Ch 7
Viewers 738

💓 Chapter 7




ချင်းစစ်ယန် ယခုတစ်ကြိမ် ကျောင်းမှခွင့်ယူခဲ့ခြင်းဖြစ်ပြီး အချိန် တစ်ပတ်သာရသည်။


သို့သော် ထိုတစ်ပတ်တွင် ကျမ အရမ်းအလုပ်များနေခဲ့ရာ ၎င်းတို့သားအဖကိုပင် ဂရုစိုက်ဖို့အချိန်မရလောက်အောင်ဖြစ်နေခဲ့ရသည်။


ကူးကျီသည် PR ဌာနနှင့် ပုံရိပ်အသစ်တည်ဆောက်မှုတွင် အလွန်ကောင်းမွန်စွာလုပ်ဆောင်ခဲ့သဖြင့် ကျမ အသက်မွေး ဝမ်းကျောင်းမှာ မျှော်လင့်ထားသည်ထက် ပိုမိုကောင်းမွန်စွာ တိုးတက်လာခဲ့သည်။


ဆက်တိုက်ဆိုသလိုဝင်လာသောအလုပ်များကြောင့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်တော့ဘဲ၊ ရံဖန်ရံခါလာလည်သော ရွှီကျားယိနှင့် ရန်ချီ တို့ကိုလည်း ကိုင်တွယ်ဖြေရှင်းရ သေးသည်။


ချင်းစစ်ယန်နှင့် ကလေး မထွက်ခွာမီ နောက်ဆုံးနေ့တွင် ကျွန်မ အလုပ်အားလုံးကိုငြင်းပယ်လိုက်ပြီး ၎င်းတို့နှင့် အိမ်မှာနေပေးခဲ့သည်။


ကျွန်မ ကလေးအားရင်ခွင်ထဲပိုက်ကာ ဆိုဖာပေါ်ထိုင်နေပြီး သူကမူ ကျွန်မလည်ပင်းကို တင်းတင်းကျပ်ကျပ်ဖက်ထားသည်။ ချင်းစစ်ယန် မီးဖိုချောင်ကောင်တာပေါ် ချက်ပြုတ်စရာများ ပြင်ဆင်နေသည်။ သူ ကျွန်မအား တစ်ချိန်လုံးမော့လာကြည့်ပြီး ပြုံးပြနေခဲ့သည်။


"စစ်ယန်" 


ကျွန်မသည် ကလေးကို ပွေ့ချီပြီးချင်းစစ်ယန်ဘေးသို့ လျှောက် သွားကာ သူ့လက်ရှည်အင်္ကျီ လက်များကို ပင့်တင်ပေးလိုက်သည်။ ကျွန်မ၏လက်ချောင်းထိပ်များဖြင့် သူ့ကြွက်သားအမြောင်းများပေါ် ရည်ရွယ်ချက်ရှိရှိ ပွတ်သပ်လိုက်သည်။


"ရှင် အိမ်မှာ ချက်ပြုတ်နေစရာမလိုပါဘူး"


"ကိုယ် မင်းနဲ့ အိမ်မှာညစာစားချင်တယ်"


ကျွန်မ လက်ကို ရုပ်ဖို့ ကြိုးစားစဉ် ချင်းစစ်ယန် ကျွန်မလက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့အနားသို့ပိုမိုဆွဲယူလိုက်သည်။ 


"မင်း အပြင်မှာ အလုပ်တွေအရမ်းများနေတာ၊ အိမ်ရဲ့အရသာကိုမေ့သွားမှာကို ကိုယ် စိုးရိမ်တယ်"


ကျွန်မ မရယ်ဘဲမနေနိုင်ခဲ့။ သူ့ စကားတွေက ဘာကြောင့်ပိုနက်နဲသောအဓိပ္ပာယ်ရှိနေတယ်လို့ ခံစားနေရတာလဲ ?


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ? ဘာပဲဖြစ်ဖြစ်၊ ကျွန်မက ရှင်... ချက်ပြုတ်တာကိုအကြိုက်ဆုံးပဲ" ကျွန်မ "ရှင်နဲ့ အတူ" ဆိုသောစကားကိုပြောရာတွင် ရည်ရွယ်ချက်ရှိရှိရပ်နားလိုက်သည်။


ချင်းစစ်ယန် ကျွန်မကို စိုက်ကြည့်နေသည့် သူ့ မျက်လုံးများက မူပူလောင်နေသည်။


ချင်းစစ်ယန်၏စိတ်အားထက်သန်မှုကိုမြင်ချိန် ကျွန်မ မရယ်ဘဲ မနေနိုင်ခဲ့။


"သားလည်း ဖေဖေ့ချက်ထားတာကိုကြိုက်တယ်!" 


ကလေး၏ အသံကအနည်းငယ်မတည်မငြိမ်ဖြစ်နေသော လေထုအား ဖြတ်တောက်လိုက်သည်။


"ကျွန်မလည်း ကြိုက်ပါတယ်" 


ကျွန်မ ရယ်လိုက်ပြီး ကလေးကိုပွေ့ကာ ဆိုဖာဆီပြန်သွားခဲ့သည်။


---


ညစာစားချိန်မှာ ပျော်စရာကောင်းခဲ့သည်။ ချင်းစစ်ယန် ကျွန်မ ဒီရက်တွေအတွင်း ဂရုမစိုက်ခဲ့သည်ကိုအပြစ်မတင်ခဲ့ပေ။ သူ ပန်းကန်များနှင့် ဟင်းချိုများဖြင့် ကျွန်မအား ကူညီပေးပြီး၊ ကျွန်မ၏ချီးမွမ်းမှုများကြောင့် သူ့မျက်လုံးများက အပြုံးများဖြင့် ကွေးညွတ်သွားသည်။


ဒီလိုမျိုး ငြိမ်းချမ်းတိတ်ဆိတ်မှုကို ကျွန်မ တကယ်ပျော်မွေ့မိသည်။


လူများစွာက ကျွန်မကို ဘာကြောင့် သူ့အားရွေးချယ်ခဲ့သလဲဟု မေးလာကြသည်။ ကျွန်မ ခင်ပွန်းဟောင်းနှင့် နှိုင်းယှဉ်လျှင် ချင်းစစ်ယန်သည် အကောင်းဆုံးတော့မဟုတ်ခဲ့ပါချေ။


ကျွန်မ သူ့အပေါ်ထားရှိသည့်အချစ်မှာ နက်နဲစွာကိုယ်ကျိုးရှာမှု ဖြစ်တယ်ဆိုသည်ကို ဝန်ခံရမည်။


ကျွန်မ သူ့ကိုချစ်ရခြင်းက သူ ကျွန်မကိုချစ်လို့ဖြစ်ကာ—ကျွန်မ၏စစ်မှန်သော ကျွန်မကိုယ် ကျွန်မ ချစ်ခြင်းကြောင့်ပင်။ ကျွန်မ သူ့အားစွန့်ပစ်ခဲ့သဖြင့် ရူးသွပ်သကဲ့သို့လိုက်လံပိုးပန်းတာမျိုးမဟုတ်ဘဲ၊ ကျွန်မဖြစ်နေလို့ ချစ်ခြင်းမျိုးသာ။


ဒါ ဟန်ဆောင်သလိုထင်ရနိုင်ပေမဲ့ ကျွန်မဘဝမှာ ဒီလိုစစ်မှန်တဲ့ အချစ်မျိုးကို တစ်ခါမှမခံစားခဲ့ရဖူးဘူး။


ဒီတစ်ကြိမ်တော့ ကျွန်မ ထာဝရပျော်ရွှင်မည်ဟုယုံကြည်မိ သည်။


---


"ချန်ချန်၊ ကိုယ် မနက်ဖြန် ထွက်သွားရတော့မယ်" 


ချင်းစစ်ယန်က အိပ်ခန်းတံခါးကို ညင်သာစွာပိတ်လိုက်ပြီး နောက်ကနေ ကျွန်မ ခါးကိုသိုင်းဖက်လိုက်ကာ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားသည်။ 


"ဒီနေ့တော့..."


"ဒီနေ့ ဘာဖြစ်လဲ ?" 


သူ ဘာကိုဆိုလိုကြောင်း ကျွန်မ နားလည်သော်လည်း နားမလည်ချင်ယောင် ဆောင်လိုက်သည်။


သူ ငုံ့လိုက်ပြီး ကျွန်မ လည်ပင်းအကွေး၌ ခေါင်းကိုမြှုပ်နှံလိုက် ကာ ကျွန်မနားနားကပ်၍ တိုးတိုးလေးပြောလာသည်။ 


"မင်း ဘာကိုဆိုလိုမှန်း ကောင်းကောင်းသိပါတယ်"


ကျွန်မ လှည့်လိုက်ပြီး အနည်းငယ်နီရဲနေသော သူ့မျက်နှာကို လက်ဖြင့်အုပ်ကိုင်လိုက်ကာ ကျွန်မရှေ့က အမျိုးသားကိုစူးစိုက်ကြည့်လိုက်သည်။


ကျွန်မ သူ့မျက်နှာပေါ်ကို လက်ချောင်းထိပ်များဖြင့်ဖြည်းညှင်းစွာတို့ထိလိုက်သည်—သူ့ မျက်ခုံးမွှေးတို့၏အတက်အကျနှင့် မြင့်မားသော နှာတံကိုခံစားလိုက်သည်။


သူ့ရုပ်သွင်ကမူ အသေးစိတ်အားဖြင့် သိပ်မလှပသော်လည်း အားလုံးပေါင်းစပ်ထားသည်ကလှပသည်။ ကျွန်မ ချစ်သော အလှမျိုးပင်။


ကျွန်မ လက်ချောင်းထိပ်များက သူ့ ဒဏ်ရာရထားသောမေး စေ့ကိုပွတ်သပ်သွားရာ၊ သူ့မုတ်ဆိတ်မွေးစများက ထိုးဆွသွားသည်။


"စစ်ယန်" 


ကျွန်မ လက်ချောင်းများဖြင့် သူ့အား ပွတ်သပ်လိုက်ချိန်မှာ သူ့ခန္ဓာကိုယ် အနည်းငယ်တုန်ယင်သွားသည်ကို ခံစားလိုက်ရပြီး သူနားနားကပ်ကာပြောလိုက်သည်။ 


"ပြီးရင် ကိုယ်ပေါ်အနမ်းရာတွေ မထားခဲ့နဲ့နော်၊ သန်ဘက်ခါ ရိုက်ကူးရေးရှိသေးတယ်"


ချင်းစစ်ယန်သည် လွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သလိုမျိုး ကျွန်မ ပေါင်များကိုမတင်လိုက်ပြီး အခန်းထဲဝင်ရင်း တံခါးကို ပိတ်လိုက်သည်။


သူ ကျွန်မ ပိုးသားအိပ်ဝတ်စုံရှိ ကြယ်သီးများကိုတစ်လုံးချင်း ဖြုတ်ချလိုက်သည်။ လှုပ်ရှားမှုတိုင်းတွင် ထိန်းထားသောစိတ်အားထက်သန်မှု အရိပ်အယောင်များပါဝင်လို့နေသည်။


သူ့ အသံမှာသြရှနေပြီး နှုတ်ခမ်းများက ကျွန်မ နားရွက်ကို ပွတ်တိုက်သွားသည်။ 


"မင်း ဘာလို့ ဒီနေ့ ဒါ ဝတ်ထားရတာလဲ ?"


ကျွန်မ မရယ်ဘဲမနေနိုင်ခဲ့၊ သူ့ လည်ပင်းကို စနောက်သည့်အပြုအမူဖြင့်မှုတ်လိုက်သည်။ သူကမူ အပြစ်ပေးသည့်အနေဖြင့် ကျွန်မ နားရွက်ဖျားကိုကိုက်လိုက်ပြီးနောက် ညင်သာစွာနမ်းရှိုက်လိုက်သည်။


"ဘာလို့ ဒီလောက် အသည်းအသန်ဖြစ်နေတာလဲ ?" 


ကျွန်မ လက်ချောင်းများက တင်းမာနေသော သူ့ ပခုံးများကို ညင်သာစွာပွတ်သပ်ပြီးနောက် သူ့နောက်ကျောကိုကုတ်ခြစ်လိုက်သည်။


ကျွန်မ ကုတ်ခြစ်လိုက်ခြင်းကြောင့် ထုံသွားသလိုမျိုး သူ အ နည်းငယ် တုန်ယင်သွားပြီး ကျွန်မကိုမော့ကြည့်လာသည်။ သူ့မျက်လုံးများက ညအလင်းရောင်ထဲ တဖျပ်ဖျပ်လင်းနေသည်။ 


"ကိုယ်တို့ နောက်ဆုံးတွေ့ခဲ့တာ ဘယ်လောက်ကြာပြီလဲ ?"


"သုံး..." 


ကျွန်မ စကားကို သူ ရုတ်တရက်နမ်းလိုက်ခြင်းကြောင့် ပြတ်တောက်သွားသည်။ အနမ်းကမူရှည်လျားပြီး နူးညံ့သော်လည်း တွန်းလှန်မရနိုင်ခဲ့ပေ။ ကျွန်မ အသက်ရှူရပ်လုနီးပါးဖြစ်တော့မှ သာ သူ ခွာလိုက်ပြီး သူ့နဖူးကို ကျွန်မ နဖူးပေါ်မှီထားလိုက်သည်။


"တစ်ရာ့တစ်ရက်မြောက်နေ့ပဲ"


သူ့ အသံသည် နူးညံ့ပြီးသြရှနေသည်။ သူ့လက်မသည် ကျွန် မ၏အနည်းငယ်ထုံကျင်နေသော နှုတ်ခမ်းများကိုညင်သာစွာ ပွတ်သပ်ပေးသည်။


"ချန်ချန်" 


သူ့ လက်မသည် ကျွန်မ၏ နှုတ်ခမ်းပုံသဏ္ဌာန်ကိုလိုက်ဆွဲနေ သည်။ 


"မင်းက ကိုယ် မင်းကိုတွေးသလောက် မတွေးဘူးထင်ပါတယ်..."


ကျွန်မနှင့် အလွန်နီးကပ်နေသော သူ့ မျက်လုံးများကိုကြည့်လိုက်ရာ အပြစ်တင်လိုသော အရိပ်အယောင်တစ်ခုမြင်လိုက်ရသည်။


"မင်း ဒီရက်ထဲ အရမ်းအလုပ်များနေခဲ့တာပဲ..." 


သူ့မျက်လုံးများက အနည်းငယ် မှေးစင်းသွားပြီး သူ့လက်ကမူမရိုးမသား အောက်ဘက်သို့ စတင်ရွေ့လျားတော့သည်။ 


"ဒီနေ့တော့ အကုန်လုံးပြန်အရယူတော့မယ်"


---


နောက်တစ်နေ့ မနက် ကျွန်မ နိုးလာချိန် ချင်းစစ်ယန် ကျွန်မဘေးတွင်မရှိတော့ချေ။ သူ့ဘက်ခြမ်းရှိ စောင်မှာလည်း အနွေးဓာတ်မရှိတော့ပေ။


ကျွန်မ တံခါးဖွင့်လိုက်ရာ ဧည့်ခန်းထဲဖြန့်ထားသည့် ခရီးဆောင်အိတ်အားအထုပ်ထည့်ပြီးသားဖြစ်နေပြီး ကလေးကမူထိုင်ခုံ မှာထိုင်လျက် ချင်းစစ်ယန် နို့တိုက်ကျွေးသည်ကိုစောင့်နေခဲ့သည်။


"မေမေ!" 


ကလေးသည် အသံကြားသဖြင့် ခက်ခက်ခဲခဲလှည့်ကြည့်လာသည်။


"နိုးပြီလား" 


ချင်းစစ်ယန် လည်ပင်းပေါ်ရှိ အမှတ်အသားမှာတောက်ပစွာ နီရဲလို့နေသည်။ သူ ကျွန်မအား မော့ကြည့်လာပြီး မျက်မှောင် အနည်းငယ်ကြုတ်လိုက်သည်။ 


"ဘာလို့ အင်္ကျီပိုမဝတ်ထားတာလဲ ?"


"မအေးပါဘူး"


ကျွန်မသည် ကလေး၏ပန်းရောင်ပါးပြင်များကို ပြင်းပြင်း ထန်ထန် နမ်းလိုက်ပြီးနောက် ထမင်းစားပွဲတွင်ထိုင်လိုက်သည်။ 


"မနက်စာ ဘာစားချင်လဲ ?"


"ဒီမှာ" 


ချင်းစစ်ယန်က ကျွန်မထံ ပန်းကန်တစ်ခုလှမ်းပေးလာသည်။ ပန်းကန်ထဲ ဆန်းဒဝှစ်ချ်နှင့် နို့တစ်ခွက်ပါဝင်သည်။ 


"မင်း အနောက်တိုင်းမနက်စာ မကြိုက်မှန်း ကိုယ်သိပါတယ်၊ ဒါပေမဲ့ ဒီနေ့ အချိန်ကနည်းနေတယ်၊ ချန်ချန် မင်း စားချင်တာသာ စားလိုက်ပါ"


တစ်ခါတလေ သူက ကျွန်မရဲ့ခံစားချက်တွေကို အလွန်အမင်း ဂရုစိုက်တယ်လို့ ကျွန်မ တွေးမိပေမဲ့ အချိန်အများစုမှာတော့ ကျွန်မ ဒီလိုဂရုစိုက်မှုကိုပျော်မွေ့ခဲ့ရသည်ဟုပြောရမည်။


"ကျွန်မ ဒရိုင်ဘာကိုဖုန်းခေါ်ထားတယ်၊ ခဏနေရင် ရှင့်ကို လေဆိပ်လိုက်ပို့ပေးမယ်" 


ကျွန်မ သူ့အားဆွဲခေါ်ပြီး ကျွန်မ နံဘေးတွင်ထိုင်စေလိုက်သည်။