Chapter 112
ရန်မင်း၏သွေးကိုသောက်ခြင်း
ရန်မင်းက ချန်ရုံ့အား လှည့်ကြည့်လိုက်သည်။
ချန်ရုံက မူးဝေကာ အသိစိတ်မဝင်သေးသည့်ပုံနှင့် မျက်တောင်တစ်ချက်ခတ်လိုက်သည်။
ရန်မင်းက ချန်ရုံ့အား ပြုံးပြလိုက်သည်။
ချန်ရုံသည် ထိုအခါမှပင် ဒေါသကို မနည်းမျိုသိပ်၍ အော်ပြောလိုက်သည်။
"ဒီမှာ ရန်မျိုးရိုးနာမည်နဲ့လူ...ကျွန်မက လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်ရှင့်...ဘာဖြစ်လို့များ ကျွန်မအတွက် နည်းနည်းလေးတောင်မစဉ်းစားပေးပဲ ဒီလိုမျိုး ရထားလုံးပေါ်ကို ခေါ်တင်လာရတာလဲ...ရှင်...ရှင်...အရမ်းရွံဖို့ကောင်းတာပဲ..."
ရထားလုံးမောင်းသူက အော်ရယ်နေပြန်သည်။
"ဟုတ်တယ် ဟုတ်တယ်...မင်းပြောတာမှန်တယ်...တပ်မှူးရန်က တကယ်ကို ရွံဖို့ကောင်းတဲ့လူပဲ..."
ရထားလုံးမောင်းသူသည် ထိုသို့ပြောရသည်ကို စွဲလမ်းသွားသည့်ပုံဖြင့် ရယ်မောကာ ဆက်ပြောနေပြန်သည်။
"တပ်မှူးက အရင်ကလည်း ပြန်ပေးဆွဲတာတွေ အများကြီးလုပ်ခဲ့တာ...ဒါပေမယ့် မိန်းမပျိုလေးတစ်ယောက်ကို အတင်းအဓမ္မခေါ်လာတာကတော့ ဒါပထမဆုံးပဲ...ဘယ်လိုတောင် စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့လူလဲ..."
ရထားလုံးမောင်းသူသည် ပြောရင်းဖြင့် ရထားလုံးကိုယ်ထည်ကို ရိုက်ပုတ်ကာ ရယ်နေပြန်သည်။
ရထားလုံးမောင်းသူက ဝင်ပြောလိုက်သောကြောင့် ချန်ရုံ၏ မှန်ကန်သောစွပ်စွဲမှုများသည် ရန်မင်းအား ကျီစယ်နေသကဲ့သို့သာ ဖြစ်သွားသည်။ ချန်ရုံသည် ဒေါသအလွန်ထွက်သွား၍ ရထားလုံးမောင်းသူအား စူးရှစွာ မျက်စောင်းထိုးလိုက်ပြီးမှ ရန်မင်းအားလှည့်ကြည့်လိုက်ရာ ရန်မင်းသည် ချန်ရုံ့အား စိတ်ဝင်တစားကြည့်နေဆဲရှိသည်ကို မြင်လိုက်ရသည်။ ချန်ရုံသည် ရန်မင်းအားမျက်စောင်းထိုး၍ စိတ်ဆိုးမာန်ဆိုးပြောလိုက်သည်။
"ကျွန်မကို အခုချက်ချင်းအောက်ချပေးပါ..."
ရန်မင်းသည် ချန်ရုံ့အားပြုံးပြလိုက်၍ ချန်ရုံက သူ့ကို ရှောင်ဖယ်နေသည်ကို ဂရုမစိုက်ပဲ လက်ကိုဆန့်၍ ချန်ရုံ၏မျက်နှာလေးကို ပွတ်သပ်လိုက်သည်။
ရန်မင်း၏ကြမ်းတမ်းသောလက်ချောင်းများက ပေါ့ပါးစွာပင် လှုပ်ရှားနေသောကြောင့် ချန်ရုံ၏မျက်နှာကို ထိကိုင်လိုက်သောအခါချန်ရုံ၏နှလုံးသားကိုထိုးဆွနေသော ဆောင်းလေအေးကဲ့သို့ လက်ချောင်းများ၏ကြမ်းတမ်းမှုကြားထဲမှ နူးညံ့မှုကို ချန်ရုံ ခံစားလိုက်ရသည်။
"မချပေးဘူး..."
ရန်မင်းက ပြန်ဖြေလိုက်သည်။ သူ့လေသံက နောက်တစ်ခါထပ်မပြောနဲ့တော့ ဟူ၍ အမိန့်ပေးသံပေါက်နေသည်။
ချန်ရုံသည် ဒေါသထွက်လွန်း၍ လည်ချောင်း၌ပင် ဆို့နင့်သွားရသည်။ သူမသည် ရန်မင်းအား စိုက်ကြည့်ကာပြောလိုက်သည်။
"ရန်မင်း...ရှင် ကျွန်မနားကို ကပ်မလာနဲ့နော်...."
ချန်ရုံက ဒေါသတကြီးပြောနေသော်လည်း အသံက တောင်းပန်တိုးလျှိုးနေသကဲ့သို့ဖြစ်နေသည်။
ချန်ရုံက ထိုသို့မဖြစ်အောင်သတိထားနေသော်လည်း ထိုစကားလုံးများကို ပြောလိုက်သည်နှင့် တပြိုင်နက် ချန်ရုံ၏အသံက တိမ်ဝင်သွားသည်။
ရန်မင်းကတော့ ချန်ရုံ၏စကားများကို လျစ်လျူရှုမြဲပင်။ ချန်ရုံက ခေါင်းကိုတစ်ဖက်သို့လှည့်၍ သူ့ဆီမှ ရှောင်ဖယ်ရန်ကြိုးစားနေသည်ကိုတွေ့သောအခါ ရန်မင်းက ချန်ရုံ၏မေးစေ့ကို ကိုင်၍ ပြုံးကာပြောလိုက်သည်။
"မင်းကို မလွှတ်ပေးနိုင်ဘူး..."
ဤလူသည် ချန်ရုံ့အား ကြမ်းတမ်းစွာ ဆော့ကစားနေသည်ပဲ။
ချန်ရုံ အလွန်ဒေါသထွက်လာမိသည်။
ချန်ရုံသည် ရန်မင်းကို စူးစူးရဲရဲကြည့်ရင်းဖြင့် မျက်နှာက နီရဲလာသည်။ အကြည့်များဖြင့်သာ လူ့အသက်ကိုသတ်နိုင်ပါက ရန်မင်းသည် မြှားအစင်းတစ်သိန်းခန့်စိုက်ဝင်၍ သေနေတော့မည်ဖြစ်သည်။
သို့သော် ကံမကောင်းစွာပင် အကြည့်များဖြင့် လူသတ်၍ မရခဲ့ပါ။ ချန်ရုံ၏ လှပသောမျက်လုံးများသည် စိတ်ဆိုးဒေါသထွက်နေချိန်၌ပင် တစ်ဖက်သားအား ဆွဲဆောင်သကဲ့သို့ဖြစ်နေသည်။
ချန်ရုံသည် ဒေါသထွက်လွန်း၍ အသက်ကိုပင် ခက်ခဲစွာရှူနေရသောအခါ ရန်မင်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"မင်း ငါ့ကို တကယ်စိတ်ဆိုးနေတဲ့ပုံပဲ..."
ရန်မင်းကပြောပြီးသောအခါ ချန်ရုံ့ကို သူ့နားသို့ ဆွဲခေါ်လိုက်သည်။
ထိုသို့ ရုတ်တရက်အားဖြင့် ဆွဲလိုက်သောကြောင့် ချန်ရုံသည် ရန်မင်း၏ရင်ခွင်ထဲသို့ ရောက်သွားသည်။
ရန်မင်းကိုင်ထားသောကြောင့် နာနေသော မေးစေ့ကိုပင် ဂရုမစိုက်အားပဲ ရန်မင်း၏ ခန္ဓာကိုယ်အပူငွေ့နှင့် ယောင်္ကျားတစ်ဦး၏ထွက်သက်ကို ခံစားလိုက်မိသောအခါ ချန်ရုံသည် ချက်ချင်းပင် ရန်မင်း၏ရင်ဘတ်ကို တွန်းပစ်လိုက်သည်။
ချန်ရုံသည် ရန်မင်း၏ရင်ဘတ်ကို အားဖြင့်တွန်းထားရသောကြောင့် မျက်နှာများပင် နီရဲလာသည်။ ရန်မင်း၏ ရင်ခွင်ထဲသို့ မရောက်သွားစေရန် တွန်းထားရသည်မှာ ချန်ရုံ၏လည်ပင်းမှ သွေးကြောသည်ပင် တဆတ်ဆတ်ခုန်နေတော့သည်။
သာမာန်လူဆိုလျှင်တော့ ဆက်၍မကြိုးစားတော့ပဲ ချန်ရုံ့အား လွှတ်ပေးလိုက်တော့မည်ဖြစ်သည်။ သို့သော် ရန်မင်းက သာမာန်လူ ဟုတ်မနေခဲ့ပေ။
ရန်မင်းက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။ သူ၏မျက်လုံးများ၌ အရောင်တစ်ခုဖြတ်ပြေးသွားကာ ချန်ရုံ၏မေးစေ့ကိုကိုင်ထားသော ညာဘက်လက်ကို လွှတ်ပေးလိုက်သည်။
ရုတ်တရက် လွတ်မြောက်သွားသော ချန်ရုံသည် ရထားလုံးပေါ်မှ ခုန်ချရန် ကြံစည်နေချိန်မှာပင် ရန်မင်းက ချန်ရုံ၏ခါးကို လျင်မြန်စွာဖက်ကာ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့သည်။
ရန်မင်းသည် သူ၏ကြီးမားလှသောခွန်အားကို အသုံးပြုလိုက်သောကြောင့် ချန်ရုံ့အား ခပ်သာသာလေးပင်ဆွဲလိုက်သော်လည်း ချန်ရုံက ရန်မင်း၏ရင်ခွင်ထဲသို့ အသာလေးပါလာကာ သူမ၏နှာခေါင်းနှင့် ရန်မင်း၏ရင်ဘတ်တို့ ထိမိသွားကြသည်။
ချက်ချင်းပင် ချန်ရုံ နှစ်ပေါင်းများစွာ မျှော်လင့်တောင့်တခဲ့ရသော အနွေးဓာတ်သည် ချန်ရုံ၏နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။
ချန်ရုံ၏တစ်ကိုယ်လုံးတောင့်တင်းသွားကာ မျက်လုံးများက ပြူးကျယ်လာ၍ မလှုပ်မယှက်နိုင်ဖြစ်သွားသည်။
ချန်ရုံ၏ကိုယ်လုံးလေးတောင့်တင်းသွားသည်ကို သတိထားလိုက်မိသော ရန်မင်းက ခပ်တိုးတိုး တစ်ချက်ရယ်လိုက်သည်။
ထို့နောက် ရန်မင်းသည် သူ၏ အင်အားကြီးမားသော လက်ဖဝါးများဖြင့် ချန်ရုံ၏သေးသွယ်သောခါးလေးကိုကိုင်လိုက်သည်။
ချန်ရုံ၏ အပျိုစင်ခန္ဓာကိုယ်လေးက ရန်မင်း၏အထိအတွေ့များကိုမခံနိုင်ပဲ တုန်နေဆဲမှာပင် ရန်မင်းက ခေါင်းကိုငုံ့၍ ချန်ရုံ၏နားနားသို့ကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
"မင်းကိုယ်တိုင်က ငါ့ကို လိုချင်တောင့်တနေတာကို ဘာဖြစ်လို့များ အမုန်းတရားတွေ ထားနေရတာလဲ...အားရုံ မင်း ငါ့ကိုတွေ့တဲ့အခါတိုင်း အမြဲ မူမမှန်ဖြစ်နေတာ ဘာဖြစ်လို့လဲ မင်းသိလား..."
ချန်ရုံက မူးဝေစွာဖြင့် ခေါင်းခါလိုက်သည်။ ချန်ရုံ၏မျက်လုံးများသည် ပြူးကျယ်နေဆဲဖြစ်၍ စိတ်၏အနက်ရှိုင်းဆုံးနေရာမှ လိုချင်တပ်မက်စိတ်များကို မနည်းပင်ချိုးနှိမ်နေရသည်။
ရန်မင်း၏ ညာဘက်လက်က ချန်ရုံ၏ ခါးမှခွာ၍ နောက်ကျောဘက်ဆီသို့ရောက်သွားကာ လက်ချောင်းများက ချန်ရုံ၏ ထူထဲနက်မှောင်သောဆံပင်များကို ပွတ်သပ်လိုက်ရာ ချန်ရုံတပ်ဆင်ထားသော ဆံထိုးက ပြုတ်ကျသွားသည်။ ချန်ရုံ၏ဆံပင်များက အစည်းအနှောင်မှလွတ်၍ ပြေကျလာသည့်အချိန်မှာပင် ရန်မင်းက တိုးတိတ်ညင်သာစွာပြောလိုက်သည်။
"ဘာဖြစ်လို့လဲဆိုတော့ မင်းက ငါ့ကိုချစ်နေလို့ပေါ့..."
ချန်ရုံက တောင့်တင်းသွားချိန်တွင် ရန်မင်းက ခပ်တိုးတိုးရယ်လိုက်သည်။
"ချန်အိမ်တော်ရဲ့အားရုံ...မင်းက ငါ့ကို ချစ်နေတာ အချိန်အတော်ကြာခဲ့ပြီပဲ..."
ထိုစကားများကိုကြားလိုက်သည့်အချိန်၌ ချန်ရုံ၏စိတ်သည် လွတ်ထွက်သွားတော့သည်။
ချန်ရုံသည် အရှေ့သို့ခုန်၍ ရန်မင်း၏လည်ပင်းကိုကိုင်ကာ ခေါင်းကိုငုံ့၍ ကိုက်ချလိုက်တော့သည်။
ထိုနေရာသည် ရန်မင်းအား တစ်ချက်တည်းနှင့်ပင် သေသွားစေနိုင်သော ချက်ကောင်းနေရာဖြစ်သည်။
သို့သော် စစ်မြေပြင်၌ အတွေ့အကြုံများကြွယ်ဝနေသော ရန်မင်းက ရယ်၍ ချန်ရုံ၏ တိုက်ခိုက်မှုကို အမြန်ရှောင်လိုက်သည်။ ထို့နောက် ရန်မင်းသည် သူ၏ ပခုံးအား ချန်ရုံ့ဆီသို့ ထိုးပေး၍ ပြောလိုက်သည်။
"မင်းကိုက်ချင်ရင် ငါ့ပခုံးကိုကိုက်လေ..."
ရန်မင်း၏စကားမဆုံးသေးခင်မှာပဲ ချန်ရုံသည် ပခုံးအားကိုက်ချလိုက်တော့သည်။
ချက်ချင်းပင် သွေးများစိမ့်ထွက်လာ၍ ချန်ရုံ၏ပါးစပ်မှတစ်ဆင့် အောက်သို့ကျကုန်သည်။
ချန်ရုံသည် တိရစ္ဆာန်ရိုင်းပမာ ပါးစပ်ထဲ၌ ပြည့်နေသောသွေးများကို မျိုချလိုက်သည်။ ရန်မင်းသည် အစကတော့ အလွန်အံ့ဩနေသော်လည်း ချန်ရုံ၏မျိုချလိုက်သံကို ကြားသောအခါ အော်ရယ်လိုက်တော့သည်။
ရန်မင်းက ရယ်နေဆဲတွင် ချန်ရုံသည် အရူးတစ်ယောက်ကဲ့သို့သော အားအင်များဖြင့် ရုတ်တရက် ရန်မင်းအား ဆောင့်တွန်းလိုက်သည်။
ဤမိန်းကလေးသည် ရုတ်တရက် ဤမျှသန်မာလာမည်ဟု ရန်မင်းမထင်ထားခဲ့ချေ။ အတွန်းခံလိုက်ရသောအခါ ရန်မင်းသည် အသံထွက်လိုက်မိ၍ သူ၏ကြီးမားသောခန္ဓာကိုယ်သည် နောက်သို့လန်သွားကာ ရထားလုံးနံရံအား ကျယ်လောင်သောအသံဖြင့် တိုက်မိသွားလေသည်။
ရန်မင်း၏ဆုပ်ကိုင်ထားမှုက လျော့သွားသောအခါ ချန်ရုံသည် သွက်လက်သောယုန်ကဲ့သို့ ရုန်းထွက်လိုက်သည်။ ထို့နောက် လိုက်ကာများကို မတင်ကာ ရွေ့လျားနေသော ရထားလုံးထဲမှ ခုန်ဆင်းသွားတော့သည်။
ရထားလုံးမောင်းသူက အလန့်တကြားအော်လိုက်သည်။ ထို့နောက် အလျင်အမြန်ပင် ချန်ရုံ့အား အလွန်လေးစားသွားသည့်ပုံဖြင့် ပြောလိုက်သည်။
"အထင်ကြီးလောက်စရာပါပဲ..."
ရထားလုံးပေါ်မှ ခုန်ချလိုက်သောချန်ရုံသည် နှင်းတောထဲသို့ တည်ငြိမ်စွာကျသွားသည်။
ရထားလုံးမောင်းသူက စကားပြောလိုက်သောအခါ ချန်ရုံသည် လန့်သွားသည့်ပုံဖြင့် စကတ်ကိုမကာ မြို့လယ်ခေါင်နေရာသို့ ဦးတည်၍ပြေးသွားတော့သည်။ ချန်ရုံမသိလိုက်ခင်မှာပဲ ရန်မင်း၏ရထားလုံးသည် မြို့တံခါးအနီးရှိ ရပ်ကွက်တစ်ခုဆီသို့မောင်းနှင်လာပြီးဖြစ်သည်။
ပြေးထွက်သွားသော ချန်ရုံ၏ပုံသဏ္ဍာန်ကိုကြည့်၍ ရထားလုံးမောင်းသူသည် လက်ခုပ်တီး၍ အားပေးလိုက်ပြီးမှ အနောက်သို့ လှည့်လိုက်သည်။
ရန်မင်းကိုမြင်သောအခါ ရထားလုံးမောင်းသူ၏မျက်လုံးများက ပြူးကျယ်သွား၍ အော်လိုက်ပြန်သည်။
"ဘုရားရေ...ငါတို့ရဲ့ ရဲစွမ်းသတ္တိရှိလှတဲ့ တပ်မှူးရန်ကိုတောင် သွေးထွက်အောင်လုပ်နိုင်တယ်ဆိုတော့ အဲဒီမိန်းကလေးက တကယ်ကို ထူးခြားလွန်းတာပဲ..."
ရန်မင်းက ရထားလုံးမောင်းသူ တပည့်အား စိုက်ကြည့်လိုက်သည်။ ရန်မင်းသည် သူ၏ သွေးထွက်နေသော ဘယ်ဘက်ပခုံးကိုပင် ဂရုမစိုက်နိုင်ပဲ ချန်ရုံထွက်သွားသည့်ဘက်သို့ လှမ်းကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"ဒီလိုဒေါသမျိုးကို ခံရဖို့ ငါ သူ့ကို ဘာတွေများ လုပ်လိုက်မိလို့လဲမသိတော့ပါဘူး..."
ရထားလုံးမောင်းသူက ရယ်မောလိုက်သည်။
"အဲဒါမကောင်းဘူးလား တပ်မှုးရဲ့...မိန်းကလေးတစ်ယောက်က တပ်မှူးကို ဒီလို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာမျိုးကို ကျွန်တော်တို့ နေ့တိုင်းမြင်ရတာမဟုတ်ဘူး..."
ရထားလုံးမောင်းသူ၏ရယ်သံကို နားထောင်ရင်းဖြင့် ရန်မင်းသည် သူ့တပည့်အား တစ်ချက်မျက်ထောင့်နီဖြင့် ကြည့်လိုက်ပြီးမှ သူပါ ဝင်၍ ရယ်မောလိုက်သည်။ ထို့နောက် အဝတ်စတစ်စကိုလှမ်းယူ၍ အကိုက်ခံထားရသောပခုံးကို ခပ်ကြမ်းကြမ်းစည်းနှောင်လိုက်သည်။
"ငါ့ကို လာမကူတော့ဘူးလား..."
ရန်မင်းက သူ့တပည့်ကိုဟောက်လိုက်သည်။
ရထားလုံးမောင်းသူတပည့်က မျက်နှာမသာမယာဖြင့် ရထားလုံးပေါ်မှ အချိန်ဆွဲ၍ နှေးကွေးစွာဆင်းလာပြီးမှ ပါးစပ်မှပွစိပွစိပြောရင်းဖြင့် ရန်မင်း၏ဒဏ်ရာကို စည်းနှောင်ပေးလိုက်သည်။
"ဒီဒဏ်ရာကို ပတ်တီးစည်းလိုက်ရမှ နှမျောစရာပဲ...ဒီတိုင်းထားလိုက်သင့်တာ...အဲဒါမှ တပ်မှူးက တခြားလူတစ်ယောက်ရဲ့ သမီးကို ဘယ်လိုတောင် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့တယ်ဆိုတာ စစ်တပ်ကလူတွေ ပြန်သိနိုင်မှာ..."
ရန်မင်းက သူ၏ ပွစိပွစိပြောနေသောတပည့်ကို လျစ်လျူရှု၍ ချန်ရုံထွက်သွားသောလမ်းဘက်ကိုသာ ဆက်၍ကြည့်နေရင်းဖြင့် ခပ်တိုးတိုးရေရွတ်လိုက်သည်။
"မင်းက ငါ့ကို ဒီလောက်တောင် မုန်းတီးနေတာလား အားရုံ..."
ရန်မင်း၏လေသံထဲတွင်တော့ ရယ်မောသံ အနည်းငယ် စွက်နေလေသည်။
ချန်ရုံသည် အရူးတစ်ယောက်ကဲ့သို့ အမြန်ပြေးသွားနေသည်။
ချန်ရုံသတိမထားမိခင်မှာပင် ဆံပင်များသည် ဖွာလန်ကြဲကုန်၍ ချန်ရုံ့ကိုကြည့်ရသည်မှာ သနားစဖွယ် သူတောင်းစားတစ်ဦးကဲ့သို့ဖြစ်နေသည်။
ချန်ရုံသည် မည်မျှကြာအောင်ပင် ပြေးလွှားနေမိမှန်းမသိတော့ပဲ တစ်စုံတစ်ယောက်ပြောသံကိုကြားလိုက်မှပင် အသိစိတ်ပြန်ဝင်လာတော့သည်။
"ဟေး အဲဒီမိန်းကလေးကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ..."
အေးစက်သောလေနှင့်အတူ ထိုအသံသည် ချန်ရုံ၏ဒေါသကို ပို၍ဆွပေးလိုက်သကဲ့သို့ဖြစ်သွားသည်။
ချန်ရုံသည် ပြေးနေရာမှရပ်လိုက်သည်။
ယခု၌ ချန်ရုံသည် နန်ယန်၏လူအရှုပ်ဆုံးသော ပင်မလမ်းကိုဖြတ်ကျော်လာခဲ့ပြီးဖြစ်၍ မြောက်ပိုင်းလမ်းမဆီသို့ ရောက်နေပြီဖြစ်သည်။
ချန်ရုံသည် ရှေ့မှ လူအုပ်ကြီးကိုလှမ်းကြည့်လိုက်ရာ လူအများအပြားက ချန်ရုံ့အား စိတ်ဝင်တစားနှင့် လှမ်းကြည့်နေကြသည်ကို မြင်လိုက်ရသည်။
"အား အဲဒီမမက သွေးတွေထွက်နေတယ်...သူ့ကိုကြည့်ရတာကြောက်စရာကြီး..."
ကလေးတစ်ဦးက အော်ငိုရင်းပြောလိုက်သည်။
ထိုလူများ၏မျက်လုံးများနှင့် ကလေးငယ်၏အော်ငိုသံကို ရင်ဆိုင်လိုက်ရသောအခါ ချန်ရုံ၏ မူးဝေနေသော ဦးနှောက်က ပြန်၍ အသိဝင်လာသည်။ ထို့နောက် ချန်ရုံသည် အောက်သို့ အမြန်ငုံ့၍ ပါးစပ်မှသွေးများကိုသုတ်ကာ ဆံပင်ကိုလည်း လက်ချောင်းများဖြင့် ဖြီးသင်လိုက်သည်။ ပြီးနောက် လမ်းဘေးသို့သွား၍ ဆက်လျှောက်လာလိုက်သည်။
ခြေလှမ်းတစ်ဒါဇင်မျှ အမြန်လျှောက်လာပြီးသောအခါ အခြားလူများက ချန်ရုံ့အား အာရုံစိုက်မနေကြတော့သည်ကို သတိထားလိုက်မိသည်။
မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်စဉ်းစား၍ ချန်ရုံသည် ပါးစပ်ကို ကြမ်းတမ်းစွာ သုတ်ပစ်ကာ ဒေါနှင့်မာန်နှင့် ပြောလိုက်သည်။
"နောက်တစ်ခေါက်ကျရင် ရှင့်ကို သေအောင် ကိုက်ပစ်မယ်..."
ချန်ရုံသည် သူမ၏စကားများကို ပြန်၍လန့်သွားမိသည်။
ထို့နောက်တဖြည်းဖြည်းနှင့် ချန်ရုံသည် မျက်ရည်များမကျလာစေရန် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်၍ အမြန်လျှောက်လာလိုက်သည်။
ချန်ရုံသည် မြောက်ပိုင်းလမ်းမမှ ချန်အိမ်တော်ဆီသို့ ပြန်ရောက်ရန် နှင်းတောထဲ၌ တစ်နာရီနီးပါး လျှောက်လိုက်ရသည်။
နှင်းများကျသံကို နားထောင်ကာ အရိုးခိုက်လိုက်အောင် အေးစက်သော လေကိုအန်တု၍
လမ်းလျှောက်လာရင်းဖြင့် ချန်ရုံသည် တဖြည်းဖြည်း စိတ်ပုံမှန်ပြန်ဖြစ်လာသည်။
ချန်အိမ်တော်သို့ရောက်သွားသောအခါ အဖိုးစွင်း၏ရထားလုံးသည် လမ်းဘေးတစ်နေရာ၌ ရပ်ထားသည်ကို မြင်လိုက်ရသည်။ အဖိုးစွင်းကတော့ ရထားလုံးနား၌ရပ်နေ၍ လမ်းမဆီသို့ မျှော်ကြည့်နေလေသည်။
ချန်ရုံ့အားမြင်လိုက်သောအခါ အဖိုးစွင်းသည် အလွန်ဝမ်းသာပျော်ရွှင်သွားသည်။
ချန်ရုံသည်လည်း အဖိုးစွင်းရှိရာသို့ အမြန်လျှောက်သွားလိုက်သည်။ ထို့နောက် လိုက်ကာကိုမ၍ ရထားလုံးပေါ်သို့တက်ကာ မလှုပ်မယှက်ထိုင်နေတော့သည်။
ထိုအချိန်၌ အပြင်မှ အဖိုးစွင်း၏စိတ်ပူစွာမေးလိုက်သံကိုကြားလိုက်ရသည်။
"သခင်မလေး ငိုနေတာလား..."
ချန်ရုံက ဘာမှပြန်မဖြေလိုက်ပေ။
Xxxxxx