အပိုင်း ၁၂၁
Viewers 18k

Chapter 121




သွားရင်းဖြင့် ချန်ရုံက တိတ်ဆိတ်စွာပြောလိုက်သည်။

"ကျွန်မတို့ဆက်သွားဖို့မလိုတော့ဘူး..."

အဖိုးစွင်းက ချန်ရုံ့အားလှည့်ကြည့်လိုက်သည်။

ချန်ရုံက ခေါင်းကို အနည်းငယ်စောင်း၍ ဘေးမှ လျှိုမြောင်တစ်ခုကို ကြည့်ကာ လက်ညှိုးထိုး၍ ပြောလိုက်သည်။

"ကျွန်မတို့သွားနေတာပဲ ကြာလှပြီ အခုထိ လူတစ်ယောက်ကိုမှ မတွေ့ရဘူး...အဲဒါကြောင့် ဒီနေရာက လုံခြုံမယ့်ပုံပေါ်တယ်...အရမ်းလည်း မဆိုးပါဘူး...ဒီမှာပဲညတစ်ညနေလိုက်ပြီး မနက်ဖြန်ကျမှ တစ်ခုခုကိုစဉ်းစားကြမယ်..."

"ဒါပေမယ့် သခင်မလေး...အဖိုးတို့က အရမ်းထူထပ်တဲ့တောင်ထဲရောက်နေတာလေ...အနီးအနားမှာ သားရဲတိရစ္ဆာန်တွေရှိနေရင် ဘယ်လိုလုပ်မလဲ..."

ချန်ရုံက စိတ်မရှည်တော့ပဲ အော်မိစပြုလာသည်။
"ဒါဆိုလည်း ကျွန်မတို့ ဘာလုပ်သင့်လဲဆိုတာ အဖိုးပဲပြောတော့...အခု အချိန်က မှောင်လည်းမှောင်နေပြီ နန်ယန်က မြို့တံခါးတွေလည်း အကုန်ပိတ်ကုန်ပြီ...ကျွန်မတို့ လမ်းသိရင်တောင် မြို့ထဲဝင်လို့ရတော့မှာမဟုတ်ဘူးလေ..."

အဖိုးစွင်းက လန့်ဖြန့်သွား၍ ခေါင်းငုံ့ကာ ကြာပွတ်ကိုဝှေ့ယမ်း၍ ချန်ရုံပြောသော လျှိုမြောင်ဆီသို့သာ ရထားကိုမောင်းသွားလိုက်တော့သည်။

တောင်ကမူလေးတစ်ခုကိုပတ်ပြီးမှ လျှိုမြောင်ဆီသို့ရောက်သွားသည်။ လျှိုမြောင်သည် ကျဉ်း၍သေးကာ ရထားလုံးငါးစီးခန့်သာ ဝင်နိုင်သောအကျယ်ရှိသည်။

ချန်ရုံက အောက်သို့ခုန်ဆင်းလိုက်၍ ဘေးဘီသို့ကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"အခုက ဆောင်းရာသီဆိုတော့ တိရစ္ဆာန်တွေလည်း များများစားစားရှိမှာမဟုတ်ပါဘူး..."
ချန်ရုံက ထိုသို့ပြောလိုက်သော်လည်း တောတွင်းသဘာဝအကြောင်း ချန်ရုံ မည်မျှသိပါသနည်း။ ထိုစကားများသည် တမင်နှစ်သိမ့်သည့်စကားများသာဖြစ်သည်။

လျှိုမြောင်ထဲသို့ဝင်နိုင်မည့်တစ်ခုတည်းသောလမ်းကိုကြည့်၍ ချန်ရုံက လေသံလေးဖြင့်ပြောလိုက်သည်။

"အဖိုးစွင်း...ကျွန်မတို့ ဒီနေရာကို ကျောက်တုံးနဲ့ ပိတ်ထားရင်ကောင်းမလား..."

အဖိုးစွင်းက ချန်ရုံ့အားကြည့်၍မေးလိုက်သည်။
"လေကိုကာဖို့လား..."

ဟုတ်မလား!?

ချန်ရုံက ဒေါသထွက်သွားပြန်၍ အော်ဟစ်လိုက်မည်လုပ်ပြီးမှ ပြန်စဉ်းစားလိုက်သည်။

ဒုက္ခပေးမယ့်လူတွေက ငါတို့ကို ရှာတွေ့သွားပြီဆိုရင် ဒီကျောက်တုံးကလည်း ဘာလုပ်နိုင်မှာမို့လို့လဲ...လူတိုင်းက ဖယ်နိုင်နေမှာပဲကို...ပြီးတော့ တောင်ပေါ်ကနေ လူဖြစ်ဖြစ် တိရစ္ဆာန်ဖြစ်ဖြစ်လာရင်လည်း ရထားလုံးနဲ့ထွက်ပြေးရမှာ...ကျောက်တုံးကိုထားလိုက်ရင် လမ်းပိတ်ထားသလိုပဲဖြစ်သွားလိမ့်မယ်..."

ထိုသို့တွေး၍ ချန်ရုံသည် ပါးစပ်ကိုပိတ်ထားလိုက်တော့သည်။

ညကချက်ချင်းပင် မှောင်သွားသည်။

ချန်ရုံက ရထားလုံးထဲ၌နေ၍ အဖိုးစွင်းက မောင်းသူနေရာ၌ ထိုင်နေသည်။ သူတို့သည် အပြင်မှ မြက်များပွတ်တိုက်သံကို နားထောင်၍ တီးတိုးစကားပြောနေကြသည်။

ဤကဲ့သို့ တိတ်ဆိတ်နေသောအချိန်၌ သားရဲတိရစ္ဆာန်များ၏အော်ဟစ်သံနှငိ့ ပိုးကောင်များ၏အဆက်မပြတ်မြည်နေသံက ည၌ ပို၍ သိသာထင်ရှားနေသည်။ အေးစက်သောလေက ညင်သာသောအသက်ရှူသံကိုပင် လှုပ်ရှားမှုတစ်ခုကဲ့သို့ဖြစ်အောင်လုပ်နေသည်။

ချန်ရုံသည် အပြင်မှအသံများကိုနားထောင်လေ ပို၍ ကြောက်လာမိလေဖြစ်နေသည်။

ထိုအခိုက်၌ပင် အဖိုးစွင်းက ပြောလိုက်သည်။
"သခင်မလေး...ကြောက်နေလား..."

အဖိုးစွင်း၏အသံကလည်း အနည်းငယ်တုန်နေလေသည်။

အဖိုးစွင်းသည် အိုမင်းနေပြီဖြစ်သော်လည်း အိမ်တော်၌သာကြီးပြင်းလာရသော အိမ်စေတစ်ဦးဖြစ်သောကြောင့် ဤကဲ့သို့သော အခက်အခဲများနှင့် တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။

"ကျွန်မ အဆင်ပြေပါတယ်..."

ချန်ရုံက ညင်သာစွာပြန်ပြောလိုက်သည်။ ထို့နောက် စကား‌ပြောသည်ကို ခဏရပ်၍ အမိန့်ပေးလိုက်သည်။

"စကားပြောတာ ခဏရပ်ပြီး နားထောင်ကြည့်စမ်း အဖိုး...အပြင်ကကြားနေရတာ မြင်းခွာသံတွေလား..."

တိတ်ဆိတ်မှုထဲ၌ ခဏရပ်၍ နားထောင်ပြီးသောအခါ အဖိုးစွင်းကပြောလိုက်သည်။

"အဖိုးတော့ ဘာမှမကြားပါဘူး..."

"ဪ..."
ချန်ရုံ၏အသံက စိတ်ပျက်သွားသည့်အသံလား စိတ်အေးသွားသည့်အသံလားဆိုသည်မှာ မသေချာပေ။

သို့သော် ထိုအချိန်တွင် နှစ်ရာသောအစောင့်စစ်သည်များက ရထားလုံးတစ်စီးကို မြို့တံခါးဆီသို့ လိုက်လံပို့ဆောင်နေသည်ကို ချန်ရုံ မသိလိုက်ပါချေ။

ရထားလုံး၏အပြင်မှ အစေခံတစ်ယောက်က အနားသို့တိုးကပ်၍ ရထားလုံးထဲမှ လူအားတိုးတိုးလေးပြောလိုက်သာ်။

"အရှင်...သူတို့တွေက အသက်ကြီးနေတဲ့အစေခံတစ်‌ယောက်ရဲ့စကားပေါ်မူတည်ပြီး လျှောက်ပြောနေကြတာပါ...ဒီလို ကိစ္စလေးတစ်ခုအတွက်နဲ့ မင်းသားရဲ့နာမည်ပြားကို သုံးလိုက်ရတာက မဖြစ်သင့်ပါဘူး..."

ဟူစစ်တပ်များက တောင်ဘက်ပိုင်းသို့ ရောက်လာသည့်အချိန်မှစ၍ မှောင်လာသည်နှင့်တစ်ပြိုင်နက် လေးဘက်လေးတန်မှ မြို့တံခါးများကို ပိတ်လိုက်တော့သည်။ မည်သူမျှဝင်၍မရသလို ထွက်၍လည်း မရတော့။ ဝမ်မိသားစုကဲ့သို့သော အလွန်အဆင့်အတန်းမြင့်သည့် မိသားစုအချို့သာ မင်းသား၏နာမည်ပြား သုံးပြားကိုရထား၍ အပြင်မထွက်ရ သက်မှတ်ထားသောအချိန်အတွင်း၌ သုံးကြိမ် ဝင်ထွက်ခွင့်ရလေသည်။ ထိုသို့ရခြင်းမှာလည်း ဝမ်ယာအိမ်တော်ခွဲမှ လူများကြောင့်ဖြစ်သည်။ ချန်အိမ်တော်ဆိုလျှင် နာမည်ပြားတစ်ပြားသာရလေသည်။

ခဏအကြာမှ နူးညံ့၍ သာယာသောအသံက ညင်သာစွာပြောလိုက်သည်။

"သူတို့တွေက လျှောက်ပြောနေတာမဟုတ်ပါဘူး...ငါ သူ့ကို ဖိတ်စာမှမပို့ခဲ့ပဲ..."

စကားပြောနေသူမှာ ဝမ်ဟုန်ဖြစ်သည်။

ဝမ်ဟုန်သည် ပြောရင်းဖြင့် လိုက်ကာကို လျင်မြန်စွာ မလိုက်သည်။

လမ်းပေါ်မှသွားလာနေသောလူများနှင့် အနေုက်ဘက်ဆီမှ ဝင်ကာစနေ၏ အလင်းရောင်လေးကို လှမ်းကြည့်ရင်းဖြင့် ဝမ်ဟုန်၏မျက်နှာ၌ အပြုံးတစ်ချက်ပေါ်လာသည်။

"ငါ့နာမည်ကို သုံးပြီး အားရုံကို ဖျားယောင်းခေါ်ခဲ့တယ်ပေါ့...အဲဒီလိုလုပ်ရပ်မျိုးကို ငါအရမ်းမုန်းတယ်..."

အစေခံက ခေါင်းငြှိမ့်လိုက်သည်။

ထိုအချိန်၌ စစ်တပ်သည်လည်း မြို့တံခါးနားသို့ရောက်နေပြီဖြစ်သည်။

မြို့တံခါးက ပိတ်နေပြီဖြစ်သည်။ ဝမ်ဟုန်၏‌အစေခံက ခေါင်းတစ်ချက်ငြှိမ့်လိုက်ကာ နာမည်ပြားကို မြှောက်ပြ၍ ကျယ်လောင်စွာအော်လိုက်သည်။

"ကျွန်ုပ်ရဲ့သခင် လန်ယာရဲ့ ဝမ်ဟုန်က အရေးကြီးကိစ္စတစ်ခုအတွက် မြို့ပြင်ကိုထွက်ချင်ပါတယ်..."

အရာရှိတစ်ဦးက ရှေ့သို့ထွက်လာသည်။ ထိုအရာရှိက ဝမ်ဟုန်တို့အား တားတော့မည့်ဆဲဆဲတွင် အစေခံက နာမည်ပြားနောက်တစ်ခုကို မြှောက်ပြ၍ အရာရှိ၏ခြေထောက်နားသို့ ပစ်ပေးလိုက်သည်။

"ဒါက ကျွန်ုပ်ရဲ့သခင်ကို နန်ယန်မင်းသားကိုယ်တိုင်ပေးထားတဲ့ နာမည်ပြားပါ..."

အရာရှိက နာမည်ပြားကို ကောက်ယူလိုက်သည်။ ထို့နောက် လက်များကိုချိတ်ဆက်ကာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ အရှင်...သွားလို့ရပါပြီ..."

ရထားလုံးက စတင်ရွေ့လျားစပြုသည်။

မကြာမီပင် ရထားလုံးနှင့် မြင်းများသည် ညအမှောင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

အရာရှိက တဖြည်းဖြည်းဝေးကွာသွားသော ရထားလုံးကိုကြည့်၍ ခပ်တိုးတိုးပြောလိုက်သည်။

"လန်ယာရဲ့ဝမ်ချီလန်ပါလား...တိုက်ပွဲနောက်တစ်ခုများရှိလို့လား...ဘယ်အရာကများသူ့ကို ဒီလိုညလယ်ခေါင်ကြီးမှာ မြို့ပြင်ကို သွားစေနိုင်မှာပါလိမ့်..."

စစ်သည်နှစ်ရာတို့သည် ခြေလှမ်းညီညီဖြင့် မြင်းများကိုစီးလာကြသည်။ သူတို့သည် အခန့်ညားဆုံးသောမြင်းများကိုစီး၍ လက်နက်များကိုလည်း ကိုင်တောင်ထားသေးသည်။ ထိုစစ်သည်များပေါ်လာသည်နှင့်တစ်ပြိုင်နက် လမ်း‌၏ဘေးတစ်ဖက်တစ်ချက်မှ ဒုက္ခသည်များက နောက်သို့ဆုတ်သွားကာ အမှောင်ရိပ်များထဲသို့ပုန်းကွယ်ကာ စစ်သည်များထွက်သွားသည်ကို ချောင်းကြည့်နေကြသည်။

ဝမ်ဟုန်တို့သည် မကြာမီ၌ ရေကန်ဆီသို့ ရောက်လာကြတော့သည်။

ဝမ်ဟုန်က ဧကငါးဆယ်ကျယ်သောရေကန်ကိုကြည့်၍ အမိန့်ပေးလိုက်သည်။

"မင်းတို့ထဲက လူငါးဆယ်က ရေကန်ကိုပတ်ကြည့်လိုက်ကြ...ပုံမှန်မဟုတ်တဲ့လူခြေရာတွေ မြင်းခြေရာတွေ ဘီးလုံးရာတွေရှိ မရှိကြည့်ခဲ့ကြ...ပြီးတော့ တွေ့သမျှလူကိုလည်း မေးမြန်းခဲ့ကြ..."

"ဟုတ်ကဲ့..."

စစ်သည်ငါးဆယ်က အမိန့်နှင့်အတူ ထွက်ခွာသွားကြသည်။

ဆယ့်ငါးမိနစ်ခန့်ကြာသောအခါ စစ်သည် ငါးဦးက ဝမ်ဟုန့်ဆီသို့ ပြန်ရောက်လာက့သည်။ ငယ်ရွယ်သောစစ်သည်လေးက မြင်းပေါ်မှ ဆင်းပြီးပြီးချင်းမှာပင် လက်များကိုချိတ်ဆက်ကာပြောလိုက်သည်။

"အရှင်...ဒီနေရာနဲ့ ‌ခြေလှမ်းနှစ်ရာအကွာမှာ ရထားလုံးဘီးရာတွေနဲ့ လူကိုးယောက်ရဲ့ခြေရာတွေ တွေ့ပါတယ်...အဲဒါအပြင် လူသွေးတွေနဲ့ လူသေအလောင်းတစ်လောင်းလည်း ရှိနေပါတယ်..."

စစ်သည်လေးက ပြောရင်းဖြင့် ရပ်ကာ ဝမ်ဟုန့်အားကြည့်လိုက်သည်။

ယိမ်းနွဲ့နေသောမီးရောင်အောက်တွင် ဝမ်ဟုန်၏ချောမောသောမျက်နှာသည် မြူနှင်းများဆိုင်းနေသကဲ့သို့ဖြစ်နေသည်။

"ရထားလုံးက နွံထဲနစ်နေခဲ့ပုံရပါတယ်..."

စစ်သည်လေးက ဆက်ပြောလိုက်သည်။

"နောက်မှ ရထားလုံးက အနောက်ဘက်ကို ဆက်မောင်းသွားတယ်...ခြေရာတွေကို လိုက်ကြည့်လိုက်တော့ လူရှစ်ယောက်ရဲ့ခြေရာအပြင် မြင်းခြောက်ကောင်ရဲ့ခွာရာတွေကိုလည်းတွေ့ပါတယ်...မြင်းခွာရာတွေက တောင်ကမူတွေရှိတဲ့နားမှာပါ..."

စစ်သည်လေးက ရပ်၍ ဝမ်ဟုန့်အားကြည့်လိုက်ပြန်သည်။

မီးရောင်အောက်၌ ဝမ်ဟုန်က ခေါင်းငြှိမ့်ကာ ပြောလိုက်သည်။

"အဲဒါ အားရုံပဲဖြစ်မှာပါ...အဲဒီဘီးရာတွေကို ဆက်လိုက်ဖို့ပြောလိုက်ပါ..."

"ဟုတ်ကဲ့..."

စစ်သည်လေးသည် ခြေရာခံရာ၌ အလွန်ကျွမ်းကျင်သူဖြစ်သည်။ သူသည် ရှေ့ဆုံးသို့သွား၍ ‌ခြေလှမ်းဆယ်လှမ်းသွားပြီးတိုင်း မြင်းပေါ်မှဆင်းကာ မြေပြင်ပေါ်သို့ သေချာကြည့်လေသည်။

တဖြည်းဖြည်းနှင့် စစ်သည်လေးသည် ရထားလုံးနားပြန်လာ၍ ဝမ်ဟုန့်အားပြောလိုက်သည်။

"အရှင် မြင်းခြောက်ကောင်က ဆက်လိုက်ဖို့ အားမရှိဖြစ်သွားကြတဲ့ပုံပေါက်ပါတယ်...ရထားလုံးတစ်ခုတည်းကသာ အဲဒီဘက်ကို ဆက်မောင်းသွားပါတယ်..."

စစ်သည်လေးက ရှေ့သို့ ညွှန်ပြလိုက်သည်။

ဝမ်ဟုန်က လိုက်ကာကိုပြန်ချ၍ ပြောလိုက်သည်။
"ငါသိပြီ...သွားကြမယ်..."

"ဟုတ်ကဲ့..."

မြင်းများက ရှေ့သို့ ဆက်လက်မောင်းနှင်သွားကြသည်။

စစ်သည်လေးက ရှေ့မှ ဦးဆောင်နေဆဲဖြစ်သည်။ သူသည် ‌ခြေလှမ်းတစ်ရာခန့်သွား၍ မြင်းပေါ်မှ ခုန်ဆင်းပြန်ကာ မြေကြီးကိုကြည့်ပြီးမှ မြင်းပေါ်သို့ ပြန်တက်လိုက်သည်။

ဝမ်ဟုန်တို့သည် ထိုနည်းဖြင့် တစ်နာရီခန့်သွားပြီးသောအခါမှ စစ်ငည်လေးက ရထားလုံးဘီးရာကိုညွှန်ပြကာပြောလိုက်သည်။

"သူတို့တွေက ဒီနားမှ ခဏရပ်ပြီး တောင်တွေဘက်ကို ဆက်မောင်းသွားပါတယ်..."

"ဆက်သွားပါ..."

"ဟုတ်ကဲ့..."

အချိန်အတန်ကြာသောအခါ စစ်သည်လေးက ရပ်လိုက်၍ ဝမ်ဟုန့်ဆီသို့ ပြန်လှည့်လာကာ လက်ကိုချိတ်ဆက်၍ ဝမ်းသာစွာပြောလိုက်သည်။

"ရထားလုံးနဲ့ နီးနေပါပြီ အရှင်..."

စစ်သည်လေးက ခဏရပ်ပြီးမှ ထပ်မေးလိုက်သည်။

"ကျွန်တော်တို့ သူတို့နာမည်တွေကို အော်ခေါ်လိုက်ရပါမလား..."

သူတို့သည် တောင်များကြား၌ရောက်နေသောကြောင့် တစ်ချက်ခေါ်လိုက်သည်နှင့် ပဲ့တင်သံများထပ်သွားကာရှာနေသည့်လူများကို အမြန်ဆုံးတွေ့နိုင်မည်ဖြစ်သည်။

တလက်လက်တောက်ပနေသောမီးရောင်အောက်တွင် ဝမ်ဟုန်က ပြုံးလိုက်သည်။

ဝမ်ဟုန်၏အပြုံးသည် အနည်းငယ်လျှို့ဝှက်မှုများပါနေ၍ အနည်းငယ်လည်း နွမ်းလျနေပုံပေါက်နေသည်။

ဝမ်ဟုန်သည် လိုက်ကာကိုမ၍ ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်သည်။ ထို့နောက် စစ်သည်လေးဆီသို့ လျှောက်သွား၍ ခပ်တိုးတိုးရယ်ကာပြောလိုက်သည်။

"ဘာဖြစ်လို့သူ့နာမည်ကိုခေါ်နေဦးမှာလဲ...ဒီတစ်နေ့တည်းမှာ သူ ကြောက်စရာတွေနဲ့ကြုံတွေ့ရတာ လုံလောက်နေပါပြီ..."

ဝမ်ဟုန်ပြောသည်ကို စစ်သည်လေးက သေချာနားမလည်လိုက်ပေ။

ဝမ်ဟုန်သည် အခြားစစ်သည်တစ်ဦး၏မြင်းပေါ်သို့ ခုန်တက်လိုက်၍ စစ်သည်လေးအားပြောလိုက်သည်။

"ငါတို့ သူ့ကိုသွားရှာကြစို့..."

"ဟုတ်ကဲ့..."
စစ်သည်လေးက သူ၏သခင်အား နားမလည်သလိုကြည့်လိုက်သည်။ ပြီးမှပင် မြင်းပေါ်တက်ကာ ထွက်ခွာလာတော့သည်။

ဤတစ်ကြိမ်၌ စစ်သည်လေးသည် ‌ခြေလှမ်းဆယ်လှမ်း လှမ်းပြီးသည့်အခါတိုင်း မြေပြင်သို့သေချာစူးစမ်းစွာကြည့်နေသည်။ ဝမ်ဟုန်က စစ်သည်လေးနောက်မှ နီးကပ်စွာ လိုက်လာသည်။

မကြာမီတွင် စစ်သည်လေးသည် နေရာတစ်နေရာသို့ရောက်သွား၍ အထဲသို့လက်ညှိုးထိုးပြလိုက်သည်။

"အရှင်...သခင်မလေးက ဒီထဲမှာ ရှိလောက်ပါတယ်..."

ဝမ်ဟုန်က ပြန်ဖြေသံပေးလိုက်သည်။ ထို့နောက် အသံများကိုနားထောင်ရင်းဖြင့် သူ၏နှုတ်ခမ်းများက အပေါ်သို့တွန့်ကွေးကာ ပြုံးသွားကြသည်။

"တစ်နေရာကိုသွားပြီး ဆူညံသံတွေ သွားလုပ်ချေ..."

ဝမ်ဟုန်ကပြောလိုက်သည်။

"ဒါပေမယ့် တစ်ယောက်ယောက်ထွက်လာတာတွေ့ရင် မနှုတ်ဆက်လိုက်နဲ့...တခြားတစ်နေရာမှာ သွားနေနေ..."

ဤအကြိမ်တွင်တော့ စစ်သည်လေးက အလျင်အမြန်ပင် သဘောပေါက်သွားသည်။ သူသည် အော်ရယ်လိုက်၍ မျက်လုံးတစ်ဖက်မှိတ်ပြကာ ဝမ်ဟုန့်အား တိုးတိုးလေးပြောလိုက်သည်။

"သခင်မလေးက အရှင့်ကို ကျေးဇူးတင်စိတ်နဲ့ သူ့ရဲ့အချစ်‌တွေကို အရှင့်အပေါ်မှာပဲ ကတိသစ္စာထားစေချင်လို့ပါလား အရှင်..."

အိပ်မက်ဆန်၍ ခန့်ညားနေသောဝမ်ဟုန်က လက်များကိုနောက်ကျော၌ ချိတ်ဆက်ထား၍ ခပ်ဖျော့ဖျော့ပြုံးကာပြောလိုက်သည်။

"ကတိသစ္စာထားမယ် ဟုတ်လား...သူ ငါ့အပေါ်မှာ ချစ်ခင်နှစ်သက်မှုရှိရင်လည်း ရှိလာမှာပေါ့...ဒါပေမယ့် အားရုံရဲ့စိတ်နေစိတ်‌ထားနဲ့ ကတိသစ္စာထားဖို့ဆိုတာ သူ့အတွက် ခက်ခဲနေမှာပါ..."

စစ်သည်လေးက ရယ်ချင်စိတ်ကိုထိန်းချုပ်၍ မြေကြီးကိုဆောင့်နင်းကာ လျှိုမြှောင်ဆီသို့ လျှောက်သွားလေတော့သည်။



Xxxxxx