Chapter 115
ချီလန်နှင့် ပြန်တွေ့ခြင်း
ချန်ရုံပင် အပြင်သို့ မကြည့်လိုက်ရသေးခင်မှာပင် မိန်းကလေးများ၏ အော်ဟစ်လိုက်သံက ကျယ်လောင်စွာထွက်ပေါ်လာသည်။
နားပင်းသွားလောက်အောင် ဆူညံနေသောအသံများကြား၌ မိန်းကလေးတစ်ယောက်က ညှို့ယူခြင်းခံထားရသောအသံဖြင့်အော်လိုက်သည်။
"ချီလန် ချီလန် အရှင် အပြင်မှာရောက်နေတယ်ဆိုရင်လည်း ဘာဖြစ်လို့ ကျွန်မတို့ကို မျက်နှာမပြတာပါလဲ...ကျွန်မတို့ကို ဒီလိုစောင့်ခိုင်းပြီး မနှိပ်စက်ပါနဲ့..."
အခြားမိန်းမပျိုများကလည်း ဝင်အော်လိုက်ကြသည်။
"ဟုတ်ပါတယ် ဟုတ်ပါတယ်...ကျွန်မတို့ကို မျက်နှာပြပေးပါ..."
"ချီလန် အရှင့်ကို ကျွန်မတို့ မတွေ့ရတာ အတော်ကြာနေပါပြီ...ဒီနေ့လိုနေ့မျိုးမှာ ဒီလိုမျိုး နီးနီးကပ်ကပ်ရှိခဲ့တာတောင် အရှင့်ရဲ့ မျက်နှာကို မမြင်ရဘူးဆိုရင်တော့ အရမ်းပဲ ရက်စက်ရာမကျပါဘူးလား အရှင်..."
"ချီလန် ကျွန်မတို့ကို ကြည့်ခွင့်ပေးပါ..."
ထိုအော်ဟစ်ရယ်မောနေသံများကြား၌ အဖိုးစွင်းက ပြုံး၍ ပြောလိုက်သည်။
"သခင်မလေး ဝမ်ချီလန်လည်း ရောက်နေတယ်...သူ့ရဲ့ရထားလုံးကို မိန်းကလေးတွေ ဝိုင်းပိတ်ထားကြတယ်..."
ချန်ရုံက အင်း ဟုသာ ပြန်ပြောလိုက်သည်။ ထို့နောက် လိုက်ကာကို ဖြည်းညှင်းစွာမ၍ အပြင်သို့ လှမ်းကြည့်လိုက်သည်။
ထိုအချိန်မှာပင် ဝမ်ဟုန်၏ရထားလုံးမှ လိုက်ကာသည်လည်း ပွင့်ဟသွားသည်။ မိန်းကလေးများ၏အော်ဟစ်သံများကြားတွင် ဝမ်ဟုန်၏ ချောမောသောမျက်နှာနှင့် ဖွေးဆွတ်နေသည့် ပုံသဏ္ဍာန်က ချန်ရုံ၏မျက်စိရှေ့၌ ထွက်ပေါ်လာတော့သည်။
နှင်းများက ကောင်းကင်မှ တဖွဲဖွဲကျနေဆဲဖြစ်၍ မြေပြင်တစ်ခုလုံးသည် ဖွေးဖြူသောကော်ဇောကဲ့သို့ဖြစ်နေသည်။ ထိုနှင်းများကဲ့သို့ အရောင်အတိုင်း ဖွေးဖွေးဆွတ်သော ဝတ်စုံကို ဝတ်ဆင်ထားသော ဝမ်ဟုန်သည် မိန်းကလေးများအား ပြုံးပြလိုက်သည်။ ထိုအရာကိုကြည့်နေရင်းဖြင့် ကောင်းကင်မှ အလှပဆုံးသောကြယ်လေးတစ်လုံးက မြေပြင်ပေါ်သို့ ဆင်းသက်လာသည်ဟု ချန်ရုံ ခံစားလိုက်ရသည်။
ဝမ်ဟုန်သည် အမြဲပင် ထိုကဲ့သို့ဖြစ်နေမည်ဖြစ်သည်။ မည်သည့်နေရာ မည်သည့်အချိန်တွင်မဆို ဝမ်ဟုန်၏ တည်ရှိမှုသည် အခြားလူများအား ကမ္ဘာလောကကြီးသည် အိပ်မက်တစ်ခုကဲ့သို့ လှပလွန်းပေသည်ဟု တွေးထင်သွားစေနိုင်လေသည်။
ချန်ရုံသည် ဝမ်ဟုန့်အား အတော်ကြာကြာငေးကြည့်ပြီးကာမှ ခေါင်းကိုငုံ့၍ တစ်ကိုယ်တည်းပြောလိုက်သည်။
"သူ့လိုမျိုး ကျောက်စိမ်းနဲ့ လရောင်တွေနဲ့ ပြုလုပ်ထားတာနဲ့ ဆင်တူတဲ့လူမျိုးကို ငါဘာဖြစ်လို့များ ကြိုက်နှစ်သက်မိခဲ့တာလဲ..."
ထို့နောက် ချန်ရုံသည် ဆုံးဖြတ်ချက်ချလိုက်သည့်ပုံဖြင့် လိုက်ကာကို ဆွဲချလိုက်၍ အဖိုးစွင်းအားပြောလိုက်သည်။
"တခြားလမ်းက မောင်းလိုက်ပါ..."
"ဟုတ်ကဲ့..."
အဖိုးစွင်းက ရထားလုံးအား အခြားလမ်းတစ်ခုဆီသို့ ဦးတည်လိုက်သည်။
နာရီဝက်ခန့်ကြာသောအခါ ချန်ရုံ၏ရထားလုံးသည် မင်းသား၏စံအိမ်အပြင်သို့ ရောက်လာတော့သည်။
စံအိမ်သည် အလွန်ကြီးကျယ်ခမ်းနားသည့်ပုံဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ မြင့်မားသောတံတိုင်းများမှ စကျင်ကျောက်များသည် နှင်းများကြား၌ ခမ်းနားထည်ဝါသည့်ရောင်ဝါများ ထုတ်လွှင့်နေသကဲ့သို့ ရှိလေသည်။
ဂိတ်တံခါးဝ၏တစ်ဖက်စီ၌ ရပ်နေသော လက်နက်ကိုင်ထားသည့် အစောင့်များကို တစ်ချက်လှမ်းကြည့်လိုက်၍ ချန်ရုံသည် အဖိုးစွင်းအား ပြောလိုက်သည်။
"အဖိုး တုံ့ဆိုင်း တုံ့ဆိုင်းလုပ်မနေနဲ့ ခပ်တည်တည်သာမောင်းသွားလိုက်..."
"ဟုတ်ကဲ့..."
ချန်ရုံ၏ရထားလုံးသည် အခြား တစ်ဒါဇင်ခန့်ရှိသောရထားလုံးများနောက်၌ ဝင်ရပ်လိုက်သည်။ ချန်ရုံတို့ ဂိတ်တံခါးဝသို့ရောက်သောအခါ အချိန် နာရီဝက်မျှပင် ကုန်လွန်သွားပြီဖြစ်သည်။
အစောင့်တစ်ဦးက ရိုသေစွာမေးလိုက်သည်။
"ဒီသခင်မလေးက ဘယ်အိမ်တော်ကပါလဲ...နာမည်ပြား ပြပါ..."
အဖိုးစွင်းက ရွှင်ပျသောအသံဖြင့်ပြောလိုက်သည်။
"အဖိုးရဲ့သခင်မလေးက သူ့ရဲ့ ဦးလေးနဲ့လာတာပါ...အဖိုးတို့ရထားလုံးက နောက်မှာ ကျန်ရစ်ခဲ့..."
အဖိုးစွင်း၏စကားမဆုံးသေးခင်မှာပင် အစောင့်က အော်လိုက်သည်။
"နာမည်ပြား ပြပါ..."
အဖိုးစွင်းက တုန်လှုပ်သွားချိန်တွင် ရထားလုံးထဲမှ ချန်ရုံ၏အသံ ထွက်ပေါ်လာသည်။
"ကျွန်မတို့ အိမ်ပဲပြန်ကြရအောင်..."
အဖိုးစွင်းက ခဏတွေဝေသွားသော်လည်း လူတိုင်း၏စပ်စုသောအကြည့်များအောက် တစ်ချက်ရယ်လိုက်၍ အစောင့်အားပြောလိုက်သည်။
"ဒါဆိုလည်း ကျွန်ုပ်တို့ ပြန်ပါတော့မယ်..."
ထိုအခိုက်၌ ငယ်ရွယ်သောပညာရှိတစ်ဦးက အစောင့်နားသို့ လျှောက်လာ၍ အသံကိုမြှင့်ကာမေးလိုက်သည်။
"ဒီမိန်းမငယ်က ချန်အိမ်တော်က မိန်းကလေးတစ်ယောက်ပဲ...သူက ချန်အိမ်တော်ရဲ့ အားရုံများလား..."
ပတ်ဝန်းကျင်မှ လူများက ရုတ်တရက် တိတ်ဆိတ်သွားကြသည်။
ချန်ရုံသည်လည်း အံ့ဩသွားမိသည်။ ထိုပညာရှိ၏အသံက ရင်းနှီးနေပုံပေါက်နေသောကြောင့် လိုက်ကာမှတစ်ဆင့် အမြန်ချောင်းကြည့်လိုက်ကာ ထိုပညာရှိသည် ချန်စန်းလန်၏ မိတ်ဆွေ ကျန်းရှန့် ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ကျန်းရှန့်က အဘယ်ကြောင့် မင်းသား၏စံအိမ်တော်ထဲ ရောက်နေရပါသနည်း။
ချန်ရုံက ဘာမှမပြောပဲ တိတ်ဆိတ်နေသောကြောင့် အဖိုးစွင်းကပင် ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ်...ကျွန်ုပ်ရဲ့သခင်မလေးက ချန်အိမ်တော်ရဲ့ အားရုံပါ..."
အဖိုးစွင်း၏စကားကိုကြားသောအခါ အစောင့်က နောက်သို့ဆုတ်၍ ကျယ်လောင်စွာပြောလိုက်သည်။
"ချန်အိမ်တော်ရဲ့အားရုံလား...ဒါဆိုရင်တော့ သေချာပေါက် ဝင်လို့ရတာပေါ့...ဒီဘက်ကိုလာပါ..."
အဖိုးစွင်းက မြင်းများကိုမောင်းလိုက်စဉ်တွင် ချန်ရုံက လိုက်ကာများကို မလိုက်သည်။ အပြာနှင့် ခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထား၍ အံ့ဩဖွယ်ကောင်းလောက်အောင် လှပသောချန်ရုံသည် လူတိုင်းရှေ့၌ ထွက်ပေါ်လာသည်။
လူတိုင်းက ချန်ရုံ့အား သေချာစူးစူးစိုက်စိုက်ကြည့်နေကြချိန်တွင် ချန်ရုံက ကျန်းရှန့်အား လှမ်းကြည့်လိုက်သည်။ ချန်ရုံသည် ပြုံးလိုက်၍ ကျန်းရှန့်အား စကားစပြောမည်အလုပ်တွင် ကျန်းရှန့်သည် ချန်ရုံ့နောက်မှ တစ်စုံတစ်ခုထံသို့ အာရုံစူးစိုက်သွားသည်ကို မြင်လိုက်ရသည်။
အခြားသူများသည်လည်း ကျန်းရှန့်ကဲ့သို့ပင် ချန်ရုံ့နောက်သို့ အာရုံဝင်စားကုန်ကြသည်။
ချန်ရုံသည်လည်း သိချင်စိတ်ဖြင့် အနောက်သို့ လှည့်လိုက်သည်။ ချန်ရုံက ထိုရောက်လာသူကို မမြင်လိုက်ခင်မှာပဲ ရထားလုံးတစ်စီးက ချန်ရုံ့နားသို့ ဆိုက်ရောက်လာသည်။ တစ်ချိန်တည်းမှာပင် စမ်းရေကဲ့သို့ အေးမြသောအသံက ပြောလိုက်သည်။
"အားရုံ မင်းလည်း ဒီကိုရောက်နေတာလား...ဒါဆိုရင် တူတူသွားကြရအောင်..."
ထိုအသံပိုင်ရှင်မှာ ဝမ်ဟုန်ဖြစ်လေသည်။
ချန်ရုံသည် ဝမ်ဟုန့်အား ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။
ချန်ရုံမြင်လိုက်ရသည်က ဝမ်ဟုန်၏ ပြုံးနေသော မျက်နှာပင်ဖြစ်သည်။
ထိုအချိန်၌ ကျန်းရှန့်ကလည်း ဝမ်ဟုန်၏ဘေး၌ ရပ်နေသောကြောင့် ဝမ်ဟုန်ရော ကျန်းရှန့်၏မျက်နှာရောပါ ချန်ရုံ၏မြင်ကွင်းထဲသို့ရောက်လာသည်။
ကျန်းရှန့်သည် ခေါင်းကိုမော့၍ ဝမ်ဟုန့်အား လေးစားအားကျသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ချန်ရုံသည် ထိုအခြေအနေကို ကြည့်၍ တွေးလိုက်မိသည်။
ဝမ်ဟုန်နဲ့ယှဉ်ရင်တော့ ကမ္ဘာပေါ်မှာ ရှိရှိသမျှ တခြားယောင်္ကျားတိုင်းက ကြက်နဲ့ ခွေးတွေလိုမျိုး အရမ်းကို သာမာန်ဆန်နေတော့မှာပဲ...
ထိုအတွေးနှင့်အတူ ချန်ရုံသည် အကြည့်လွှဲလိုက်သည်။
ချန်ရုံသည် ဝမ်ဟုန့်ကို ပြန်ကြည့်လိုက်သောအခါ စနောက်စွာပြောလိုက်သော ဝမ်ဟုန်၏ ကြည်လင်သောအသံက ချန်ရုံ၏နားထဲသို့ဝင်လာသည်။
"မင်း ဘယ်သူ့ကိုကြည့်နေတာလဲ အားရုံ...မင်းမျက်လုံးတွေက ခိုးစရာတွေ့တဲ့ သူခိုးလိုမျိုး တလက်လက်တောက်ပနေတယ်...":
ဝမ်ဟုန်သည် ချန်ရုံ့နားသို့ အလွန်နီးကပ်စွာရပ်နေသည်။
ချန်ရုံက ခန္ဓာကိုယ်လေးကို ကျုံ့လိုက်သည်။ ထို့နောက် ဘေးဘီသို့ အကြည့်ကိုလွှဲလိုက်သောအခါ ချန်ရုံ့အား မနာလိုမှုအပြည့်ဖြင့် ကြည့်နေကြသော မျက်လုံးများကို ရင်ဆိုင်လိုက်ရသည်။
ချန်ရုံသည် စိတ်ရှုပ်နေမိသော်လည်း မမေ့မလျော့ပဲ ကျန်းရှန့်ကို ကြည့်လိုက်သည်။ ကျန်းရှန့်သည် ချန်ရုံနှင့် ဝမ်ဟုန်တို့အား အလွန်လိုက်ဖက်သောစုံတွဲပါပေလား ဟူသည့်ပုံဖြင့် အားကျသောအရိပ်အယောင်များဖြင့် ကြည့်နေသည်ကိုမြင်လိုက်ရသည်။
ချန်ရုံ၏နှလုံးသားက ပြင်းထန်စွာခုန်လာသည်။
ဒီလောကမှာရှိတဲ့ ပညာရှိထောင်ပေါင်းများစွာထဲမှာမှ ငါ့ရဲ့ နိမ့်ကျတဲ့ နောက်ခံအသိုင်းအဝိုင်းနဲ့ စွန်းထင်းနေတဲ့ ဂုဏ်သိက္ခာကို လက်ခံနိုင်တာဆိုလို့ ဒီ ကျန်းရှန့်ဆိုတဲ့ သူစိမ်းတစ်ယောက်ပဲရှိမှာ...ငါ တစ်ဖက်က်ိုလှည့်လိုက်တာနဲ့ သူ့မျက်နှာကို မေ့သွားပေမယ့်...သူပြောတာကလည်း နောက်ပြောင်ပြီး ပြောတာဖြစ်နိုင်ပေမယ့် နည်းနည်းလောက်တော့ ငါမကြိုးစားသင့်ဘူးလား...
ချန်ရုံသည် စဉ်းစားနေရင်းဖြင့် ဝမ်ဟုန့်ကို လှည့်ကြည့်လိုက်သည်။
ဝမ်ဟုန်က ချန်ရုံ့အား ပြုံး၍ကြည့်နေသည်။ ချန်ရုံသတိမထားသော်လည်း ချန်ရုံနှင့် ဝမ်ဟုန်တို့၏ ရထားလုံးနှစ်စီးသည် လက်တစ်ကမ်းအကွာပင် မဝေးပဲ ဘေးချင်းယှဉ်ကာ ရပ်ထားမိလျက်သားဖြစ်နေကြသည်။
ဝမ်ဟုန့်အားလှမ်းကြည့်၍ ချန်ရုံသည် ထိုင်နေရာမှ အရိုအသေပေးလိုက်ကာ ကြည်လင်သောအသံလေးဖြင့် ယဉ်ကျေးစွာပြောလိုက်သည်။
"ဒီလိုသတင်းမေးလို့ ကျေးဇူးတင်ပါတယ် အရှင်...ကျွန်မ နေကောင်းကျန်းမာရှိပါတယ်...ဒီနေ့လယ်မှာတောင် ထမင်းနှစ်ပန်းကန် စားခဲ့ပါသေးတယ်..."
ချန်ရုံ၏စကားကိုကြားသောအခါ မိန်းကလေးတစ်ယောက်က ထရယ်လိုက်သည်။
"ငါပြောတယ်မဟုတ်လား...ချီလန်က ဒီတိုင်း ယဉ်ကျေးမှုအရသာ စကားပြောနေတာပါ...သူတို့က အဲဒီလောက်မရင်းနှီးကြပါဘူး..."
ထိုအခါမှပင် ပတ်ဝန်းကျင်မှ စူးစမ်းသောအကြည့်များက အနည်းငယ် ငြိမ်ကျသွားကြတော့သည်။
သူမ ဖြစ်စေချင်သည့်အတိုင်းဖြစ်သွား၍ ချန်ရုံသည်ကျေနပ်သွားကာ ဝမ်ဟုန့်ဘက်သို့ ပြန်လှည့်လိုက်သည်။
ထုံးစံအတိုင်းပင် ဝမ်ဟုန်၏ ပြုံးယောင်သမ်းသောမျက်လုံးများက နူးညံ့၍ ချန်ရုံ့အား အနည်းငယ် စနောက်လိုသည့်အရိပ်အယောင်များ ပေါ်နေသည်။
ချန်ရုံသည် ထိုအကြည့်ကို မရင်ဆိုင်ရဲ၍ မျက်လွှာချလိုက်ကာ ထိုမျက်လုံးများ၏ပိုင်ရှင်ကို အရိုအသေထပ်ပေး၍ အဖိုးစွင်းအား ပြောလိုက်သည်။
"သွားကြရအောင်..."
ရထားလုံးက စတင်ထွက်ခွာ၍ မင်းသား၏စံအိမ်ထဲသို့ ချောမွေ့စွာ ဝင်ရောက်သွားသည်။
ချန်ရုံ၏ရထားလုံးရှေ့၌ ရှည်လျားစွာတန်းစီနေသော ရထားလုံးများရှိကာ အနောက်၌လည်း ထိုနည်းတူ စီတန်းနေကြသည်။
ချန်ရုံသည် အနောက်သို့လှည့်မကြည့်မိစေရန် သလင်းကျောက်များဖြင့် ခင်းထားသောလမ်းကို အတင်းစူးစိုက်ကြည့်နေမိသည်။
လမ်းသည် ကျဉ်းမြောင်းသောကြောင့် ရထားလုံးနှစ်စီးသာ ယှဉ်၍ မောင်းနှင်နိုင်သည်။
ချန်ရုံ၏မျက်လုံးများက လမ်းကိုသာ စိုက်ကြည့်နေကြချိန်တွင် နားရွက်များကတော့ ဘေးပတ်ဝန်းကျင်မှ အသံများကို နားစွင့်ထားမိသည်။ ဝမ်ဟုန်၏ ရင်းနှီးသောအသံကို အချိန်အတော်ကြာအထိမကြားရ၍ ချန်ရုံသည် လိုက်ကာကိုမရန် လက်လှမ်းနေစဉ်မှာပင် ရထားလုံးတစ်စီးက ချန်ရုံ၏ရထားလုံးနားသို့ အလျင်အမြန်မောင်းနှင်လာသည်ကို မြင်လိုက်ရသည်။
အို ဘုရားရေ...အဲဒါ ဝမ်ဟုန်ရဲ့ ရထားလုံးများလား...သူ ဘယ်လိုများ တခြားရထားလုံးတွေကို အမြန်ကြီး ကျော်ဖြတ်လာတာပါလိမ့်...
ချန်ရုံက ဝမ်ဟုန်၏ရထားလုံးကို အံ့ဩစွာ ငေးကြည့်နေစဉ်မှာပင် ဝမ်ဟုန်က ရယ်မော၍ ချန်ရုံ့နားသို့ တိုးကပ်လာသည်။ ဝမ်ဟုန်သည် ချန်ရုံ့အား အလွန်နူးညံ့ညင်သာသည့်အပြုံးဖြင့် ကြည့်လိုက်သောကြောင့် ချန်ရုံသည် ထိုအပြုံး၌ နစ်ဝင်၍ အသက်ရှူပင်မဝဖြစ်သွားသည်။
ချန်ရုံ၏နှလုံးသားက ချက်ချင်းပင် အလွန်အခုန်မြန်လာတော့သည်။ သို့သော် ချန်ရုံသည် စိတ်ဆုံးဖြတ်လိုက်၍ ခေါင်းကိုလှည့်ကာ လိုက်ကာကို ပြန်ချလိုက်သည်။
ချန်ရုံ လိုက်ကာကို ချလိုက်သည့်အချိန်မှာပင် ဝမ်ဟုန်၏ ဆွဲဆောင်မှုရှိသော အသံက ပေါ်ထွက်လာသည်။
"မင်းက အရမ်းကို စိမ်းကားနေတာပဲ အချစ်လေး...တခြား လုလင်တစ်ယောက်ကို မြင်တဲ့အခါ မင်းရဲ့ မျက်လုံးတွေက အရမ်းကိုတောက်ပနေတော့တာပဲ...မင်းရဲ့အချစ်ဟောင်းကို ဒီလောက်မြန်မြန်စွန့်ပစ်လိုက်နိုင်တာလား..."
ထို့နောက် ဝမ်ဟုန်က ဝမ်းနည်းစွာ ဆက်ပြောလိုက်သည်။
"မင်းက အရမ်းရက်စက်တာပါပဲလား အချစ်ရယ်..."
လိုက်ကာကို ကိုင်ထားဆဲဖြစ်သော ချန်ရုံ၏လက်များက အေးခဲသွားကြသည်။ ခဏကြာသောအခါမှ ချန်ရုံသည် တောင့်တင်းစွာဖြင့် ဝမ်ဟုန့်အားလှည့်ကြည့်လိုက်သည်။ ဝမ်ဟုန်၏ မျက်လုံးများဖြင့် ရင်ဆိုင်လိုက်ရသောအခါ အပြစ်ရှိမှုနှင့် မသက်မသာဖြစ်မှုတို့က ချန်ရုံ၏မျက်နှာ၌ ဖြတ်ပြေးသွားကြသည်။
ထိုသည်မှာလည်း ဝမ်ဟုန်လုပ်နေကျအရာများဖြစ်သည်။ ဝမ်ဟုန်သည် ချန်ရုံ့အား အပြစ်တင်သည်မဟုတ်ပဲ မှတ်ချက်ပေးသကဲ့သာပြောလိုက်သည်ဖြစ်သော်လည်း ထိုစကားများသည် ထိုနေ့က ချန်ရုံဖွင့်ဟခဲ့သော ဝမ်ဟုန့်အပေါ်ထားရှိသည့် ခံစားချက်များကအလိမ်အညာများဖြစ်သည်ဟု စွပ်စွဲနေကြဟန်ရှိသည်။
ထိုသို့စွပ်စွဲလိုက်သော်လည်း ဝမ်ဟုန်၏အသံက ချိုမြနူးညံ့ဆဲဖြစ်၍ မျက်ဝန်းများကလည်း တိုးတိတ်ညင်သာနေကြသည်။ ထိုခဏ၌ ချန်ရုံသည် မိမိကိုယ်ကိုယ် အလွန်အပြစ်ရှိသည်ဟုထင်ကာ ရိုက်ပုတ်မိချင်သွားသည်။
သို့သော် ခဏအကြာတွင် ရှက်စိတ်များပျောက်၍ ချန်ရုံ့စိတ်ထဲ၌ ဗလာသက်သက်သာကျန်ခဲ့တော့သည်။ ချန်ရုံသည် ဝမ်ဟုန်၏ အနုစိပ်သေသပ်စွာ ထိုးရက်ထားသော ဝတ်ရုံအဖြူကို ကြည့်၍ ခပ်တိုးတိုးပြန်ပြောလိုက်သည်။
"ဒါပေမယ့် အရှင်ကမှ ကျွန်မကို လက်ထပ်လို့မရပဲ..."
"မင်းမကြိုးစားကြည့်သေးပဲနဲ့ ငါက မင်းကို လက်ထပ်လို့မရဘူးလို့ ဘယ်လိုသိနိုင်မလဲ..."
ဝမ်ဟုန်က ညှို့ငင်အားကောင်းသောအသံဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ချန်ရုံ၏ခေါင်းက ချက်ချင်းထောင်မတ်သွားသည်။ ထိုအချိန်၌ ချန်ရုံ၏ မျက်ဝန်းများသည် ကောင်းကင်မှ ကြယ်များနှင့်အပြိုင် လင်းလက်တောက်ပနေသည်ကို သတိမထားမိပဲ ချန်ရုံသည် ဝမ်ဟုန့်အား တည့်တည့်စိုက်ကြည့်လိုက်သည်။
သို့သော် ချက်ချင်းဆိုသလိုပင် ထိုမျက်လုံးများက မှောင်မိုက်သွား၍ ချန်ရုံသည် မျက်လွှာပြန်ချလိုက်သည်။ အေးစက်သောလေက ချန်ရုံ၏ဆံပင်များကို မျက်လုံးများအားဖုံးအုပ်သွားသည်အထိ တိုက်ခတ်လိုပ်သည်။
"ကြိုးစားတော့ရော ဘာထူးမှာပါလဲ..."
ချန်ရုံ၏အသံထဲ၌ ပျက်စီးပြိုလဲသွားသောစိတ်ဓာတ်၊ ကြေမွသွားသော အိပ်မက်များနှင့် ဂယောင်ခြောက်ခြားဖြစ်နေသော ဝမ်းနည်းမှုများပါနေသည်။ ချန်ရုံသည် မျက်ရည်များဝဲနေသော မျက်လုံးများကိုပြန်ဖွင့်လိုက်၍ ဝမ်ဟုန်၏ ဝတ်ရုံအဖြူကိုသာ ကြည့်ကာ ဖြည်းညှင်းစွာပြောလိုက်သည်။
"ဖြစ်သင့်တာထက် ပိုပြီးလိုချင်နေရင် ကျွန်မတို့အတွက် ပျက်စီးခြင်းတွေပဲ ဖြစ်လာမှာပါ...ကြိုးစားကြည့်ရင်လည်း ဘာမှထူးခြားလာမှာမဟုတ်ပါဘူး..."
Xxxxx