အခန်း ၆ စွမ်းရည်အသစ် ပေါ်လာခြင်း
Viewers 3k

အခန်း ၆ စွမ်းရည်အသစ် ပေါ်လာခြင်း

 

မှတ်ချက် - အင်စလေက ၃ နှစ်ပဲရှိသေးတာဆိုတော့ စကားပြောရင် မပီသေးပါဘူး.. သူ့ကိုယ်ထဲက ဝိညာဉ်ကတော့ ပီပေမဲ့ အသက်နဲ့လိုက်အောင်ဆိုပြီး မပီအောင်ပြောတာပါ.. အဲဒါနဲ့ အင်စလေပြောတဲ့စကားတွေကို အတတ်နိုင်ဆုံး ကလေးတစ်ယောက်ပြောတာနဲ့တူအောင် ပြန်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်.. 

 

အူးအူး.. တီတီတို့ မင်ဂါဘာာာ

 

အင်စလေ လက်ကလေးယမ်းကာဖြင့် အခန်းအတွင်းရှိ လူကြီးများအား အပြစ်ကင်းစင်ဆုံးသော အပြုံးလေးနှင့် နှုတ်ဆက်လိုက်သည်။

 

အင်စလေ၏ အပြုံးမှာ အလွန်တောက်ပကာ သန့်စင်သောကြောင့် မြင်လိုက်ရသူတိုင်း နတ်သမီးတောင်ပံတစ်စုံနှင့် ဦးခေါင်းထက်၌ သန့်စင်သော အဖြူရောင် ရောင်ခြည်စက်ဝန်းတစ်ခုအား မြင်မိသယောင် ခံစားရသည်။ သူမ၏ နောက်ကျောဘက်မှ နေရောင်ဖြာကျလာပြီး မှုန်မှိုင်းနေသည့် အခန်းအား လင်းထင်းသွားစေ၏။

 

အာ...

 

မိသားစုအတွင်း ရာထူးမြင့်မြင့်ရှိကြသော တင်းမာခက်ထန်သည့် ဦးဦး တီတီများမှာ ငတုံးများသဖွယ် မှင်သက်သွားကြသည်။

 

ဒီကလေးက ဘယ်သူလဲ.. ဘာဖြစ်လို့ အရင်နဲ့ မတူတော့တာလဲ..

 

ဒီကလေးပေါက်စကို အရင်က မြင်ဖူးပါတယ်နော်.. သူမက ငကြောက်လေးဆိုတာ အသိသာကြီးကို..

 

ဤကလေးလေးမှာ မိသားစုကို ဦးဆောင်နိုင်မည့် အရည်အချင်းမရှိဟု ဆိုကြသောကြောင့် လျစ်လျူရှုခံထားရခြင်းပင်။ သူမ၏ ပင်ကိုယ်စရိုက်မှာ အမြဲလို မှုန်ကုတ်နေလေ့ရှိပြီး လူကြီးများကိုပင် တည့်တည့်မကြည့်ရဲချေ။

 

အခုကဘယ်လိုလဲ.. သူက ငါတို့ရဲ့ အလယ်မှာ ထိုင်နေတာတောင် ဖိအားနည်းနည်းလေးမှ မဖြစ်တဲ့အပြင် ပြုံးပြီး နှုတ်ဆက်လိုက်သေးတာ..

 

သူမ၏ မပီကလာ ပီကလာ ချစ်စဖွယ်အသံလေးကြောင့် သူမ၏ စကားပြောဆိုပုံမှာ ပိုမိုချစ်ဖို့ကောင်းလာသည်ဟု ထင်မြင်ရသည်။ နှင်းဆီရောင်သန်းနေသော ပါးပြင်ထက်ရှိ တောက်ပလင်းလက်နေသော အပြုံးလေးမှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်နှယ်။

 

တစ်နည်းဆိုရသော် ဤကလေးပေါက်စသည် အလွန်အကျူး ချစ်ဖို့ကောင်းလွန်း၏။

 

အဟွတ်..

 

“မင်္ဂလာနံနက်ခင်းပါ သခင်မလေး..”

 

အခန်းအတွင်းရှိ အကြီးအကဲတစ်ဦးမှ ကိုးရိုးကားယားဖြစ်နေသည့် လေထုအား ပြေလျော့သွားစေရန် ချောင်းဟန့်လိုက်သည်။ သူ၏ ပတ်ပတ်လည်ရှိ လူများမှာ ရိုးရှင်းသော အပြုံးလေးနှင့်ပင် ဆွဲဆောင်ခံလိုက်ကြရသည်။

 

ဤကလေးမှာ အန္တရာယ်များလှ၏။

 

အခန်းအတွင်းရှိလူများမှာ ညှို့ယူခံလိုက်ရပြီး အကြီးအကဲကိုပင် မကြည့်ကြတော့ချေ။ ကလေးပေါက်စကိုသာ အရူးအမူး စိုက်ကြည့်လျက်ရှိသည်။ သူတို့၏ နူးညံ့သိမ်မွေ့သော အကြည့်များမှာ ကလေးအား ကာကွယ်စောင့်ရှောက်လိုမှု ပြည့်လွှမ်းလျက်ရှိသည်။

 

“ဟမ်..”

 

အင်စလေသည် သူမအား နှုတ်ဆက်လာသည့် အကြီးအကဲ ရှိရာသို့ ကြည့်လိုက်သည်။ သူမ၏ အမြင်အာရုံမှာ လူကြီးတစ်ဦးကဲ့သို့ မကောင်းသေးသဖြင့် အကြီးအကဲ၏ မျက်နှာအား မမြင်နိုင်ချေ။

 

ထို့ကြောင့် အကြီးအကဲအား လျစ်လျူရှုလိုက်သည်။

 

“ဦးဦးတို့ တီတီတို့ကို အင် ချစ်ဒယ်နော်..”

 

အင်စလေသည် သူမ၏ လက်ချောင်းလေးများနှင့် အသဲပုံသဏ္ဌာန်ပြုလုပ်ပြီး အပြစ်ကင်းစင်စွာ ပြုံးရယ်လိုက်သည်။ ထိုသူများအား ချစ်စဖွယ်ကောင်းလှသော မျက်လုံးပြာပြာလေးများနှင့် ကြည့်ရန်လည်း မမေ့ချေ။

 

အကျိုးသက်ရောက်မှုမှာ အံ့မခန်းပေ။

 

“အူးဝါး.. သခင်မလေးက နတ်သမီးလေးပဲ..”

 

“အိုး.. ဘုရားရေ.. ငါတို့က သခင်မလေးနဲ့ ဝေးဝေးနေရမယ်လို့ ဘယ်သူပြောခဲ့တာလဲ.. ဒီချစ်စရာလေးကို ကာကွယ်ပေးရမယ်..”

 

“လာပါဦး.. လာပါဦး.. အင်ရေ.. ဦးဦးက ကလေးလေးကို အများကြီး ချစ်ချင်လို့..”

 

“မရဘူး.. တီတီ့ဆီကို လာခဲ့နော်.. တီတီက အင့်ကို မုန့်မုန့်တွေ အများကြီးပေးချင်လို့..”

 

သပ်ရပ်ကျော့ရှင်းစွာ ဝတ်စုံပြည့် ဝတ်ဆင်ထားကြသူများမှာ ထိန်းချုပ်မှုလွတ်သွားကြသည်။ သူတို့၏ မျက်လုံးထဲ၌ အင်စလေအား ချစ်မြတ်နိုးမှုတို့ အပြည့်ရှိနေပြီး ဤကလေးပေါက်စအား သူတို့၏ ရုပ်သေးရုပ်ဖြစ်လာအောင် ကြိုးစားရမည်ဟူသော မိသားစု၏ ညွှန်ကြားချက်များကိုပင် ပစ်ပယ်လိုက်ကြသည်။

 

ကနဦးတွင် သူတို့အားလုံးသည် အာဏာနှင့် နေရာအတွက် ကလေး၏ အုပ်ထိန်းသူ ဖြစ်လိုခဲ့ကြသည်။ ယခုတွင်မူ ချစ်စဖွယ်ကလေးပေါက်စအား အမှန်တကယ် လိုချင်လာကြခြင်းပင်။

 

ကလေး၌ အရည်အချင်းမရှိလျှင်ပင် အရေးမပါချေ။ ချစ်စဖွယ်ကောင်းလွန်သောကြောင့် အနာဂတ်တွင် လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ဦးနှင့် လက်ထပ်နိုင်သည်။ ထိုသို့ဆိုလျှင် သူမ၏လမ်းကြောင်း ဖြောင့်သွားလိမ့်မည်။

 

“သခင်မလေး.. ချောကလက်စားချင်လား..”

 

“ဟေ့.. ကလေးကို လာဘ်မထိုးနဲ့.. အင်္ကျီလှလှလေးတွေကြိုက်လား သခင်မလေး.. အခုဝတ်ထားတာတွေက သိပ်မကောင်းဘူးနော်..”

 

“သွားစမ်း.. မြေခွေးအိုတွေ..”

 

အခန်းအတွင်းရှိ ကြံ့ခိုင်တောင့်တင်းသော လူကြမ်းတစ်သိုက်မှာ အင်စလေအား ဖြားယောင်းသိမ်းသွင်းနိုင်ရန် ကြိုးစားနေကြသည်။ အစည်းအဝေး၏ အခြေအနေအား ပြောင်းပြန်လှန်လိုက်သလိုပင်။

 

အင်စလေအား နှုတ်ဆက်စကားဆိုသည့် အကြီးအကဲမှာ အင်စလေနှင့် ထိုလူအုပ်၏ လျစ်လျူရှုခြင်း ခံထားရသည်။ အကြီးအကဲ၏အသံမှာ ပရမ်းပတာအခြေအနေကြား နစ်မြုပ်သွား၏။

 

အဆိုပါအကြီးအကဲမှာ အကြီးအကဲ ၇ ဖော်ထဲမှ တစ်ဦးဖြစ်သော်ငြား မည်သူကမျှ အလေးမထားချေ။ အခြားအကြီးအကဲများမှာလည်း အင်စလေအား ချောင်းကြည့်ပြီးနောက် အကြည့်များ တိတ်တဆိတ် နူးညံ့သွားလေသည်။

 

ရူးတော့မှာပဲ..

 

တစ်ဦးတည်းသော အကောင်းပကတိအတိုင်းကျန်နေသည့် အကြီးအကဲ မှင်တက်သွားလေသည်။ မုတ်ဆိတ်ဖြူများအား လက်ဖြင့်သပ်ရင်း အင်စလေအား ကြည့်လိုက်သည်။ အကြီးအကဲ၏ မျက်လုံးထဲ၌ ရှုပ်ထွေးမှုများ ထင်ဟပ်လာသည်။

 

ပုံမှန်မဟုတ်ချေ။ မည်မျှချစ်ဖို့ကောင်းသည့်သူ ဖြစ်နေပါစေ ကလေးသူငယ်များကိုပင် သတ်ဖြတ်တတ်သော ထိုသူများမှ ရုတ်တရက် ထိုသို့ပြုမူကြမည် မဟုတ်ပေ။

 

ထိုသူများမှာ ချစ်စဖွယ်ကောင်းမှုကြောင့် အလွယ်တကူ ယိမ်းယိုင်တတ်သူများ ဆိုပါက နယ်မြေလုစစ်ပွဲအတွင်း ချစ်စဖွယ်ကလေးသူငယ်များအား သတ်ဖြတ်ကြမည် မဟုတ်ချေ။ မည်သည်ကြောင့်နည်း။ မည်သည်ကြောင့် ရုတ်တရက် ဤသို့ ပြုမူကြသနည်း။

 

ထိုသူများမှာ အင်စလေ၏ အလုံးစုံပြုစားခြင်း ခံလိုက်ရကြောင်း အကြီးအကဲ သိသည်။ ဤလူများမှာ အင်စလေ၏ အုပ်ထိန်းသူဖြစ်လိုသောကြောင့် လက်ဦးမှုရယူရန် ကြိုးစားနေကြခြင်း မဟုတ်ချေ။

 

ကလေး၏ သန့်စင်သော ဆွဲဆောင်မှုပင်။

 

ထိုသည်ကပင် ပုံမှန်မဟုတ်ချေ။

 

အင်စလေပင်လျှင် သဘောပေါက်မိသည်။ မျက်လုံးမှေးကာ စားပွဲပတ်လည်ရှိ ဦးဦး၊ တီတီတို့အား ကြည့်လိုက်သည်။

 

အရမ်းကြီး သက်ရောက်မှုလွန်ကဲသွားတာ မဟုတ်ဘူးလား.. ငါ့အပေါ် သတိထားနေတာ လျော့သွားပြီး စိတ်ပျော့သွားမယ်လို့ပဲ ထင်ခဲ့တာလေ.. အခုက ဘာလား.. ညှို့ဓာတ်အောက် ရောက်သွားကြသလို..

 

 

အင်စလေ ကြောင်အသွားသည်။ ထိုအတွေးကြောင့် မျက်လုံးများပင် ပြူးကျယ်လာ၏။

 

ညှို့ဓာတ်လား..

 

ကလေးပေါက်စသည် အလျင်အမြန်ပင် သူမ၏ လက်ဖောင်းဖောင်းလေး နှစ်ဖက်အား ငုံ့ကြည့်ရာ လက်ဖဝါးထဲ၌ ပန်းရောင်အငွေ့အသက်တစ်ခုအား ဝိုးတဝါး မြင်လိုက်ရသည်။ သူမ၏ ခြေထောက်များနှင့် ခန္ဓာကိုယ်သည်လည်း ထိုပန်းရောင်အငွေ့အသက် ခြုံလွှမ်းနေ၏။

 

စွမ်းရည်လား..

 

သူမကိုယ်သူမ အခြားသူများထက် သာလွန်သည်ဟု ယုံကြည်နေသော ချူနီဗြောတစ်ဦးအနေနှင့် ချိတ်ပိတ်ခံထားရသည့် စွမ်းရည်အား ကျေးဇူးတင်မိသည်။ အင်စလေ ချက်ချင်းဆိုသလို သူမထံ၌ အခြားစွမ်းရည်တစ်ခု ရှိနေခြင်းအား လက်ခံလိုက်သည်။

 

အဆိုပါ ပန်းရောင်အငွေ့အသက်အား အခြားသူများ မမြင်နိုင်ဟု သူမယုံကြည်သည်။

 

ငါ့မှာ တခြားသူတွေကို ညှို့လို့ရတဲ့ စွမ်းရည်ရှိနေပြီ..

 

အင်စလေ၏ မျက်လုံးပြာများ နက်ရှိုင်းလာသည်။ ပုံမှန်လူတစ်ဦးသာဆိုလျှင် ကလေးတစ်ဦး၏ ထွင်းဖောက်မြင်နိုင်သယောင် အကြည့်ကြောင့် ကျောချမ်းသွားနိုင်သည်။

 

ဖြူစင်သော နတ်သမီးလေးသဖွယ် ကလေးပေါက်စမှာ ယခုအခါ နတ်ဆိုးတစ်ဦးကဲ့သို့ ဖြစ်လာသည်။

 

ကံမကောင်းစွာဖြင့် မည်သူမျှ မမြင်လိုက်ချေ။ သူမ၏ ညှို့ဓာတ်စွမ်းရည်အောက် ရောက်ရှိနေသူများအား တစ်ချက်ကြည့်လိုက်သည်။

 

ဤကမ္ဘာမှာ မှော်စွမ်းအင်များရှိနေသည့် လောကမဟုတ်သော်ငြား အထူးစွမ်းရည်များရှိပုံရသည်။ ထိုသို့ဆိုလျှင် အသက် ၃ နှစ်အရွယ်၌ လူ ၂၀ ခန့်အား ညှို့ယူနိုင်ပါသော ကလေးပေါက်စမှာ မည်မျှသန်မာနေသနည်း။

 

အင်စလေ ရင်ဘတ်ထဲ၌ ပူလာသည်ဟု ခံစားမိသည်။ သူမကိုယ်သူမ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရင်ကော့လိုက်သည်။

 

အစစ်အမှန် ဇာတ်ဆောင်တစ်ယောက် ဖြစ်လာပြီဟု ယုံကြည်သွားတော့သည်။