အခန်း ၁ ချူနီဗြောထွက်ပေါ်လာမှု
Viewers 3k

ဒါ က ဘာ လဲ။

 

ခန္ဓာကိုယ်အပြည့်ပေါ်သည့် မှန်တစ်ချပ်ရှေ့၌ ကောင်မလေးတစ်ယောက် မတ်တတ်ရပ်နေသည်။ သူမသည် ပြူးကျယ်သော မျက်လုံးများနှင့် မှန်ထဲရှိ ပုံရိပ်အား စိုက်ကြည့်နေ၏။ လက်ကလေးများမှာ တုန်ယင်နေပြီး နူးနူးညံ့ညံ့ မျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့ အထင်းသားပင်။

 

ဒါ ငါ လား။

 

မဟုတ်ဘူး။

 

“ဒါ... ငါ့ ခန္ဓာကိုယ်အစစ် မဟုတ်ဘူး..”

 

ကောင်မလေး အော်ဟစ်လိုက်ရာ အလယ်ခေတ်ပုံစံအခန်းထဲ၌ နူးညံ့ကာ ရှက်ရွံ့မှုတို့ ရောစွက်နေသော အသံလေး ပဲ့တင်ထပ်သွားသည်။

 

အခန်းတစ်ခုလုံးအား ကလေးဆော့အရုပ်များစွာနှင့် ထူးထူးဆန်းဆန်း အလှဆင်ထားပြီး အပြင်အဆင်မှာ လွန်စွာကလေးဆန်လှသောကြောင့် အရွယ်ရောက်ပြီးသူတစ်ဦးအတွက် အခန်းထဲဝင်ဖို့ပင် ရှက်ရွံ့ဖွယ်ကောင်း၏။

 

မှန်သည်။ ဤအခန်းမှာ ကလေးတစ်ယောက်အတွက် ဖြစ်သည်။

 

“မဖြစ်နိုင်ဘူး.. ဒါက..”

 

ကောင်မလေးသည် နှုတ်ခမ်းအားကိုက်လိုက်သည်။ ထို့နောက် မျက်လုံးထဲ၌ မျက်ရည်များ ပြည့်ကာ နှာချေးတွဲလောင်းဖြစ်လာသည်။

 

ဒါက နာမည်ကျော် တခြားကမ္ဘာကို (isekai) ကူးပြောင်းခြင်း ဆိုတာလား..

 

ထိုအတွေးဝင်လာကာ ကောင်မလေး၏ ကျောရိုးတစ်လျှောက် အေးစက်သွားသည်။ ကိုယ့်မျက်နှာကိုယ် ရိုက်ကြည့်ချင်သည့်တိုင် မှန်ထဲရှိ ကောင်မလေး၏ ပြည့်ပြည့်ဖြိုးဖြိုး ပါးပြင်လေးအား နာကျင်အောင် မလုပ်ရက်နိုင်ပေ။

 

မဟုတ်ဘူး .. ကောင်မလေး မဟုတ်ဘူး.. ကောင်မသေးသေးလေးတောင် မဟုတ်ဘူး..

 

ဒါက လမ်းလျှောက်ခါစ ကလေးမလေးပဲ။

 

“ငါက တခြားကမ္ဘာကို ရောက်လာတာလား..”

 

ကောင်မလေးတဖြစ်လဲ လမ်းလျှောက်ခါစ ကလေးမလေး ပင့်သက်ရှိုက်လိုက်၏။ မျက်လုံးထောင့်စွန်း၌ ကပ်ညိနေသည့် မျက်ရည်များ ပိုပိုတိုးလာသည်။ ခန္ဓာကိုယ်လေးမှာ ပြင်းပြင်းထန်ထန် တုန်ယင်နေပြီး မျက်လုံးများ နီရဲလာသည်။

 

အခန်းတွင်းသို့ တစ်ယောက်ယောက်သာ ဝင်လာခဲ့လျှင် ငိုလုဆဲဆဲ ကလေးမလေးကို မြင်တွေ့ရမည်ပင်။

 

“ဖ...”

 

ကလေးမလေး စကားပြောမည်ပြုသည်။

 

ဖား ? ဖားရက် ? ဖူး? ဖားခရုမားသားဖားသား ?

 

“ဖ..”

 

ကလေးမလေးသည် အသက်ပြင်းပြင်းရှူကာ မိုးပြိုမတတ်ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

 

“ဖန်တက်စတစ် !!!”

 

....

 

အခန်းအတွင်း၌ လူတစ်ယောက်ယောက်သာ ရှိနေပါက မျက်နှာများနီမြန်းအောင် အော်ဟစ်နေသည့် ကလေး‌ပေါက်စလေးအား မြင်သည်နှင့် ထိတ်လန့်တကြား အော်ဟစ်မိမည်။ ကလေးပေါက်စသည် ပြုံးပန်းဝေဆာနေသော မျက်နှာနှင့် ပျော်ရွှင်စွာ ခုန်ပေါက်နေ၏။

 

“ဟုတ်ပြီ.. ဟုတ်ပြီ.. ငါလုပ်နိုင်ခဲ့ပြီ.. ငါက တခြားကမ္ဘာမှာ.. ကူးပြောင်းသွားခဲ့တာ.. အားးးး အားးးးးးးးး ဒေါ်လာ ၂၀၀ နဲ့ ဝယ်ခဲ့တဲ့ စုတ်ပြတ်သတ်နေတဲ့ မှော်စာလိပ်က တကယ်ကြီး အလုပ်ဖြစ်တာဟ..”

 

ကလေးပေါက်စသည် ကြမ်းပြင်ပေါ်သို့ ရုတ်တရက် လှဲချပြီး ပတ်ပတ်လည် လှိမ့်နေပြီး အရှက်ရမည်ကိုပင် ဂရုမစိုက်ချေ။

 

ဂုဏ်သိက္ခာလား.. စားလို့ရလား.. ဗြဲ..

 

“အားးး အားးးး နောက်ဆုံးတော့.. နောက်ဆုံးတော့...”

 

ကလေးပေါက်စမှာ ဝင်ပူးခံရသူတစ်ဦးနှယ် တဟီးဟီး ရယ်မောနေသည်။

 

တထိတ်ထိတ်ခုန်နေသည့် နှလုံးသားအား ငြိမ်သက်အောင် ကြိုးစားသော်ငြား မတည်ငြိမ်နိုင်ဘဲ ရှိနေသည်။ ဟောဟဲလိုက်ကာ အသက်ရှူရင်း ကမ္ဘာပေါ်ရှိ အရေးအကြီးဆုံးအရာအား ကိုင်တွယ်သည့်ပုံစံနှင့် သူမကိုယ်သူမ ပွေ့ဖက်လိုက်သည်။

 

“အားး ငါ့ခန္ဓာကိုယ်လေး.. ငါ့ခန္ဓာကိုယ်အသစ်လေး.. အားးးး အရမ်းချစ်စရာကောင်းတာပဲလို့..”

 

ကလေးပေါက်စမှာ သူမ၏ခန္ဓာကိုယ်အသစ်အား သဘောကျနှစ်ခြိုက်စွာ ကြည့်နေရင်း မှန်နားသို့ တိုးသွား၏။ လက်ဖောင်းဖောင်းလေးအား မှန်ပေါ်သို့ တင်လိုက်ကာ ပိုးသားဆံနွယ်များအား ခပ်ဖြည်းဖြည်းဖွလိုက်သည်။

 

“ခရမ်းဖျော့ရောင်ဆံပင်တိုလေးနဲ့.. အူးဝါးးး တလက်လက်တောက်နေရော.. ဝိုး ဝိုး.. နူးအိနေတာပဲ..”

 

ကလေးပေါက်စသည် လည်ပင်းခန့်သာရှည်သည့် ဆံပင်တိုလေးအား သဘောကျနှစ်ခြိုက်စွာ ထိတွေ့နေသည်။ ထို့နောက် လက်သေးသေးလေးမှာ မျက်လုံးထောင့်စွန်းသို့ ရောက်သွားပြန်သည်။

 

ဆိုးယုတ်မှုကင်းစင်ကာ နက်မှောင်သန့်စင်ပြီး ပင်လယ်ပြာရောင်နှင့်တူသည့် မျက်လုံးကြီးများမှာ မှန်ထဲမှတဆင့် စိုက်ကြည့်နေသည်။

 

“ဒါတွေက ငါ့မျက်လုံးတွေလား.. ကျောက်မျက်ရတနာ မဟုတ်ဘူးပေါ့..”

 

ကလေးပေါက်စ၏ လက်ဖောင်းဖောင်းလေးမှာ နှာခေါင်းရှိရာသို့ ရွေ့သွားသည်။

 

“နှာခေါင်းသေးသေးလေး.. ဒါပေမဲ့ ဘာကိစ္စ အရမ်းပဲ မောက်မာပုံ ပေါက်နေတာတုန်း.. ဒါလေးက ဗီလိန်မလေးတော့ မဟုတ်လောက်ပါဘူးနော်..”

 

ကလေးပေါက်စ ညည်းညူရင်း သူမ၏ မျက်နှာနှင့် ပါးပြင်လေးအား ထိကြည့်လိုက်သည်။

 

နှင်းကဲ့သို့ ဖြူဖွေးသော အသားအရည်နှင့် ဆန်မုန့်လုံးသဖွယ် ဖောင်းကြွနူးညံ့နေသည်။ ပါးဖောင်းဖောင်းလေးအား ညှစ်ကြည့်သည့်အခါ ညင်သာစွာ ပြန်ကန်ထွက်လာသည်။

 

အူးဝါးး အိအိဖောင်းဖောင်းလေး.. တကယ်ပဲ ငါ့ခန္ဓာကိုယ်လေးလား..

 

ကလေးပေါက်စမှာ ယခုထိတိုင်အောင် သူမမျက်လုံးများအား မယုံနိုင်ဘဲ ရှိလေ၏။ မျက်နှာလေးအား ဆက်လက်ထိတွေ့နေပြီး ဤတစ်ကြိမ်၌ လက်ချောင်းဖောင်းဖောင်းလေးမှာ နှုတ်ခမ်းရှိရာသို့ ရောက်သွားသည်။

 

ပန်းရောင်နှုတ်ခမ်းသေးသေးလေးမှာ ကျိုးတိုးကျဲတဲ ဆာကူရာပွင့်ဖတ်လေးများနှင့်တူပြီး နွေးထွေးလှသော ရေပူစမ်းအား အမှတ်ရစေသည်။

 

လှပသည်၊ ချစ်စရာကောင်းသည်၊ ဆွဲဆောင်မှုရှိသည်။

 

ထိုစကားလုံး ၃ လုံးမှာ အရွယ်ရောက်ပြီးသူတစ်ဦး၏ ဒူးခေါင်းလောက်ပင် မမြင့်သော လမ်းလျှောက်ကာစ ကလေးပေါက်စလေးအား အပြည့်အဝ မဖော်ညွှန်းနိုင်ချေ။

 

ဤကဲ့သို့ လှပကာ ဆွဲဆောင်ညှို့ငင်နိုင်သော မျက်နှာလေးအား မြင်ကြသူတိုင်း ရင်ဖိုစိတ်လှုပ်ရှားလာနိုင်သည်။

 

ကလေးပေါက်စ မဟုတ်ရင်ပေါ့။

 

ဒါပေမဲ့ ဂရုမစိုက်ပေါင်။

 

“ဟမ်.. ဟမ်.. ဒါ.. က..”

 

ကလေးပေါက်စ ဒုတိယအကြိမ် ညည်းလိုက်သည်။ သူမ၏စကားသံနှင့် အသံထွက်မှာ ကြည်လင်ပြတ်သားပြီး အသက်အရွယ်၊ ခန္ဓာကိုယ်နှင့် ကိုက်ညီမှုမရှိချေ။

 

ငါက ကလေးလေးဖြစ်သွားတာလေ..

 

ကလေးပေါက်စ တံတွေးမြိုလိုက်သည်။

 

အဲဒီတော့ ဘာဖြစ်တုန်း..

 

ကလေးခန္ဓာကိုယ် ဖြစ်နေတော့ကော ဘာဖြစ်တုန်း.. ငါ အောင်မြင်သွားတာပဲလေ..

 

အခုဆို ဟိုမန်ဟွတွေထဲက ချစ်ဖို့ကောင်းတဲ့ အဓိကဇာတ်ဆောင်တွေလိုမျိုး ဆက်ဆံခံရတော့မှာပေါ့.. အရမ်းမိုက်ပြီး ငါ့ကို သဲသဲလှုပ်တဲ့ ဖေဖေရယ် အကာအကွယ်လွန်တဲ့ ခပ်ချောချော အစ်ကိုတွေရယ်နဲ့ အမိုက်စား အမျိုးသားဇာတ်ဆောင်ရယ် ရှိလာတော့မှာ..

 

ဒါပဲလေ.. နောက်ဆုံးတော့ ပျင်းဖို့ကောင်းတဲ့ ကောလိပ်ရဲ့ အွန်လိုင်းစာသင်ချိန်တွေကနေ လွတ်မြောက်ခဲ့ပြီ..

 

ကလေးပေါက်စ၏ နှုတ်ခမ်းများ ကွေးတက်လာသည်။ အလွန်စိတ်လှုပ်ရှားနေသောကြောင့် မှန်ထဲရှိ ကိုယ့်ကိုယ်ကိုယ် အနမ်းပေးမတတ် ဖြစ်သွားသည်။

 

“နင်.. ဒီခန္ဓာကိုယ်ရဲ့ မူလဝိညာဉ်လေး.. မစိုးရိမ်ပါနဲ့.. ငါက နင့်ခန္ဓာကိုယ်ကို သေချာလေး ဂရုစိုက်ပြီး နင့်ကိုယ်စား ပျော်အောင်နေပေးမယ်.. ငြိမ်းငြိမ်းချမ်းချမ်းလေး အနားယူပါနော်.. နင့်ကို ဒုက္ခပေးတဲ့လူတွေကို လက်စားချေပြီး လောကသစ်ကို ခေါ်သွားပေးမယ်..”

 

ကလေးပေါက်စသည် မှန်ရှေ့၌ ဟန်ပါပါ ကျိန်ဆိုလိုက်သည်။ လက်သီးတင်းတင်းဆုပ်ကာ အပြာရောင်မျက်လုံးလေးများ တလက်လက်နှင့်ပင်။

 

မန်ဟွဖတ်ကာ ထိုထဲရှိ နည်းဗျူဟာများအား လေ့လာရင်း ကုန်ဆုံးခဲ့သည့် နေ့ရက်များမှာ အကျိုးမယုတ်တော့ချေ။

 

ကမ္ဘာကြီးရဲ့ ထိပ်ဆုံးမှာ ရပ်တည်ပြီး အချစ်ခံရတဲ့ ဇာတ်ဆောင်တစ်ယောက် ဖြစ်လာရမယ်..

 

ကလေးပေါက်စ ပါးစပ်ဟကာ ခေါင်းမော့လိုက်ပြီးနောက် အခန်းထဲ၌ ခေါင်းလောင်းတမျှ ကျယ်လောင်သော ရယ်မောသံ ထွက်ပေါ်လာတော့သည်။

 

“မွားဟားဟားဟားဟား နင်တို့အားလုံး စောင့်နေလိုက်.. ငါက.. ကြီးမြတ်တဲ့ ငါက ဒီကမ္ဘာကြီးရဲ့ ထိပ်ဆုံးကို ရောက်လာတော့မှာ.. လူတိုင်းကို သိမ်းသွင်းပြီး အမိုက်စား ဖြစ်လာရမယ်..”

 

ကလေးပေါက်စမှာ ရူးနှမ်းနေသကဲ့သို့ ရယ်မောနေခြင်းပင်။ ဘယ်ဘက်မျက်လုံးအား လက်ဖြင့်အုပ်ကာ နာကျင်စွာဖြင့် မျက်နှာမဲ့လာသည်။

 

အတုအယောင်နာကျင်မှု။

 

“အားးး ငါ့ရဲ့ ဘယ်ဘက်မျက်လုံးထဲက ချိတ်ပိတ်ခံထားရတဲ့ စွမ်းအားရေ.. မစိုးရိမ်နဲ့.. သိပ်မကြာခင် ကမ္ဘာကြီးက နင့်ကို သိလာတော့မှာပါ.. အဲဒီအချိန်.. အဲဒီအချိန်က ကမ္ဘာကြီးရဲ့ အဓိကဇာတ်ဆောင် ပေါ်ထွက်လာရမဲ့ အချိန်ပဲ..”

 

ကလေးပေါက်စ၏ မျက်နှာပေါ်တွင် လျှို့ဝှက်နက်နဲသည့် အပြုံးတစ်ခု ရှိနေပြီး ရောဂါအား ခုခံတွန်းလှန်ရင်း မျက်လုံးပေါ်အုပ်ထားသည့် လက်တစ်ဖက်အား တဖြည်းဖြည်းချင်း ဖယ်လိုက်သည်။

 

ဟုတ်သည်။ ဤကလေးပေါက်စမှာ နောက်ဆုံးအဆင့်ရောဂါခံစားနေရသူပင်။ ထိုရောဂါမှာ ကျိန်စာတစ်ခုဖြစ်ပြီး ဖယ်ရှား၌မရနိုင်ချေ။

 

ချူနီဗြောကျိန်စာ..။

 

မှတ်ချက် - ချူနီဗြောဆိုတာ ဆယ်ကျော်သက်အစောပိုင်းကာလမှာ ခံစားရလေ့ရှိတဲ့ စိတ်ကြီးဝင်ရောဂါပါ။