အပိုင်း ၁၁၃
Viewers 16k

Chapter 113




ရထားလုံးက စတင်ထွက်ခွာစပြုလေသည်။

ခဏအကြာတွင် အဖိုးစွင်းက မေးလိုက်ပြန်သည်။
"သခင်မလေး ဝမ်အိမ်တော်ကို သွားချင်သေးလား..."

"ဘာဖြစ်လို့ သွားချင်ရတော့မှာလဲ...အိမ်ကိုပဲ ပြန်ရအောင်ပါ..."
ချန်ရုံက နွမ်းနယ်စွာပြောလိုက်သည်။

"ဟုတ်ကဲ့..."

လှည်းဘီးသံများကြားတွင် အဖိုးစွင်းက သတိကြီးစွာထားသောအသံဖြင့် ဆက်ပြောလိုက်သည်။

"တပ်မှူးရန်က သခင်မလေးကို တစ်ခုခုလုပ်လိုက်သေးလား..."

ချန်ရုံက ပြန်မဖြေပဲနေလိုက်ပြန်သည်။

အဖိုးစွင်းက မြင်းများကို နှစ်ခါမျှ အော်ဟစ်လိုက်ပြီးသောအခါ ဆက်ပြောနေသည်။

"တပ်မှူးရန်က ချန်ကုန်းရန်းဆီကနေ ချန်ဝေ့ကို လက်ထပ်ခွင့်မတောင်းပဲ သခင်မလေးကိုပဲ တောင်းခံခဲ့တယ်လို့ အဖိုးကြားတယ်...သခင်မလေးက တပ်မှူးရန်ကို ငြင်းပယ်နေတာ ဝမ်ချီလန်ကြောင့်လား..."

ထိုသို့ပြောပြီးသောအခါ အဖိုးစွင်းက သက်ပြင်းချ၍ ကြေကွဲသည့်လေသံဖြင့်ပြောလိုက်သည်။

"သခင်‌မလေး ဒီကိစ္စကို ဘာဖြစ်လို့ သဘောမတူဖြစ်နေရလဲဆိုတာ အဖိုးတော့ နားမလည်တော့ဘူး...ဝမ်ချီလန်ရဲ့ ကိုယ်လုပ်တော်လုပ်လိုက်တာပဲဖြစ်ဖြစ် တပ်မှူးရန်ကို လက်ထပ်တာပဲဖြစ်ဖြစ် တစ်ခုခုကိုတော့ ဆုံးဖြတ်ချက်ချပြီး လက်ခံရတော့မယ်မဟုတ်လား...ဒီကိစ္စကို ကြာရှည်ဆက်ပြီး အချိန်ဆွဲနေမယ်ဆိုရင် တစ်ခုခုဖြစ်သွားမှာ အဖိုးစိတ်ပူမိတယ်..."

အဖိုးစွင်းစိတ်ပူသည်က ချန်ရုံ၏ ဂုဏ်သိက္ခာကိုပင်ဖြစ်သည်။

ရထားလုံးထဲတွင်တော့ ချန်ရုံက ဘာမှမပြောပဲ ငြိမ်နေလေသည်။

ချန်ရုံ၏ခြေလက်များသည် အသက်မရှိတော့သကဲ့သို့ လှုပ်မရတော့သောကြောင့် ချန်ရုံသည် ခုံ၌ ငြိမ်သက်စွာသာထိုင်၍ ရထားလုံးအမိုးကိုသာ မော့ကြည့်နေမိသည်။

အိမ်တော်၏ခြံတံခါးဝမှ အစောင့်က အဖိုးစွင်းအား အော်ပြောလိုက်သည်။

"ဒီလောက်တောင် နှင်းတွေကျနေတာကို သခင်မလေးအားရုံက ဘယ်ကိုသွားတာလဲ..."

အစောင့်က ချန်ရုံ၏ရထားလုံးကို စပ်စုစွာကြည့်လိုက်သည်။

အဖိုးစွင်းက ရယ်လိုက်သည်။

"ဘယ်မှမသွားပါဘူးကွယ်...အားရုံက အိမ်ထဲမှာနေရတာ မွန်းကျပ်တယ်ဆိုလို့ အပြင်ကို ခဏလောက်ထွက်တာပါ..."

အဖိုးစွင်း၏စကားကြောင့် အစောင့်က ရထားလုံးကို အထဲဝင်ခွင့်ပေးလိုက်သည်။

ခဏကြာသောအခါ ချန်ရုံ၏အိမ်တော်နားသို့ရောက်လာသည်။

ကျွိ ဟူသော တံခါးဖွင့်သံနှင့်အတူ အဖိုးစွင်း၏အသံကို ရုတ်တရက်ကြားလိုက်ရသည်။
"သခင်မလေး...အားဝေ့ရောက်နေတယ်..."

ရထားလုံးထဲမှ ဘာသံမှ မကြားရပေ။

အတော်ကြာသည့်အခါမှ ချန်ရုံ၏အသံထွက်ပေါ်လာသည်။

"အားဝေ့လား..."

"ဟုတ်ကဲ့..."

အဖိုးစွင်းက ရထားလုံးကိုရပ်လိုက်သည်။ ထို့နောက် ဘေးသို့လျှောက်သွား၍ အပြုံးမျက်နှာဖြင့် ချန်ရုံ့အား တိုးတိုးလေးပြောလိုက်သည်။

"အားဝေ့က သူနဲ့တူတူ လူတွေအများကြီးခေါ်လာတယ်...သူတို့တွေက အခု လှေကားထစ်တွေပေါ်မှာထိုင်ပြီး အဖိုးတို့ကိုကြည့်နေကြတယ်..."

ချန်ရုံက ရုတ်တရက် မတ်မတ်ထထိုင်လိုက်ကာ လိုက်ကာကိုမ၍ အပြင်သို့ ချောင်းကြည့်လိုက်လေသည်။

ချန်ဝေ့သည် လှေကားထစ်များပေါ်၌ထိုင်၍ တဖြူးဖြူးတိုက်ခတ်နေသောအေးစက်သည့်လေကို မျက်နှာမော့၍ ခံနေရင်းဖြင့် အနောက်မှ အိမ်စေနှင့်အစေခံများ များစွာနှင့်တကွ ချန်ရုံ့ကိုလှမ်းကြည့်နေသည်။

ချန်ဝေ့အားမမြင်ရသည့် ရက်အနည်းငယ်တွင် ချန်ဝေ့၏ မေးစေ့သည် ပိုချွန်လာ၍ မျက်နှာသည်လည်း ချောင်ကျနေသည်ကို သတိထားလိုက်မိသည်။

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသောအခါ ချန်ဝေ့၏မျက်လုံးများသည် ဘာခံစားချက်မှမရှိပဲ ဗလာဖြစ်နေကြသည်။

ချန်ဝေ့က ဒီလိုပုံစံဖြစ်နေတော့ ငါ့ကို အပြစ်တင်ရန်တွေ့ဖို့လာတာ မဟုတ်ဘူးများလား...

ချန်ရုံက အခြေအနေကိုသုံးသပ်ရင်းဖြင့် ရထားလုံးပေါ်မှဆင်းလိုက်ကာ ခေါင်းကိုငုံ့၍ ရှေ့သို့ လျှောက်လာလိုက်သည်။

ချန်ရုံ၏ဆံပင်များသည် ရှုပ်ပွနေ၍ နှုတ်ခမ်းထောင့်၌လည်း ခြောက်နေသောသွေးများပေနေသည်။ ချန်ဝေ့နားသို့ရောက်သောအခါ ချန်ရုံက အရိုအသေပေးလိုက်၍ နူးညံ့စွာပြောလိုက်သည်။

"ခဏစောင့်ပါဦးနော် အားဝေ့...ငါရေချိုးပြီးရင် နင့်ကိုလာတွေ့ပါမယ်..."

ချန်ရုံကပြောပြီးသောအခါ ချန်ဝေ့ကို ဖြတ်ကျော်၍ အခန်းဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားသည်။

"ရပ်စမ်း..."

ချန်ဝေ့၏အော်သံက အက်ကွဲနေ၍ အားလည်းမပါချေ။

ချန်ရုံက ရပ်လိုက်သော်လည်း အနောက်သို့ မလှည့်ပဲ ပြောလိုက်သည်။

"ငါ လမ်းမှာချော်လဲလာလို့ ငါ့ပုံစံက ကြည့်ရတာ အမြင်မတော်ဖြစ်နေလို့ပါ...ငါ အရင်ရေချိုးပြီး အင်္ကျီလဲပါရစေဦး..."

ချန်ရုံက လေသံကို သတိထား၍ တစ်လုံးချင်းသေချာပြောလိုက်သည်။

သို့သော် ချန်ဝေ့ကတော့ ချန်ရုံ၏စကားကို နားထောင်ရန် စိတ်ထဲမရှိချေ။ ချန်ဝေ့သည် သူမ၏ ဝမ်းကွဲညီမကို စိုက်ကြည့်၍ ခေါင်းမာစွာပြောလိုက်သည်။

"မလိုပါဘူး...ငါမစောင့်ချင်ဘူး..."

ထို့နောက် ချန်ဝေ့က မတ်တပ်ထလိုက်ကာ ချန်ရုံ့နားသို့ လျှောက်လာသည်။

သူမ၏နောက်၌ ချန်ဝေ့သည် ဘာမှမလုပ် ဘာမှလည်းမပြောပဲ ဒီတိုင်းသာရပ်၍ စိုက်ကြည့်နေသည်ကို သတိထားမိသောအခါ ချန်ရုံသည် မတတ်နိုင်ပဲ ကြက်သီးများထကာ စိမ့်အေးသွားမိသည်။ ထို့ကြောင့် နောက်သို့လှည့်၍ ပြုံးကာပြောလိုက်သည်။

"အားဝေ့..."

"အထဲမှာပြောရအောင်..."
ချန်ဝေ့ကပြောလိုက်သည်။

"ဘာဖြစ်လို့ အဲဒီမှာပဲ ရပ်နေသေးတာလဲ..."

ချန်ရုံက ရပ်နေရာမှ ‌မရွှေ့သေးသည်ကိုမြင်သောအခါ ချန်ဝေ့က ထပ်မေးလိုက်သည်။

ချန်ရုံသည် သူတို့နှစ်ယောက်အား စိတ်ပူစွာကြည့်နေကြသောအစေခံများကို တစ်ချက်လှမ်းကြည့်လိုက်၍ ခဏစဉ်းစားလိုက်ပြီးမှ အနောက်သို့ပြန်လှည့်ကာ အိပ်ခန်းဆီသို့ လျှောက်လာလိုက်သည်။

ချန်ဝေ့က ချန်ရုံ၏နောက်မှ ကပ်လျက်လိုက်လာသည်။ အခန်းထဲသို့ရောက်သည်နှင့် ချန်ဝေ့သည် အင်္ကျီလက်များကို ဝှေ့ယမ်း၍ တံခါးကို ပိတ်ချလိုက်တော့သည်။

တံခါးဆောင့်ပိတ်လိုက်သံနှင့် ချန်ဝေ့၏အသက်ပြင်းစွာရှူနေသံတို့ကို ကြားလိုက်သောအခါ ချန်ရုံသည် စိတ်ပူစွာဖြင့် တွေးလိုက်မိသည်။

ခုနဖြစ်ခဲ့တဲ့ကိစ္စကိုတော့ ချန်ဝေ့ မသိလောက်သေးဘူးမလား...

ချန်ရုံစဉ်းစားနေစဉ်မှာပင် ကြမ်းပြင်ပေါ်သို့ ကျယ်လောင်စွာ တစ်စုံတစ်ခုကျသွားသံကို အနောက်မှ ကြားလိုက်ရသည်။

ချန်ရုံအနောက်သို့ လှည့်ကြည့်လိုက်သည်။

နှုတ်ခမ်းများကိုတင်းတင်းစေ့ထားလျက်ရှိသေးသော်လည်း ကြမ်းပြင်ပေါ်၌ ဒူးထောက်နေ၍ သူမ အား တောင်းပန်တိုးလျှိုးသည့်အကြည့်ဖြင့် ကြည့်နေသော ချန်ဝေ့ကို မြင်လိုက်သောအခါ ချန်ရုံ၏တစ်ကိုယ်လုံး ချက်ချင်းပင်အေးစက်သွား၍ အလန့်တကြား‌ကြောင်ကြည့်မိသွားသည်။ ချန်ရုံ ဘာလုပ်ရမည်မသိတော့ပါချေ။

ချန်ဝေ့သည် ခါးကိုမတ်မတ်ထား၍ ချန်ရုံ့အား စိုက်ကြည့်နေသည်။ ချန်ရုံ၏ ချောမောလှပသောမျက်နှာကို ကြည့်ရင်းဖြင့် ချန်ဝေ့သည် နှုတ်ခမ်းများကို ကိုက်ထားမိသည်။

ချန်ဝေ့သည် နှုတ်ခမ်းများကို အားဖြင့် ကိုက်ထားမိသောကြောင့် ချက်ချင်းပင်သွေးများစိမ့်ထွက်လာသည်။

ချန်ရုံ့အား အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ ချန်ဝေ့သည် ကြမ်းပြင်ပေါ်သို့ ခေါင်းကိုမှောက်ချလိုက်၍ ပြောလိုက်သည်။

"အားရုံ ငါ့ကိုသနားပါ..."

ထိုစကားများကို ကြားလိုက်သောအခါ ချန်ရုံ၏အံ့ဩမှုနှင့် ရုတ်တရက် ထိတ်လန့်သွားမှုတို့ ချက်ချင်းပင် လွင့်စင်သွားကြသည်။ ချန်ရုံသည် အေးစက်စွာပြုံး၍ ပြန်ပြောလိုက်သည်။

"အားဝေ့ ငါနင့်ကို ဘယ်တုန်းကမှ ထိခိုက်နစ်နာအောင် ဘာမှမလုပ်ခဲ့ဖူးဘူးလေ..."

ယခင်ဘဝကတော့ ချန်ရုံသည် သူမ ပျော်ရွှင်နိုင်ရန် လုပ်သင့်သည်ဟုထင်သည်များကို လုပ်ခဲ့မိသော်လည်း ယခုဘဝတွင်တော့ ချန်ဝေ့နှင့်ပတ်သတ်၍ တကယ်ပင် ဘာမှလုပ်မိခဲ့ခြင်း မရှိပါပေ။ တကယ်ပင် ဘာမှမရှိပါ။

ချန်ဝေ့ကတော့ ယုံသည့်ပုံမပေါ်ချေ။ သူမသည် ချန်ရုံ့အား နောက်တစ်ကြိမ်ထပ်၍ အရိုအသေပေးလိုက်ကာ ပြောလိုက်သည်။

"အားရုံ ငါတပ်မှူးရန်ကို ချစ်တယ်...သူ့ကို ပထမဆုံးမြင်တဲ့အချိန်တည်းက...မဟုတ်ဘူး သူ့နာမည်ကို ပထမဆုံးစကြားပြီး သူ့ရဲ့ ပုံတူကို စမြင်တဲ့အချိန်တည်းက ငါသူ့ကို ချစ်ခဲ့တာပါ...ညတိုင်း ညတိုင်း ငါအိပ်မက်မက်တဲ့အခါတိုင်း သူပါတယ်...နေ့တိုင်း ငါထမင်းစားနေတဲ့အချိန်တိုင်းမှာ သူ့ကိုတွေးမိတယ်...အားရုံ ငါ့ဘဝမှာ အလိုချင်ဆုံးက သူနဲ့အတူတူ ဘဝကို ဖြတ်သန်းသွားရဖို့ပဲ...နင်က ဘာဖြစ်လို့ ပေါ်လာရတာလဲဟင်...နင်က ဘာဖြစ်လို့ ပေါ်လာပြီး သူ့ရဲ့ စိတ်ဝင်စားမှုကို ဆွဲယူသွားရတာလဲ...ဘာဖြစ်လို့လဲ..."

ချန်ဝေ့သည် လေသံက တဖြည်းဖြည်းမာလ ၍ စကားဆုံးသည့်အခါ အော်ဟစ်နေသည့်အဆင့်သို့ရောက်သွားသည်။

အပြင်မှ တီးတိုးပြောသံများထွက်ပေါ်လာသည်။

ချန်ရုံသည် တံခါးဆီသို့ လှမ်းကြည့်လိုက်ပြီးမှ ချန်ဝေ့ကို ပြန်ကြည့်လိုက်သည်။ ထို့နောက် နှုတ်ခမ်းကို တင်းတင်းစေ့၍ တိုးတိတ်စွာပြောလိုက်သည်။

"အားဝေ့...ငါ့ကို ဒါတွေပြောနေတော့လည်း ဘာမှမထူးဘူးလေ...တပ်မှူးရန်ကို နင်ချစ်တယ်ဆိုရင် နင့်ဘာသာနင် သွားပြောပေါ့..."

သို့သော်လည်း ချန်ရုံပြောသည့်စကားများက ချန်ဝေ့၏နားထဲသို့ မဝင်ချေ။

"အားရုံ နင့်မှာက ဝမ်ချီလန်ရှိပြီးသားလေ..."
ချန်ဝေ့က အက်ကွဲသောအသံဖြင့် ဆက်ပြောနေသည်။

"တပ်မှူးရန်ကို လွှတ်ပေးဖို့ ငါတောင်းပန်နေတာပါ...သူ့ကို နင်မနှစ်သက်ပါဘူး လို့ပြောလိုက်လေ...ဝမ်ချီလန်နဲ့ နင်နဲ့က အရမ်းကို နီးကပ်တဲ့ ဆက်ဆံရေး ရှိကြပြီး ဝမ်ချီလန်ကို နင့်ရဲ့ အပျိုစင်ဘဝကို ပေးလိုက်ပြီ လို့ ပြောလိုက်ပေါ့...အဲဒါဆိုရင် တပ်မှူးရန်က နင့်ကို နှစ်သက်တော့မှာမဟုတ်ပါဘူး..."

ချန်ဝေ့၏အသံက တဖြည်းဖြည်းနှင့်ကျယ်လာပြန်သည်။ ချန်ဝေ့၏နောက်ဆုံးစကားကြောင့် ချန်ရုံ စိတ်တိုသွားမိသည်။

ချန်ဝေ့သည် ပြောရင်းဖြင့် ခေါင်းကိုအတင်းငုံ့ထားသောကြောင့် နဖူး၌ပင် အညိုအမည်းဒဏ်ရာများစွဲနေပြီဖြစ်သည်။

ပြောစရာရှိသည်များကိုပြောပြီးသွားသောအခါမှ ချန်ဝေ့သည် ချန်ရုံ့ကို မော့ကြည့်လိုက်သည်။

ချန်ရုံက ထိုင်ခုံ၌ထိုင်နေ၍ ဝိုင်အရက်ကိုငှဲ့ကာ အေးအေးဆေးဆေးထိုင်သောက်နေသည်ကို မြင်လိုက်ရသည်။

ချန်ဝေ့က ကြမ်းပြင်ပေါ်၌ ဒူးထောက်အရိုအသေပေး၍ တောင်းပန်နေချိန်တွင် သူကတော့ အေးအေးဆေးဆေးထိုင်နေသည်တဲ့လား။

ချက်ချင်းပင် ဘာကြောင့်မှန်းမသိသော ဒေါသက ချန်ဝေ့ရင်ထဲ၌ ကြီးထွားလာသည်။

ချန်ဝေ့က ဒေါသကြောင့် တဆတ်ဆတ်တုန်နေချိန်တွင် ချန်ရုံက ချန်ဝေ့အား တစ်ချက်လှမ်းကြည့်၍ အေးစက်စွာပြောလိုက်သည်။

"အားဝေ့ နင့်ရဲ့ပျော်ရွှင်မှုအတွက် ငါက ငါ့ရဲ့ ဂုဏ်သတင်းကိုဖျက်ဆီးပစ်မယ်လို့ ဘာဖြစ်လို့များထင်ရတာလဲ...နင်က ငါ့ရှေ့ဒူးထောက်ပြီး ခေါင်းလေးငုံ့ အရိုအသေလေးပေးလိုက်တာနဲ့ ငါက ငါ့ရဲ့ အနာဂတ်...ပျော်ရွှင်မှု နဲ့ ဘဝကို အပျက်စီးခံပြီး နင်ဖြစ်ချင်တာကို လုပ်ပေးမယ်လို့ ထင်နေတာလား..."

ချန်ရုံ၏မျက်နှာကလည်း ဒေါသဖြင့် ညိုမှိုင်းနေသည်။ ချန်ရုံသည် ချန်ဝေ့အား ပြင်းစွာသောဒေါသနှင့် အထင်သေးခြင်းတို့ဖြင့် ကြည့်နေသည်။ ထို့နောက် ခွက်ကို ဘေးသို့ချ၍ ရုတ်တရက် မတ်တပ်ထရပ်ကာ အပြင်သို့ လက်ညှိုးထိုး၍ အော်လိုက်သည်။

"ထွက်သွား...ငါပြောတာ ကြားလား...အခုချက်ချင်းထွက်သွား!..."

ချန်ရုံက သူမ ထက်ပို၍ ဒေါသထွက်နေလိမ့်မည်ဟု ချန်ဝေ့ မထင်ထားခဲ့မိချေ။

ချန်ဝေ့တစ်ယောက် ဘာလုပ်ရမည်မသိပဲ စိတ်ရှုပ်နေစဉ်မှာပင် ချန်ရုံသည် ချန်ဝေ့နားသို့သွား၍ လက်မောင်းကိုကိုင်၍ အတင်းဆွဲသွားတော့သည်။

ထို့နောက် ချန်ရုံသည် ချန်ဝေ့အား အခန်းအပြင်သို့ တွန်းထုတ်လိုက်သည်။

ချန်ရုံသည် ထိုအပြုအမူများကို မြန်မြန်နှင့် သေချာလုပ်လိုက်သောကြောင့် အံ့ဩဆွံ့အနေသောချန်ဝေ့က ဘာမှပြန်လုပ်ချိန်မရလိုက်ပေ။ ထို့အပြင် ချန်ရုံသည် ကိုယ်ခံသိုင်းအနည်းငယ်လည်း သင်ယူထားသောကြောင့် ချန်ရုံ၏အင်အားက ချန်ဝေ့ထက် ပိုအားကောင်းနေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ချန်ဝေ့သည် အခန်းအပြင်သို့ရောက်သွားတော့သည်။

ချန်ဝေ့က အခန်းအပြင်သို့ ဒယိမ်းဒယိုင်ရောက်သွားချိန်တွင် အစေခံများ၏တီးတိုးပြောသံများကြားတွင် တံခါးကိုဆောင့်ပိတ်သွားတော့သည်။ အထဲမှ ချန်ရုံ၏အော်ဟစ်သံကိုလည်း ကြားလိုက်ရသည်။

"ချန်အိမ်တော်ရဲ့ အားဝေ့...နင်က ဘာမဟုတ်တာလေးကို ရေးကြီးခွင်ကျယ်လုပ်နေတာပဲ...နင် ငါ့ကို ဒီလိုမျိုး လွယ်လွယ်နဲ့ အသားယူလို့ရမယ်တော့ မထင်နဲ့...ထွက်သွား..."

အထဲမှအော်ဟစ်သံများနှင့် ချန်ဝေ့၏အညိုအမည်းစွဲနေသော နဖူးကိုကြည့်၍ အစေခံများသည် တစ်ယောက်ကိုတစ်ယောက်သာ လှမ်းကြည့်လိုက်နိုင်တော့သည်။ သူတို့သည် အလွန်စိတ်ရှုပ်သွားကြသည်။ မည်သူက မည်သူ့ကို အနိုင်ကျင့်နေတာပါလိမ့်။

အစေခံများ၏စပ်စုသောအကြည့်အောက်တွင် ချန်ဝေ့သည် ဆွံ့အနေရာမှ အသိပြန်ဝင်လာသည်။ ချန်ဝေ့သည် ချန်ရုံ၏ အခန်းတံခါးကို တိတ်ဆိတ်စွာကြည့်၍ နှုတ်ခမ်းများကို စေ့ကာ လှည့်ထွက်သွားတော့သည်။

ချန်ဝေ့တို့ ထွက်သွားသွားချင်းမှာပင် အထိန်းတော်ဖျင်က အမြန်ပြေးလာ၍ တံခါးနားသို့ကပ်ကာတိုးတိုးလေးပြောလိုက်သည်။

"မမလေး...အားဝေ့တို့ ပြန်သွားပြီ..."

အချိန်အတော်ကြာသောအခါမှ ချန်ရုံ၏ပင်ပန်းနွမ်းနယ်နေသောအသံက တံခါးနောက်မှ ထွက်ပေါ်လာသည်။

"ကောင်းတယ် သွားပါစေ..."

ချန်ရုံပြန်ဖြေသည်ကို ကြားသောအခါ အထိန်းတော်ဖျင်က ဆက်မေးလိုက်သည်။

"မမလေး ဘာတွေဖြစ်သွားကြတာလဲ...ဘာဖြစ်လို့ ကြမ်းပြင်နဲ့ ခေါင်းနဲ့ဆောင့်တဲ့အသံတွေကြားနေရတာလဲ..."

ချန်ရုံက ဘာမှပြန်မဖြေတော့ချေ။

အထိန်းတော်ဖျင်က အချိန်အတော်ကြာစောင့်နေသော်လည်း ဘာသံမှ ထပ်မကြားတော့သောကြောင့် ခေါင်းခါကာ ပြန်ထွက်သွားတော့သည်။

ထိုနေ့သည် လျင်မြန်စွာပင် ကုန်ဆုံးသွားသည်။


Xxxxx