အပိုင်း ၁၂၀
Viewers 18k

Chapter 120



အဖိုးစွင်းက အနည်းငယ်တည်ငြိမ်သွား၍ပဲလား၊ ကံကြောင့်ပဲလား မသိသော်လည်း ဤတစ်ခေါက်တွင်တော့ မြင်းကအတင်းရုန်းလိုက်ကာ ရထားလုံးက ညွှံထဲမှလွတ်သွား၍ မြေမာပေါ်သို့ ရောက်သွားတော့သည်။

ချန်ရုံ၏ရထားလုံး ထွက်သွားသည်နှင့်တစ်ပြိုင်နက် အရှေ့မှလူက ဒေါသတကြီးအော်လိုက်သည်။

"သူ့ကိုဖမ်းစမ်း...သေပါတော့...သူ့ကိုဖမ်းစမ်း..."

အခြားလူဆိုးများသည်လည်း အခုမှပင် အသိစိတ်ဝင်လာကြတော့သည်။

လူဆိုးများသည် ပြိုင်တူအော်လိုက်ကြ၍ ချန်ရုံ၏ရထားလုံးဆီသို့ ပြေးသွားကြသည်။

အဖိုးစွင်းကတော့ ချွေးများဘူးသီးလုံးလောက်ကျနေသော်လည်း မသုတ်အားပေ။ မြင်းကို တစ်ချိန်လုံးကြာပွတ်နှင့်ရိုက်၍ မောင်းနေရသည်။

ချန်ရုံက အနောက်သို့လှည့်၍ လူဆိုးများနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ရှေ့သို့တိုးလာသူများကို ချန်ရုံသည် ညှာတာမှုမရှိပဲ ကြာပွတ်နှင့် လှမ်းရိုက်နေသည်။

ချန်ရုံ၏သွေးများပေနေသောကြာပွတ်က နေရောင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းနေသည်။ ကြာပွတ်က မြေပေါ်သို့တစ်ချက်ကျလာတိုင်း လူဆိုးများက ပြေး၍ရှောင်နေရသည်။

ထိုသို့ရှောင်နေသောကြောင့် လူဆိုးများ၏ခြေလှမ်းများက နှောင့်နှေးကုန်ကြသည်။

တတိယအကြိမ် ကြာပွတ်ကိုရိုက်လိုက်ချိန်တွင် ချန်ရုံ၏ရထားလုံးက ခြေလှမ်းငါးလှမ်းစာမျှ ရှေ့ရောက်နေပြီဖြစ်သည်။

ထိုအချိန်၌ လူဆိုးများထဲမှတစ်ယောက်က အော်လိုက်သည်။

"ကောင်မလေးကိုလွတ်သွားလို့မဖြစ်ဘူး...သူ့နောက်ကိုလိုက်...သူ့ကိုအမိဖမ်းရမယ်..."

ထိုလူ၏သတိ‌ပေးချက်နှင့်အတူ ရှေ့ဆုံး၌ဦးဆောင်နေသူက အော်လိုက်သည်။

"မြင်းတွေ...ငါတို့မှာလည်း မြင်းတွေရှိတယ်လေ စောက်ငထုံတွေရဲ့..."

ထိုအခါမှ လူဆိုးများလည်း သတိရသွားဟန်ဖြင့် နောက်သို့ပြန်လှည့်ကာ သူတို့ပုန်းကွယ်နေသည့်နေရာသို့ ပြန်ပြေးသွားသည်။

မိနစ်ပိုင်းအတွင်းမှာပင် မြင်းခြောက်ကောင်က ချန်ရုံ့မြင်ကွင်းထဲသို့ဝင်လာသည်။

ချန်ရုံက ထိုမြင်းများကိုကြည့်ရင်းဖြင့် အဖိုးစွင်းအားပြောလိုက်သည်။

"မြေကြီးကို သတိထားပြီးမောင်း...အခုအချိန်မှာ ရထားလုံးမှောက်သွားလို့မဖြစ်ဘူး..."

ရထားလုံးမမှောက်သရွေ့ ချန်ရုံတို့ ထွက်ပြေးလွတ်မြောက်နိုင်ချေရှိသည်ဟု ချန်ရုံတွေးမိသည်။

အဖိုးစွင်းက "ဟုတ်ကဲ့..." ဟုအော်လိုက်သည်။ ချန်ရုံ၏တည်ငြိမ်မှုက သူ့ထံသို့လည်း ကူးစက်သွားပုံရသည်။ အဖိုးစွင်း၏အသံက ကျယ်၍ တည်ငြိမ်နေသည်။

ရထားလုံးသည် နောက်မှ မြင်း၆‌စီးလိုက်နေ၍ အလျင်အမြန်ပင် ရွေ့လျားနေသည်။

"အမြန်လိုက်ကြစမ်း...စောက်သုံးကိုမကျဘူး မင်းတို့တွေ...မိန်းမတစ်ယောက်ကိုတောင်မိအောင်မဖမ်းနိုင်ဘူး...ငါတို့လူတစ်ယောက်လည်းသေသွားပြီ...အဲဒီကောင်မ‌ကို အလွတ်မပေးနိုင်ဘူး..."

အခြားလူငါး‌ယောက်က တစ်ပြိုင်နက်အော်လိုက်ကြသည်။

ထိုလူများ၏အော်သံက ချန်ရုံ့ဆီသို့ အေးစက်သောလေနှင့်အတူ ရောက်လာသည်။

ချန်ရုံသည် နှုတ်ခမ်းကိုတင်းတင်းစေ့၍ ထိုလူများကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေမျသည်။ အေးစက်သောလေက ချန်ရုံ၏ဆံပင်များကို တိုက်ခတ်နေ၍ မျက်လုံးများထဲသို့ ဆံပင်များ ဝင်ကုန်ကြသည်။

ချန်ရုံ့နှလုံးသားက တင်းကျပ်နေဆဲမှာပင် ချန်ရုံတွေးလိုက်မိသည်။

ငါမောယန်ကိုသွားမိတာပဲတော်သေးတာပေါ့...မဟုတ်ရင် ငါ ဒီနေ့ ဒီလောက်တည်ငြိမ်နိုင်မှာမဟုတ်ဘူး...

အနောက်မှလိုက်နေသော မြင်းခြောက်ကောင်ဖြင့် ရထားလုံးသည် အရှိန်ဖြင့်သွားနေဆဲဖြစ်သည်။

အနောက်မှလိုက်နေသောမြင်းများသည် ပိုပေါ့သောဝန်ကိုထမ်းထားရ၍ ယခုအချိန်၌ ရထားလုံးကို မှီလာသင့်ပြီဖြစ်သော်လည်း သူတို့သည် အနောက်၌ ခြေလှမ်း နှစ်ဆယ် သုံးဆယ်စာလောက်ကျန်နေ၍ လိုက်မမှီဖြစ်နေသည်။

ထိုမြင်းများသည် အဘယ်သို့များ လိုက်၍မှီနိုင်ပါပြီနည်း။ ချန်ရုံ၏သေချာစွာ လက်သပ်မွေးထားသောမြင်းက အင်အားပြည့်ဝနေချိန်တွင် လူဆိုးများ၏မြင်းက အရိုးနှင့်အရေသာရှိ၍ ပိန်လှီနေကြသည်။

နာရီဝက်ခန့်အချိန်ကုန်သွားသည်။ ချန်ရုံတို့၏ရထားလုံးက အရှေ့သို့ ခြေလှမ်းငါးဆယ်စာလောက် စောနေပြီဖြစ်သည်။

ချန်ရုံ၏မြင်းက ထိပ်တန်းမြင်းအမျိုးအစားဖြစ်သော်လည်း သူ၏တစ်သက်လုံး ပြင်းပြင်းထန်ထန်ပြေးလွှားခဲ့ရခြင်းမရှိသောကြောင့် သူ‌ပြေးနိုင်သလောက် အစွမ်းကုန်မပြေးနိုင်ဖြစ်နေသည်။ သို့သော်လည်း ခံနိုင်ရည်အားကတော့ အခြားဘာမှမစားရပဲ မြက်ပဲစားရသော လူဆိုးများ၏မြင်းခြောက်ကောင်ထက်တော့ သာလွန်နေပေသည်။

ချန်ရုံ၏ရထားလုံးက တဖြည်းဖြည်းဝေးသွားသည်ကိုကြည့်၍ လူဆိုးခေါင်းဆောင်က အော်လိုက်သည်။

"အဲဒီကောင်မကို မိအောင်ဖမ်းစမ်း...သူ့ရဲ့ နို့တွေ ဖင်တွေကိုကြည့်ကြ...ဖမ်းသာမိလိုက်ရင် ဘယ်လောက်တောင်အရသာရှိလိုက်မလဲ..."

ထိုလူဆိုး၏အသံကြောင့် အခြားလူများကလည်း တက်ကြွကုန်ကြသည်။ လူဆိုးများသည် အော်ဟစ်၍ ကြာပွတ်များကိုဝှေ့ယမ်းကာ ‌မြင်းများကို ကန်ကြောက်၍ အမြန်မောင်းနှင်လိုက်ကြသည်။

"အဲဒီသိုးမလှလှလေးကို တစ်ကိုယ်လုံးချွတ်လိုက်ရမှာကို မြင်ယောင်ကြည့်ကြစမ်း...လိုက်ကြဟေ့..."

အခြားလူဆိုးတစ်ယောက်က အော်လိုက်သည်။
"ဆရာကြီး...ကျွန်တော်တို့က အားရှိသေးပေမယ့် ဒီစောက်သုံးမကျတဲ့မြင်းတွေက ဆက်မပြေးနိုင်တော့ဘူး..."

အခြားလူဆိုးတစ်ယောက်ကလည်း အော်ပြောလိုက်သည်။

"သေပါတော့...ခိုင်းထားတဲ့အလုပ်က သွားပြီပေါ့...ရထားလုံးတစ်စီးကိုတောင် မိအောင်မလိုက်နိုင်တာ...ငါတို့ ဘာလုပ်နိုင်တာရှိလဲ..."

လူဆိုးများ၏အသံက အဖိုးစွင်း၏နားနားသို့ လေနှင့်အတူရောက်လာ၍ အဖိုးစွင်းလည်း တက်ကြွသွားကာ ပျော်ရွှင်စွာပြောလိုက်သည်။

"သူတို့ပြောနေတာ ကြားလား သခင်မလေး...ကြားပါသလား...သူတို့တွေ ဆက်မပြေးနိုင်တော့ဘူး...ဆက်မပြေးနိုင်ကြတော့ဘူး..."

ချန်ရုံက အနောက်သို့လှည့်နေ၍ ထိုလူဆိုးများကိုကြည့်နေဆဲဖြစ်သောကြောင့် သူတို့၏စကားများကို ပြတ်သားစွာပင်ကြားပါငည်။

"အင်း အဖိုးစွင်း...နည်းနည်းလောက်ဆက်မောင်းလိုက်ရင် ကျွန်မတို့ ဘေးကင်းပါပြီ..."
ချန်ရုံက တုန်ယင်စွာပြောလိုက်သည်။

အဖိုးစွင်းက ရယ်၍ ကြာပွတ်ကိုမြှောက်လိုက်ပြန်သည်။

ရထားလုံးက ပို၍အရှိန်မြန်လာသည်။

အနောက်မှလူများသည် တဖြည်းဖြည်းဝေးကွာလာသည်။ သူတို့၏အော်သံများကို လေနှင့်အတူကြားနေရသေးသော်လည်း ကြာပွတ်သံများနှင့် မြင်းခွာသံများကတော့ တဖြည်းဖြည်းနှင့် ‌အားပျော့ကာနှေးကွေးလာကြသည်။

ထို့နောက် လူဆိုးများ၏မျက်နှာများသည်လည်း မှုန်ဝါးလာကြကာ အော်သံများကိုလည်း မကြားရတော့ချေ။

ချန်ရုံက အရှေ့သို့ပျော်ရွှင်စွာ ပြန်လှည့်လိုက်သည်။

"အဖိုးစွင်း ကျွန်မတို့ ဘေးကင်းပြီ..."

အဖိုးစွင်းကလည်းရယ်လိုက်သည်။

"အဖိုးတို့ ဘေးကင်းပြီ...အဖိုးတို့ဘေးကင်းပြီ..."
အဖိုးစွင်းကပြောရင်းဖြင့် ငိုသံပါလာသည်။

ချန်ရုံ၏မျက်လုံးများကလည်း နီရဲနေကြသည်။

ထို့နောက် ချန်ရုံသည် ဘေးသို့ လှည့်ပတ်ကြည့်၍ အလန့်တကြားပြောလိုက်သည်။

"အဖိုး ကျွန်မတို့ဘယ်ကိုရောက်နေတာလဲ..."

အဖိုးစွင်းကလည်း ရပ်၍ လှည့်ပတ်ကြည့်နေရင်းဖြင့် မျက်နှာက ဖြူဖျော့လာသည်။ သူတို့၏အရှေ့၌ အဆုံးမဲ့သော မြေလမ်းနှင့် ဘယ်ဘက်၌ မြင့်မားသော တောင်ကြီးတစ်ခုရှိကာ ညာဘက်၌ လယ်ကွက်တစ်ခုရှိနေသည်။ ဤနေရာသည် နန်ယန်မြို့၏ မည်သည့်အစိတ်အပိုင်းပါနည်း။

ချန်ရုံသည် နေလုံးကိုမော့ကြည့်၍ အသံကို နှိမ့်ကာပြောလိုက်သည်။

"ကျွန်မတို့ လမ်းပျောက်နေပြီထင်တယ်..."



အဖိုးစွင်းက တုန်လှုပ်သွားသည်။

"သခင်မလေး အဲဒါအဖိုးရဲ့အပြစ်တွေပါ...အကုန် အဖိုးရဲ့အပြစ်တွေပါ..."

အဖိုးစွင်းစကားဆက်ပြောမည်ကိုမစောင့်တော့ပဲ ချန်ရုံက စိတ်တိုတိုနှင့်ပြောလိုက်သည်။

"ဖြစ်ပြီးတာက ပြီးသွားပြီပဲ...ထပ်ပြောမနေပါနဲ့တော့...ဟိုလူတွေလည်း လိုက်မလာတော့ဘူးဆိုတော့ နည်းနည်းအရှိန်လျှော့လိုက်‌တော့ အဖိုး...ကျွန်မတို့ ဘယ်ရောက်နေတယ်ဆိုတာ သိပြီးမှ အရှိန်ပြန်တင်လိုက်..."

အဖိုးစွင်းက နာခံ၍ မြင်းကို အရှိန်နှေးလိုက်သည်။

ချန်ရုံတို့နှစ်ယောက်သည် အောက်သို့ခုန်ဆင်း၍ ဘေးဘီသို့ကြည့်လိုက်ကြသည်။ ဤနေရာ၌ အဆုံးဟူ၍ မတွေ့နိုင်ဖြစ်နေသည်။ တစ်ဖက်က လူသူကင်းမဲ့သော တောင်များရှိနေ၍ တစ်ဖက်ကလည်း ခြောက်သွေ့နေသော လယ်ကွင်းများသာရှိနေသည်။

"သခင်မလေး...အဖိုး ဟောဟိုက ကမူလေးပေါ်တက်ပြီး တခြား ဘယ်သူတွေရှိလဲ ကြည့်လိုက်ဦးမယ်..."

အဖိုးစွင်းကပြောလိုက်သည်။

ချန်ရုံက အဖိုးစွင်းအား အမြန်တားကာပြောလိုက်သည်။

"မြင်းနဲ့သွားတာ ပိုမြန်လိမ့်မယ်...ကျွန်မတို့ နှစ်ယောက်တူတူပဲသွားရအောင်..."

အဖိုးစွင်းလည်း ရပ်သွား၍ ဤနေရာ၌ ချန်ရုံ့ကိုတစ်ယောက်တည်းထားခဲ့လို့မရမှန်းသတိရသွားသည်။

ထို့နောက် ရထားလုံးမောင်းသူနေရာသို့ပြန်တက်၍ ရထားလုံးကိုရှေ့သို့မောင်းလိုက်သည်။

ချန်ရုံက လိုက်ကာကိုမ၍ အပြင်သို့ခေါင်းပြူကာ နေကိုကြည့်၍ပြောလိုက်သည်။

"ကျွန်မတို့မွန်းတည့်တဲ့အချိန်ကထွက်ခဲ့တာတော်သေးတာပေါ့...မမှောင်ခင် နာရီဝင်လောက်တော့အချိန်ရသေးတယ်...အဖိုးစွင်း အဲဒီအချိန်အတွင်းမှာတော့ ကျွန်မတို့ နန်ယန်ကို အရောက်ပြန်ရလိမ့်မယ်..."

ဟူလူမျိုးများက တောင်ဘက်မှ အချိန်မရွေးရောက်လာနိုင်ချေရှိသောကြောင့် နန်ယန်မြို့၏ မြို့ရိုးတံခါးများသည် နေဝင်သည်နှင့်တစ်ပြိုင်နက် ပိတ်ကုန်ကြသည်။ အမှောင်မကျခင် ပြန်မရောက်ပါက ချန်ရုံတို့သည် ဒုက္ခသည်များနှင့်ပြည့်နေသော မြို့ပြင်၌ တစ်ည နေရတော့မည်ဖြစ်သည်။

အဖိုးစွင်းကလည်း ထိုအကြောင်းကိုစဉ်းစားမိသွားဟန်တူသည်။ သူသည် ကြာပွတ်ကို ဝှေ့ယမ်း၍ ရထားလုံးအား အမြန်မောင်းနှင်လိုက်တော့သည်။

နာရီဝက်ခန့်ကြာပြီးသောအခါ ယခင်ကမူထက် အနည်းငယ်ပို၍မြင့်သော ကမူဆီသို့ရောက်လာကြသည်။ ထို့ထက်ပို၍လည်း ချန်ရုံတို့ ဘာမှမလုပ်နိုင်ပါ။ ရှည်လျားသောတောင်တန်းသည် ကြည့်လျှင်သာနီးသည်ထင်ရ၍ တကယ်သွားလိုက်တော့ အတော်ဝေးနေသည်။

တောင်ကမူဆီသို့ရောက်သောအခါ အဖိုးစွင်းက အောက်သို့ဆင်း၍ ကမူထိပ်ဆီသို့ တက်သွားသည်။

ချန်ရုံကတော့ မဆင်းပဲ ရထားလုံးအား မြက်များရှိသည့်နေရာသို့ရွှေ့၍ မြင်းကိုမြက်စားခိုင်းထားတာ အဖိုးစွင်းကိုစောင့်နေလိုက်သည်။

ဆယ့်ငါးမိနစ်ခန့်ကြာသာအခါ အဖိုးစွင်းပြန်ရောက်လာသည်။

အဖိုးစွင်းကိုကြည့်ရသည်မှာ သတင်းကောင်းပါလာပုံတော့မရပေ။ သူသည် ချန်ရုံ့ကိုကြည့်၍ တုန်ယင်စွာပြောလိုက်သည်။

"ဒီတောင်က နိမ့်လွန်းနေသေးတယ် သခင်မလေး...အဖိုး တောင်တွေကိုပဲမြင်နေရတယ်...နန်ယန်ကို လုံးဝမမြင်ရဘူး..."

အဖိုးစွင်း၏အသံက ချက်ချင်းပင်ငိုချလိုက်တော့မလိုဖြစ်နေသည်။

ချန်ရုံက နှုတ်ခမ်းကို တင်းတင်း‌စေ့လိုက်သည်။

"မကြောက်ပါနဲ့ အဖိုး..."

ချန်ရုံက တိုးတိတ်စွာပြောလိုက်သည်။
"ခဏလောက်စိတ်အေးအေးထားပြီး စဉ်းစားကြတာပေါ့..."

ချန်ရုံက ရထားလုံးပေါ်မှ ခုန်ဆင်း၍ လှည့်ပတ်ကြည့်လိုက်သည်။

ထိုအချိန်၌ အဖိုးစွင်းကထပြောလိုက်သည်။

"သခင်မလေး မကြာခင်မှာ ညစာစားမယ့်အချိန်ရောက်တော့မှာမဟုတ်လား...အဖိုးတို့ မီးခိုးထွက်လာမယ့်နေရာကို စောင့်ကြည့်လို့ရတယ်..."

ချန်ရုံက ခဏစဉ်းစားပြီးမှ ပြန်ပြောလိုက်သည်။
"နန်ယန်မြို့က အခု ဒုက္ခသည်တွေနဲ့ ပြည့်နေတာ..."

ချန်ရုံဆိုလိုသည်က ဤနေရာ၌ မီးခိုးများထွက်လာလျှင်လည်း ထိုမီးခိုးများသည် ဒုက္ခသည်များဆီမှသာဖြစ်မည်ဟု ပြောလိုက်ခြင်းဖြစ်သည်။

ကြောက်လန့်နေပြီဖြစ်သောအဖိုးစွင်းက တုန်လှုပ်စွာပြောလိုက်သာ်။

"ဒါဆို အဖိုးတို့ ဘာလုပ်ကြမှာလဲ သခင်မလေးရဲ့...အဖိုးတို့ ဘာလုပ်ကြရမလဲ...'

ချန်ရုံလည်း စိတ်မရှည်ဖြစ်လာသောကြောင့် ခပ်ဆတ်ဆတ်ပြန်ပြောလိုက်မိသည်။
"ဘာဖြစ်လို့ ကျွန်မကို လာမေးနေတာလဲ...ကျွန်မလည်း ဘယ်လိုလုပ်သိမှာလဲ..."

ကြောက်သွားသောအဖိုးစွင်းက ခေါင်းငိုက်စိုက်ကျသွားသည်။

ထို့နောက် ချန်ရုံက ဒုက္ခသည်များ အနားသို့ရောက်လာလျှင်လည်း အမြန်ပြေးလို့ရရန်ရထားလုံးကို အသင့်ပြင်ခိုင်းထားလိုက်သည်။

"ဟုတ်ကဲ့..."

"ဟုတ်ပြီ...နန်ယန်က တောင်ဘက်မှာရှိတာမလား...အဲဒီတော့ တောင်ဘက်ကိုသွားကြည့်ရအောင်..."

ချန်ရုံက ပြောလိုက်သည်။ တောင်ဘက်သို့သွားလေ ဒုက္ခသည်များ များလေဖြစ်သော်လည်း လူရိုင်းများကတော့နည်းသွားလိမ့်မည်ဟု ချန်ရုံတွေးမိသည်။

အဖိုးစွင်းက မြင်းကို အော်ဟစ်မောင်းလိုက်၍ ကြာပွတ်ကိုမြှောက်ကာ တောင်ဘက်သို့ မောင်းနှင်လိုက်တော့သည်။

ချန်ရုံတို့သွားနေရင်းဖြင့် နေက အနောက်ဘက်သို့ တဖြည်းဖြည်းဝင်သွားသည်။

ချန်ရုံတို့၏ ဘယ်ဘက်၌ အဆုံးအစမဲ့သော တောင်တန်းကြီးရှိ၍ ညာဘက်၌ ခြောက်သွေ့နေသော လယ်ကွက်များရှိသည်။ လူများကလည်း တစ်ယောက်မှမရှိပဲ အရှေ့မှလမ်းသည် အဆုံးမရှိသကဲ့သို့ဖြစ်နေလေသည်။


Xxxxx