အခန်း ၄ မှုန်မှိုင်းနေသော အနာဂတ်
Viewers 3k

အခန်း ၄ မှုန်မှိုင်းနေသော အနာဂတ်


အကြီးအကဲ ၇ ဖော်.. အစောင့်အရှောက် ၃ ပါး.. ဘူးသီး ၅ လုံး.. အထက်တန်းလွှာတွေရဲ့ လျှို့ဝှက်အဖွဲ့အစည်းတွေများလား..


အင်စ်ဝေါ့သ် တံတွေးမြိုချလိုက်သည်။ အဆိုပါ နာမည်ပြောင်များအား နားမလည်သည့်တိုင်အောင် နားစွင့်ထားဆဲဖြစ်သည်။


ဆိုတော့ စလိုအန်မိသားစု.. ဟမ့်.. ဒီခန္ဓာကိုယ်ရဲ့ မိသားစုနာမည်က စလိုအန်ပေါ့.. ဒါဆို ဘယ်လိုမိသားစုမျိုးလဲ..


အင်စ်ဝေါ့သ်ထံ၌ ဤမိသားစုနှင့် ပတ်သက်သည့် မှန်းဆချက်ရှိသော်ငြား ယုံကြည်ဖို့မရဲ ဖြစ်နေခြင်းပင်။


ဟုတ်တယ်.. အမှန်ဖြစ်လာနိုင်စရာ အကြောင်းကို မရှိဘူး..


အခန်းအတွင်းရှိ တည်ငြိမ်သောလူ၏ အသံအား မကြားမီထိ သူမ၏ ထင်မြင်ချက်အား ငြင်းဆန်နေဆဲဖြစ်၏။


“သူတို့တော့ မဖြစ်နိုင်ဘူး.. သူတို့က ခေါင်းဆောင်အသစ် ဖြစ်လာဖို့ အရည်အချင်းမမီဘူး.. ကျုပ်တို့ရဲ့ ခေါင်းဆောင်အသစ်က ဆက်ခံသူအစစ်ဖြစ်တဲ့ သခင်မလေး အင်စလေ မဖြစ်သင့်ဘူးလား..”


* အင် စ လေ *


နောက်ဆုံး၌ မူလခန္ဓာကိုယ်၏ အမည်အား သိလိုက်ရလေပြီ။ သူမ၏ နာမည်အရင်းဖြစ်သော အင်စ်ဝေါ့သ်နှင့် သိပ်မကွာချေ။ ထို့ကြောင့် မူလခန္ဓာကိုယ်၏ အမည်နှင့် အလျင်အမြန်ပင် အသားကျသွားသည်။


အင်စလေ.. အင်စလေ စလိုအန်တဲ့.. သူမက ဒီမိသားစုရဲ့ ဆက်ခံသူသခင်မလေးပဲ..


အင်စလေဖြစ်လာသော အင်စ်ဝေါ့သ်သည် သူမသိရှိလိုက်ရသော အချက်အလက်ကြောင့် ပြုံးလိုက်သည်။


ဒီဟာလေးက အခုမှ ၃ နှစ်လောက်ပဲ ရှိဦးမှာကို ဆက်ခံသူသခင်မလေးတောင် ဖြစ်နေပြီတဲ့လေ.. အစကောင်းပဲ မဟုတ်ဘူးလား..


နံရံအားမှီကာ သတင်းကောင်းကြောင့် တခိခိဖြစ်နေသည့် အင်စလေမှာ အခန်းအတွင်းရှိ အသံကြောင့် မျှော်လင့်ချက်များ ပြိုကွဲသွားရသည်။


“ရှင် ရူးနေလား.. မိသားစုက ပျက်စီးလုနီးနီး ဖြစ်နေတာကို ၃ နှစ်အရွယ် ကလေးမလေးကို မိသားစုခေါင်းဆောင် ဖြစ်စေချင်တာလား..”


အခန်းအတွင်းမှ အမျိုးသမီးအသံ ထွက်လာသည်။


သူမ၏အသံမှာ အေးစက်ကာ လှောင်ပြောင်မှုတို့ ရောစွက်နေပြီး အင်စလေပင်လျှင် ရွံ့သွားမိသည်။


ဘာဖြစ်တယ်.. မိသားစုက ပျက်စီးလုနီးနီးတဲ့လား.. မျိုးနွယ်စုသေးသေးလေး မို့လို့လား.. တစ်ခုခုလား.. ဘာဖြစ်လို့ မိသားစုတစ်ခုက အခုလိုမျိုး ပြိုလဲသွားမှာလဲ.. ဒါမှမဟုတ် ပုန်ကန်မှုတစ်ခုခု ရှိနေတာလား.. ဒါပေမဲ့ ဒီမိသားစုက မင်းမျိုးမင်းနွယ်လို့ ထင်တာပဲ..


အင်စလေ အောက်နှုတ်ခမ်းအား ကိုက်လိုက်သည်။ သူမ၏ မိသားစုအကြောင်း ကြားရချိန်တွင် နှင်းဆီရောင်သန်းနေသော မျက်နှာလေးမှာ တဖြည်းဖြည်း ဖြူဖျော့လာသည်။


ဒီလောက်တောင် ဆိုးတာလား.. အခုလေးတင် ကူးပြောင်းလာခဲ့တာလေ.. ဒီမိသားစုက ဒေဝါလီခံတော့မှာလား ဘာလားပဲ.. သောက်ကျိုးနည်းပါပြီ.. ခေါင်းဆောင်က ထွက်ပြေးသွားပြီလို့လဲ ပြောနေကြသေးတယ်..


ဒီတော့ ခေါင်းဆောင်ဆိုတာက... ငါ့အဖေလား.. ငါက ဆက်ခံသူဆိုမှတော့ ထွက်ပြေးသွားတာက ငါ့အဖေ‌ပေါ့.. ငါ့အဖေက ပြန်ပေးဆွဲခံလိုက်ရတာလည်း ဖြစ်နိုင်တယ်လို့ ပြောနေကြတယ်..


ဤကမ္ဘာကြီးမှာ အလျင်အမြန် ပြိုလဲနေသည်ဟု အင်စလေ ခံစားမိသည်။ အလွန်ကျယ်လောင်သော သူမ၏ နှလုံးခုန်သံကြောင့် ကျန်ရှိသည့် စကားဝိုင်းကိုပင် မကြားနိုင်တော့ချေ။ 


ဟာ့.. ဒီထက်ဆိုးတာ ရှိဦးမှာလား..


အင်စလေ တွေးနေချိန်မှာပင် အခန်းအတွင်းရှိလူများ နောက်တစ်ဖန် ငြင်းခုန်ကြပြန်သည်။


“အဲဒီအမေကို ရှာပြီး သခင်မလေးရဲ့ အုပ်ထိန်းသူ လုပ်ခိုင်းရင်ကော.. အဲဒါဆိုရင် သူမရဲ့ အသက်အရွယ်ကို စိုးရိမ်ဖို့ မလိုဘဲ မိသားစုခေါင်းဆောင်နေရာ ထားလို့ရပြီ..”


“အဲဒီ အမေဆိုတာက အငှားကိုယ်ဝန်ဆောင်ဆိုတာကို မေ့သွားပြီလား.. အဲဒီမိန်းမ ထွက်ပြေးသွားတာ ကြာလှနေပြီ.. အခု သခင်မလေးက တစ်ယောက်တည်းကျန်တော့တာ..”


“သောက်ခွေး.. ဒါဆိုလည်း မိသားစုရဲ့ ထိပ်ဆုံးမှာရှိတဲ့ အဲဒီလူတွေထဲက တစ်ယောက်ယောက်ကို ခေါင်းဆောင်နေရာ ပေးလိုက်ရင်ကော.. ဒါပေမဲ့ အဲဒါက ကျုပ်တို့ရဲ့ အစဉ်အလာနဲ့ ဆန့်ကျင်မနေဘူးလား..”


“အဲဒီထိပ်ဆုံးလူတွေထဲက တစ်ယောက်ယောက်ကို သခင်မလေးရဲ့ အုပ်ထိန်းသူအဖြစ်ထားပြီး မိသားစုခေါင်းဆောင် ဖြစ်လာအောင် ပျိုးထောင်ခိုင်းရင်ကော မရဘူးလား..”


“အိုး.. ကောင်းသားပဲ.. အာဏာကတော့ ဆက်ခံသူဆီမှာပဲ ရှိနေမယ်.. ဒါပေမဲ့ သခင်မလေး အရွယ်မရောက်ခင်အထိ အုပ်ထိန်းသူက မိသားစုခေါင်းဆောင်အဖြစ် ယာယီတာဝန်ယူရမယ်..”


“ဟုတ်တယ်.. ဒါက ဖြစ်နိုင်ချေရှိတယ်.. ခေါင်းဆောင်အသစ် မတင်မြှောက်ဘူးဆိုရင် အခြားမာဖီးယားမိသားစုတွေက ငါတို့ကို ပစ်မှတ်ထားလိမ့်မယ်.. လတ်တလော ဒါက အကောင်းဆုံး ဖြေရှင်းနည်းပဲ..”


“ကောင်းပြီ.. ဒါဆိုလည်း မနက်ဖြန်ကျ အကြီးအကဲ ၇ ဖော်နဲ့ ဘူးသီး ၅ လုံးကို ခေါ်လိုက်တော့.. အစောင့်အရှောက် ၃ ပါးကတော့ သခင်မလေး သွေးဆက်နိုးထလာတဲ့အချိန်ထိ စောင့်ရလိမ့်မယ်..”


စကားသံများ တဖြည်းဖြည်း တိုးသွားပြီး လမ်းလျှောက်လာသော ခြေသံများအား ကြားလိုက်ရသည်။ အခန်းအတွင်းရှိ လူများမှာ ရွှေရောင်တံခါးအနီးသို့ တဖြည်းဖြည်း ရောက်လာကြသည်။


အင်စလေမှာ စကားဝိုင်း၏ နောက်ဆုံးစကားများအား တွေးရန်အချိန်ပင် မရလိုက်ဘဲ သူမအခန်းရှိရာ စင်္ကြံသို့ အလျင်အမြန် ပြန်ပြေးသွားသည်။ အခန်းသို့ ပြန်ရောက်မှသာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်နိုင်သည်။


“အား.. အရှုပ်ထုတ်ကြီးပဲ..”


အင်စလေ ကြမ်းပြင်ပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်သည်။ ကလေးပေါက်စသည် သူမ၏ ခန္ဓာကိုယ်လေးနှင့်ယှဉ်လျှင် အလွန်မြင့်နေသော မျက်နှာကြက်အားမော့ကြည့်လိုက်သည်။


အရင်ဆုံး အချက်အလက်တွေကို အရင်စီရမယ်.. ငါကြားလာတာ အများကြီးပဲ..


ပထမဆုံးအနေနဲ့ ထူးဆန်းတာက အခန်းထဲကလူတွေရဲ့ စကားသံတွေကို ကြားနေရတာပဲ.. မဖြစ်နိုင်တာကြီးကို.. ငါ့ရဲ့ မွေးရာပါစွမ်းရည်လို့ ယူဆလိုက်မယ်..


ဒုတိယကတော့ ဒီမိသားစု.. စလိုအန်မိသားစုက မာဖီးယားမိသားစုတဲ့.. နောက်ဆုံး စကားပြောသွားတဲ့လူက သူတို့က မာဖီးယားမိသားစုဖြစ်ပြီး အကြပ်အတည်းထဲ ရောက်နေတာတဲ့..


တတိယ.. ငါ့အဖေဖြစ်တဲ့ အရင်ခေါင်းဆောင် ပျောက်နေတယ်.. ငါ့အမေကလည်း အငှားကိုယ်ဝန်ဆောင်တဲ့..


စတုတ္ထ.. မနက်ဖြန် ကျရင် ငါက ဆက်ခံသူအဖြစ် မိသားစုခေါင်းဆောင်နေရာကို ဆက်ခံရမယ်.. ပြီးရင် အုပ်ထိန်းသူတစ်ယောက် ရှိလာမယ်.. အဲဒီလူက ငါ့အစား မိသားစုကို ဦးဆောင်မဲ့သူ ဖြစ်လာလိမ့်မယ်..


ပြောရရင် ငါက အသက်မပြည့်သေးခင်အထိ သူတို့ကြိုးဆွဲရာ ကရာမှာပေါ့လေ..


အင်စလေ မျက်လုံးမှိတ်ပြီး သက်ပြင်းချလိုက်သည်။ ဝတ္ထု၊ မန်ဟွထဲ ကူးပြောင်းပြီးနောက် ခက်ခဲသည့်အချိန်များရှိလာသည့် အဓိကဇာတ်ဆောင်များစွာပါဝင်သော ဝတ္ထုများစွာ ဖတ်ဖူးထားသည့်တိုင် သူမ၏ ရင်ဆိုင်နေရသော အနေအထားမျိုး မဟုတ်ချေ။


ဟာသပဲ.. ပြီးတော့ ဒီခန္ဓာကိုယ်က ၃ နှစ်ပဲ ရှိသေးတာတဲ့..


ဆယ်ကျော်သက်အရွယ် သို့မဟုတ် လူကြီးတစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ ကူးပြောင်းသွားကြသည့် အခြားဇာတ်ဆောင်များနှင့် မတူဘဲ သူမသည် လမ်းလျှောက်ခါစကလေးတစ်ဦး၏ ခန္ဓာကိုယ်အတွင်း ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။ ကလေးတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းသွားကြသည့် အဓိကဇာတ်ဆောင်အချို့ ရှိသော်ငြား အလွန်ရှား၏။


အဓိကဇာတ်ဆောင်သည် ကလေးအရွယ်၌ ဖခင်ဖြစ်သူထံမှ သတ်ဖြတ်ခံရလုနီးနီး ဖြစ်ခဲ့သော်ငြား ကလေးများ၏ ချစ်စဖွယ်ကောင်းမှုကြောင့် ကျရှုံးသွားသည့် ဇာတ်လမ်းအချို့လည်းရှိသည်။


ငါကျတော့ကော.. ချက်ချင်းကြီး အန္တရာယ်ရှိနေတာလည်း မဟုတ်ဘူး.. ဒါပေမဲ့ ရုပ်သေးခေါင်းဆောင် ဖြစ်နေတဲ့အချိန် ငါ့ရဲ့ အုပ်ထိန်းသူက လူကောင်းတစ်ယောက် မဟုတ်ရင်ကော.. ငါ့ရဲ့ အုပ်ထိန်းသူနေရာကိုရဖို့ ငမ်းငမ်းတက်ဖြစ်နေတဲ့လူတွေလည်း အများကြီးရှိနိုင်တာပဲ..


ငါ့အုပ်ထိန်းသူ ဖြစ်လာတယ်ဆိုတဲ့ အဓိပ္ပါယ်က မိသားစုခေါင်းဆောင် ဖြစ်လာတယ်ဆိုတဲ့ သဘောပဲလေ.. မိသားစုက အကြပ်အတည်းကာလထဲ ရောက်နေတယ် ဆိုရင်တောင် ချမ်းသာနေတုန်းပဲကို.. အုပ်ထိန်းသူ တစ်ဖြစ်လဲ ခေါင်းဆောင်က စာရိတ္တမကောင်းတော့ရင်ကော..


အဲလိုဆို မကောင်းဘူး..


အနာဂတ်က မှောင်မိုက်နေပါလားနော်..