အပိုင်း ၁၁၇
Viewers 18k

Chapter 117



သနားစဖွယ်ချန်ရုံကတော့ စကားပြောနေသည်မှာ မပြီးသေးပဲ ပါးစပ်လေးက ပွင့်ဟဆဲရှိသည်။ ခဏကြာသောအခါမှ ပါးစပ်ကိုပြန်ပိတ်လိုက်၍ ဝမ်ဟုန့်အား စိတ်တိုစွာ မျက်စောင်းထိုးလိုက်မိသည်။

ကန့်လန့်ကာ၏တစ်ဖက်၌ ဝမ်ဟုန်၏ခပ်ဝါးဝါးမျက်နှာက ပြုံးသွားသည်ကို ချန်ရုံတွေ့လိုက်ရသည်။ သို့သော် ချန်ရုံ ခေါင်းငုံ့သွားပြီးသည့်နောက်တွင်တော့ ဝမ်ဟုန်သည် ချန်ရုံ့ဘက်သို့လှည့်၍ ချန်ရုံ့အား ကြာမြင့်စွာငေးကြည့်နေသည်ကိုတော့ ချန်ရုံ မသိလိုက်ချေ။

ဝမ်ဟုန်ထင်သည်သာ မှန်ပါက သူမအား နန်ယန်မြို့မှ ခေါ်ဆောင်သွားချင်သည်ဟုပြောတုန်းက ချန်ရုံသည် တကယ်ပင် စိတ်လှုပ်ရှား၍ ပျော်ရွှင်သွားခဲ့သည်။ ဤမျှ ငယ်ရွယ်သော မိန်းကလေးတစ်ဦးက သူမ၏ ခံစားချက်များကို ထိန်းသိမ်းနိုင်၍ စက္ကန့်ပိုင်းအတွင်းမှာပင် အေးစက်၍ နှလုံးသားမရှိတော့သည့်ပုံသို့ပြန်ရောက်သွားသည်မှာ အလွန်ပင် ချီးကျူးဖွယ်ကောင်းပါသည်။

ချန်ရုံ၏မဆင်မခြင်ဝင်ပြောလိုက်မှုကြောင့် ချန်အိမ်တော်မှ လူများသည် မလွန်ပင် မကျေမနပ်ဖြစ်သွားကြသည်။ အစေခံတစ်ဦးက ချန်ရုံ့နားသို့လာ၍ လေသံခပ်နှေးနှေးဖြင့်ပြောလိုက်သည်။

"အခန်းထောင့်ကို သွားနေခိုင်းပါတယ် သခင်မလေး..."

ချန်ကုန်းရန်းက ချန်ရုံ့အား ပထုတ်လိုက်ခြင်းဖြစ်ပေမည်။

ချန်ရုံက ပြန်ဖြေလိုက်၍ မတ်တပ်ထလိုက်သည်။ အိမ်စေအချို့က လာရောက်၍ ချန်ရုံ့ဘေးမှ ကန့်လန့်ကာများကို ဖယ်ပေးလိုက်သည်။

ကန့်လန့်ကာများကိုဖယ်ရှားလိုက်သောအခါ ဝမ်အိမ်တော်မှ လူများက ချန်ရုံ့အား လှည့်ကြည့်လိုက်သည်။ အသက်အရွယ်ကြီးသူများက ချန်ရုံ့အားမြင်လိုက်သောအခါ မျက်လုံးများတောက်ပသွား၍ စာပေနှင့်သာပျော်မွေ့သောပညာရှိများကတော့ သဘောမကျသည့်အလား မျက်မှောင်များကြုတ်သွားကြသည်။

အစေခံတစ်ဦး၏ပင့်သက်ရှိုက်သံကိုကြားလိုက်သောကြောင့်ဝမ်ရိသည်လည်း ချန်ရုံရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

ဝမ်ရိသည် ချန်ရုံ့အား ခေါင်းအစ ခြေအဆုံး သေချာကြည့်၍ ပြောလိုက်သည်။

"ဒီမိန်းကလေးရဲ့ မျက်ခုံးတွေက နွေဦးရာသီရဲ့လှိုင်းလုံးတွေလိုပဲ...သူ့ရဲ့မျက်လုံးထဲမှာ ဒေါသနဲ့ ဆွဲဆောင်မှုတွေပဲရှိပြီး မျိုးရိုးကြီးမြတ်ခြင်းက မရှိဘူး...အဲဒီလို မိန်းကလေးမျိုးက မောယန်ကို ကျေးဇူးတရားအတွက်နဲ့သွားပြီး သေခြင်းနဲ့ ရင်ဆိုင်ခဲ့တယ်တဲ့လား...ဆန်းကြယ်ပါတယ်...အလွန်ကို ဆန်းကြယ်ပါပေတယ်..."

ထိုခေတ်အခါက လူများသည် ပြင်ပပုံပန်းသဏ္ဍာန်နှင့် အမူအယာတို့ကို အလွန်ဂရုစိုက်ကြည့်ရှုကြသည်။ တစ်ချိန်တည်းမှာပင် လူတစ်ဦးတစ်ယောက်ကို သူ၏စိတ်နေစိတ်ထား၊ ကိုယ်ဟန်အမူအယာ၊ ပြင်ပခန္ဓာကိုယ်ပုံစံနှင့် မျက်နှာတို့ကိုကြည့်၍ အကဲဖြတ်တတ်ကြသည်။ လူပေါင်းများစွာကို အကဲဖြတ်ခဲ့ဖူးသောလူကြီးများဆိုလျှင် တစ်ချက်ကြည့်ရုံနှင့်ပင် လူတစ်ယောက်အား ထိုးထွင်းမြင်နိုင်ကြသည်။ ထို့ကြောင့် လူတစ်ယောက်အား အကဲဖြတ်ရာ၌ အသုံးပြုသောစကားလုံးများစွာကို တွင်ကျယ်စွာအသုံးပြုတတ်ကြသည်။

ထိုအချိန်၌ ဝမ်ရိသည်လည်း ချန်ရုံ့အပေါ် အကဲဖြတ်ခြင်းအတတ်ပညာကို သုံး၍ စူးစမ်းနေခြင်းဖြစ်သည်။ သို့သော် ဝမ်ရိသည် အချိန်ကြာမြင့်စွာ အကဲခတ်ပြီးချိန်၌ ချန်ရုံ့အပေါ် သုံးသပ်နိုင်သည့်စကားလုံးက "ဆန်းကြယ်ပါပေတယ်..." ဟူသောစကားလုံးသာဖြစ်လေသည်။

ဝမ်ရိက ချန်ရုံ့အား အကဲဖြတ်နေသောအခါ ခန်းမတစ်ခုလုံးက တိတ်ဆိတ်၍ ဝမ်ရိ၏ ဆုံးဖြတ်ချက်ကို နားထောင်နေကြသည်။

ဝမ်ရိက သူ၏ဆုံးဖြတ်ချက်ကိုပြောလိုက်ပြီးသောအခါ တီးတိုးပြောသံများပေါ်ထွက်လာသည်။ ဝမ်ရိကဲ့သို့ပင် အခြားလူများကလည်း ချန်ရုံ့အား ထူးဆန်းသည်ဟု ထင်မြင်ကြသည်။

လူများ၏စပ်စုသောအကြည့်များကြောင့် ချန်ရုံသည် နေရခက်လာသည်။ ထို့ကြောင့် ခေါင်းကိုငုံ့၍ ချန်ကုန်းရန်းနှင့် ချန်ယွမ်တို့ကို အရိုအသေပေးလိုက်ကာ လှည့်ထွက်လာလိုက်သည်။

ခြေနှစ်လှမ်းမျှ လှမ်းပြီးသောအခါ အနောက်မှ ဝမ်ရိ၏အသံကိုကြလိုက်ရသည်။

"ဝမ်ဟုန်က ဒီအားရုံကို စိတ်ဝင်စားတယ်ဆိုတာလည်း မဆန်းပါဘူး...ဒီမိန်းကလေးကြောင့် ငါ့ရဲ့စူးစမ်းစိတ်တွေတောင် များလာမိတာပဲ...ဝမ်ဟုန်အတွက် ဒီမိန်းကလေးက အရမ်းကို စိတ်ဝင်စားဖို့ကောင်းနေတယ်ဆိုရင်လည်း သူသဘောကျသလိုလုပ်ပါစေ..."

ချန်ရုံသည် ရုတ်တရက်တွန့်သွား၍ အခန်းထောင့်ဆီသို့ တောင့်တင်းစွာ လျှောက်သွားလိုက်သည်။

ချန်ရုံက သူမ၏နေရာအသစ်၌ ထိုင်လိုက်သည်ဆိုလျှင်ပဲ အစေခံများက ကန့်လန့်ကာများယူလာကာ ကာရံပေးလိုက်သည်။

ကန့်လန့်ကာများနောက်၌ ချန်ရုံသည် ဖြည်းညှင်းစွာထိုင်ကာ ခန္ဓာကိုယ်ကို ကျုံ့ထားမိသည်။

ချန်ရုံသည် သူမ၌ အထက်တန်းလွှာများ၏ကြီးမြတ်မှုမရှိသည့်အပြင် အခြားဘာအရည်အချင်းမှလည်း မရှိသည်ကို အစောကြီးတည်းက သိပြီးသားဖြစ်ပါသည်။ သူမသည် ရွံရှာဖွယ်သတ္တဝါတစ်ကောင်သာဖြစ်သည်။ မည်သူကမှ အဖက်လုပ်ခြင်းမခံရသောမိန်းကလေးတစ်ဦးဖြစ်သည်။ ဘာတန်ဖိုးမှမရှိသော သာမာန်လူတစ်ယောက်သာဖြစ်သည်။ ယဉ်ကျေးမှုမရှိသော ဇနီးမယားတစ်ဦးဖြစ်သည်။

ထို့ကြောင့် ပြန်လည်မွေးဖွားလာပြီးသောအခါ ချန်ရုံသည် ပညာရှိများကြား၌ သူမသည် အလွန်ယဉ်ကျေးသိမ်မွေ့၍ အဆင့်အတန်းမြင့်သူတစ်ယောက်ဟု အထင်ခံလာရအောင် ကြိုးစားခဲ့သည်။

သို့သော်လည်း အမြင်မှန်ရှိသူများကတော့ ချန်ရုံ၏ပုံစံအစစ်အမှန်ကို ထိုးဖောက်မြင်နေဆဲဖြစ်လေသည်။

အဲဒီတော့ရောဘာဖြစ်သေးလဲ...
ချန်ရုံ ခါးသည်းစွာရယ်လိုက်မိသည်။

အင်္ကျီဝတ်ရုံလက်များအောက်၌ ချန်ရုံ၏လက်များသည် ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။ ချန်ရုံတွေးတောနေသည့်အချိန်တွင် အချိန်က ရပ်တန့်နေသကဲ့သို့ ရှိလေသည်။

တဖြည်းဖြည်းနှင့် ခန်းမက ပို၍ အသက်ဝင်မြူးကြွလာသည်။ ထိန်လင်းစွာ မီးများထွန်းထားသောအခန်းထဲတွင် သီချင်းများ၊ အကများနှင့်အတူ ရယ်သံများကပါ လေထုထဲ၌ ပျံ့နှံ့နေသည်။

ချန်ကုန်းရန်း၊ ဝမ်ဟုန် နှင့် ဝမ်ရိတို့သည် ခန်းမ၏‌တစ်နေရာ၌ အတူတကွထိုင်၍ အရက်သောက်ကာ စကားပြောနေကြသည်ကို ချန်ရုံ မြင်လိုက်ရသည်။

မည်သူကမှ ချန်ရုံရှိနေသည့် အခန်းထောင့်သို့ ဂရုစိုက်မနေသည်ကို သတိထားလိုက်‌မိသောအခါ ချန်ရုံသည် ကန့်လန့်ကာများကို တိတ်ဆိတ်စွာရွှေ့၍ ကုန်သည် ချန်စူးထိုင်နေသည့်နေရာသို့ လျှောက်သွားလိုက်သည်။

"ဦးလေး..."

ချန်ရုံက အရိုအသေပေး၍ပြောလိုက်သည်။

"ကျွန်မ အိမ်ပြန်ချင်လို့ပါ..."

ချန်စူးက ချန်ရုံ့ကို လှည့်ကြည့်လိုက်ကာ လက်ထဲမှခွက်ကို ဖြည်းညှင်းစွာချ၍ ခေါင်းငြှိမ့်ကာပြောလိုက်သည်။

"ဒီပွဲမှာလည်း တခြားမိန်းမငယ်တွေမရှိတော့ မင်း ပျင်းနေမှာပေါ့...ပြန်ချင်ရင်ပြန်လေ အားရုံ...ငါကတော့ ကံမကောင်းစွာနဲ့ပဲ ဆက်နေနေရဦးမယ်..."

ချန်စူးတစ်ယောက် ခြေချုပ်မိနေစဉ်မှာပဲ ချန်ရုံက အရိုအသေပေး၍ ခန်းမထဲမှ ထွက်ခွာလာလိုက်တော့သည်။

အပြင်သို့ရောက်သွားသည်နှင့် လင်းထိန်သောနှင်းများနှင့် အခြားအလင်းရောင်တစ်ခုက ချန်ရုံ့ကို ဆီးကြိုလိုက်သည်။ ချန်ရုံသည် ကောင်းကင်မှ လင်းထိန်သွာသာနေသော လမင်းကိုမော့ကြည့်၍တွေးလိုက်သည်။
မနက်ဖြန်လည်း ကြည်လင်တဲ့နေ့တစ်နေ့ ဖြစ်ဦးမှာပဲ...

လရောင်ကိုတစ်ခဏမျှ ခံစားပြီးသောအခါ ချန်ရုံသည် ခေါင်းကို ဖြည်းညှင်းစွာလှည့်၍ ခန်းမဆီသို့ ကြည့်လိုက်သည်။

အကများနှင့် သာယာသော သီချင်းသံများက ည၌ မြူးကြွစွာ လွင့်ပျံနေသည်။ အရိပ်များကြား၌ပင် ခန်းမထဲမှ လူအများကြီးနေရာမှာ ဝမ်ဟုန်ရှိနေသည့်နေရာမှန်း ချန်ရုံသိလေသည်။

ချန်ရုံသည် ထိုမြင်ကွင်းကိုကြည့်၍ အသံထွက်ရယ်မောလိုက်ကာ ရင်ပြင်ဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။

ရထားလုံးဆီသို့ရောက်သောအခါ လိုက်ကာကိုမ၍ အထဲသို့ ဝင်ထိုင်လိုက်သည်။ အဖိုးစွင်းအား မောင်းရန် အမိန့်ပေးမည်ဆဲဆဲတွင် တစ်စုံတစ်ယောက်က ချန်ရုံ့နားသို့ အမြန်ရောက်လာသည်။

အဝေးမှနေ၍ ချန်ရုံ့အားမြင်လိုက်သောအခါ ထိုလူက အော်ပြောလိုက်သည်။

"မင်းက ချန်အိမ်တော်ရဲ့ အားရုံလား..."

ချန်ရုံက ရပ်၍ သေချာလှမ်းကြည့်လိုက်ရာ ထိုလူသည် ဝမ်ဟုန့်နား၌ တွေ့ရတတ်သော သက်လတ်ပိုင်းအရွယ်ပညာရှိမှန်း ချန်ရုံ မှတ်မိသွားသည်။ ထိုပညာရှိသည် ချန်ရုံနှင့်အတူ မောယန်သို့လည်း လိုက်ပါခဲ့သူဖြစ်သည်။

ချန်ရုံက ချက်ချင်းပင် ထိုပညာရှိအား အရိုအသေပေးလိုက်၍ ရိုသေစွာပြောလိုက်သည်။

"ဟုတ်ပါတယ်...ကျွန်မ ဘာကူညီပေးရပါမလဲ အရှင်..."

ပညာရှိက ချန်ရုံ၏ရထားလုံးနားသို့ တိုးကပ်လာသည်။ လရောင်အောက်တွင် ပညာရှိသည် ချန်ရုံ့အား ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

ထို့နောက်တွင်မှ သူသည် ချန်ရုံ့အား တစ်စုံတစ်ခုကိုလှမ်းပေးကာ ပြောလိုက်သည်။

"ဒါ မင်းအတွက်ပါ..."

"ကျွန်မအတွက်..."

ချန်ရုံက အံ့ဩစွာဖြင့် ပညာရှိ၏လက်ထဲမှ ပစ္စည်းကို လှမ်းယူလိုက်သည်။ ထိုပစ္စည်းမှာ အနူးညံ့ဆုံးသောပိုးသားဖြင့် ပြုလုပ်ထားသည့် အမွှေးနံ့သာအိတ်ဖြစ်နေသည်။ နံ့သာအိတ်သည် နူးညံ့၍ ပူနွေးနေဆဲဖြစ်သောကြောင့် ပိုင်ရှင်ထံမှ ယူလာသည်မှာ မကြာသေးပုံရသည်။

ပညာရှိက ရယ်၍ပြောလိုက်သည်။
"အရင်ကတော့ ချီလန်ရဲ့ပစ္စည်းပေါ့..."

ဒုတ် ဒုတ် ဒုတ်
ချန်ရုံ၏နှလုံးသားက ပြင်းထန်စွာ ခုန်လာသည်။

ချန်ရုံသည် နှုတ်ခမ်းများကိုကိုက်၍ မီူအလင်းရောင်များထိန်လင်းနေသည့် ခန်းမဘက်သို့ လှည့်ကြည့်လိုက်သည်။ ခုနကပင် အေးခဲသွားသော ချန်ရုံ၏နှလုံးသားက ယခုတစ်ဖန်ပြန်၍ အရည်ပျော်နေပြီဖြစ်သည်။ ချန်ရုံသည် ဖြည်းညှင်းစွာ မျက်လွှာချလိုက်၍ မေးလိုက်သည်။
"သူက ဘာဖြစ်လို့ ကျွန်မကို ဒါပေးရတာလဲ..."

"ငါလည်း မသိပါဘူး..."
ပညာရှိကပြုံးလိုက်သည်။

"ငါမေးကြည့်တော့ မင်းနားလည်ပါလိမ့်မယ် လို့ ချီလန်က ပြောပါတယ်..."

ပညာရှိ၏ရယ်သံက ကြည်လွင်နေသည်။ ချန်ရုံ၏မျက်မှာကိုကြည့်၍ ပညာရှိသည် ကျေနပ်နေသည့်ပုံဖြင့် ခေါင်းကိုငြှိမ့်ကာ ပြောလိုက်သည်။

"ငါ့တစ်သက်မှာ နေရာစုံကို ခရီးသွားဖူးပြီး အဖြစ်အပျက်တွေလည်း အများကြီးကြုံဖူးပါတယ်...ဒါပေမယ့် တခြားလူရဲ့ ကိုယ်ပိုင်ပစ္စည်းတစ်ခုကို မိန်းမငယ်လေးဆီ ပို့ပေးရတာကတော့ ပထမဆုံးပဲ...ဟားဟား ဘယ်လိုတောင် ထူးဆန်းတဲ့ အတွေ့အကြုံပါလိမ့်..."


Xxxxx