အခန်း ၂ မှတ်ဉာဏ်ပျောက်ဆုံးခြင်း
သို့သော် ကလေးပေါက်စမှာမူ သူမသည် ချူနီဗြော နောက်ဆုံးအဆင့် ရောဂါသည်ဖြစ်ကြောင်း မသိရှာချေ။
အသက်ပြင်းပြင်းရှိုက်ကာ မှန်ရှေ့မှ တဖြည်းဖြည်း ခွာလိုက်သည်။
ဤကမ္ဘာအသစ်သို့ အလောတကြီး ဝင်သွား၍မရပေ။ အဓိကဇာတ်ဆောင်တစ်ဦး ဖြစ်လာရန် ဂရုတစိုက် လှုပ်ရှားရမည်။
ဝိညာဉ်ကူးပြောင်းခြင်း၏ ပထမဆုံးဥပဒေသအား ကြည့်ကြပါစို့။
ကလေးပေါက်စ မျက်လုံးမှိတ်လိုက်သည်။
မူလခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်တွေကို ပြန်ကြည့်ရမယ်..
ကလေးပေါက်စသည် ယခုတွေ့ကြုံနေရသည့် ထူးခြားဆန်ကြယ်ကာ ယုတ္တိတန်သော အရာများနှင့် ရင်ဆိုင်ရာ၌ အတွေ့အကြုံရှိထားပြီးဖြစ်သည်။ မန်ဟွများ ဖတ်ရှုရာမှ ရရှိထားသော ဗဟုသုတများအား အလျင်အမြန် အသုံးပြုကာ နောက်လာမည့် အဖြစ်အပျက်အား မျှော်လင့်တကြီး ဖြစ်နေသည်။
ဟုတ်ပြီ.. လာစမ်းပါ.. မူလခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်ကို ပေးစမ်း.. ဘယ်ဝတ္ထုထဲ ဒါမှမဟုတ် မန်ဟွထဲ ရောက်လာတာလဲ သိမှဖြစ်မယ်.. ဒါမှမဟုတ် ကမ္ဘာအသစ်တစ်ခုလား.. အားးး မရဘူးနော်.. အဓိကဇာတ်ဆောင်တွေဆိုတာ သူတို့ဖတ်ထားဖူးတဲ့ ဝတ္ထုတို့ မန်ဟွတို့ထဲကိုပဲ ရောက်သွားရမှာ..
ဆိုတော့.. ဘယ်တစ်ခုလဲ.. ဘာအမျိုးအစားလဲ.. ငါကတော့ ဇာတ်ဆောင်ကို ယောကျ်ား၊ မိန်းမ မရွေး အကုန်ဖတ်တာပဲ.. ဒီကိုယ်လုံးလေးအရဆိုရင်တော့ သဲသဲလှုပ်ဖေဖေတွေပါတဲ့ ဝတ္ထုပဲဖြစ်ရမယ်.. ဟုတ်တယ် ဟုတ်..
ကလေးပေါက်စသည် စိတ်လှုပ်ရှားစွာဖြင့် စူးစူးဝါးဝါး ခေါင်းကိုက်လာမည့်အချိန်ကို စောင့်မျှော်နေ၏။ မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်များအား ပြန်စီနေစဉ် နာကျင်မှုအား သည်းခံထားလိုက်မည်။ ထို့နောက် မည်သည့် ဝတ္ထု သို့မဟုတ် မန်ဟွထဲသို့ ဝိညာဉ်ကူးပြောင်းလာကြောင်း သိရှိသွားပေမည်။
ဇာတ်လမ်းအား သိရှိပြီးသည်နှင့် သူမဖတ်ထားသော စာအုပ်ပါ အကြောင်းအရာများမှာ သူမ၏ အကြီးမားဆုံးသော အားသာချက်ဖြစ်လာလိမ့်မည်။ ဝတ္ထု သို့မဟုတ် မန်ဟွ၏ ဇာတ်လမ်းဇာတ်ကွက်အား အနည်းငယ်မျှ မေ့လျော့မသွားစေရန် ချမှတ်ရေးသားထားရမည်။
“အင်း.. ကောင်းတယ်.. အဲလို လုပ်ရမယ်.. လုံးဝ ပြည့်စုံသွားပြီ..”
ကလေးပေါက်စမှာ သူ့ကိုယ်သူ ဂုဏ်ယူလျက်ရှိသည်။ နားရွက်ချိတ်မတတ်ပြုံးကာ မှတ်ဉာဏ်များ ပေါ်ထွက်လာမည်ကို စောင့်မျှော်နေလေ၏။
၁ မိနစ်။
သူမမျက်လုံးများ လေးလာသည်။
၂ မိနစ်။
တစ်မှေးလောက် အိပ်ချင်သော်ငြား တောင့်ခံထားဆဲဖြစ်သည်။
၅ မိနစ်။
သူမ၏ ဦးခေါင်းမှာ အကောင်းအတိုင်းပင်။ မည်သည့်နာကျင်မှုကိုမျှ မခံစားရသော်ငြား အိပ်ချင်စိတ်အား မတွန်းလှန်နိုင်တော့ချေ။
၁၀ မိနစ်။
စကျင်ကျောက်များခင်းထားသည့် ကြမ်းပြင်ပေါ်၌ သွားရည်များကျလျက် ခြေပစ်လက်ပစ် အိပ်ပျော်သွားလေတော့သည်။
“ဘု ရား ရေ.. သခင်မလေး အိပ်နေတာပဲ..”
ရုတ်တရက် အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာပြီးနောက် အိမ်အကူဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် ကြမ်းပြင်ပေါ်၌ ရှိနေသော ကလေးထံ ချဉ်းကပ်လာသည်။ ကလေးပေါက်စလေးအား အလျင်အမြန် ပွေ့ချီကာ ပုခတ်အတွင်း ထည့်လိုက်သည်။
သူမ၏ မျက်နှာထက် နာကျင်မှု ရောနေသော အပြုံးတစ်ခု ရှိနေသည်။
“သခင်မလေး.. ဘယ်လို လုပ်..”
အိမ်အကူအမျိုးသမီး ရှိုက်ငိုပြီး ကလေးနိုးသွားမည်စိုးသောကြောင့် အသံနှိမ့်လိုက်သည်။ အသက်ရှူအောင့်လိုက်ပြီး ခပ်တိုးတိုးစကားဆိုကာ အခန်းထဲမှ ဖြည်းညင်းစွာ ထွက်သွားလေသည်။
“သခင်မလေးကို ကျွန်မတို့ ကာကွယ်ပေးမှာပါ.. ခေါင်းဆောင်က ကျွန်မတို့ကို စွန့်ပစ်သွားပေမဲ့လည်း.. ကျေးဇူးပြုပြီး.. ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာပါ..”
*တံခါးပိတ်သံ*
ကလေးပေါက်စသည် ချွေးအေးများ စိုရွှဲကာဖြင့် မျက်လုံးဖွင့်လိုက်သည်။ ချက်ချင်းဆိုသလို အခန်းတစ်ခုလုံး လှည့်ပတ်ကြည့်ပြီးနောက် တံခါးပေါက်သို့ အကြည့်ရောက်သွားသည်။
ဖာ့ ဖာ့ ဖာ့.. ဘာတွေဖြစ်နေတာလဲ.. ဘာမှားသွားတာလဲ.. ဘာကိစ္စနဲ့ မှတ်ဉာဏ်တစ်ခုတစ်လေတောင် ပေါ်မလာရတာလဲ..
ကလေးပေါက်စ ပုခတ်ပေါ်၌ ထိုင်ကာ ခြေထောက်တိုတိုလေးများနှင့် အိပ်ရာအား ဆောင့်နေသည်။
ဒါကဘာလဲ.. ဒီခန္ဓာကိုယ်ရဲ့ နာမည်ကိုတောင် ငါမသိသေးဘူးလေ.. ငါနာမည်လိုပဲ အင်စ်ဝေါ့သ် လား.. မတူတာလား.. ဒါ ဘယ်နေရာလဲ.. ဘယ်ဝတ္ထုထဲ ဝင်လာမိတာလဲ.. ဒါမှမဟုတ် မန်ဟွလား..
ဘာလို့လဲ.. ဘာလို့ ဒီခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်တွေကို မရတာလဲ..
“အားးးးးး”
ခရမ်းရောင်ဆံပင်တိုနှင့် ကလေးပေါက်စလေးမှာ ဒေါသတကြီးနှင့် လေထဲကို ကန်လိုက်သည်။ ပန်းရောင်ဝတ်စုံလေးပင် တွန့်ကြေသွားပြီး သေးခံထဲ ရှူးရှူးပင် ပေါက်ချချင်လာသည်။
စနစ်ချို့ယွင်းသွားတာလား.. အမှားလား.. ဒီကမ္ဘာနဲ့ ပတ်သက်ပြီး ဘာကိစ္စနဲ့ တစ်ခု မသိရသေးတာလဲ.. ဒီကမ္ဘာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေနဲ့ မှတ်ဉာဏ်ကကော ဘယ်မှာလဲ.. အကောင်းဆုံးဝှက်ဖဲဖြစ်တဲ့ ဝတ္ထုထဲက ကမ္ဘာရဲ့မှတ်ဉာဏ်တွေ ဘယ်ရောက်နေတာလဲလို့..
အင်စ်ဝေါ့သ် ပုခတ်ထဲမှ အလျင်အမြန် လှိမ့်ဆင်းကာ အိမ်အကူနောက်သို့ ပြေးလိုက်ချင်သည်။
ဘာလုပ်ရမလဲ..
တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူမ၏ တစ်ခုတည်းသော ဝှက်ဖဲဖြစ်သည့် မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်များ မရှိချေ။ ဤကမ္ဘာနှင့် ပတ်သက်သော ဗဟုသုတ တစ်ခုတစ်လေပင် မရှိပါက မည်သို့ဆက်လက် ရှင်သန်ရမည်နည်း။
မူလကမ္ဘာကို ပြန်သွားဖို့ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ရမှာလား.. အဲလိုလည်း မဟုတ်သေးဘူးလေ.. ဒါပေမဲ့.. ဒါပေမဲ့..
“မူလခန္ဓာကိုယ်ရဲ့ မှတ်ဉာဏ်တွေမရှိရင် ဘယ်ဝတ္ထုထဲ ဝင်လာမိတာလဲဆိုတာ ဘယ်လိုသိတော့မှာလဲ.. အဲဒီလိုဆိုရင် အဓိကဇာတ်ဆောင်တစ်ယောက်အနေနဲ့ ဒီကမ္ဘာကို ဘယ်လိုကြီးစိုးရမှာလဲ.. ငါက ဗီလိန်သာ ဖြစ်နေရင် ဒါမှမဟုတ် ပိုပြီးဆိုးတဲ့..”
ဖြတ်လျှောက်များလား..
အင်စ်ဝေါ့သ် သေချင်စိတ်ပေါက်လာသည်။
မရဘူး.. မဖြစ်ရဘူး.. တခြားကမ္ဘာကို ရောက်လာဖို့ ငါ့ရဲ့ အားထုတ်မှုတွေ ဒီလိုမျိုး အဆုံးသတ်သွားလို့ မရဘူး.. ဘာမှမသိဘူး ဆိုတာနဲ့ပဲ အရှုံးမပေးနိုင်ဘူး..
အင်စ်ဝေါ့သ် လက်သီးတင်းတင်းဆုပ်လိုက်သည်။ သူမ၏ မျက်နှာမှာ ကလေးပေါက်စတစ်ဦးနှင့် မလိုက်ဖက်သော ဆုံးဖြတ်ချက်ပြတ်သားမှုတို့ ထင်ဟပ်နေသည်။ ကလေးပေါက်စတစ်ဦးထံ၌ အရွယ်ရောက်ပြီးသူတစ်ဦးနှင့်တူသည့် အကြည့်များရှိနေသည်မှာ ထူးဆန်းသောမြင်ကွင်းပင်။
“ဟုတ်တယ်.. စိတ်အေးအေးထား.. ငါလုပ်နိုင်တယ်.. ဘာမှမသိဘူး ဆိုမှတော့ သိအောင် ကြိုးစားရမှာပေါ့.. အခုပဲ လုပ်ရမယ်..”
အင်စ်ဝေါ့ ပုခတ်ပေါ်မှ လျှောဆင်းလိုက်သည်။ တင်ပါးနှင့် ကြမ်းပြင် ထိမှသာ စိတ်သက်သာရာ ရတော့သည်။
ဒီခန္ဓာကိုယ်နဲ့ အသားကျတာ မြန်လိုက်တာ.. အဲလောက်လည်း မခက်ပေါင်.. ဒီခန္ဓာကိုယ်က လမ်းလျှောက်တတ်ပြီးသား ဖြစ်လို့များလား.. မြင်ကွင်းနဲ့ ခွန်အားပဲ ကွာခြားသွားတာ..
အင်စ်ဝေါ့သ် နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။ ခြေထောက်သေးသေးလေးများနှင့် တံခါးရှိရာသို့ ခပ်စိပ်စပ်လျှောက်သွားသည်။ တံခါးနှင့် ပုခတ်၏ အကွာအဝေးမှာ လူကြီးတစ်ယောက်၏ ခြေလှမ်းနှင့်ဆိုပါက ၃ လှမ်းမျှသာ ကွာဝေး၏။
လမ်းလျှောက်ခါစ ကလေးတစ်ဦးအတွက်မူ ယင်း၏ ၃ ဆပင်။
“ဟူး.. ဟဲ.. ဘာကိစ္စနဲ့ အဲလောက်ဝေးနေတာတုန်း..”
အင်စ်ဝေါ့သ် တံခါးအောက်ခြေအား ကပ်နေရင်း လျှာကိုက်လုမတတ်ပင်။ ကလေးပေါက်စမှာ ထပ်ကာထပ်ကာ ပြုတ်ကျနေသောကြောင့် သက်ပြင်းချလိုက်သည်။
ငါ့ခွန်အားတွေ ပြန်ရမှဖြစ်မယ်.. ဒါပေမဲ့ ဒါလေးက ကလေးပေါက်စဆိုတော့ မဖြစ်နိုင်ဘူး.. အရင်ဆုံး ငါမှီခိုပြီး အမိန့်ပေးလို့ရမဲ့ လူယုံတစ်ယောက်လောက် ရှိမှပဲ..
ဝိညာဉ်ကူးပြောင်းသွားသော အဓိကဇာတ်ဆောင်အများစု၏ အခြေခံအကျဆုံးအချက်အား အမှတ်ရပြီးနောက် အင်စ်ဝေါ့သ်သည် သူမ၏ ခြေလက်များ ဖြစ်လာနိုင်မည့် သစ္စာရှိ လူယုံတစ်ဦး ရရှိရန် ကျိန်ဆိုလိုက်သည်။ ထိုမှသာ ဤကမ္ဘာနှင့် ပတ်သက်သော အခြေခံအချက်များ လွယ်လင့်တကူ ရရှိနိုင်မည်ဖြစ်သည်။
“ဒါပေမဲ့..”
အင်စ်ဝေါ့သ် တံခါးကြားရှိ အပေါက်လေးမှ ချောင်းကြည့်ရင်း စဉ်းစားမိသည်။
သူမအား စိတ်အနှောင့်အယှက်ပေးနေသော အရာတစ်ခုရှိလေသည်။