အပိုင်း ၁၁၄
Viewers 18k

Chapter 114
ချီလန်နှင့် ပြန်တွေ့ခြင်း




ထိုနေ့သည် လျင်မြန်စွာပင် ကုန်ဆုံးသွားသည်။

နောက်တစ်နေ့၌ ကောင်းကင်က ကြည်လင်လာ၍ နှင်းများလည်း အရည်ပျော်စပြုလာသည်။

ယနေ့က အလွန်အေးသောနေ့ဖြစ်သည်။ ချန်ရုံသည် အခန်းထဲ၌သာနေ၍ အိပ်ယာရှေ့၌ မီးသွေးဗန်းများ များစွာချထား၍ စောင်နှစ်ထပ်ခြုံထားသော်လည်း အချမ်းမပြေနိုင်ဖြစ်နေသည်။

မနေ့ညတည်းက ချန်ရုံသည် အလွန်ချမ်းစိမ့်နေခြင်းဖြစ်သည်။

ယခင်ဘဝတုန်းက ရန်မင်းသည် အလွန်ဇွဲရှိ၍ သူလိုချင်သည်ကိုရရန် မဆုတ်မနစ်လုပ်တတ်သူတစ်ဦးဟု ချန်ရုံသိထားသည်။ ယခု ရန်မင်းလိုချင်နေသည်က ချန်ရုံဖြစ်နေသောအခါတွင်တော့ ချန်ရုံသည် စိတ်မအေးနိုင်တော့ချေ။

မနေ့ညက ချန်ရုံ၏ အိပ်မက်ထဲတွင် ဝမ်ဟုန်၏ တောက်ပသောမျက်လုံးများနှင့် နူးညံ့သောအသံပေါ်လာ၍ ခဏအကြာတွင် ရန်မင်း၏ရယ်သံနှင့် ချန်ရုံ့အား သူ့ပခုံးကိုကိုက်ခိုင်းနေသံက ပေါ်လာသည်။

ချန်ရုံသည် ကုတင်ပေါ်၌ အချိန်ကြာမြင့်စွာထိုင်နေပြီးသောအခါမှ မျက်လွှာချလိုက်ပြီး တစ်ချက် ခပ်တိုးတိုးရယ်ကာပြောလိုက်သည်။

"နင်ဘာတွေ ဒီလောက်တွေးနေတာလဲ...အဲဒီလူနှစ်ယောက်အကြောင်းကို တွေးကိုတွေးမနေသင့်ဘူး...ချန်ရုံ အချိန်က လူကိုစောင့်နေတာမဟုတ်ဘူး...နင်နဲ့ သင့်တော်မယ့်လူကို အမြန်ရှာတော့..."

ချန်ရုံသည် တစ်ခါမှ ဤကဲ့သို့ စိတ်မလောဖူးသော်လည်း ယခုတစ်ခေါက်တွင်တော့ ဘာကြောင့်မှန်းမသိပဲ ရန်မင်း၏ အပြုအမူများကို သတိရမိသောအခါ သူမ၏ ဘဝအတွက် စိုးရိမ်လာမိသည်။ တစ်နေ့နေ့တွင် ရန်မင်းနှင့် ဝမ်ဟုန် နှစ်ယောက်ထဲမှ တစ်ယောက်သည် ချန်ရုံ့အား အကျီစားလွန်၍ အပြင်လူများသည် သူမ၏ ဖရိုဖရဲနှင့် ရုပ်ပျက်ဆင်းပျက်ပုံကိုမြင်သွားကာ သူမ၏ဘဝ အဖက်ဆယ်မရဖြစ်သွားမည်ကို စိုးရိမ်လာမိသည်။

ထိုသို့တွေးလိုက်မိသောအခါ ချန်ရုံသည် ခပ်ရှက်ရှက်ဖြင့် ခေါင်းကို ခါရမ်း၍ ကုတင်ပေါ်မှ ခုန်ဆင်းကာ အော်ခေါ်လိုက်သည်။

"အထိန်းတော်ဖျင်...ကျွန်မ မျက်နှာသစ်ဖို့ လာကူပေးပါဦး..."

"လာပါပြီ..."

ချန်ရုံ၏အသံသည် ပုံမှန်ကဲ့သို့ ကြည်လင်၍ ပေါ့ပါးလာသည်ကို ကြားသောအခါ အထိန်းတော်ဖျင်သည်လည်း ပျော်ရွှင်စွာ ပြေးလာလေသည်။

အထိန်းတော်ဖျင်က ချန်ရုံ၏ဆံပင်ကို ဖြီးသင်ပေးနေချိန်တွင် အဖိုးစွင်းက အပြင်မှပြောလိုက်သည်။
"သခင်မလေး ဒီနေ့ ဝမ်အိမ်တော်ဆီသွားပြီး ဝမ်ချီလန်ကို သွားတွေ့ပါဦးမလား..."

ချန်ရုံက မျက်မှောင်ကြုတ်လိုက်သည်။

ချန်ရုံသည် နှုတ်ခမ်းများကို တင်းတင်းစေ့၍ စဉ်းစားလိုက်သည်။

ဒီကိစ္စကို ဆက်လုပ်နေရင် ဒီ့ထက်ပိုရှုပ်ကုန်မှာပဲရှိမှာ...နင်က ဝမ်ဟုန်နဲ့ မထိုက်တန်ဘူးဆိုတာ ကိုယ့်ဘာသာကိုယ်သိနေရင်လည်း ဘာဖြစ်လို့ သူနဲ့ သွားပြီး ပတ်သက်နေဦးတော့မလဲ ချန်ရုံ...အခုလိုပဲ ဆက်ပြီး အနစ်မြုပ်ခံနေဦးမယ်ဆိုရင် အရင်တစ်ခေါက်ကလိုပဲ စိတ်ညစ်ဝမ်းနည်းမှုတွေကြား‌ထဲကနေ ရုန်းမထွက်နိုင်ဖြစ်သွားလိမ့်မယ်...

ထိုအတွေးဖြင့် ချန်ရုံသည် ပြတ်သားစွာပြောလိုက်သည်။

"မလိုတော့ပါဘူး အဖိုးစွင်း..."
ထိုသို့ပြောလိုက်သောအခါ ဝမ်ဟုန်၏ ချောမောသောမျက်နှာနှင့် နာကျင်ခံစားသွားရသည့် မျက်နှာထားက ချန်ရုံ၏မျက်စိထဲ၌ ပေါ်လာသည်။

ချန်ရုံသည် ခေါင်းကိုပြင်းထန်စွာခါရမ်းလိုက်၍ မတ်တပ်ထလိုက်သည်။

အထိန်းတော်ဖျင်၏အကူအညီနှင့် ရေချိုးသန့်စင်ပြီး၍ မြေခွေးမွှေးအနွေးထည်ကို ဝတ်ဆင်ပြီးသောအခါ ချန်ရုံသည် အပြင်သို့ ထွက်လိုက်သည်။

နေက ပူနေသော်လည်း ခြံဝန်းထဲ၌ ထူထဲသောနှင်းများရှိနေသေး၍ ချန်ရုံလမ်းလျှောက်သောအခါ တစွပ်စွပ်မြည်နေသည်။

‌ချန်ရုံသည် ခြေကို တစ်လှမ်းချင်းလှမ်း၍ အိမ်ဝန်းထဲမှထွက်လာလိုက်သည်။

ချန်ရုံသည် သူမကိုယ်သူမ သတိမထားမိခင်မှာပင် လျှောက်နေကျလမ်းအတိုင်း လျှောက်လာမိသည်။ သို့သော် ဤအခေါက်တွင်တော့ လမ်း၏တစ်ဖက်တစ်ချက်မှ သစ်ပင်များသည် သစ်ရွက်များမရှိပဲ နှင်းများဖြင့်သာဖုံးအုပ်နေကာ လမ်းပေါ်၌လည်း ခြေရာများဖြင့် ရှုပ်ပွနေသည်။

လမ်းတစ်လျှောက်၌ ချန်ရုံနှင့်တွေ့သော အစေခံများနှင့် အိမ်စေမိန်းကလေးများသည် ချန်ရုံ့အား စပ်စုစွာ ကြည့်သွားကြသည်။

သို့သော်လည်း သစ်ပင်များစီတန်းနေသောလမ်းမှ ဘေးသို့ဖဲ့ဆင်း၍ ဥယျာဉ်ထဲမှ ပို၍ကျဉ်းမြောင်းသောလမ်းလေးဆီသို့ သွားလိုက်သောအခါ တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်မှုကို ချန်ရုံ ခံစားလိုက်ရသည်။

လေသည် အရိုးစိမ့်လောက်အောင် အေးစက်နေသောကြောင့် နာရီဝက်ခန့် လမ်းလျှောက်ထားသော ချန်ရုံသည် အအေးဓာတ်ကို မခံနိုင်တော့ချေ။ ချန်ရုံသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ အိမ်သို့ပြန်ရန် အနောက်သို့ လှည့်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် သစ်တောအုပ်ကြားမှ ကြည်လင်၍ အေးဆေးတည်ငြိမ်သောအသံတစ်ခုကို ချန်ရုံကြားလိုက်ရသည်။

"မင်းက အခြေအနေကို ပိုပိုသာသာပြောနေတာပဲလို့ ငါထင်တယ်...မင်းရဲ့ ဝမ်းကွဲညီမကို ငါမတွေ့ဖူးပေမယ့် အကူအညီမဲ့တဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ လူရိုင်းတွေဝင်စီးတာကို ခံထားရတဲ့မြို့ထဲကို တစ်ယောက်တည်း ဝင်သွားရဲတာက တကယ်ကို လေးစားစရာကောင်းတာပါပဲ...ပြီးတော့ သူ‌ပြောသလိုပဲ အဲဒီမြို့ကိုသူသွားခဲ့တာက တကယ်ပဲ အချစ်ကြောင့်မဟုတ်ပဲ ကျေးဇူးတရားကြောင့်သွားတာလည်း ဖြစ်ချင်ဖြစ်မှာပါ..."

အသံက ခဏရပ်သွားပြီးမှ သက်ပြင်းချကာ ဆက်ပြောလိုက်သည်။

"ကျေးဇူးတရားကြောင့်ပဲဖြစ်ဖြစ် အချစ်ကြောင့်ပဲဖြစ်ဖြစ် ဒီလိုမျိုး မိန်းမပျိုတစ်ယောက်ဆိုတာ အရမ်းကို ရှားရှားပါးပါးပဲ...သူသာ ငါ့ကိုလက်ခံမယ်ဆိုရင် ချက်ချင်းပဲ ထပြီး လက်ထပ်လိုက်မိမယ်ထင်တယ်..."

ထိုစကားများကိုကြားသောအခါ ချန်ရုံသည် တောင့်တင်းသွားမိသည်။ ထို့နောက် သူမကိုယ်သူမပင် သတိမထားမိပဲ ချန်ရုံသည် ခြေသံမထွက်စေရန် ခပ်ဖွဖွနင်း၍ မြင့်မားသော ညောင်ပင်ကြီးနောက်သို့ သွား၍ ပုန်းကွယ်နေလိုက်သည်။


သစ်တောအုပ်ထဲမှ စကားပြောသံများရပ်သွားသည်။

ခဏအကြာမှ ရုတ်တရက် ထရယ်လိုက်သော ချန်စန်းလန်၏အသံထွက်ပေါ်လာသည်။

"ကျန်းရှန့်...မင်းက သူ့လိုမိန်းမမျိုးကို လက်ထပ်ချင်စိတ်ရှိတာ တကယ်သတ္တိရှိတာပဲ...မင်း သူနဲ့ လက်ထပ်ပြီးတဲ့အခါမှာ သူ့ရဲ့ ချစ်သူဟောင်းကိုလွမ်းလို့ ငိုနေတဲ့မျက်ရည်တွေနဲ့ နေ့တိုင်းမျက်နှာသစ်နေရမှာ မစိုးရိမ်ဘူးလား..."

ချန်စန်းလန်က ထပ်ရယ်လိုက်ပြီးမှ အထင်သေးသောအသံဖြင့်ပြောလိုက်သည်။

"ဒါပေမယ့် အမှန်အတိုင်းပြောရရင် မင်းရဲ့အခြေအနေကလည်း သူနဲ့တော်တော်ကို လိုက်ဖက်နေတယ်..."

ချန်ရုံသည် ထိုစကားများကိုကြားသောအခါ ဆတ်ခနဲလှည့်လိုက်သည်။ ထူထဲသောသစ်ပင်များ၏နောက်ကွယ်မှ လူကို မြင်နိုင်ရန် ချန်ရုံသည် မျက်လုံးများကို အတင်းပြူး၍ ကြည့်နေမိသည်။ သို့သော် ချန်ရုံ မည်သို့ မြင်နိုင်ပါမည်နည်း။

"သူသာ တခြားအမျိုးသားတစ်ယောက်ကို ချစ်နေတာဆိုရင် ငါ့ကိုလက်ထပ်ဖို့ သဘောတူမှာမဟုတ်ဘူး လို့ ငါယုံကြည်ပါတယ်..."

ကျန်းရှန့်က တည်ငြိမ်သောအသံဖြင့်ပြောလိုက်သည်။

"ဒါပေမယ့် ငါ့ကို လက်ထပ်ဖို့ သဘောတူလိုက်ပြီဆိုရင်တော့ သူရွေးချယ်ပြီးတဲ့လမ်းကိုပဲ သေချာဆက်လျှောက်သင့်တယ်မဟုတ်လား..."

ချန်စန်းလန်က တဟားဟားအော်ရယ်လိုက်ပြန်သည်။

"မင်းက အရမ်းသဘောကောင်းလွန်နေတာပဲ..."

နှင်းတောထဲမှ တစွပ်စွပ်လမ်းလျှောက်သံက ပို၍ကျယ်လာသည်။ ထိုလုလင်ပျိုနှစ်ယောက်သည် ချန်ရုံ့နားသို့ နီးကပ်လာပြီဖြစ်ဟန်တူသည်။

ခဏအကြာတွင် ချန်ရုံရှိနေသည့်နေရာနှင့် ခြေလှမ်း ဆယ့်ငါးလှမ်းခန့်အကွာနေရာမှ ချန်စန်းလန်၏အသံထွက်ပေါ်လာပြန်သည်။

"ထားပါတော့ မိန်းမတွေအကြောင်း မပြောတော့ဘူး...ကျန်းရှန့် ငါ အရှက်ခွဲခံရပြီးတည်းက ငါ့ရဲ့ မိတ်ဆွေတွေနဲ့ အသိတွေကို အရိပ်အယောင်တောင် မမြင်ရတော့ဘူး...မင်းတစ်ယောက်ပဲ ငါ့ကို လာတွေ့တဲ့လူရှိတော့တာ.. ဒါကြောင့်လည်း ဘိုးဘွားတွေက ဒုက္ခနဲ့ကြုံတဲ့အချိန်မှ ကိုယ့်ဘေးမှာရှိနေပေးတဲ့လူကသာ မိတ်ဆွေအစစ်အမှန်လို့ ပြောခဲ့တာပဲ...အရင်ကတော့ ငါတို့နှစ်ယောက်က အရမ်း မရင်းနှီးခဲ့ပေမယ့် ငါ အခုလို ဒုက္ခရောက်နေတဲ့အချိန်မှာတော့ မင်းကိုပဲ အားကိုးအားထားစရာရှိတော့တယ်..."

ကျန်းရှန့်က ပြုံးလိုက်သည်။

သူတို့သည် ချန်ရုံရပ်နေသည့်နေရာနှင့် အနီးအနားမှ ရေကန်နားဆီသို့ လျှောက်လာကြခြင်းဖြစ်သည်။ ထိုနေရာ၌ နှင်းများက ခြေသလုံးမြုပ်သည်အထိ ထူထပ်နေသောကြောင့် လုလင်ပျိုနှစ်ဦးသည် လမ်းကို မနည်းသတိထား၍ လျှောက်နေကြရသည်။

ဘယ်ဘက်၌ရှိနေသူက ချန်စန်းလန်ဖြစ်သည်။ ချန်စန်းလန်နှင့်အတူရှိနေသူက အသက် ၁၈ နှစ် ၁၉ နှစ်အရွယ်ရှိသော လေးထောင့်ဆန်ဆန်မျက်နှာ၊ အချိုးအစားကျသော ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ညိုမှောင်သော အသားအရည်နှင့် သွက်လက်ဖျတ်လတ်သော မျက်လုံးတစ်စုံတို့ကို ပိုင်ဆိုင်ထားသည့် လုလင်ပျိုတစ်ဦးဖြစ်သည်။ ထိုလူငယ်သည် အလွန်အရပ်မြင့်မားသူဖြစ်သည်။ သူသည် အသားအရည်က မဖြူ၍ ချောလည်း မချောမောသော်လည်း သူ၏ ဖြောင့်မတ်သည့် ခန္ဓာကိုယ်နှင့် ကျန်းမာသန်စွမ်းသောပုံစံက ဝိုင်အရက်များ အလွန်အကျွံသောက်၍ မိန်းမတကာနှင့် အိပ်နေသော ချန်စန်းလန်ထက် အများကြီး ပို၍ ကြည့်ကောင်းနေသည်။

ချန်ရုံ၏မျက်လုံးများသည် ထိုလူငယ်၏အဝတ်အစားများဆီသို့ ရွှေ့သွားသည်။ လူငယ်သည် ချမ်းအေးသောနေ့၌ အပြင်သို့ ထွက်လာရသောကြောင့် မြေခွေးမွှေးအနွေးထည်ကို ဝတ်ဆင်ထားသည်။ သို့သော် ထိုအနွေးထည်အား သေချာစူးစိုက်ကြည့်ပါက အင်္ကျီလက်များနှင့် ကော်လံနေရာများတွင် အနည်းငယ်နွမ်းနေသည်ကို မြင်ရမည်ဖြစ်သည်။

ထိုလူငယ်သည် ကျန်းရှန့် ဖြစ်ပေလိမ့်မည်။ ကျန်းရှန့်၏ရုပ်ရည်၊ မိသားစုနောက်ခံနှင့် စိတ်နေစိတ်ထားတို့သည် ချန်ရုံရှာဖွေနေသော ရိုးသားနှိမ့်ချတတ်သည့်ပညာရှိနှင့် ကိုက်ညီနေပေသည်။

ချန်ရုံသည် မျက်လုံးကို အတင်းပြူးကျယ်အောင်လုပ်၍ ချန်စန်းလန်နှင့် ကျန်းရှန့်တို့ ထွက်ခွာသွားသည်ကို လိုက်ကြည့်နေမိသည်။ ထိုလုလင်ပျိုနှစ်ယောက် မြင်ကွင်းမှပျောက်ကွယ်သွားသည့်အခါမှပင် ချန်ရုံသည် အိမ်သို့ ပြန်လာလိုက်သည်။

ကောင်းကင်သည် နေ့တစ်ဝက်လောက်သာ ကြည်လင်၍ ညနေပိုင်းတွင် နှင်းများထပ်ကျလာပြန်သည်။

နန်ယန်မြို့မှလူများအတွက်တော့ နှင်းသည် နတ်ဘုရားများမှ ပေးပို့လိုက်သော အကာအကွယ်ဖြစ်သည်။ ယခုအချိန်တွင်တော့ စိုးရိမ်ပူပန်နေရသော မြို့သူမြို့သားများသည် ရယ်‌မောနေနိုင်ကြပြီဖြစ်သည်။ ချန်အိမ်တော်၌ပင် သီချင်းတီးခတ်သံများပျံ့လွင့်နေသည်။ မနက်စောစောကလည်း ချန်ကုန်းရန်းနှင့် သူ၏အပေါင်းအသင်းများသည် နန်းတွင်းသူများကိုခေါ်၍ နှင်းများကို ကြည့်ရန် ထွက်သွားကြသည်။

ထိုအရာများကို ချန်ရုံသည် ဂရုပင်မစိုက်မိပေ။

ချန်ရုံသည် တစ်နေကုန် အိမ်ထဲ၌နေ၍ ကျန်းရှန့် ဟူသော ပညာရှိနှင့် မည်သို့များတွေ့ခွင့်ရနိုင်မည်လဲဟု အကြံထုတ်နေခဲ့သည်။ သို့သော် ချန်ရုံလုပ်နိုင်သည်မှာ ဘာမှမရှိပါချေ။ မိဘများမရှိသော မိန်းမငယ်တစ်ယောက်အနေဖြင့် ချန်ရုံသည် ဆန့်ကျင်ဘက်လိင်ဖြစ်သော ယောင်္ကျားလေးများနှင့် တွေ့ရန်အခွင့်အရေးဟူ၍ မရှိပါ။

အချိန်အတော်ကြာအထိ သက်ပြင်းအခါခါချပြီးသောအခါ ချန်ရုံသည် အချိန်ဖြုန်းဖို့အတွက် တစ်ခုခုလုပ်ရန် စဉ်းစားလိုက်သည်။ ထို့ကြောင့် အဖိုးစွင်းကိုခေါ်၍ သူမ၏ ဆိုင်ခန်းများဆီသို့ လိုက်ပို့ရန်စေခိုင်းလိုက်သည်။

ရထားလုံး၏လိုက်ကာကိုမ၍ ရထားလုံးထဲသို့ ဝင်မည်အပြုမှာပင် ခြံဝန်းထဲသို့ ခြေသံများရောက်လာသည်။ ထို့နောက် အစေခံမိန်းမပျိုတစ်ဦး၏ အသံထွက်ပေါ်လာသည်။

"သခင်မလေးအားရုံ အိမ်မှာရှိပါသလား..."

"ရှိပါတယ်..."
ချန်ရုံက အနည်းငယ်စိတ်ရှုပ်သွားဟန်ဖြင့် ပြန်ဖြေလိုက်သည်။

အစေခံမိန်းမပျို လေးဦးက ခြံဝန်းထဲသို့ဝင်လာကြသည်။ ထိုအစေခံများ၏ခေါင်းဆောင်အ‌စေခံသည် သခင်မရွမ်၏အစေခံဖြစ်သည်။

ချန်ရုံ့အား ရှာနေသူက သခင်မရွမ်ဖြစ်မည်မှန်း မထင်ထားမိသော ချန်ရုံက သတိကြီးကြီးထား၍ ရထားလုံးပေါ်မှ ခုန်ဆင်းကာ မေးလိုက်သည်။
"အဒေါ်က ဘာလိုချင်လို့ပါလဲ..."

ခေါင်းဆောင်အစေခံက ချန်ရုံ၏ နမော်နမဲ့ပုံစံကို စိတ်ပျက်သလိုကြည့်နေသည်။ ထို့နောက်အစေခံက ရိုးရာအရ အရိုအသေပေးလိုက်၍ ပြောလိုက်သည်။

"ဒီည နန်ယန်မင်းသားရဲ့ စံအိမ်တော်မှာ ဧည့်ခံပွဲတစ်ခုရှိပါတယ်...အခု သခင်မလေးက မြို့မှာ နာမည်ကျော်ကြားနေတာကြောင့် အဲဒီဧည့်ခံပွဲကို တက်ဖို့ သခင်မကြီးက ပြင်ဆင်ခိုင်းလိုက်လို့ပါ..."
အစေခံကပြောပြီးသည်နှင့်တစ်ပြိုင်နက် ပြန်လှည့်ထွက်သွားတော့သည်။

ချန်ရုံသည် အစေခံများ ပြန်ထွက်သွားသည်ကို ကြည့်၍ စဉ်းစားနေမိသည်။

အထိန်းတော်ဖျင်က ချန်ရုံ့နောက်သို့ရောက်လာ၍ စိတ်ပူသောလေသံဖြင့် မေးလိုက်သည်။

"ဒါပေမယ့် မမလေး...နန်ယန်မင်းသားက..."

ချန်ရုံက ခေါင်းခါလိုက်၍ တိုးတိတ်စွာပြောလိုက်သည်။

"သူတို့ ဒီတစ်ခေါက်မှာတော့ ဘာမှ ဖုံးကွယ်ထားတာမျိုးမရှိဘူး...ဒီတစ်ခါတော့ လှည့်စားတာမျိုးမဟုတ်ဘူးထင်ပါတယ်..."

အချိန်က ယခုပင်လျှင် အတော်နောက်ကျနေပြီဖြစ်သည်။ ည၌ ဧည့်ခံပွဲတက်ရတော့မည်ဖြစ်၍ ချန်ရုံသည် အလျင်အမြန်ပင် ပြင်ဆင်လိုက်သည်။

နောက်နှစ်နာရီခန့်ကြာသောအခါ ညမိုးချုပ်သွားသော်လည်း နှင်းများကြောင့် ညက လင်းနေသကဲ့သို့ ဖြစ်နေသည်။

အိမ်တော်၏အတွင်းနှင့် အပြင်များ၌လည်း မီးအိမ်များထွန်းထား၍ မီးတိုင်များကလည်း လေနှင့်အတူ တနွဲ့နွဲ့ လှုပ်ရှားနေကြသည်။

ချန်ရုံ၏ ရထားလုံးသည် ဖြည်းညှင်းစွာဖြင့် အိမ်ဝန်းထဲမှ ထွက်ခွာလာသည်။ ချန်ရုံသည် ချန်ယွမ်၏အနောက်မှ လိုက်ရမည်ဖြစ်သော်လည်း အချိန်က အတော်နောက်ကျနေပြီဖြစ်သောကြောင့် ချန်ရုံသည် ကိုယ်ပိုင်ရထားလုံးဖြင့် ထွက်ခွာလာရတော့သည်။

ကောင်းကင်မှ ထူထဲသောနှင်းပွင့်များက ကျဆင်းလျက်ရှိသည်။ လမ်းတစ်လျှောက်၌ ဟိုဟိုဒီဒီမှ မီးပွင့်များကို တလက်လက်တွေ့နေရသည်။

အဖိုးစွင်းက မြင်းများကို အော်ဟစ်မောင်းနှင်လိုက်၍ ချန်ရုံ့အား မေးလိုက်သည်။

"သခင်မလေး...အဖိုးတို့မှာ ဖိတ်စာမပါဘူးမဟုတ်လား...ဝင်ပေါက်မှာ ဝင်ခွင့်မရပဲ ပြန်လှည့်လာရရင် ရှက်စရာပဲ..."

ချန်ရုံက လိုက်ကာကိုမ၍ ပတ်ဝန်းကျင်နှင့် လမ်းအခြေအနေကိုအကဲခတ်၍ ပြောလိုက်သည်။

"ကျွန်မတို့ကို အဝင်မခံရင် ချန်ယွမ်လည်း အရှက်ရသွားမှာပဲ...စိတ်မပူပါနဲ့..."

ချန်ရုံသည် ပတ်ဝန်းကျင်သို့ အတော်ကြာအကဲခတ်နေရာ လမ်းပေါ်၌ ရထားလုံးများ အများအပြားသွားလာနေကြသည်ကို မြင်နေရသည်။ ချမ်းသာ၍ နာမည်ကြီးသော အထက်တန်းလွှာများအားလုံးသည် မင်းသား၏စံအိမ်ဆီသို့ အပြေးအလွှားသွားနေကြဟန်တူသည်။ ထိုရထားလုံးများကိုကြည့်ရင်းဖြင့် ချန်ရုံသည် စိတ်အေးစွာ သက်ပြင်းချလိုက်သည်။

ထို့နောက် လိုက်ကာများကို ပြန်ချ၍ ရထားလုံးကို ကျောမှီကာ ပြန်ထိုင်လိုက်သည်။

ထိုအချိန်မှာပင် ရထားလုံးက တုံ့ခနဲရပ်သွားသည်။

ချန်ရုံက မျက်လုံးကို အမြန်ဖွင့်၍ ထထိုင်ကာ မေးလိုက်သည်။

"ဘာဖြစ်တာလဲ..."

"အရှေ့မှာ မိန်းကလေးအုပ်စုတစ်ခုက လမ်းပိတ်ထားလို့ပါ သခင်မလေး..."

အဖိုးစွင်းက ပြန်ပြောလိုက်သည်။


Xxxxx