အခန်း ၃ ခိုးနားထောင်ခြင်း
တံခါးမှာ လုံးလုံးပိတ်နေခြင်း မဟုတ်ချေ။
မကောင်းသောရည်ရွယ်ချက်ရှိသူ တစ်ဦးဦးနှင့် တွေ့ပါက သူမ၏ အခန်းထဲသို့ အလွယ်တကူ ဝင်ရောက်ကာ လုပ်ကြံသွားနိုင်သည်။
“ကျွတ်.. ဘာကိစ္စနဲ့ လုံခြုံရေးက အရမ်းလျော့ရဲနေရတာလဲ.. အိမ်ပုံစံအရတော့ လူချမ်းသာမိသားစုဆိုတာ သိသိသာသာကြီးကို..”
အင်စ်ဝေါ့သ် သူမ၏အခန်း၏ အပြင်အဆင်မှတဆင့် ခန့်မှန်းသုံးသပ်လိုက်ခြင်း ဖြစ်သည်။
မျက်နှာကြက်အား ရွှေဆေးသုတ်ထားပြီး နံရံမှာ ပန်းရောင်ဖြစ်သည်။
အခန်းအတွင်းရှိ ကလေးပေါက်စ၏ ပစ္စည်းများမှာ ဈေးကြီးပုံရသည်။ အရုပ်မလေးများအစား အရုပ်သေနတ်များ ရှိနေသော်ငြား ထူးဆန်းနေခြင်းတော့ မဟုတ်ပေ။
“ဟာ့.. အရုပ်မလေးတွေ မရှိဘဲ သေနတ်တွေတဲ့လား.. ဘယ်လိုမိသားစုမျိုးလဲ.. လုပ်ကြံသူတွေလား..”
အင်စ်ဝေါ့သ် လည်ချောင်းရှင်းလိုက်ပြီး တံခါးအား အားကုန်ဆွဲဖွင့်သည်။ သို့တိုင်အောင် သူမတစ်ကိုယ်စာ ဝင်၊ ထွက်နိုင်ရုံလောက်သာ ပွင့်လာ၏။
လေ့လာရေးစကြစို့။
အင်စ်ဝေါ့သ် အခန်းအတွင်းမှ ထွက်လာပြီးနောက် ခေတ်မီပရိဘောဂများနှင့် အလှဆင်ထားသော အဖြူအနက် စင်္ကြံရှည်တစ်ခုအား မြင်တွေ့လိုက်ရသည်။ အနီရောင်ကော်ဇောခင်းထားသောလမ်းမှာ ဂရမ်မီဆုပေးပွဲနှင့်ပင် တူ၏။
“ဟမ့်.. လူချမ်းသာတွေပဲ..”
စင်္ကြံ အလှဆင်ထားပုံမှာ ရိုးရှင်းသည့်တိုင် ရွှေဆေးသုတ်ထားသော ပရိဘောဂများကြောင့် ခမ်းနားထည်ဝါသည်။
အဖြူရောင်မျက်နှာကြက်မှ တွဲလောင်းကျနေသော မီးဆိုင်းများမှာ ခမ်းနားလှပသည်။ တောက်ပသည့် စကျင်ကျောက်နက်များနှင့် အလှဆင်ထားသော နံရံမှာ ‘လွှမ်းမိုးခြယ်လှယ်’ သည့် အငွေ့အသက်အား ပေးစွမ်းသည်။
မာဖီးယား ဒါမှမဟုတ် ယာကူဇာ တစ်ယောက်ယောက်ရဲ့ နေရာများလား..
အဲလိုကြီး ထင်ရတယ်နော်..
ထိုသို့တွေးမိပြီးနောက် ဤကမ္ဘာမှာ အလယ်ခေတ်မဟုတ်ကြောင်း အင်စ်ဝေါ့သ် သိသွားသည်။ ထိုသို့ဆိုလျှင် မှော်ပညာနှင့် ထူးခြားဖြစ်ရပ်များလည်း မရှိနိုင်ပြီ။
“အားး.. မပျော်တော့ဘူး..”
အင်စ်ဝေါ့သ် စင်္ကြံတစ်လျှောက် ညည်းတွားရင် ခပ်မြန်မြန်လျှောက်လိုက်သည်။ အလယ်ခေတ်မှ အမိုက်စားဖေဖေနှင့် တွေ့ဆုံရမည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။
ဤကမ္ဘာမှာ သူမ၏ မူလကမ္ဘာကဲ့သို့ ခေတ်မီကမ္ဘာတစ်ခုဖြစ်နေသည်။
ကလေးပေါက်စ၏ စိတ်ထဲ၌ မကျေနပ်မှုတို့ ပိုများလာသည်။ ထိုရှာဖွေတွေ့ရှိချက်ကြောင့် အင်စ်ဝေါ့သ်၏ စိတ်အားတက်ကြွမှုတို့ အနည်းငယ် လျော့သွားသော်ငြား အိမ်တစ်ခုလုံးအား စူးစမ်းရန် လက်မလျော့သေးပေ။
သူမ၏ ခြေတံတိုလေးများနှင့် ခပ်စိပ်စိပ် လျှောက်နေသည့်တိုင်အောင် အချိန်အတော်ယူရသည်။
“ဘာဖြစ်လို့ တစ်ယောက်မှ မရှိတာလဲ..”
လူတစ်ယောက်ကိုမျှ မတွေ့ရသောကြောင့် အင်စ်ဝေါ့သ် အနည်းငယ် မကျေမနပ် ဖြစ်လာသော်ငြား ရှေ့ဆက်သွားနေဆဲပင်။
၁၅ မိနစ်ကြာအောင် လျှောက်နေသည့်တိုင်အောင် မည်သူ့ကိုမျှ မတွေ့သဖြင့် စင်္ကြံမှ ထွက်ခွာပြီး အနီရောင်ခြယ်ထားသည့် အခြားစင်္ကြံတစ်ခုသို့ ရောက်ရှိသွားသည်။
နံရံအား အနီရောင်နှင့် ရွှေဆေးသုတ်ထားပြီး ကြမ်းပြင်မှာ အနက်ရောင်တွင် ငွေရောင်အမှုန်လေးများ ပါဝင်သည်။ ကြမ်းပြင်နှင့် တစ်ထပ်တည်းတူညီသော အနက်ရောင်မျက်နှာကြက်ကြောင့် စင်္ကြံအသစ်အား ဗမ်ပိုင်းယားရဲတိုက်နှင့် တူစေသည်။
“ဒီမှာလည်း ဘယ်သူမှ မရှိလောက်..”
အင်စ်ဝေါ့သ် ထိုသို့ပြောစဉ်မှာပင် လူအနည်းငယ်အား တွေ့လိုက်သည်။
ကလေးပေါက်စ တွန့်သွားသည်။ တိုင်လုံးတစ်ခုနောက်၌ အလျင်အမြန် ပုန်းလိုက်ပြီးနောက် တံခါးတစ်ချပ်အား စောင့်ကြပ်နေပုံရသည့် အနက်ရောင်ဝတ်စုံပြည့်နှင့် လူများအား စူးစမ်းလိုက်သည်။
ယောကျ်ားတွေလား.. သူတို့လည်ပင်းက တက်တူးကိုကြည့်ရတာတော့ ဂိုဏ်းသားတွေလိုပဲ..
အင်စ်ဝေါ့သ်သည် ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့် ခန္ဓာကိုယ်တောင့်တောင့်ရှိသော လူများအား ချောင်းကြည့်နေသည်။ သူတို့အားလုံးမှာ အနက်ရောင်နေကာမျက်မှာ တပ်ဆင်ထားပြီး အိတ်ကပ်ထဲ၌ သေနတ်ကိုယ်စီ ရှိကြသည်။
ဆိုးလိုက်တာ.. သူတို့က အန္တရာယ်ရှိတာလား.. သေနတ်တွေတောင် ယူလာသေးတယ်..
အင်စ်ဝေါ့သ် ပုန်းနေရာမှ မလှုပ်ရဲချေ။ ထွက်သွားလိုသည့်တိုင်အောင် ဤခန္ဓာကိုယ်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များ မရှိသောကြောင့် အလျင်စလို မပြုမူနိုင်ပေ။
ငါက ဓားစာခံတစ်ယောက် ဖြစ်နေရင်ကော.. ဒါပေမဲ့ အိမ်အကူကတော့ ‘သခင်မလေး’ လို့ ခေါ်သွားတယ်လေ..
ငါက ဒီအိမ်ရဲ့ အရေးကြီးတဲ့ တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်.. ဟုတ်တယ် မလား..
အင်စ်ဝေါ့သ် ထိုသို့တွေးပြီးနောက် ရွှေရောင်တံခါးအား စောင့်ကြပ်နေသည့် လူ ၄ ဦးအား မမှိတ်မသုန် ကြည့်နေသည်။ ဤမြင်ကွင်းတစ်ခုတည်းနှင့်ပင် အခန်းထဲရှိ မည်သူမဆို အရေးပါသော အကောင်ကြီးကြီးသာ ဖြစ်မည်ဟု သူမထင်သည်။
အဲဒီကို သွားသင့်လား.. တစ်ချို့အချက်တွေ သိထားဖို့လိုတယ်.. ဒါပေမဲ့.. ဒီလူတွေက ငါ့ကို မောင်းထုတ်ကြမှာ အသေအချာပဲ..
အင်စ်ဝေ့ါသ် နှုတ်ခမ်းကိုက်လိုက်သည်။ ရွှေရောင်တံခါးရှိသည့် အခန်းတွင်းသို့ဝင်ရန် တွေးနေစဉ်မှာပင် ရုတ်တရက် သူမနားများ အသက်ဝင်လာသည်။ နားရွက်များ တဆတ်ဆတ် လှုပ်ကာ သိသိသာသာ ပူလာသည်။
အင်စ်ဝေါ့သ် အသက်ရှူအောင့်လိုက်သည်။ သူမ၏ နားရွက်များအား အလျင်စလို ထိကြည့်ပြီးနောက် ထူးဆန်းသည်ဟု ခံစားရသည်။
ဘာတွေဖြစ်နေတာလဲ..
ကလေးပေါက်စသည် သူမ၏ နားရွက်များ ပူလာရခြင်းအကြောင်းအရင်းအား ရှာမတွေ့ခင်မှာပင် အဝေးမှ ငြင်းခုန်အော်ဟစ်သံများအား ဝိုးတဝါး ကြားလိုက်ရသည်။
“ခေါင်းဆောင်က ပြေးသွားပြီ.. ကျုပ်တို့ကို စွန့်ပစ်သွားပြီ..”
ကြမ်းတမ်းသောလူတစ်ဦး၏အသံ ထွက်ပေါ်လာသည်။ ထိုလူ၏ အဆုတ်ကွဲလုတမျှ အော်သံမှာ စိတ်ခြောက်ခြားတုန်လှုပ်ဖွယ်ကောင်းသည်။
“မဟုတ်ဘူး.. မဖြစ်နိုင်ဘူး.. ပြန်ပေးဆွဲခံရတာများလား..”
အခြားလူတစ်ဦးမှ ငြင်းဆန်သည်။ လေသံမှာ ယုံကြည်ချက်ရှိပုံရသော်ညား အနည်းငယ် တုန်ခါနေသည်။
“မင်းတို့အားလုံး တိတ်စမ်း.. အခု အရေးအကြီးဆုံးက လစ်လပ်နေတဲ့ ခေါင်းဆောင်နေရာကို အစားထိုးဖို့ပဲ.. ခေါင်းဆောင်ကိုရှာဖို့ လူတွေလွှတ်ထားပြီးပြီ.. မင်းတို့အားလုံး တိတ်လိုက်ကြ..”
အခြားလူတစ်ဦးမှ အနည်းငယ် ညင်သာသောအသံဖြင့် ပြောသည်။
ထိုလူမှာ အခန်းထဲရှိ လူများထဲ၌ အတည်ငြိမ်ဆုံးဖြစ်သည်။
“ဟုတ်တယ်.. လစ်လပ်နေတဲ့နေရာကို ဖြည့်ရမယ်.. မဟုတ်ရင် ကျုပ်တို့ စလိုအန်မိသားစုကို တခြားမိသားစုတွေ လာတိုက်ခိုက်ချိန်ကျ အားလုံး အဆုံးသတ်သွားလိမ့်မယ်..”
ဤတစ်ကြိမ် ပြောလာသူမှာ အမျိုးသမီးတစ်ဦးပင်။
သူမ၏ လေသံမှတဆင့် ဉာဏ်ပညာရှိသူတစ်ဦးဖြစ်ကြောင်း ခန့်မှန်းရသည်။
အင်စ်ဝေါ့သ်သည် သူမကြားလိုက်ရသော အသံများကြောင့် ခေါင်းရှုပ်သွားသည်။ သူမအနီး၌ လူတစ်ဦးမျှမရှိကြောင်း သေချာသော်ငြား ထိုလူများ၏ စကားသံကို မည်သို့ကြားရသနည်း။
အဲဒီလူတွေက ရွှေရောင်တံခါးနောက်က လူတွေလား.. ဒီလောက်ဝေးနေတာတောင် ဘယ်လိုကြားရတာလဲ..
အင်စ်ဝေါ့သ် သံသယဖြစ်လာသည်။ ဤခန္ဓာကိုယ်မှာ ထူးခြားသောစွမ်းရည်တစ်မျိုးရှိသည်ဟု ရုတ်တရက် အတွေးပေါ်လာသော်ငြား ရှေ့ဆက်မတွေးမီမှာပင် သဲလွန်စအချို့ထံ အာရုံရောက်သွားသည်။
စလိုအန်မိသားစု၊ အခြားမိသားစုတွေက တိုက်ခိုက်မယ်၊ လစ်လပ်နေတဲ့နေရာ၊ ခေါင်းဆောင်၊ ပြန်ပေးဆွဲခြင်း..။
ထို.. ထိုစကားလုံးများမှာ လူချမ်းသာမိသားစု၏ အန္တရာယ်များလွန်းသော အာဏာလွန်ဆွဲပွဲနှင့် တူလေသည်။
ဒါပေမဲ့ တခြားမိသားစုတွေက ဘာဖြစ်လို့ ဒီမိသားစုကို တိုက်ိခုက်ကြမှာလဲ.. လူတွေက လွယ်လွယ်နဲ့ စစ်တိုက်နေကြတာလား.. ဟုတ်လား..
နောက်ထပ် ထွက်ပေါ်လာသော စကားများကြောင့် အင်စ်ဝေါ့သ်၏ သံသယများ ပိုမိုနက်ရှိုင်းလာတော့သည်။
“သဘောတူတယ်.. ဒါပေမဲ့ ဘယ်သူက ခေါင်းဆောင်နေရာကို ယာယီဆက်ခံမှာလဲ.. အကြီးအကဲ ၇ ဖော်လား.. အစောင့်အရှောက် ၃ ပါးလား.. ဘူးသီး ၅ လုံးလား..”
ပထမဆုံး အော်ဟစ်ခဲ့သူမှာ ယခုအခါ တည်ငြိမ်သွားပြီဖြစ်သောကြောင့် အဓိကအချက်အား မေးခွန်းထုတ်လိုက်သည်။
အဲဒီ နာမည်ပြောင်တွေက ဘာ.. တွေ.. လဲ..