။

ထို့နောက် ခပ်တိုးတိုးရယ်၍ ပြောလိုက်သည်။

"မိန်းကလေး ငါတို့က အရင်က အသားချင်းတောင် ထိကပ်ခဲ့ကြတာပဲမဟုတ်လား...အခု ပြန်တွေ့မှ ဘာဖြစ်လို့ ငါနဲ့ အရမ်းစိမ်းကားသလိုပြုမူနေရတာလဲ..."

ချန်ရုံ၏မျက်နှာက နီရဲသွားကာ မော့ကြည့်၍ ရန်မင်းအား မျက်စောင်းထိုးလိုက်သည်။

ရန်မင်း၏ ဒေါသမထွက်သော်လည်း အမြဲတည်နေသည့် ချောမောသည့်မျက်နှာနှင့် ရင်ဆိုင်လိုက်ရသောအခါ ချန်ရုံသည် အကြည့်ကို ပြန်လွှဲလိုက်ရသည်။ ထို့နောက် နှုတ်ခမ်းကို ဖိကိုက်၍ တိုးတိတ်စွာပြောလိုက်သည်။

"စကားကို ထိန်းထိန်းသိမ်းသိမ်းပြောပါ တပ်မှူး..."

ချန်ရုံ၏လေသံက ခိုင်မာပြတ်သားနေသည်။

ရန်မင်းက ချန်ရုံ့အား မျက်တောင်မခတ်ပဲ ဆက်၍ငေးကြည့်နေပြီး အတော်ကြာမှ သက်ပြင်းချ၍ မေးလိုက်သည်။

"ပြောပါဦး မိန်းကလေး...ငါ မင်းကို ဘယ်လိုများ စိတ်ငြိုငြင်အောင် လုပ်မိခဲ့လို့လဲ..."

ထို့နောက် ရန်မင်းက နွမ်းနယ်စွာပြုံး၍ သူ၏ သံလိုက်ကဲ့သို့ ဆွဲဆောင်မှုအားကောင်းသောအသံဖြင့် ဆက်ပြောလိုက်သည်။

"ငါ့ကိုတွေ့တဲ့အခါတိုင်း မင်းက အမြဲကို ဒေါသထွက်နေတာပဲကိုး...ငါ့ကို မလိုမုန်းထားစိတ်နဲ့ အမြဲကြည့်နေတာ...မင်း ငါ့ကို ဘာဖြစ်လို့ မနှစ်သက်နိုင်ဖြစ်နေရတာလဲလို့ ငါအမြဲမေးပေမယ့် မင်း ဘယ်တော့မှ အဖြေမပေးခဲ့ဘူး..."

ရန်မင်းသည် ယနေ့ စိတ်ပျော်ရွှင်နေပုံရသည်။ သူ၏ မည်းမှောင်နက်ရှိုင်းသောမျက်လုံးများ၌ မြင်ရခဲသော နူးညံ့မှုနှင့် ကြည်စင်မှုရှိနေ၍ ကျောက်ဆစ်ပန်းပုကဲ့သို့သော ချောမောလှပသည့်မျက်နှာ၌လည်း အပြုံးဖျော့ဖျော့ရှိနေသည်။

ဤကဲ့သို့သော ရန်မင်းမှာ အလွန်မြင်ရခဲသော ရန်မင်းဖြစ်သည်။

ချန်ရုံက ရန်မင်းအား တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ အမြန်ပင် အကြည့်ပြန်လွှဲလိုက်သည်။ ရန်မင်းကတော့ ချန်ရုံ့အား စိုက်ကြည့်နေဆဲဖြစ်သည်။

ချန်ရုံက အတတ်နိုင်ဆုံး မျက်နှာကို ပျော့ပျောင်းအောင်လုပ်လိုက်သည်။ ထို့နောက် ယဉ်ကျေးသည့်ပုံစံဖြင့် နူးညံ့စွာပြောလိုက်သည်။

"အရှင်က ကျွန်မကို စိတ်ငြိုငြင်အောင် မလုပ်ခဲ့ဖူးပါဘူး..."

ရန်မင်းက ရထားလုံးကိုယ်ထည်ကိုရိုက်၍ တဟားဟား အော်ရယ်လိုက်သည်။ ထို့နောက် ချက်ချင်းပင် ညာဘက်လက်ကို ချန်ရုံ့ရှေ့သို့ ဆန့်တန်းကာ ပြုံး၍ပြောလိုက်သည်။

"ဒါဆိုရင် မင်း ငါနဲ့ ရထားလုံးလိုက်စီးနိုင်မလား..."

ရန်မင်း၏ ရှည်သွယ်၍ ကြမ်းတမ်းသောလက်များက ချန်ရုံရှေ့၌ ရှိနေသည်။ ထိုလက်များသည် ရန်မင်း၏ခန္ဓာကိုယ်မှ အနွေးဓာတ်များကို သယ်ဆောင်ကာ ချန်ရုံ၏ရှေ့၌ ရှိနေကြသည်။

ရန်မင်းသည် ချန်ရုံတစ်ခါမှမမြင်ဖူးသော အာရုံစူးစိုက်မှုမျိုးဖြင့် ချန်ရုံ့အား ကြည့်နေသည်။ သေချာကြည့်လျှင် ရန်မင်း၏မျက်လုံးထဲ ချန်ရုံ လက်မခံမချင်း သူ့လက်ကို မဖယ်မည့် ခေါင်းမာမှုမျိုးပင် ရှိနေသယောင်ထင်ရသည်။

ချန်ရုံက တုံ့ဆိုင်းနေသည်ကိုမြင်သောအခါ ရန်မင်း၏ အားကောင်းသောအသံနက်နက်က ထွက်ပေါ်လာပြန်သည်။

"မိန်းကလေး...မင်းက ငါ့ကို စိတ်ဆိုး‌နေပြန်တာလား...ဒါဆိုလည်း ဒီနားလာပြီး ငါ့ကို ရိုက်ပုတ်လိုက်ပါလား..."

ရန်မင်း၏မျက်လုံးများက ချန်ရုံ၏ရထားလုံးနံရံ၌ ချိတ်ထားသော ကြာပွတ်ဆီသို့ အကြည့်ရောက်သွားသည်။

"ဒါမှမဟုတ်လည်း ငါ့ကို ကြာပွတ်နဲ့ရိုက်လိုက်ပေါ့...အဲဒီလိုလုပ်လို့ မင်းစိတ်ချမ်းသာမယ်ဆိုရင် ငါခံပါ့မယ်..."

ရန်မင်းက ဆက်ပြောလိုက်သည်။

ရန်မင်း၏စကားများသည် တကယ်ပင် ချန်ရုံ့အား ဆွဲဆောင်နေသကဲ့သို့ ရှိလေသည်။ ချန်ရုံ့နှလုံးသား၏ လိုချင်ပြင်းပြစိတ်များကို ရန်မင်းက ပြောနေသည်မဟုတ်ပါလား။

ချန်ရုံသည် ခေါင်းကို ဆတ်ခနဲမော့၍ ရန်မင်းအား စူးစိုက်ကြည့်လိုက်သည်။ သူမ၏အကြည့်သက်သက်နှင့်သာ ရန်မင်းကို သတ်နိုင်လျှင် မည်မျှကောင်းပါမည်နည်း။

"တပ်မှူး တကယ်ပြောနေတာလား..."
ချန်ရုံက မေးလိုက်သည်။

"ကျွန်မ တပ်မှူးကို တကယ်ပဲ ကြာပွတ်နဲ့ ရိုက်ခွင့်ရှိတာလား..."

ချန်ရုံ၏စကားမဆုံးခင်မှာပင် ကျယ်လောင်သောရယ်သံနှစ်ခု ‌ပေါ်ထွက်လာသည်။ ရန်မင်းအပြင် ရထားလုံးမောင်းသူကပါ ရယ်မောလိုက်ခြင်းဖြစ်သည်။

ရထားလုံးမောင်းသူသည် အလွန်ရယ်ရသော ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ဟက်ဟက်ပက်ပက်ရယ်မောနေသည်။ သူသည် ရထားလုံးကို ရုတ်ပုတ်၍ ရယ်နေရင်းက ရန်မင်းအား လှမ်းပြောလိုက်သည်။

"တပ်မှူး...ဒီမိန်းကလေးက တပ်မှူးကို တကယ်ပဲ မုန်းတီးနေပုံပဲ..."

ရန်မင်းကလည်း လွတ်လပ်ပေါ့ပါးစွာ ရယ်နေသည်။ ထို့နောက် မျက်လုံးများကိုမှေးစင်း၍ ချန်ရုံ့အား စိတ်ဝင်တစားကြည့်ကာ ပြောလိုက်သည်။

"မင်းပဲ ခုနက ငါ့ကို စိတ်မဆိုးနေဘူးလို့ ပြောတယ်မဟုတ်လား...အခုချက်ချင်းပဲမေ့သွားတာလား..."

ချန်ရုံသည် သူမ မစဉ်းစားပဲပြောလိုက်သောစကားများက ဤအရွယ်ရောက်ပြီးသားအမျိုးသားနှစ်ဦးကို ဂုဏ်သိက္ခာများကိုပင် ဂရုမစိုက်ပဲ စိတ်လွတ်လက်လွတ်ရယ်မောနိုင်စေမည်ဟု မထင်ထားခဲ့ချေ။ ရယ်သံများကြောင့် လန့်ဖြန့်ကုန်ကြသော ဖြတ်သွားဖြတ်လာများက ချန်ရုံတို့အား ကွက်ကြည့်ကွက်ကြည့်လုပ်သွားကြသည်။ ချန်ရုံသည် နှုတ်ခမ်းကိုကိုက်၍ အဖိုးစွင်းအား ဆက်၍မောင်းဖို့ပြောရန် အနောက်သို့ လှည့်လိုက်သည်။

ထိုအခိုက်တွင် ရန်မင်း၏ညာဘက်လက်က လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာပင် ချန်ရုံ၏လက်မောင်းကိုကိုင်၍ ဆွဲမလိုက်သည်။

ခန္ဓာကိုယ်က ရုတ်တရက် လေထဲမြောက်သွားသောကြောင့် ချန်ရုံက ကြောက်လန့်တကြားအော်လိုက်မိသည်။

ရန်မင်းက ရယ်မောနေဆဲဖြစ်သည်။ ရန်မင်းသည် ရယ်မောရင်းဖြင့် ချန်ရုံ့အား ရထားလုံးထဲမှ ဆွဲထုတ်လိုက်သည်။ ထိုကိစ္စမှာ အလွန်ခက်ခဲသောကိစ္စဖြစ်သော်လည်း ရန်မင်းကတော့ ပေါ့ပေါ့ပါးပါးပင် လုပ်သွားသည်။

ချက်ချင်းပင် အရပ်ရှည်၍ ဖွံ့ထွားသော ချန်ရုံသည် ကလေးတစ်ယောက်ကဲ့သို့ ပွေ့ချီခံရ၍ ရန်မင်း၏ရထားလုံးထဲသို့ ပို့ခံလိုက်ရသည်။

ဖြူဖျော့သောမျက်နှာဖြင့် စကားတစ်ခွန်းမှမပြောနိုင်ပဲ သူ့ကိုသာငေးကြည့်နေသော ချန်ရုံ့ကို ကြည့်၍ ရန်မင်း၏ စူးရှသောမျက်လုံးများသည် ပျော်ရွှင်မှုဖြင့် မှေးစင်းသွားသည်။

ထို့နောက် ရန်မင်းသည် တင်းမာသောမျက်နှာဖြင့် အဖိုးစွင်းအား အမိန့်ပေးလိုက်သည်။
"အဖိုး...ခင်ဗျားဘာသာ ခင်ဗျား ပြန်လိုက်တော့..."

စစ်ပွဲများစွာကို အောင်နိုင်ခဲ့သူ တပ်မှူးက သေစေနိုင်လောက်အောင် တင်းမာသောမျက်နှာထားဖြင့် ပြောလိုက်သည်ကို ခံလိုက်ရလျှင် အစေခံတစ်ဦးသာဖြစ်သော အဖိုးစွင်း မပြောနှင့်၊ ပညာပြည့်ဝသော ပညာရှိတစ်ဦးပင်လျှင် အလွန်ကြောက်လန့်သွားမည်ဖြစ်သည်။

ထို့ကြောင့် အဖိုးစွင်း၏မျက်နှာ၌ အရောင်ဟူ၍မရှိတော့ပဲ "ဟုတ်ကဲ့...ဟုတ်ကဲ့..." ဟုသာ ထပ်ခါတလဲလဲပြော၍ ရထားလုံးကို အလျင်အမြန် မောင်းထွက်သွားတော့သည်။

ခြေလှမ်းတစ်ဒါဇင်ခန့်အကွာအဝေးသို့ရောက်မှ အဖိုးစွင်းလည်း ကြောက်စိတ်ပြေ၍ အားရုံကိုစိတ်ပူစိတ်ဖြင့် အနောက်သို့ အမြန်လှည့်ကြည့်လိုက်သည်။

သို့သော် ရန်မင်း၏ရထားလုံးသည် မောင်းထွက်သွားပြီဖြစ်သည်။ တစ်ခါတစ်ခါ၌ ရထားလုံးထဲမှ အမျိုးသား၏ရယ်သံနှင့် အမျိုးသမီးတစ်ဦး၏ ဒေါသတကြီးပြောနေသံတို့ ထွက်လာသည်။ အဖိုးစွင်းသည် အလွန်ပင် စိတ်ရှုပ်သွားမိသည်။

ရန်မင်းသည် ချန်ရုံအား သူထိုင်ရာနေရာ၏ ဘေးသို့ချလိုက်သည်။ အဖိုးစွင်းအား ကြောက်လန့်အောင်လုပ်၍ မောင်းထုတ်ပြီးသွားသောအခါ ရန်မင်းသည် သူ၏ ရယ်မောနေဆဲဖြစ်သော တပည့်အားလှမ်းပြောလိုက်သည်။

"သွားကြမယ်..."

"ဟုတ်ကဲ့ တပ်မှူး..."

ရထားလုံးက ရှေ့သို့ စတင်မောင်းနှင်လိုက်သည်။



Xxxx