အပိုင်း ၁၁၉
Viewers 18k

Chapter 119



မြို့ပြင်သို့ရောက်လာသည်နှင့်အမျှ ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်၍ လူများ၏ဆူညံသံကလည်း အဝေး၌ ကျန်ခဲ့လေသည်။

နောက်ဆုံးတွင်တော့ အဖိုးစွင်းက ကြေငြာလိုက်သည်။
"ရောက်ပါပြီ သခင်မလေး..."

ချန်ရုံက ရထားလုံးထဲမှနေ၍ ခေါင်းပြူလကြည့်လိုက်သည်။

ချန်ရုံ မျက်မှောင်ကြုတ်လိုက်မိသည်။ ပတ်ဝန်းကျင်၌ မည်သူမှ ရှိမနေပေ။ ထူးတော့ထူးဆန်းနေပေသည်။ အရင်တစ်ခေါက်တုန်းက ဤနေရာ၌ ဝမ်ဟုန်နှင့် ဟွမ်းကျိုးလန်တို့အား ချန်ရုံတွေ့ခဲ့ခြင်းဖြစ်သည်။

ချန်ရုံက ဘေးဘီသို့ မျက်လုံးဝေ့ကြည့်လိုက်၍ အရိပ်အချို့ကျနေသောနေရာဆီသို့ ညွှန်ပြလိုက်သည်။
"အဲဒီနေရာဆီကို သွားလိုက်ပါ..."

ထိုနေရာနားသို့ ရောက်သောအခါတွင်လည်း ချန်ရုံ၏မျက်ခုံးများက ပိုတွန့်သွားသည်။ ထိုနားရှိလူများကိုကြည့်၍ ချန်ရုံပြောလိုက်သည်။

"သူလည်းမဟုတ်ဘူး..."

အဖိုးစွင်းကလည်း မျက်မှောင်ကြုတ်လိုက်သည်။

"နှင်းတွေက အခုမှ အရည်ပျော်စပြုပြီး ဒီနေ့ လေကလည်း ထန်နေတယ်...အဖိုးပြောသားပဲ...ဒီလိုအချိန်မျိုးမှာ ဝမ်ဟုန်က ရေကန်နားကို လာမှာမဟုတ်ပါဘူး..."

အဖိုးစွင်း၏စကားကိုကြားသည်နှင့်တစ်ပြိုင်နက် ချန်ရုံ တုန်လှုပ်သွားမိသည်။ ထို့ကြောင့် ချက်ချင်းပြောလိုက်သည်။

"ပြန်လှည့်လိုက်တော့ အဖိုး...အိမ်ပဲပြန်ကြမယ်..."

ချန်ရုံ၏စကားမဆုံးသေးခင်မှာပင် သစ်တောများအနောက်ရှိ တောင်ကမူနားမှ ကြမ်းတမ်းသောရယ်သံတစ်ခုထွက်ပေါ်လာသည်။

"အရမ်းတွေ အလျင်လိုနေပါလား သည်းလေးရဲ့...မင်းက အရမ်းတွေ ဝီရိယကောင်းနေတာကိုး...ငါတောင် နောက်ကျသွားတော့မလို့ပါလား..."

"အဖိုးစွင်း...ပြန်လှည့်လိုက်ပါ..."
ချန်ရုံက အလန့်တကြားပြောလိုက်သည်။

ထို့နောက် အကျင့်ပါနေသောကြောင့် အရှေ့ကိုကုန်း၍ ကြာပွတ်အား လှမ်းယူလိုက်သည်။

"နောက်ကျသွားပြီ..."

ဤတစ်ခေါက်ရယ်၍ပြောလိုက်သူက ပိန်ခြောက်၍ အသားများဝါနေသောလူတစ်ယောက်ဖြစ်သည်။ သူသည် ကြွက်မျက်လုံးများနှင့်တူသော သူ၏မျက်လုံးများကို ဖြဲ၍ ချန်ရုံ့အားကြည့်ရင်း တဟက်ဟက်ရယ်နေသည်။

"အဲဒီလူပြောတာမှန်သားပဲ...မင်းက တကယ်ကို အလှလေးပဲ..."

ထိုလူသည် ချန်ရုံ၏ရင်သားများမှ အကြည့်မလွှဲ‌နိုင်အောင်ဖြစ်နေရင်းက သွားရည်များကျလာသည်။

"အင်း...ငါ့တစ်သက်မှာ ဒီလောက်လှပတဲ့မိန်းကလေးမျိုးနဲ့ တစ်ခါမှ မပျော်ပါးဖူးဘူး..."

ထိုလူပြောနေဆဲမှာပင် တောင်ကမူဆီမှ လူ ခြောက်ယောက်ခန့် ထွက်လာသည်။ အနီးအနားမှရပ်နေသော လူနှစ်ယောက် သုံးယောက်ကလည်း ချန်ရုံတို့ရှိရာသို့ရောက်လာသည်။

အဖိုးစွင်းက ကြာပွတ်ကို ယမ်းခါ၍ အော်နေသည်။
"ယား...ယား..."

မြင်းကရှေ့သို့ ပြေးတော့သည်။

သို့သော် ဤနေရာသည် မြို့ထဲနှင့်မတူချေ။ ကြမ်းတမ်းသောမြေပြင်က မကြာမီကမှ အရည်ပျော်ထားသောနှင်းများဖြင့် ရွှံ့များထနေသည်။ ရထားလုံးက ထိုရွှံ့များထဲတွင် ယိမ်းထိုးနေသောကြောင့် အမြန်မောင်းမရဖြစ်နေသည်။ ဘီးများက ရွှံ့ထဲနစ်နေကြချိန်တွင် လူခြောက်ယောက်က အနားသို့ရောက်လာ၍ ရထားလုံးသွားမည့်လမ်းကိုပိတ်ထားလိုက်တော့သည်။

အဖိုးစွင်းသည်လည်း စိတ်လောနေသောကြောင့် ချွေးများစီးကျနေလေသည်။

"ယား ယား..."

အဖိုးစွင်းက ညာဘက်လက်ဖြင့် ကြာပွတ်ကို ဝှေ့ယမ်းနေသော်လည်း ပို၍ စိုးရိမ်စိတ်များ‌လာလေ၊ ရထားလုံးက ပိုယိမ်းလေ ဖြစ်နေသည်။ ဘေးသို့လည်း မကြာခဏစောင်းသွားသောကြောင့် ချန်ရုံပင် ရထားလုံးထဲမှ ပြုတ်ကျတော့မတတ် ဖြစ်ဖြစ်သွားသည်။

ထိုအချိန်၌ လူများက ရထားလုံးကို ဝိုင်းရံလိုက်ကြပြီဖြစ်သည်။ သူတို့သည် နေရာမှ မရွေ့ပဲ ဖြစ်ပျက်နေသည်ကိုသာ ပြုံး၍ကြည့်နေကြသည်။ ပထမဆုံးစကားစပြောလိုက်သူက တုတ်ချောင်းကဲ့သို့ ပိန်ကပ်နေသော အသက်လေးဆယ်ခန့်လူဖြစ်သည်။ ထိုလူသည် ချန်ရုံ့အား ပြီတီတီကြည့်၍ ပြုံးဖြီးကာပြောလိုက်သည်။

"သိပ်လည်း မလန့်သွားပါနဲ့ အချစ်ကလေးရယ်...မင်းတို့လို အထက်တန်းလွှာက မိန်းကလေးတွေက ယောင်္ကျားတစ်ယောက်တည်းရဲ့အရသာကိုပဲ ခံစားရတာမဟုတ်လား...အခုတော့ ငါတို့အကုန်လုံးနဲ့ မင်းပျော်ပါးနိုင်ပြီလေ...ဘာဖြစ်လို့ ဒီလောက်ကောင်းတဲ့ကိစ္စကိုကြောက်နေတာလဲ..."

ထိုလူ၏အပေါင်းအပါများကလည်း ရွံရှာဖွယ်အသံများဖြင့် ရယ်လိုက်ကြသည်။

ချန်ရုံ၏နှလုံးသားသည်လည်း အလွန်ကြောက်လန့်စွာခုန်နေကာ ကူကယ်ရာမဲ့စွာဖြင့် တွေးလိုက်မိသည်။

ကောင်းကင်ဘုံက ငါ့ကို ပြန်ခေါ်ချင်နေပြီ‌ထင်တယ်...ငါဆိုတာက ဒီလောကမှာ ရှိမနေသင့်မှန်း နတ်ဘုရားတွေက သိလို့ ငါ့ကို ပြန်ခေါ်တော့မှာထင်တယ်...

ထိုအတွေးနှင့်အတူ ချန်ရုံ၏နှလုံးသားက အနည်းငယ်ငြိမ်သက်သွားသည်။

မောယန်မှ လွတ်မြောက်လာပြီးစဉ်တည်းက ချန်ရုံသည် သူမ၏နှလုံးသားက အလွန်မာကျောလာမှန်း သတိထားခဲ့မိသည်။ ယခု၌လည်း သူမအတွက် လွတ်မြောက်နိုင်ချေမရှိတော့သည်ကို သိလိုက်သောအခါ ချန်ရုံ၏အတွေးထဲ၌ ကြောက်စိတ်ဟူ၍ လုံးဝမရှိတော့ချေ။

ချန်ရုံသည် နှုတ်ခမ်းကို တင်းတင်းစေ့၍ ခပ်တိုးတိုးပြောလိုက်သည်။

"အဖိုးစွင်း...ထားလိုက်ပါတော့..."

အဖိုးစွင်းကလည်း အရုပ်ကြိုးပြတ်သကဲ့သို့ဖြစ်သွား၍ ခြောက်ကပ်စွာပြောလိုက်သည်။

"ဒါဆို အဖိုးတို့ ဘာလုပ်ကြရတော့မှာလဲ..."

ချန်ရုံက လျစ်လျူရှုထားလိုက်သည်။

အပြင်မှလူများ၏ရယ်သံများကြားတွင် ချန်ရုံသည် ဆံပင်မှ ဆံထိုးကိုဆွဲဖြုတ်လိုက်သည်။ ထို့နောက် အင်္ကျီလက်ထဲသို့ထည့်၍ ကြာပွတ်ကိုမြှောက်ကာ အေးစက်စွာပြောလိုက်သည်။

"ကျွန်မသေမယ်ဆိုလည်း ကျွန်မနဲ့အတူ လူတစ်ချို့ကိုတော့ ခေါ်သွားမှဖြစ်မယ်..."

ချန်ရုံက ခဏရပ်ပြီးမှ ဆက်ပြောလိုက်သည်။

"ကျွန်မကို နောက်ကျောကနေဓားနဲ့ထိုးသွားတဲ့လူတွေကို မသိနိုင်လိုက်တော့မှာကတော့စိတ်မကောင်းစရာပဲ..."

ချန်ရုံ၏မျက်လုံးများက လူသတ်ချင်စိတ်ပြင်းပြနေ၍ အသံကလည်း မာထန်နေသည်။ ချန်ရုံသည် ထိုလူများကိုစိုက်ကြည့်၍ အော်လိုက်သည်။

"ကျွန်မကို ဒုက္ခပေးဖို့ ရှင်တို့ကို ဘယ်သူခိုင်းထားတာလဲ...ကျွန်မကို အစွဲအလမ်းကြီးနေတဲ့ တစ္ဆေတစ်ကောင်ဖြစ်မသွားအောင် ဒီလောက်တော့ ပြောပြသင့်တယ်မဟုတ်လား..."

ပိန်ကပ်နေသောမျက်နှာဝါနှင့်လူက အော်ရယ်လိုက်သည်။

"မင်းလိုအ‌ချောလေးက သရဲဖြစ်ရင် နှမျောစရာဖြစ်သွားမှာပေါ့...မင်းက ငါတို့ခေါင်းဆောင်ရဲ့ မိန်းမဖြစ်တာက ပိုကောင်းပါတယ်..."

ချန်ရုံက ချာခနဲလှည့်၍ ထိုလူ့အားကြည့်လိုက်သည်။

"ဘယ်သူက ကျွန်မကို ဒုက္ခပေးချင်နေတာလဲ...ကျွန်မ အခုလည်း ထွက်ပြေးလို့ရတော့မှာမှမဟုတ်ပဲ...ဘာဖြစ်လို့ မပြောနိုင်တာလဲ..."

ထိုလူက ချန်ရုံ၏အောက်ပိုင်းကိုစိုက်ကြည့်၍ သူ၏ဝါထိန်သောသွားများဆီမှ သွားရည်များစိမ့်ထွက်လာပြန်သည်။

"အဲဒီလူက မြောက်ပိုင်းသားလေသံနဲ့ မုတ်ဆိတ်ရှိတဲ့လူတစ်ယောက်လို့ပဲ ငါတို့သိတယ်...သူ့ကိုဘယ်သူလွှတ်လိုက်တယ်ဆိုတာ ငါတို့ကို မပြောသွားဘူး..."

"ဒါဆိုရင် ကျွန်မရဲ့ရန်သူက ဘယ်သူလဲဆိုတာတောင် ကျွန်မမသိရတော့ဘူးပေါ့..."

ချန်ရုံက စိတ်ပျက်စွာပြောလိုက်သည်။

ချန်ရုံ ထိုလူများနှင့် စကားပြောနေချိန်တွင် အဖိုးစွင်းကတော့ ရထားလုံးကိုမောင်း‌နိုင်ရန် ကြိုးစားဆဲဖြစ်သည်။ အဖိုး၏လက်များသည် ကြာပွတ်ကိုကိုင်ရန်ပင် တဆတ်ဆတ်တုန်နေကြသည်။

တုန်တုန်ချိချိဖြစ်နေသော အဖိုးစွင်းနှင့် အေးစက်စွာဒေါသထွက်နေသောချန်ရုံ့ကိုကြည့်၍ လူများသည် အော်ရယ်နေကြပြန်သည်။ ထိုအချိန်၌ အခြားလူများလည်းရောက်လာကာ ရထားလုံးကိုပိတ်ရပ်နေသူ စုစုပေါင်း ၉ယောက်ဖြစ်သွားသည်။ မျက်လုံး ၉စုံတို့သည် ချန်ရုံ့၏မျက်နှာနှင့် ခန္ဓာကိုယ်တို့ကို တဏှာရာဂအပြည့်ဖြင့်ကြည့်နေကာ သူတို့၏ရယ်သံများနှင့် ချန်ရုံ့အား သားမယားဆန်ဆန်ဆဲဆိုအော်ဟစ်နေကြသည်များက မခံရပ်နိုင်ဖွယ်ဖြစ်လာသည်။

ထိုအချိန်၌ ချန်ရုံသည် အဖိုးစွင်းဘက်သို့လှည့်၍အော်လိုက်သည်။

"ဘာဖြစ်လို့ငိုနေရတာလဲ အဖိုး...ကျွန်မတို့ မသကာသေရုံပေါ့...အရေးကြီးတဲ့ကိစ္စမှမဟုတ်တာ..."

ချန်ရုံ၏စကားကြောင့် အဖိုးစွင်းက ဆို့နင့်သွားသည်။

ချန်ရုံက အဖိုးစွင်းအား ဆက်ကြည့်နေရင်းက အော်လိုက်ပြန်သည်။

"တုန်လှုပ်မနေပါနဲ့တော့...ကျွန်မတောင်သေဖို့မကြောက်သေးရင် နှစ်ပေါင်းအကြာကြီး ‌နေလာပြီးတဲ့အဖိုးက ဘာဖြစ်လို့ကြောက်နေရတာလဲ..."

အဖိုးစွင်းသည် ချန်ရုံ့အား မျက်ရည်များဖြင့် လှည့်ကြည့်လိုက်သည်။ အဖိုးစွင်းဝမ်းနည်းနေမိသည်က ချန်ရုံ့အတွက်သာဖြစ်သည်။ ဤမိန်းကလေးတစ်ယောက် ယခုကဲ့သို့ပျက်စီးသွားရမည်ကို အဖိုးစွင်း မခံစားနိုင်ပေ။ သို့သော် ယခုတော့ ချန်ရုံကိုယ်တိုင်က အကြောက်အလန့်မရှိဖြစ်နေသောကြောင့် အဖိုးစွင်းလည်း အနည်းငယ် တည်ငြိမ်သွားသည်။

သူ၏ မျက်ရည်နှင့် နှပ်များကိုသုတ်လိုက်၍ အဖိုးစွင်းသည်လည်းကြာပွတ်ကို မြှောက်ကာ ပြောလိုက်သည်။

"သခင်မလေးပြောတာမှန်တယ်...အလွန်ဆုံး အဖိုးတို့သေရုံပေါ့..."

အဖိုးစွင်းတည်ငြိမ်သွားသည်ကို မြင်မှ ချန်ရုံလည်း အနည်းငယ် စိတ်ပျော့သွားသည်။

ထို့နောက် အပြင်မှလူများကိုလှည့်ကြည့်လိုက်သည်။

ရှေ့ဆုံး၌ရှိသောလူဆိုးက ချန်ရုံ၏လက်ထဲမှကြာပွတ်ဆီသို့ အကြည့်ရောက်သွား၍ သွားဖြီးကာပြောလိုက်သည်။

"အလှလေး ဒီကြာပွတ်က ကိုင်ရလွယ်တာမဟုတ်ဘူး ချထားလိုက်လေ...မင်းကိုယ်မင်း ပြန်ခိုက်မိနေဦးမယ်..."

လူဆိုးများထံမှ ရယ်သံများထွက်ပေါ်လာပြန်သည်။

ချန်ရုံကလည်း လှောင်ရယ်ရယ်လိုက်၍ တွေးလိုက်သည်။

ဟုတ်တယ် ဒီကြာပွတ်ကကိုင်ရမလွယ်ဘူး...ဒါပေမယ့် ငါ သေချာကိုင်လိုက်ရင်လည်း ထိချက်က အရမ်းပြင်းထန်သွားလိမ့်မယ်...

လူဆိုးများသည် ဒေါသထွက်နေသောချန်ရုံ့ကိုကြည့်နေရင်းဖြင့် ချန်ရုံက ကြာပွတ်ကို ပို၍ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်သည်ကိုမြင်သောအခါ ပို၍ပင်ကျယ်လောက်စွာ ရယ်မောလိုက်ကြသည်။

အသားမည်းမည်းနှင့် ပိန်ကပ်နေသောလူတစ်ယောက်က အုပ်စုထဲမှ ထွက်လာ၍ ချန်ရုံ့နားသို့လျှောက်လာကာ ပြောလိုက်သည်။

"မင်းနဲ့ပျော်ပါးဖို့ကို ငါမစောင့်နိုင်တော့ဘူးကွာ..."

ထိုလူက စကားကိုတစ်ခွန်းချင်းပြောရင်းဖြင့် ချန်ရုံ့နားသို့ တိုးကပ်လာသည်။ ထိုလူနှင့် ချန်ရုံ့ကြား၌ ‌ခြေလှမ်း ငါးလှမ်းစာသာခြားတော့သည်။ ထို့နောက် လေးလှမ်း၊ သုံးလှမ်း၊ နှစ်လမ်း။

အသားမည်းမည်းလူက ညာဘက်လက်ကို ချန်ရုံ၏ကြာပွတ်ဆီသို့ လှမ်းလိုက်၍ ပြီတီတီရယ်လိုက်သည်။

"အချစ်လေး...ငါ့ကို အဲဒါ ပေးထားရင်ကောင်းမယ် ဟဲဟဲ..."

ထိုလူကပြောရင်းဖြင့် ချန်ရုံ၏ဖြူဖွေးသောလက်လေးကို လှမ်းကိုင်လိုက်သည်။

ရွှစ်
ကြာပွတ်က လေကိုခွင်း၍ လျှပ်စီးကဲ့သို့ ထိုလူ့ပေါ်သို့ ကျရောက်သွားသည်။

ကြာပွတ်ရိုက်ချက်သည် တိကျ၍ ပြင်းထန်လွန်းသောကြောင့် ပျော့နွဲ့သောမိန်းကလေးတစ်ဦး၏ရိုက်ချက်ဆိုသည်ကို ယုံရန်ပင် ခက်နေလေသည်။

ကြောက်လန့်သွားသော အသားမည်းမည်းနှင့်လူက ဘေးသို့ အမြန်ရှောင်လိုက်သည်။

ရွှစ်

ကြာပွတ်နှင့် လူ့အသားနှင့် ထိစပ်သွားသံကိုကြားလိုက်ကြရပြန်သည်။ ထိုအသံနှင့်အတူ အသားမည်းမည်းလူ၏ ကျယ်လောင်စွာအော်ဟစ်သံကထွက်ပေါ်လာသည်။

ထိုလူ၏အော်သံမဆုံးသေးခင်မှာပင် ကြာပွတ်ရိုက်ချက်များက ဆက်တိုက်ဆိုသလို သူ့ကိုယ်ပေါ်သို့ ကျလာပြန်သည်။ ကြာပွတ်တစ်ချက်ကျလိုက်တိုင်း အော်သံကထွက်ပေါ်လာသည်။

ဝှစ်

ပန်းထွက်လာသော နီနီရဲရဲသွေးများက ကောင်းကင်ကို အနီရောင်ဆိုးပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သေခါနီးလူတစ်ဦး၏‌အော်သံကဲ့သို့ အာခေါင်ခြစ်အော်လိုက်သံကလည်း ကောင်းကင်ဆီသို့ လွင့်တက်သွား၍ လူတိုင်းကိုတုန်လှုပ်သွားစေသည်။

ထို့နောက် မြေပေါ်သို့ လူတစ်ဦး လဲကျသွားသံကို ကြားလိုက်ကြရသည်။

လူတိုင်းသည် မယုံနိုင်စွာ တောင့်တောင့်ကြီးရပ်နေကြသည်။ အော်သံက တိတ်ဆိတ်သွားသည်။

သူတို့သည် ပြူးကျယ်သောမျက်လုံးများဖြင့် မြေပေါ်၌ တွန့်လိမ်နေသော ခန္ဓာကိုယ်ကို ကြည့်နေကြသည်။ ထိုလူ၏ လည်ပင်းက ကျိုးလိမ်နေကာ သွေးများက ဘေးရှိရွှံ့အိုင်ထဲသို့ ပန်းထွက်နေသည်။ မြင်နေရ‌သောမြင်ကွင်းမှာ သွေးပျက်ဖွယ်ပင်ဖြစ်သည်။

လူဆိုးများသည် ခေါင်းများမော့၍ ချန်ရုံ့အားကြည့်လိုက်ကြသည်။

သူတို့၏မျက်စိရှေ့မှ လှပသောမိန်းမငယ်လေးသည် ဘာမှမဖြစ်သကဲ့သို့ရပ်နေသည်။ ဤအထက်တန်းလွှာမှ မိန်းကလေးသည် မကြောက်လန့်နေသည့်အပြင် တုံ့ဆိုင်းခြင်းမရှိပဲ လူတစ်ယောက်ကို ရက်စက်စွာ သတ်လိုက်ပြီဖြစ်သည်။

ထိုမိန်းကလေးသည် မြင်နေရသော သွေးများကြောင့် အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပေဘူးလား။

ကြောက်လန့်တကြားဖြင့် လူဆိုးအချို့က အနောက်သို့ ဆုတ်သွားသည်။

ထိုအချိန်၌ ချန်ရုံ၏စူးရှသောအသံက အဖိုးစွင်းအားအသိပြန်ဝင်လာစေသည်။

"ဘာတွေကြောင်ကြည့်နေတာလဲ အဖိုး...သွားတော့လေ..."

အဖိုးစွင်းသည် ချန်ရုံ၏အမိန့်ပေးသံ၌ တုန်သွားသည်။

"ဟုတ်ကဲ့..."

အဖိုးစွင်းက ကြာပွတ်ကိုဝှေ့ယမ်း၍ မြင်းကို မောင်းနှင်လိုက်တော့သည်။


Xxxxxx