အပိုင်း ၁၁၆
Viewers 18k

Chapter 116



ဤတစ်ခေါက်တွင်တော့ တောင့်တင်းအေးစက်သွားသူမှာ ဝမ်ဟုန်ဖြစ်သည်။ ဝမ်ဟုန်၏ကြည်လင်၍ ပြုံးယောင်သမ်းနေသော မျက်လုံးများသည် ချက်ချင်း မှုန်ဝါးသွားသည်။ ဝမ်ဟုန်သည် ချန်ရုံ့အားငေးကြည့်၍ ချန်ရုံ၏အကြည့်များကို ရှာဖွေနေမိသည်။

ချန်ရုံသည် ဝမ်ဟုန့်အား မော့မကြည့်တော့ပဲ တစ်ချက်ရှိုက်လိုက်၍ ခေါင်းကိုရထားလုံးထဲသို့ ပြန်သွင်းကာ လိုက်ကာများအား ချလိုက်တော့သည်။

ရထားလုံးနှစ်စီးက ရှေ့သို့ ဆက်လက်မောင်းနှင်သွားကြသည်။

ဤအကြိမ်တွင်တော့ ဝမ်ဟုန်၏အသံကို ချန်ရုံမကြားရတော့ချေ။

ချန်ရုံ၏ရထားလုံးက စံအိမ်၏ရင်ပြင်၌ ရပ်လိုက်ပြီးသောအခါ ချန်ရုံသည် အဖိုးစွင်း၏အကူအညီဖြင့် အောက်သို့ဆင်း၍ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်ရှုလိုက်ရာ ဝမ်ဟုန်၏ရထားလုံးကို အစအနပင်မတွေ့ရတော့ချေ။ ထို့ကြောင့် ချန်ရုံသည် ဝမ်ဟုန် မည်သည့်နေရာ၌ရှိနေမည်ကို မသိနိုင်တော့ပါ။

ပင်မခန်းမဆောင်ထဲသို့ ချန်ရုံရောက်သွားသောအခါ စဉ်ဆက်မပြတ် တဖွဲဖွဲဝင်လာနေသော ဧည့်သည်များဖြင့် ပြည့်ကျပ်နေတော့သည်။ ဧည့်သည်တိုင်းသည် လှပခေတ်မီစွာ ဝတ်စားထားကြ၍ သူတို့၏ ဟစ်မူးဖွယ်ကောင်းသော မွှေးရနံ့များနှင့် တောက်ပသောပိုးဖဲကတ္တီပါများသည် ညကိုအလှဆင်နေကြလေသည်။

ချန်ရုံသည် မျက်လွှာကိုချ၍ ထောင့်တစ်ထောင့်ဆီသို့သာ တိတ်တဆိတ်သွားနေနေလိုက်သည်။

ခန်းမသည် မီးအလင်းရောင်များနှင့် ဂီတသံများဖြင့် ပြည့်နေသည်။ ခန်းမကို တစ်ချက်ဝေ့ကြည့်လိုက်ရုံနှင့်ပင် ချန်အိမ်တော်မှလူများသည် ခုံနေရာ သုံးတန်းမြောက်၌ ထိုင်နေကြသည်ကို မြင်ရသည်။ ချန်ကုန်းရန်းအပြင် ချန်ယွမ်နှင့် ချန်စူးတို့ပါ ထိုင်နေကြသော်လည်း ချန်အိမ်တော်မှအခြားူ္
မိန်းမပျိုလေးများကိုတော့ ‌မတွေ့ရပေ။

ချန်ရုံ ခြေနှစ်လှမ်းကို ခပ်သွက်သွက်လှမ်း၍ အခန်းထောင့်ရှိ နောက်ဘက်ဆုံးခုံ၌ ဝင်ထိုင်လိုက်သည်။

ချန်ရုံ ထိုင်လိုက်ရုံပင်ရှိသေးသည့်အချိန်တွင် အစေခံတစ်ယောက် ရောက်လာ၍ ချန်ရုံ့အား ပြောလိုက်သည်။

"သခင်မလေး အားရုံ...ဒီဘက်ကိုလာပါ..."

ချန်ရုံက မတ်တပ်ရပ်၍ အစေခံနောက်သို့ လိုက်သွားလိုက်သည်။

အစေခံက ချန်ကုန်းရန်းနားသို့ သွား၍ အရိုအသေပေးလိုက်သည်။

အစေခံစကားပြောမည်ကို မစောင့်ပဲ ချန်ကုန်းရန်းသည် ချန်ရုံ့ဘက်သို့လှည့်၍ ကြင်နာစွာ ပြုံးပြလိုက်သည်။

"အားရုံ...ဦးလေးနားမှာ လာထိုင်ပါ..."

"ဟုတ်ကဲ့..."

ချန်ရုံက ချန်ကုန်းရန်းနားသို့သွား၍ ဖြည်းညှင်းစွာ ထိုင်လိုက်သည်။

ချန်ရုံထိုင်ပြီးသည်နှင့်တပြိုင်နက် အစေခံများက ကန့်လန့်ကာများယူဆောင်လာ၍ ချန်ရုံ့ကို ကာရံပေးလိုက်ကြသည်။

ထိုအချိန်မှာပင် လူအုပ်က တိတ်ဆိတ်သွား၍ တံခါးပေါက်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။

ကန့်လန့်ကာများကြောင့် ချန်ရုံကတော့ အပြင်ကို မှုန်ဝါးဝါးသာမြင်နေရသည်။ သို့သော်လည်း တစ်ချက်ကြည့်ရုံနှင့်ပင် ထိုအမျိုးသားကို ချန်ရုံ မှတ်မိပါသည်။ အရပ်မြင့်မား၍ နှင်းကဲ့သို့ဖြူ‌ဆွတ်နေသော သဏ္ဍာန်သည် ဝမ်ဟုန်ဖြစ်သည်။ ဝမ်ဟုန်သည် ဝမ်ရိနှင့်အတူ ခန်းမထဲသို့ ဝင်လာနေခြင်းဖြစ်သည်။

ဝမ်ဟုန်နှင့် ဝမ်ရိတို့ ခန်းမထဲ ဝင်လာနေစဉ်တွင် အတွင်းတံခါးဆီမှလည်း ဆူညံသံများထွက်လာသည်။ ဝဖိုင့်သောနန်ယန်မင်းသားက နောက်လိုက်များနှင့်ကိုယ်လုပ်တော်များခြံရံ၍ ခန်းမဆီသို့ ဖြည်းညှင်းစွာ လာနေသည်။

လူအုပ်က နန်ယန်မင်းသားအား တစ်ချက်သာလှည့်ကြည့်၍ ဝမ်ဟုန်နှင့် ဝမ်ရိတို့ကို ပြန်ကြည့်လိုက်ကြသည်။ အထက်တန်းလွှာအများစုဆိုလျှင် ခေါင်းများပင်မလှည့်ပဲ နန်ယန်မင်းသားကို တစ်ချက်ပင် လှမ်းမကြည့်ကြချေ။

ထိုအခြင်းအရာကို မြင်သောအခါ နန်ယန်မင်းသားက ရယ်၍ ဝမ်ဟုန်ရှိရာသို့ လှုပ်စိ လှုပ်စိနှင့် လျှောက်သွားသည်။

"ချီလန်က ဥယျာဉ်ထဲက ပန်းပွင့်လေးလိုပဲ ဘယ်သွားသွား လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံရသကိုး..."
မင်းသားက ပြောလိုက်သည်။

မင်းသား၏ နောက်လိုက်များက မင်းသား၏ ရူးကြောင်ကြောင်နှိုင်းယှဉ်ချက်ကို ချီးမြှောက်လိုက်ကြသည်။ ဝမ်ဟုန်၏နှုတ်ခမ်းများက အပြုံးဟုဆိုနိုင်လောက်အောင် တွန့်ကွေးသွားကြသော်လည်း ဝမ်ရိကတော့ မျက်လုံးပင်လှန်မကြည့်ပေ။ ဝမ်ရိသည် မင်းသားအားကျော်ဖြတ်၍ သူ၏ခုံနေရာ၌သာ သွားထိုင်နေလေသည်။

ဝမ်ဟုန်နှင့် ဝမ်ရိတို့၏ စားပွဲများက ချန်အိမ်တော်၏ ရှေ့တည့်တည့်၌ဖြစ်သည်။ ဝမ်ရိက နေရာ၌ထိုင်ပြီးသောအခါ ဝိုင်အရက်ကို လှမ်းယူ၍ သောက်နေလေတော့သည်။

ထိုအချိန်၌ ချန်ရုံ၏မြင်ကွင်းသည် သူမ၏ရှေ့တည့်တည့်၌ ထိုင်လိုက်သော အဖြူရောင်သဏ္ဍာန်ကြောင့် အရိပ်ထိုးကျသွားရသည်။

ကန့်လန့်ကာနောက်၌ ချန်ရုံသည် ဝမ်ဟုန့်အား တိတ်ဆိတ်စွာကြည့်၍ ခေါင်းကိုပြန်ငုံ့လိုက်သည်။

ချန်ရုံသည် လက်များကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၍ ဝမ်ဟုန်၏စကားများကို ထပ်ခါထပ်ခါ ကြားယောင်နေမိသည်။

("မင်းက အရမ်းကို စိမ်းကားနေတာပဲ အချစ်လေး...တခြား လုလင်တစ်ယောက်ကို မြင်တဲ့အခါ မင်းရဲ့ မျက်လုံးတွေက အရမ်းကိုတောက်ပနေတော့တာပဲ...မင်းရဲ့အချစ်ဟောင်းကို ဒီလောက်မြန်မြန်စွန့်ပစ်လိုက်နိုင်တာလား..."

"မင်းမကြိုးစားကြည့်သေးပဲနဲ့ ငါက မင်းကို လက်ထပ်လို့မရဘူးလို့ ဘယ်လိုသိနိုင်မလဲ...")

ချန်ရုံ၏လက်ဆယ်ချောင်းသည် တစ်ချောင်းနှင့် တစ်ချောင်း ယှက်ထားမိသည်။ ခဏအကြာမှ ချန်ရုံသည် အသက်ပြင်းပြင်းရှူကာ တွေးလိုက်သည်။
အားရုံ နင်ဘာတွေ အိပ်မက်မက်နေတာလဲ...လန်ယာဝမ်ချီက ဘယ်သူလဲဆိုတာ နင်မေ့နေပြီလား...ချန်ချီပြောတယ်မဟုတ်လား...တော်ဝင်မင်းသမီးနှစ်ပါးကတောင် ဝမ်ဟုန့်ကြောင့် အသည်းကွဲပြီး နာမကျန်းဖြစ်နေရတယ်တဲ့...သူ့ကို သေချာနားမလည်ပဲနဲ့ ဘာဖြစ်လို့များ သူ့ကို ချစ်ခဲ့ရတာလဲ...နင့်ဘဝမှာ အရှူံးအတွက် နေရာရှိသေးလို့လား...

ချန်ရုံသည် ကိုယ့်ကိုယ်ကိုယ် ထိုမေးခွန်းများမေးလိုက်သည့်အခါမှပင် အနည်းငယ် စိတ်ငြိမ်သွားသည်။ သို့သော်လည်း သူမ၏ရှေ့မှ အဖြူရောင်ပုံရိပ်နှင့် ထိုပုံရိပ်ထံမှ အမြဲရတတ်သော လန်းဆန်းသည့်ကိုယ်သင်းက ရနံ့များကြောင့် ချန်ရုံ၏ နှလုံးသားသည် စိတ်ရှုပ်ထွေးစွာဖြင့် အခုန်မြန်လာပြန်သည်။

ထိုအချိန်၌ နန်ယန်မင်းသားကလည်း နေရာ၌ ထိုင်လိုက်သည်။ မင်းသားသည် သူ၏ကျောက်စိမ်းခွက်ထဲမှ ဝိုင်အရက်ကို‌သောက်လိုက်၍ ပါးစပ်ကို လက်ဖြင့် သုတ်ကာ မိန်းမချောလေးတစ်ဦး၏လက်ထဲမှ အသားတုံးကို ကိုက်စားလိုက်သည်။

မင်းသားသည် အသားကို ပလုတ်ပလောင်းဝါးနေရင်းဖြင့် လက်ကို ဝှေ့ယမ်းကာပြောလိုက်သည်။

"နှင်းကျတာနဲ့ပတ်သတ်လို့ နတ်ဘုရားတွေကို ဒီလှပတဲ့ ကချေသည်လေးတွေကို ကျွန်ုပ်ဆက်သပါတယ်...ဧည့်သည်တွေလည်း ဒီဧည့်ခံပွဲကို ပျော်ပျော်ကြီး ခံစားကြပါ...အရက်နဲ့ အသားလိုချင်ရင် အရက်နဲ့အသားရစေရမယ်...မိန်းမတွေလိုချင်ရင်လည်း ကိုယ်တော့်မှာ မိန်းမချောတွေ အလျှံအပယ်ပဲ...ဒီထဲမှာ ကိုယ်ကြိုက်တဲ့ မိန်းမကိုတွေ့တာနဲ့ အခန်းရှာပြီး စိတ်ကြိုက်ပျော်ရွှင်နိုင်တယ်..."

ထိုသို့ပြောပြီးသောအခါ မင်းသားသည် သူ၏စကားများက အလွန်ရွှင်မြူးဖွယ်ကောင်းသည်ဟု ထင်သွား၍လားမသိ၊ ဆီများပေနေသောပါးစပ်ကြီးကိုဖြဲ၍ ဝါထိန်နေသောသွားများပေါ်အောင် တဟားဟားအော်ရယ်နေတော့သည်။

မင်းသား၏ရယ်သံနှင့်အတူ ခန်းမသည်လည်း ပြန်၍ အသက်ဝင်လှုပ်ရှားလာကြသည်။

ထိုအခိုက်၌ သူမ ရှေ့၌ ဝမ်ရိက စိတ်မရှည်စွာပြောနေသည်ကို ချန်ရုံကြားလိုက်သည်။

"ရွံဖို့ကောင်းလိုက်တာ..."

ထို့နောက် ဝမ်ရိက ဝမ်ဟုန်ဘက်သို့လှည့်၍ ပြောလိုက်သည်။

"ရှောင်းချီ နန်ယန်မြို့က သိပ်နေလို့ကောင်းတဲ့နေရာမဟုတ်ဘူး...နွေဦးရောက်လာရင် ငါပြန်တော့မယ်...မင်း ငါနဲ့ လိုက်ခဲ့မလား..."

ဝမ်ဟုန် ပြန်တော့မှာလား...
ချန်ရုံ၏ခေါင်းက ဆတ်ခနဲမော့သွား၍ နားများကိုမတ်နေအောင်စွင့်ကာ အသက်ကိုပင်မရှူရဲပဲ ကန့်လန့်ကာမှတစ်ဆင့် ဝမ်ဟုန့်အားကြည့်နေမိသည်။

ဝမ်ရိ၏အာရုံစိုက်မှုအောက်တွင် ဝမ်ဟုန်သည် ချန်ရုံ့ဘက်သို့ အနည်းငယ်တိုး၍ လက်များကို ဝမ်းဗိုက်ရှေ့၌ ယှက်ကာ ခပ်ဖျော့ဖျော့ပြုံး၍ ပြောလိုက်သည်။

"နန်ယန်ကနေ ပြန်ဖို့လား...ဖြစ်နိုင်မယ်ထင်ပါတယ်..."

ချန်ရုံ၏နဖူး၌ ချွေးများစို့လာချိန်တွင် ဝမ်ဟုန်၏ချောမောသောမျက်နှာက ချန်ရုံ့ဘက်သို့လှည့်သလိုလို၊ ခန်းမဘက်သို့လှည့်သလိုလိုဖြင့် အနည်းငယ်စောင်းလာသည်။

"ဒါပေမယ့် ဒီကနေ ထွက်ခွာမယ်ဆိုရင်တော့ ကျွန်တော် ခေါ်လာရမယ့် တစ်စုံတစ်ယောက်ရှိတယ်..."
ဝမ်ဟုန်က ပျော့ပျောင်းသောအသံဖြင့် ထပ်ပြောလိုက်လေသည်။


ဝမ်ဟုန်၏အသံက အလွန်တိုးတိတ်ညင်သာ‌သောကြောင့် ဝမ်ရိက သေချာမကြားလိုက်သော်လည်း သိပ်မစဉ်းစားတော့ပဲ ခေါင်းသာငြှိမ့်လိုက်သည်။

"မင်း ဒီကနေပြန်မယ်ဆိုရင် ပြီးတာပဲ..."

တစ်ဖက်တွင်တော့ ချန်ရုံသည် ဝမ်ဟုန်ပြောသည်ကို ရှင်းလင်းပြတ်သားစွာပင်ကြားလိုက်သည်။ ချန်ရုံ၏နှလုံးသားသည် ပြင်းထန်စွာခုန်လာ၍ မနေနိုင်ပဲ စဉ်းစားလိုက်မိသည်။

သူပြော‌တဲ့လူက ငါများလား...ငါ့ကို ပြောနေတဲ့ပုံတော့ပေါက်တာပဲ...ဒါပေမယ့် မဖြစ်နိုင်ပါဘူး...သူက ခန်းမဘက်ကို လှမ်းကြည့်နေတာပဲ...

ဝမ်ဟုန်က ငါ့ကို တကယ်ပဲ သူနဲ့အတူ ခေါ်သွားဖို့စဉ်းစားနေတာလား...

ဘဝ၌ နှစ်ခါပြန်နေထိုင်ရ၍ အမြဲ သတိရှိရန်ကြိုးစားနေသော်လည်း ထိုအခိုက်အတန့်တွင်တော့ ချန်ရုံသည် စိတ်များလှုပ်ရှား၍ လမ်းပျောက်သွားသကဲ့သို့ ခံစားနေရသည်။

နန်ယန်မင်းသားသည် သူထိုင်နေသည့်နေရာတွင် မိန်းမချောလေး၏လက်ထဲမှ ဂျုံမုန့်ကို ကိုက်စားရင်းနှင့် အကြည့်များက ချန်ရုံ့ဆီသို့ ရောက်သွားသည်။

ချက်ချင်းဆိုသလိုပင် အကြံပေးရှုက မင်းသားနားသို့ ကပ်၍ ချန်ရုံနှင့် ဝမ်ဟုန်တို့ကို လှမ်းကြည့်နေရင်းက တစ်စုံတစ်ခုကို ခပ်တိုးတိုးပြောလိုက်သည်။

နန်ယန်မင်းသားက ခေါင်းငြှိမ့်လိုက်သည်။ သူ၏မျက်လုံးများကတော့ ချန်ရုံ၏ခန္ဓာကိုယ်မှမခွာနိုင်ဖြစ်နေသော်လည်း ကန့်လန့်ကာများကာထားသောကြောင့် သေချာတော့ မမြင်ရပေ။

ခဏကြာသောအခါ မင်းသားက အကြည့်လွှဲသွားတော့သည်။

ထိုအချိန်၌ ဝမ်ရိသည် သူ၏ရှေ့မှ ချန်ကုန်းရန်းအား ရုတ်တရက် မေးလိုက်သည်။

"မိတ်ဆွေရဲ့ မျိုးနွယ်ထဲမှာ ချီလန်နဲ့တူတူ သေခြင်းကိုရင်ဆိုင်ခဲ့တဲ့ အားရုံဆိုတာ ရှိတယ်လို့ ကျွန်ုပ်ကြားမိတယ်...အခု သူ ဒီမှာရှိပါသလား..."

ချန်ကုန်းရန်းက ရယ်လိုက်ရင်းဖြင့် မုတ်ဆိတ်ကို ပွတ်သပ်ကာ ချန်ရုံရှိရာသို့ လှမ်းကြည့်၍ ပြောလိုက်သည်။

"အားရုံဆိုတာ ဟိုက မိန်းကလေးပါ..."

ဝမ်ရိက မျက်ခုံးတစ်ဖက်ကိုပင့်၍ ချန်ကုန်းရန်းကြည့်နေသည့်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ဝမ်ရိသည် ချန်ရုံနောက်ကွယ်၌ထိုင်နေသည့် ကန့်လန့်ကာကို တစ်ချက်ကြည့်ကာ အကြည့်ပြန်လွှဲလိုက်သည်။

"အဲဒီမိန်းကလေးက တစ်စုံတစ်ယောက်နဲ့ စေ့စပ်ကြောင်းလမ်းထားတာများရှိလား..."

ဝမ်ရိက ပေါ့ပေါ့ပါးပါးပုံစံဖြင့် ချန်ကုန်းရန်းအားမေးလိုက်သည်။

ချန်ရုံသည် ထိုစကားကိုကြားသောအခါ တစ်ကိုယ်လုံးအေးစက်သွား၍ ခေါင်းကို ဆတ်ခနဲမော့ကြည့်လိုက်သည်။

"မရှိပါဘူး အ‌ဆွေ..."

ချန်ကုန်းရန်းက မျက်မှောင်ကြုတ်၍ ပြန်ဖြေလိုက်သည်။

ချန်ကုန်းရန်း၏စကားမဆုံးခင်မှာပင် ဝမ်ရိကဆက်ပြောလိုက်သည်။

"ဒါဆိုရင် အဲဒီမိန်းကလေးကို ကျွန်ုပ်တို့ရဲ့ ချီလန်ဆီ ဆက်သလိုက်ပါ...သူ့ကို ဂုဏ်သရေရှိကိုယ်လုပ်တော်အဖြစ်တော့ မြှောက်တင်ပေးလို့ရပါလိမ့်မယ်..."

ဝမ်ရိ၏အသံက အလွန်ပင် သနားကြင်နာသည့်အသံပေါက်နေသည်။

ဝမ်ရိသည် ဤကိစ္စကို ရုတ်တရက်ပြောလိမ့်လိုက်မည်ဟု ချန်ရုံ မထင်ထားခဲ့ချေ။ ချန်ရုံ့တစ်ကိုယ်လုံးအေးစက်လာကာ ပင့်သင်ရှိုက်လိုက်မိသည်။

ချန်ရုံ၏ပင့်သက်ရှိုက်သံကိုကြားသောအခါ ဝမ်ရိက ချန်ရုံ့ဘက်သို့ မျက်မှောင်ကြုတ်၍ကြည့်လိုက်ပြီးမှ ချင့်ချိန်စဉ်းစားနေဟန်ရှိသော ချန်ကုန်းရန်းကိုမေးလိုက်သည်။

"တစ်ခုခု အဆင်မပြေလို့လား..."

အနားတွင်တော့ ချန်ယွမ်သည် စိတ်ပျက်လက်ပျက်နှင့် မျက်နှာက အိုမင်းနေသည်။

"ခွင့်လွှတ်ပါ အရှင်..."

ချန်ရုံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"ကျွန်မရဲ့ အခြေအနေက နိမ့်ပါးတယ်ဆိုပေမယ့် ကျွန်မက ဘယ်သူ့ရဲ့ကိုယ်လုပ်တော်မှ အဖြစ်မခံနိုင်ဘူးလို့ ကျိန်ဆိုထားပါတယ်..."

ချန်ရုံ၏စကား‌ကြောင့် လူတိုင်းက သူမ အား လှည့်ကြည့်လိုက်ကြသည်။

ဝမ်ဟုန်သည်လည်း လှည့်ကြည့်လိုက်သည်။

ချန်ရုံသည် ကန့်လန့်ကာမှတစ်ဆင့် ဝမ်ဟုန်၏မျက်နှာထားကိုမမြင်ရပေ။ ဝမ်ဟုန်၏ ခပ်ဝါးဝါး မျက်နှာကိုသာကြည့်၍ ချန်ရုံက အေးအေးဆေးဆေးဆက်ပြောလိုက်သည်။

"ချီလန့်အတွက် ကျွန်မရဲ့အသက်ကိုတောင် စွန့်လွှတ်ဖို့အထိဖြစ်ခဲ့တယ်ဆိုတာ ကျေးဇူးတရားသက်သက် အတွက်ပါပဲ...အချစ်နှောင်ဖွဲ့မှုတွေနဲ့ ဘာမှမဆိုင်ပါဘူး...အဲဒါကြောင့် အဲဒီကိစ္စကို ထည့်သွင်းမစဉ်းစားပါနဲ့ သခင်ကြီး..."

ထိုစကားများက ခုနပြောလိုက်သည့်စကားများထက်ပင် ပို၍ ခိုင်မာပြတ်သားနေလေသည်။

ချန်ရုံပြောပြီးသွားသောအခါ ဝမ်ဟုန်က ခေါင်းကိုမော့၍ ချန်ရုံ့အား စိုက်ကြည့်နေလေသည်။

ချန်ရုံကလည်း ဝမ်ဟုန့်အား ပြန်ကြည့်နေလိုက်သည်။

သို့သော် ကံမကောင်းစွာပင် သူတို့နှစ်ယောက်ကြား၌ ကန့်လန့်ကာက ခံနေသော‌ကြောင့် တစ်ယောက်၏မျက်နှာထားကို တစ်ယောက်က မမြင်နိုင်ဖြစ်နေသည်။

ချန်ကုန်းရန်းက ချန်ရုံ့အား မဆူနိုင်ခင်မှာပဲ ဝမ်ရိက ပြောလိုက်သည်။

"မိန်းက‌လေးက လက်မခံချင်ဘူးဆိုရင်လည်း ရှိပါစေတော့...မိန်းကလေး မင်းကို ကျွန်ုပ် အဖိုးတန်ပစ္စည်းတွေ လှည့်ဆယ်စီးစာပေးမယ် အဲဒီလိုဆိုရင်တော့ ဘယ်လိုလဲ...မင်း ကျန့်ခန်းမှာ လာနေမယ်လို့စိတ်ကူးရင်လည်း မင်းအတွက် သင့်တော်မယ့် အမျိုးသားကောင်းကို ကျွန်ုပ်ရှာပေးပါ့မယ်..."

ထိုကမ်းလှမ်းချက်များက ချန်ရုံ့အား ကျေးဇူးပြန်ဆပ်ခြင်းပင်ဖြစ်သည်။

ထိုကမ်းလှမ်းချက်များသည် ဝမ်အိမ်တော်ကဲ့သို့ အဆင့်အတန်းမြင့်မား၍ လွှမ်းမိုးမှုရှိသောအိမ်တော်တစ်ခုအတွက်တော့ အသေးအဖွဲမျှသာဖြစ်သည်။ ချန်ယွမ်က ဘေးမှ မကျေမနပ်ဖြင့် မျက်နှာညိုမည်းနေချိန်တွင် ချန်ရုံကတော့ ပျော်ရွှင်စွာပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်ကြီး..."

ထို့နောက် ချန်ရုံ ဘာမှဆက်မပြောရသေးခင်တွင် ဝမ်ဟုန်၏ ‌တည်ငြိမ်သောအသံက ဝင်ပြောလိုက်သည်။

"ဦးလေး...ဒီလိုမိန်းကလေးတစ်ယောက်ရဲ့ အကြောင်းကိစ္စကို ဝင်ရောက်မစွက်သင့်ပါဘူး..."

ဝမ်ဟုန်၏အသံက အေးဆေးတည်ငြိမ်၍ ပြတ်သားနေသည်။

ဝမ်ရိက တုံ့ဆိုင်းသွားကာ ဝမ်ဟုန့်ကို လှည့်ကြည့်၍ ခေါင်းတငြှိမ့်ငြှိမ့်လုပ်လိုပ်သည်။

"ဒါဆိုရင်လည်း မင်းအဆင်ပြေမယ်ထင်သလိုလုပ်လိုက်ပါ ချီလန်..."

ထို့နောက် ဝမ်ရိသည် တစ်ဖက်သို့လှည့်သွား၍ ချန်ရုံ့အား လုံးဝမကြည့်တော့ပေ။



Xxxxxx