အခန်း ၅ ညှို့ဓာတ်
အင်စလေ အဆိုးဆုံးအခြေအနေအား တွေးလိုက်သည်။ နောင်တစ်ချိန် အန္တရာယ်မကြုံရစေရန် ထိုသို့သာ ပြုလုပ်ရမည်။ တုံးအကာ အယုံလွယ်ခြင်းသည် ပြဿနာတစ်ခုပင်။ အထူးသဖြင့် မာဖီးယားမိသားစုတစ်စု ဖြစ်နေချိန်၌ ဖြစ်သည်။
“ဂါး.. ဘာဖြစ်လို့ ငါ့ကံကြမ္မာက အရမ်းကြမ်းတမ်းနေရတာလဲနော်.. အဓိကဇာတ်ဆောင်ဖြစ်လာဖို့ စမ်းသပ်ချက်များလား..”
အင်စလေ ဘယ်ဘက်မျက်လုံးအား လက်ဖြင့်အုပ်ကာ လှောင်ပြောင်ဟန်ဖြင့် ပြောသည်။
သူမ၏ ချူနီဗြောရောဂါ ထလာပြန်လေပြီ။ သို့သော် ပုံမှန်အတိုင်း တွေးနိုင်တုန်းပင်။ သူမသည် ကောလိပ်၌ အတော်ဆုံးကျောင်းသားများထဲမှ တစ်ဦးဖြစ်သည်။
သူမ၏ IQ မှာ မေးခွန်းထုတ်ရန်ပင် မလိုချေ။ ကိုယ့်ပြဿနာကိုယ် ဖြေရှင်းနိုင်စွမ်းရှိသည်။
“ဟင်း... ဘာပဲဖြစ်ဖြစ်ပါလေ.. မနက်ဖြန်ကျ ကောင်းတဲ့ အုပ်ထိန်းသူတစ်ယောက်ကို ရွေးရမယ်.. ဒါမှသာ ဒီခရီးရှည်ကြီးအတွက် ငါ့ရဲ့ လုံခြုံရေးကို စိတ်ချနိုင်မှာ..”
အင်စလေ ဟိုလှည့်ဒီလှည့်ရင်း ကြမ်းပြင်နှင့် မျက်နှာအပ်လိုက်သည်။
အုပ်ထိန်းသူတစ်ယောက် ရွေးမည်ဆိုသော်ငြား ထိုသူမှာ သူမ၏ ခွင့်ပြုချက်မရှိဘဲနှင့် မိသားစုအား အုပ်ချုပ်ခွင့်ပေးမည်ဟု မဆိုလိုချေ။ သူမ၏ အုပ်ထိန်းသူမှာ သူမ၏ သဘောထားများအတိုင်း လုပ်ဆောင်ပေးရမည်ပင်။
အင်စလေ မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်သည်။
ဝါးဟားဟားဟား.. နောက်ဆုံးတော့ ငါ့ရဲ့ လုပ်နိုင်စွမ်းတွေကို ပြရတော့မှာပေါ့လေ.. ဒီကမ္ဘာအကြောင်း ပိုသိဖို့ဆိုရင် ငါ့ပတ်ဝန်းကျင်စနေ စလေ့လာရမယ်.. မိသားစုကို ဒီအကြပ်အတည်းကနေ သေချာပေါက် ဆွဲထုတ်နိုင်မယ်လို့ ယုံကြည်တယ်..
အင်စလေ လက်ဖောင်းဖောင်းလေးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ အမိုက်စားဖေဖေ၊ ကြင်နာတတ်သော အစ်ကိုများနှင့် ကံကြမ္မာ၏ မိတ်ဖက် အမျိုးသားဇာတ်ဆောင်တို့ ဝန်းရံနေမည်ဟူသော အိပ်မက်ကလေးမှာ ပြိုကွဲသွားလေပြီ။
အခုတော့ အစ်ကိုတွေ မရှိတာကကို ခပ်ကောင်းကောင်းဖြစ်နေပြီ.. မဟုတ်ရင် ခေါင်းဆောင်နေရရဖို့ သွေးချောင်းစီးလောက်တယ်..
“ဟွန့်.. ငါ့နားတွေနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့စွမ်းရည် ရှိနေပြီဆိုတော့ နောက်ပိုင်းကျ ဒါကိုသုံးပြီး များများလေး ချောင်းနားထောင်ရမယ်..”
အင်စလေ အသက်ပြင်းပြင်းရှုကာ မတ်တတ်ရပ်ပြီး အလျင်အမြန်ပင် ပုခက်ပေါ်တက်ကာ လှဲလိုက်သည်။
အမ်.. ဘာလို့ လှဲတာလဲ ဟုတ်လား.. သေချာပေါက် အိပ်ဖို့ပေါ့..
မနက်ဖြန် ထိုလူများ အုပ်ထိန်းသူရွေးနေစဉ် သူမချောင်းနားထောင်မည်။ ထိုသို့ဆိုလျှင် အချက်အလက်များစွာ ရရှိလာလိမ့်မည်။
“ဒါပေမဲ့ ပထမဆုံးအနေနဲ့ ငါက ကလေးပေါက်စနဲ့တူအောင် ပြုမူရမယ်ဆိုတော့ ငါ့ စကားပြောတဲ့ပုံစံကို ပြောင်းရလိမ့်မယ်..”
အင်စလေ မကောင်းဆိုးဝါးဆန်ဆန်ပြုံးကာ သူမသုံးနိုင်မည့် အမျိုးမျိုးသော ကလေးစကားများအား စဉ်းစားတော့သည်။
ဟုတ်ပြီ.. တခြားလူတွေ သံသယမဝင်နိုင်အောင် ပုံမှန်လမ်းလျှောက်ခါစ ကလေးတစ်ယောက်လို နေရမယ်..
“တစ်ခုကောင်းတာက ငါ့မှာ စွမ်းအားအစစ် ရှိနေတာပဲ.. ဒါက ကံကြမ္မာများလား.. ဟူး.. တကယ်ပဲ အဓိကဇာတ်ဆောင် ဖြစ်နေတာကိုး..”
အင်စလေ ထိုအချက်အား တွေးမိကာ သူမ၏ စိတ်နှလုံးအား ဖြေသိမ့်လိုက်နိုင်သည်။
ငါ့ရဲ့ စွမ်းအားကို ကောင်းကောင်းအသုံးချပြီး အကောင်းဆုံး အဓိကဇာတ်ဆောင် ဖြစ်လာရမယ်..
ထိုနေ့တွင် အင်စလေသည် နာနီများနှင့် အခြားလူများ မရှိဘဲ ကောင်းမွန်စွာ အိပ်ပျော်ခဲ့သည်။ ရံဖန်ရံခါ ငိုကြွေးသည့်တိုင်အောင် သူမထံသို့ မည်သူမျှ ရောက်မလာခဲ့ချေ။
ဤဖြစ်ရပ်မှတဆင့် အမွေဆက်ခံသူနေရာမှာ ထိုမျှလောက် ခမ်းနားနေခြင်းမဟုတ်ဟု ခံစားမိသည်။
ငါက မိန်းကလေးဖြစ်နေလို့လား.. အဲဒီလူတွေက ရှေးရိုးဆန်ကြတာပဲဖြစ်မယ်.. ငါ့ရဲ့ သေးခံကို လဲပေးဖို့တောင် ဘယ်သူမှ မလာကြဘူး.. ဆိုတော့မှ ငါတွေ့ခဲ့တဲ့ အိမ်အကူကရော ဘယ်ရောက်သွားလဲ..
အင်စလေ အိပ်ရာပေါ်တွင် လူးလှိမ့်နေပြီး သူမအား သေးခံလာပေးမည့် အိမ်အကူ ရောက်လာချိန်တွင် မနက် ၈ နာရီရှိနေပြီဖြစ်သည်။ ဤအိမ်အကူမှာ မျက်နှာသေနှင့် သဘောကောင်းပုံမရချေ။
ထိုမျှသာမကသေးဘဲ အင်စလေမှာ ဤအချိန်ထိအောင် မနက်စာ မစားရသေးပေ။
အရှုပ်ထုပ်.. လူဆိုးမ.. ဆိုးလိုက်တာ..
အင်စလေ မျက်မှောင်မကြုတ်မိစေရန် မနည်းသည်းခံထားရသည်။ ကလေးပေါက်စသည် ယမန်နေ့က ဝတ်စုံနှင့် တူညီသော ဝတ်စုံကိုသာ ထပ်မံဝတ်ဆင်ရပြန်သည်။ ချမ်းသာကြွယ်ဝသော မိသားစု ဖြစ်သည့်တိုင်အောင် အခြားဝတ်စုံများ မရှိဟန်ပင်။
ဘာလဲ မိန်းကလေးတွေကို မုန်းကြတာလား.. အားးးး အားးးး ကျား၊ မ တန်းတူညီမျှမှု မရှိဘူးလား.. အဲလောက် မဆိုးလောက်ပါဘူးနော်..
မျက်နှာသေနှင့် အိမ်အကူမှ သူမအား ဆန်ပြုတ်တစ်ပန်းကန်သာ ကျွေးသောကြောင့် အင်စလေ မကျေမနပ် ဖြစ်လာသည်။ ဆန်ပြုတ်မှာ အေးစက်ပြီး အရသာမရှိပေ။
ယမန်နေ့ကာ စိတ်အားတက်ကြွနေခဲ့သော အင်စလေမှာ တဖြည်းဖြည်း အားယုတ်လာသည်။ သူမ၏ ခန္ဓာကိုယ်မှာ အိပ်စက်ချိန်အများအပြား လိုအပ်ရုံသာမကဘဲ သူမဘေးရှိ လူများ၏ ပြုမူဆက်ဆံပုံမှာလည်း အကြောင်းတစ်ရပ် ဖြစ်သည်။
သူမထံသို့ လာရောက်သူ များစွာမရှိသည့်အပြင် ရောက်လာသူမှာလည်း ရင်းနှီးဖော်ရွေမှုမရှိပေ။ တစ်ဦးတည်းသော ကြင်နာတတ်သည့်သူမှာ နောက်ဆုံးတစ်ခေါက် လာခဲ့သော အိမ်အကူဖြစ်သည်။ ယခုသော် သူမအား မတွေ့ရချေ။
“ပြီးပြီ.. သွားကြမယ်..”
အင်စလေ အတွေးနက်နေစဉ်မှာပင် မျက်နှာသေနှင့် အမျိုးသမီးသည် သူမအား ကောက်ယူကာ လက်မောင်းများထဲ ပွေ့လိုက်သည်။ ထို့နောက် အခန်းအပြင်သို့ ထွက်ပြီး အင်စလေ ချောင်းကြည့်ခဲ့သည့် ရွှေရောင်တံခါးရှိရာသို့ ဦးတည်၏။
အချိန်ကျပြီလား.. ငါ့ရဲ့ အုပ်ထိန်းသူကို ရွေးရတော့မယ်ပေါ့..
အိမ်အကူ၏ ခေါ်ဆောင်မှုနှင့် ရွှေရောင်တံခါးရှိရာသို့ သွားနေစဉ် အင်စလေ၏ နှလုံးခုန်သံများ မြန်လာသည်။ ကလေးပေါက်စမှာ အပြစ်ကင်းဟန်ပေါ်အောင် ခက်ခက်ခဲခဲ ကြိုးစားနေသော်ငြား တံခါးဖွင့်လိုက်ပြီးနောက် မတည်ငြိမ်နိုင်တော့ချေ။
ပထမဆုံး မြင်တွေ့ရသည်မှာ ကြီးမားသော သစ်သားစားပွဲတစ်ခု ဖြစ်သည်။ လူ ၂၀ မကဆန့်သော စားပွဲဝိုင်းကြီးပင်။ ထိုစားပွဲ၌ အနက်ရောင်ဝတ်စုံပြည့်နှင့် လူတစ်ဒါဇင်ခန့် ထိုင်နေကြသည်။
ထိုသူအားလုံး လေးနက်တည်ကြည်သော မျက်နှာနှင့် ရှိနေကြစဉ် အိမ်အကူမှ အင်စလေအား အခန်းတွင်းသို့ ခေါ်လာသည်။
“ဆက်ခံသူသခင်မလေး ရောက်လာပါပြီ..”
အိမ်အကူသည် အင်စလေအား စားပွဲအလယ်သို့ ဖြည်းညင်းစွာ ခေါ်ဆောင်၍ နေရာချလိုက်သည်။ အင်စလေမှာ ထိုလူများ၏ အလယ်၌ စစ်ဆေးအကဲဖြတ်ခံရမည့် ရှေးဟောင်းပစ္စည်းတစ်ခုသဖွယ် ကျန်နေရစ်သည်။
ဖာ့.. ဘာကိစ္စနဲ့ ဒီနေရာ ရောက်နေတာတုန်း.. စားပွဲပေါ်တင်မဲ့အစား ကလေးထိုင်ခုံလေး ပြင်ပေးထားသင့်တာ မဟုတ်ဘူးလား..
အင်စလေ ချွေးအေးများထွက်လာသည်။ စားပွဲပတ်လည်ရှိ လူတစ်ဦးချင်းစီ၏ အကြည့်များအား ခံစားမိနေသည်။ သေးငယ်လှသော ခန္ဓာကိုယ်လေးကြောင့် အဆိုပါလူကြီးများ၏ ကြံ့ခိုင်တောင့်တင်းသော ခန္ဓာကိုယ်များမှာ သူမအား ဖိအားပေးနေသယောင်ပင်။
သာမန်ကလေးတစ်ဦးသာဆိုလျှင် ဤအနေအထား၌ သေချာပေါက် အော်ငိုမည်သာ။ သို့သော် သူမမှာ သာမန်ကလေး မဟုတ်။
ငါက ဒီကမ္ဘာကြီးရဲ့ အဓိကဇာတ်ဆောင်လေ.. ဒူးထောက်စရာလား..
အင်စလေ ခေါင်းမော့ကာ အတောက်ပဆုံး ပြုံးလိုက်သည်။
ပထမအဆင့်.. ငါ့ရဲ့ ညှို့ဓာတ်ကို ခံစားကြည့်..