အပိုင်း ၁၁၈
Viewers 18k

Chapter 118
သူသည်ပင်တရားခံ၊ သူသည်ပင်ကယ်တင်ရှင်



ပညာရှိက ရယ်ရင်းဖြင့် ပြန်လှည့်ထွက်သွားတော့သည်။

ချန်ရုံသည် အမွှေးနံ့သာအိတ်ကို ကိုင်ထားရင်းဖြင့် အလွန်စိတ်လှုပ်ရှားနေမိသည်။ ဤနံ့သာအိတ်လေးသည် ချစ်သက်လက်ဆောင်ပင်မဟုတ်လား။ ယခင်ကတော့ ချန်ရုံသည် ဝမ်ဟုန်နှင့် နီးနီးကပ်ကပ်နေခဲ့ခြင်းမှာ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက်သာဖြစ်သည်။ သို့သော် ချန်ရုံသည် အရင်တစ်ခေါက်ကလည်း ဝမ်ဟုန်ဆီမှ ကျောက်စိမ်းအဆင်တန်ဆာကို လက်ခံခဲ့ပြီးဖြစ်သည်။ ယခုတစ်ခေါက်တွင်လည်း ဤအမွှေးနံ့သာအိတ်ကို လက်ခံလိုက်ပါက ဝမ်ဟုန့်အား လက်ခံပါသည်ဆိုသော သဘောသက်ရောက်သွားတော့မည်မဟုတ်လား။

ချန်ရုံ၏လက်နှစ်ဖက်လုံး တုန်ယင်လာမိသည်။ လက်တစ်ဖက်က အမွှေးနံ့သာအိတ်ကို ရင်ခွင်ထဲထည့်၍ ဖက်ထားချင်နေမိသည်။ ဤလက်ဆောင်ကိုပေးသူက လန်ယာဝမ်ချီမဟုတ်လား။ ချန်ရုံသည် သူ၏ ကိုယ်လုပ်တော်သာ ဖြစ်ခွင့်ရှိမည်ဆိုလျှင်လည်း ဂုဏ်သိက္ခာနှင့် ကြွယ်ဝချမ်းသာမှုတို့က ချန်ရုံ၏လက်တစ်ကမ်းအကွာ၌သာ အမြဲရှိနေကြမည်ဖြစ်သည်။ သို့သော် လက်တစ်ဖက်ကတော့ ဤလက်ဆောင်ကို ငြင်းပယ်‌ချင်နေသည်။ လန်ယာမှ ဝမ်အိမ်တော်ဖြစ်နေတော့ရော ဘာထူးမည်လဲ။ ချန်ရုံက သူတို့နှင့် ထိုက်တန်ပါ၏လား။ ထိုက်တန်ရအောင်ရှိမနေခြင်းသည် နောက်ဆုံး၌ စိတ်နှလုံးကြေကွဲခြင်းနှင့်သာ အဆုံးသတ်ရမည်ဖြစ်သည်။ ဤကဲ့သို့သော နောက်ဆက်တွဲဖြစ်စဉ်များကို ယခင်ဘဝ၌ ချန်ရုံခံစားခဲ့ရပြီးပြီမဟုတ်ပါလား။

ယခင်ဘဝအကြောင်းကို စဉ်းစားလိုက်မိသည်နှင့်တစ်ပြိုင်နက် လှပသောအိပ်မက်လေးနှင့် တမ်းတခြင်းတို့သည် ချက်ချင်းပင် လွင့်စင်ပျောက်ကွယ်ကုန်ကြသည်။

ပညာရှိက လှည့်ထွက်သွားသည်ကို မြင်သောအခါ ချန်ရုံသည် ရထားလုံးပေါ်မှ ခုန်ဆင်း၍ ပညာရှိထံသို့ ပြေးသွားလိုက်သည်။ ထို့နောက် အမွှေးနံ့သာအိတ်အား ပညာရှိ၏လက်ထဲသို့ ပြန်ထိုးထည့်၍ အလျင်အမြန် အရိုအသေပေးလိုက်သည်။

"အားရုံက နိမ့်ပါးတဲ့ မိန်းကလေးတစ်ယောက်ပါ..."
ချန်ရုံက တုန်ရီစွာပြောလိုက်သည်။

"ချီလန်ရဲ့ ကိုယ်ပိုင်ပစ္စည်းမျိုးကို လက်ခံဖို့အတွက် မထိုက်တန်ပါဘူး...အဲဒါကြောင့် ပြန်ယူသွားပေးပါ..."

ထို့နောက် ချန်ရုံသည် အငြင်းပယ်ခံလိုက်ရသူက သူမ ဖြစ်သကဲ့သို့ ပညာရှိအား မော့၍ပင်မကြည့်တော့ပဲ ရထားလုံးဆီသို့ အမြန်ပြန်ပြေးသွားတော့သည်။

ပညာရှိက မျက်ခုံးတစ်ဖက်ကိုမြှင့်၍ ချန်ရုံ၏နောက်ကျောကို အံ့ဩစွာငေးကြည့်နေမိသည်။ အတော်ကြာမှ အမွှေးနံ့သာအိတ်ကို ငုံ့ကြည့်လိုက်သည်။

"ချီလန့်ကိုစိတ်မဝင်စားတဲ့မိန်းကလေးမျိုးလည်း ဒီကမ္ဘာပေါ်မှာရှိသေးတာလား...အင်း ကိစ္စက ပိုစိတ်ဝင်စားဖို့ကောင်းလာပြီပဲ..."

ထို့နောက် ပညာရှိသည် ပြန်လှည့်၍ သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုးညည်းကာ ခန်းမထဲသို့ ပြန်ဝင်သွားတော့သည်။

ချန်ရုံ၏ရထားလုံးက စတင်၍ ရွေ့လျားစပြုချေပြီ။

ရထားလုံး၏အပြင်၌ ဝမ်ရိက ချန်ကုန်းရန်းအား မင်္ဂလာကိစ္စပြောလိုက်သည်ကို မသိသော အဖိုးစွင်းက ပွစိပွစိပြောနေသည်။

"လန်ယာဝမ်ချီက ဘယ်လိုတွေ တွေးတောနေလဲမသိပါဘူး...ငါ့ရဲ့သခင်မလေးကို ကိုယ်လုပ်တော်အဖြစ်နဲ့ တော်ကောက်ဖို့ဆန္ဒလည်းမရှိပဲနဲ့ အမွှေးနံ့သာအိတ်ကိုလာပေးနေ‌တာလား...သူက ငါ့ရဲ့ သခင်မလေးကို ကစားစရာလို့ထင်နေတာလား..."

အဖိုးစွင်း၏တီးတိုးပြောသံက ချန်ရုံ၏နားထဲသို့ ရောက်လာသည်။ ချန်ရုံသည် စိတ်လေလွင့်စွာဖြင့် ခုံပေါ်၌ထိုင်နေကာ လက်များကို ဆုပ်နယ်နေမိသည်။ သူမ၏ လှပသောမျက်နှာလေးသည် ပထမတစ်မိနစ်တွင် ဝင်းပလာသော်လည်း နောက်တစ်မိနစ်တွင် အလွန်စိတ်ဓာတ်ကျသွားသည့်ပုံဖြင့် ညှိုးငယ်သွားသည်။ ချန်ရုံ၏စိတ်ထဲ၌ ခံစားချက်များက အချင်းချင်းလွန်ဆွဲနေကြကြောင်းမှာ အလွန်ထင်ရှားနေလေသည်။

ရထားလုံး၏ဘီးများက နှင်း‌များပေါ်၌ ရွေ့လျားနေကြသည်။ ဘော်ငွေရောင်လရောင်က လိုက်ကာများမှတစ်ဆင့် ချန်ရုံ့ပေါ်သို့ ဖြာကျနေသည်။

အချိန်အနည်းငယ်ကြာသောအခါ သူမ၏ရှုပ်ထွေးနေသောစိတ်များ ငြိမ်စေရန်လိုက်ကာကိုမ၍ လေညှင်းခံလိုက်သည်။ အေးစက်သောလေကြောင့် ချန်ရုံ၏ပါးလေးများနီရဲလာချိန်တွင်တော့ ချန်ရုံ၏မျက်လုံးများ၌ ငြိမ်းချမ်းမှုတို့ ပြန်ရောက်နေပြီဖြစ်သည်။

ရထားလုံးက ဘေးတံခါးပေါက်သို့ ဦးတည်လိုက်ချိန်တွင် ချန်ရုံက အရှေ့တံခါးပေါက်သို့ လှမ်းကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။

"ပင်မတံခါးပေါက်ကနေသွားကြရအောင်..."

"ဟုတ်ကဲ့..."

အဖိုးစွင်းက ရထားလုံးကိုပြန်ကွေ့၍ အရှေ့ပင်မတံခါးပေါက်ဆီသို့ ပြန်ဦးတည်လိုက်သည်။

အဖိုးစွင်းက မောင်းနေရင်းဖြင့် ချန်ရုံ့အား လှည့်ကြည့်လိုက်သည်။ လရောင်နှင့် အဖြူရောင်နှင်းများနောက်ခံနှင့်အတူ ချန်ရုံသည် ခေါင်းမာနေသည့်ပုံဖြင့် နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည်။ အဖိုးစွင်းလည်း သိချင်စိတ်ကို မျိုချ၍ ဘာမှမမေးလိုက်တော့ချေ။

ဘေးဘက်တံခါးပေါက်မှ ပင်မတံခါးပေါက်သို့ရောက်ရန် နာရီဝက်ခန့်မောင်းလိုက်ရသည်။

ထိုနာရီဝက်အတွင်းတွင် ချန်ရုံ၏မျက်နှာမှ လွန်ဆွဲနေသော ပျော်ရွှင်မှုရော အရှက်ရခြင်းရော ပျောက်ကွယ်သွား၍ မျက်လုံးများ၌ ကြည်လင်ခြင်းကသာ အစားထိုးဝင်ရောက်လာသည်။

ရထားလုံးက အရှေ့တံခါးပေါက်နားရောက်သောအခါ ချန်ရုံသည် အတွင်းမှ ခေါင်းပြူ၍ တံခါးစောင့်ရပ်နေသည့်နေရာသို့ ကြည့်လိုပ်သည်။ သိပ်မကြာမီမှာပဲ စိတ်ရှည်သည်းခံတတ်၍ ခြိုးခြံစွာ ဝတ်စားထားသော ကျန်းရှန့်ကို အစောင့်များကြား၌ တွေ့လိုက်ရလေသည်။

ရထားလုံးက ထိုအစောင့်များနားသို့ တဖြည်းဖြည်းရောက်သွားသည်။

ရထားလုံးသံကိုကြားသောအခါ အစောင့်များကလည်း လှည့်ကြည့်လိုက်ကြသည်။ အချို့သောအစောင့်များက ချန်ရုံ့ကိုမြင်သောအခါ မျက်လုံးများတောက်ပသွားကြသည်။

ထိုလူများထဲ၌ ကျန်းရှန့်ပါ ပါဝင်နေသည်။ ကျန်းရှန့်သည် ချန်ရုံ့အား လေးစားအားကျသောအပြုံးဖြင့် ငေးကြည့်နေလေသည်။

ချန်ရုံကလည်း ပြန်ကြည့်လိုက်သည်။

ချန်ရုံက သူ့အားပြန်ကြည့်နေသောကြောင့် ကျန်းရှန့်က အံ့ဩသွားချိန်တွင် ချန်ရုံသည် ဆွဲဆောင်မှုရှိ၍ တောက်ပသော အပြုံးချိုချိုလေးကို ခပ်ဖြည်းဖြည်း ပြုံးပြလိုက်သည်။

ယခင်ဘဝ၌ ချန်ရုံသည် ရန်မင်း၏ သူမ အပေါ်မုန်းတီးနေမှုများ ပျောက်ကွယ်လေမလားဟူ၍ ထိုကဲ့သို့သောအပြုံးကို မှန်ရှေ့၌ အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့သည်။ ထိုအပြုံးသည် အမျိုးသမီးများက အမျိုးသားများကို ဆွဲဆောင်ရန်အသုံးပြုသည့် အပြုံးဖြစ်သည်။

ကျန်းရှန့်သည်လည်း အလွန်ပင်အံ့ဩသွားသောကြောင့် ချန်ရုံ့အား ကြောင်တောင်တောင်ပြန်ကြည့်နေသည်။ ရထားလုံးက အနားသို့ တဖြည်းဖြည်း နီးကပ်လာသောအခါ ကျန်းရှန်းသည် ရုတ်တရက် မြေကြီးဆီသို့ ငုံ့ကြည့်လိုက်၍ အရပ်မြင့်မားသောအစောင့်တစ်ယောက်၏နောက်သို့ ဝင်ရပ်လိုက်သောကြောင့် ချန်ရုံ သူ့အား ဆက်ကြည့်၍မရဖြစ်သွားသည်။

ချန်ရုံက ပြုံးနေသည်ကိုရပ်လိုက်၍ အကြည့်ကို ခပ်ဖြည်းဖြည်းလွှဲလိုက်ကာ ရထားလုံးထဲသို့ ပြန်ဝင်၍ ထိုင်လိုက်သည်။

မြင်းဆွဲသောရထားလုံးသည် အရှေ့ဂိတ်တံခါးမှ ထွက်ခွာသွားတော့သည်။

ခြေလှမ်းတစ်ဒါဇင်ခန့်ဝေးသွားသောအချိန်မှ ချန်ရုံက ပြန်လှည့်ကြည့်လိုက်ရာ အရပ်မြင့်မားသောအစောင့်များနှင့် ကျန်းရှန့်၏ဝတ်ရုံ တစ်စွန်းတစ်စကိုသာ မြင်လိုက်ရတော့သည်။ ချန်ရုံသည် နွမ်းလျစွာပြုံး၍ တွေးလိုက်သည်။

ငါက စိတ်လောသွားတာကိုး...ငါ့အပြုံးက ကျန်းရှန့်အပေါ်မှာ ထင်မြင်ချက်မကောင်းသွားစေတဲ့အပြင် အခုတော့ ငါ့ကိုပါ သံသယဝင်ပြီး အထင်သေးသွားပြီထင်ပါတယ်...
ချန်ရုံသည် ရုတ်တရက် စိတ်ဓာတ်ကျသွားသောကြောင့် သက်ပြင်းချလိုက်မိသည်။

ချန်ရုံ၏သက်ပြင်းချသံကိုကြားသောအခါ အဖိုးစွင်းက ခေါင်းကိုစောင်း၍မေးလိုက်သည်။

"သခင်မလေး...အဆင်ပြေပါရဲ့လား...'

ချန်ရုံက အဖိုးစွင်း သူ့ကို မြင်ရလား မမြင်ရလားပင် ဂရုမစိုက်နိုင်တော့ပဲ ခေါင်းကိုသာ ခါယမ်းလိုက်သည်။

ရထားလုံးဘီးလိမ့်သံက ညအမှောင်ထဲ၌ အထီးကျန်စွာ ထွက်ပေါ်နေလေသည်။

ထိုအချိန်၌ အဖိုးစွင်းက ခပ်တိုးတိုးပြောလိုက်သည်။

"သခင်မလေး...ချီလန့်ဘက်က အရေးတယူလုပ်နေတယ်ဆိုရင် သခင်မလေး ချီလန်နဲ့ လက်ဆက်လိုက်သင့်တယ်လို့ အဖိုးထင်တယ်...သူက သခင်မလေးကို ကာကွယ်ပေးမှာပါ...သူ့ရဲ့ အနာဂတ်သတိုးသမီးလောင်းကိုတော့ ချီလန်က အထိအခိုက်မခံလောက်ဘူးမဟုတ်လား..."

အဖိုးစွင်းကပြောနေသော်လည်း သူ့လေသံ၌ သူ့စကားကို သူကိုယ်တိုင်ပင်မယုံသလို မသေချာမှုများ ပါနေသည်။

အဖိုးစွင်းသည် ချန်ရုံက သူ့အား တုံ့ပြန်မည်ဟု မထင်ထားသော်လည်း ခဏကြာတော့ ချန်ရုံ၏အက်ကွဲနေသောအသံ ထွက်လာသည်။

"ကျွန်မ ချီလန်ရဲ့ ကိုယ်လုပ်တော်ဖြစ်ရမယ့်အစားတော့ ရန်မင်းရဲ့ ဇနီးပဲ လုပ်လိုက်တော့မယ်..."

"သေချာစဉ်းစားပါဦး သခင်မလေး..."

အဖိုးစွင်းက အလျင်အမြန်ပြောလိုက်သည်။

"တပ်မှူးရန်ဆိုတာက အိမ်တော်က အားဝေ့နဲ့သဘောတူထားတဲ့ လူမဟုတ်လား...သခင်မလေးကသာ သူ့ကို ဖြတ်ယူသွားမယ်ဆိုရင် အိမ်တော်ကိုစော်ကားသလိုဖြစ်သွားလိမ့်မယ်...အနာဂတ်မှာ တစ်ခုခုဖြစ်လာမယ်ဆိုရင် သခင်မလေးကို ကာကွယ်ပေးမယ့်လူ မရှိ ဖြစ်သွားလိမ့်မယ်..."

ဤတစ်ခေါက်လည်း ချန်ရုံက ဘာမှပြန်ပြောမည်မဟုတ်ဟု အဖိုးစွင်းထင်နေသော်လည်း ချန်ရုံ့အသံက ထွက်လာပြန်သည်။

"ကျွန်မ မလုပ်ပါဘူး အဖိုးရယ်...ကျွန်မ မလုပ်ပါဘူး..."

ချန်ရုံ၏အသံ၌ ဝမ်းနည်းမှုကဲ့သို့သော တစ်စုံတစ်ရာပါနေသည်ဟု အဖိုးစွင်းခံစားလိုက်ရသည်။

ရထားလုံးသည် ချန်အိမ်တော်သို့ ဆိုက်ရောက်လာတော့သည်။

ထင်ထားသည့်အတိုင်းပင် နောက်တစ်နေ့၌ ကောင်းကင်သည် ကြည်လင်တောက်ပနေသည်။ နေရောင်ခြည်က နှင်းများကို ပို၍မြန်မြန်အရည်ပျော်ကျစေသည်။ နောက်ရက်အနည်းငယ်၌လည်း နေက ဆက်၍သာနေသည်။

ထိုတစ်ချိန်လုံး၌ ချန်ရုံသည် အိမ်ထဲ၌သာနေကာ အပြင်သို့ ခြေတစ်လှမ်းပင် မထွက်ခဲ့ချေ။

ယနေ့တွင်တော့ အစေခံတစ်ဦးက အူယားဖားယားပြေးလာ၍ ချန်ရုံ့အား အရိုအသေပေးကာ ပြုံးရွှင်စွာပြောလိုက်သည်။

"သခင်မလေးအတွက် ဖိတ်စာတစ်ခုရောက်လာပါတယ်..."

ဖိတ်စာဆိုပါလား။ ချန်ရုံသည် ဖိတ်စာများကို နေ့တိုင်းလက်ခံရရှိနေသောကြောင့် စိတ်မဝင်စားစွာဖြင့် လှမ်းယူကာ တစ်ချက်ကြည့်လိုက်ပြီးမှ ကြက်သေသေသွားမိသည်။

ဖိတ်စာ၌ လှပခန့်ညားသောစာလုံးများဖြင့် ရေးထားသည်မှာ "ဒီနေ့လယ်ခင်း...ငါတို့အရင်တွေ့ခဲ့ကြတဲ့ ရေကန်‌ဘေးမှာ...မင်းလာမယ်လို့ မျှော်လင့်ပါတယ်..." ဟူ၍ဖြစ်သည်။

ဝမ်ချီလန်။ ဤဖိတ်စာသည် ဝမ်ချီလန်ထံမှပင် ဖြစ်ပေလိမ့်မည်။ ချန်ရုံသည် ဤလက်ရေးကို တစ်ခါမှမမြင်ဖူးသော်လည်း သူမ အားရေကန်ဆီသို့ ဖိတ်ခေါ်ဖူးသည်မှာ ဝမ်ချီလန်သာ ရှိသည်မဟုတ်လား။

ချန်ရုံ၏နှလုံးသားက ဒုတ်ခနဲ ခုန်သွားမိလေသည်။

အိမ်ထဲ၌ ရက်အတော်ကြာ နေနေခဲ့သော်လည်း စိတ်ကိုထိန်းလိုက်သည်နှင့်တစ်ပြိုင်နက် ချန်ရုံသည် ဝမ်ချီလန်၏ ချောမောသည့်မျက်နှာနှင့် ပြုံးရိပ်သမ်းနေသည့် မျက်လုံးများကို မြင်ယောင်လာမိသည်။

ချန်ရုံသည် လေထဲ၌ပင် လွင့်သွားသည်ဟု ခံစားမိသော်လည်း ထိုခံစားချက်ကို ချုပ်တည်းလိုက်သည်။ ဝမ်ဟုန်၏ အမွှေးနံ့သာအိတ်ကို ငြင်းပယ်ခဲ့စဉ်က သူနှင့်နောက် ဘယ်သောအခါမှ မတွေ့ရတော့ဘူးဟူ၍ ကြေကွဲခဲ့ရသော ဝမ်းနည်းမှုများသည် ယခုတော့ လွင့်စင်ပျောက်ကွယ်သွားကြပြီဖြစ်သည်။

ချန်ရုံသည် ချက်ချင်းပင် ခုန်ထ၍ အော်ပြောလိုက်သည်။

"အဖိုးစွင်း...ကျွန်မအတွက် ရထားလုံးပြင်ပေးပါ..."

"အပြင်သွားမလို့လား မမလေး..."
အထိန်းတော်ဖျင်က တံခါးဝမှနေ၍ လှမ်းမေးလိုက်သည်။

ချန်ရုံက ရုတ်တရက် တုံ့ဆိုင်းသွားသည်။ ချန်ရုံသည် စားပွဲပေါ်မှ ဖိတ်စာကိုကြည့်ကာ ရေးထားသောစာလုံးများကို ပွတ်သပ်နေရင်းက မျက်နှာမှာ နီရာမှ အဖြူရောင်သို့ပြောင်းသွားသည်။ ချန်ရုံသည် စိတ်ထဲ၌ လွန်ဆွဲနေဟန်တူသည်။

နောက်ဆုံး၌ ချန်ရုံသည် ခပ်ဖြည်းဖြည်းမော့ကြည့်လိုက်၍ ပြန်ပြောလိုက်သည်။

"ဟုတ်တယ်...ကျွန်မ အပြင်သွားမလို့..."

ချန်ရုံသည် ရင်ဘတ်ပေါ်သို့ လက်တင်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"ငါလုပ်ချင်တာတွေကို အမြဲ ချုပ်တည်းနေရရင် အသက်ရှင်နေရတာ ဘာထူးတော့မှာလဲ..."

ချန်ရုံတစ်ယောက်တည်း တီးတိုးပြောနေသည်ကို မြင်လိုက်ရသောကြောင့် အထိန်းတော်ဖျင်အံ့ဩသွားသည်။ ထို့ကြောင့် စပ်စုစွာဖြင့် စားပွဲပေါ်မှ ဖိတ်စာကိုလှမ်းကြည့်လိုက်သည်။ အစေခံတစ်ဦးသာဖြစ်သော်လည်း အထိန်းတော်ဖျင်သည် ချန်ရုံ၏အနီးကပ်အထိန်းတော်ဖြစ်သောကြောင့် ချန်ရုံ၏ ကိုယ်စားပြုသူလည်းဖြစ်သည်။ ထို့ကြောင့် ချန်ရုံ့ဖခင်၏ စီမံမှုအောက်၌ အထိန်းတော်ဖျင်သည်လည်း စာအနည်းငယ်ဖတ်နိုင်လေသည်။

အထိန်းတော်ဖျင်က ဖိတ်စာကိုလှမ်းကြည့်နေသည်ကို မြင်သောအခါ ချန်ရုံက ရှက်သွေးဖြန်းသွား၍ ဖိတ်စာကို အင်္ကျီလက်ထဲသို့ ထိုးထည့်လိုက်သည်။

ထို့နောက် ချန်ရုံသည် အပြင်သို့ အမြန်ထွက်လာလိုက်သည်။ ယခုပင်လျှင် မွန်းတည့်နေပြီဖြစ်သောကြောင့် ချိန်းထားသောအချိန်သို့ မကြာခင်ရောက်တော့မည်ဖြစ်သည်။

ချန်ရုံ အပြင်သို့ ထွက်လာလာချင်းမှာပင် အဖိုးစွင်းလည်းရောက်လာသည်။
"အဖိုးစွင်း...ရထားလုံးပြင်ပေးပါ..."

"ဟုတ်ကဲ့..."

ယနေ့သည် သာယာသောနေ့တစ်နေ့ဖြစ်သည်။

နန်ယန်မြို့၏လမ်း‌များပေါ်၌ နှင်းများက အရည်ပျော်ကုန်ကြပြီဖြစ်သည်။ နက်စောက်သော ကမူများ၌သာ အဖြူရောင်နှင်းအနည်းငယ် ကျန်နေတော့သည်။

ချန်ရုံသည် အင်္ကျီလက်အောက်ရှိ ဖိတ်စာကို ဆုပ်ကိုင်ထားမိသည်။ ချန်ရုံသည် ဝမ်ဟုန့်အား အကြိမ်ပေါင်းများစွာ ငြင်းဆိုခဲ့သော်လည်း ယခုတွင်တော့ မျက်နှာက သိသိသာသာပင် နီရဲနေသည်။

တဖြည်းဖြည်းဖြင့် ရထားလုံးသည် မြို့ရိုးကိုကျော်၍ ရေကန်ဆီသို့ ဦးတည်လာတော့သည်။



Xxxxx