ဖရိုဖရဲဖြစ်နေသော အခန်းထဲ၌ အင်စလေသည် သူမ၏ လက်ကလေးအား တင်းတင်းဆုပ်ကာ ပါးစပ်ဟလိုက်သည်။
“ဦးဦးနဲ့ တီတီတို့.. အင်တို့ ဘာလုပ်ကြမှာလဲဟင်..”
အင်စလေသည် ထိုလူများ သူမထံမှ ဘာအလိုရှိသလဲဟု မေးလိုက်သည်။
ထိုသူများအား သူမ၏ လက်အောက်တွင် အချိန်ကြာကြာ ထိန်းထားလိုသည့်တိုင်အောင် အကြီးအကဲတစ်ဦး၏ ထက်ရှသော အကြည့်များအား တောင့်မခံနိုင်တော့ချေ။
ကြည့်ရတာ ငါ့ရဲ့ ညှို့ဓာတ်အောက် မကျတဲ့လူတွေ ရှိနိုင်ပုံပဲ.. ဒါမှမဟုတ် ငါ့ရဲ့ညှို့ဓာတ်ကို ဘယ်လောက်ကြာကြာ သုံးနိုင်တာလဲ.. နောက်ပိုင်းကျ သေချာလေ့လာရမယ်..
ထို့ကြောင့် အင်စလေသည် ထိုအကြီးအကဲအား လျစ်လျူရှုကာ အခြားသူများအပေါ် အာရုံစိုက်ထားခြင်းပင်။ သူမ၏အခန်းသို့ အမြန်ပြန်ရောက်ချင်နေသည်။
ထိုသို့တွေးရင်း အင်စလေ ခေါင်းကလေးစောင်းကာ အပြစ်ကင်းစင်စွာ ပြောလိုက်သည်။
“အင်တို့ ကစားကြမှာလားဟင်..”
အင်စလေသည် အလိုလိုက်ခံထားရသော ကလေးတစ်ဦးသဖွယ် သူမ၏ ခြေလက်လေးများအား ယမ်းလိုက်သည်။ ထိုလူများ၏ မျက်လုံးထဲ၌ အင်စလေမှာ အလွန်ချစ်စဖွယ်ကောင်းနေဆဲဖြစ်သောကြောင့် အနည်းငယ်မျှပင် အပြစ်တင်လိုစိတ် မရှိချေ။
“အိုး.. ဘေဘီအင် ပျင်းနေပြီ.. ဟေ့.. မြန်မြန်လေး အစည်းအဝေးစကြလေ..”
“ဟုတ်တယ်.. ဟုတ်တယ်.. အစည်းအဝေးပြီးရင် ဘေဘီအင်နဲ့ ကစားကြမယ်..”
“အိုး.. ဟုတ်သားပဲ.. အစည်းအဝေး.. ငါတို့နတ်သမီးလေးအတွက် အုပ်ထိန်းသူရွေးဖို့ မဟုတ်လား.. နတ်သမီးမေမေပေါ့..”
“ငါတို့နတ်သမီးလေးရဲ့ အုပ်ထိန်းသူဖြစ်ဖို့ ဘယ်သူက ထိုက်တန်လဲ.. အကြီးအကဲ ၇ ဖော်နဲ့ ဘူးသီး ၅ လုံးက အသင့်တော်ဆုံးလို့ ထင်တယ်..”
“ပြောကာမှ ဘူးသီး ၅ လုံး ဘယ်မှာလဲ.. မျိုးဆက်သစ်ထဲ အထူးချွန်ဆုံးတွေလေ.. သူတို့က ပုန်ကန်နေတာလား..”
အခန်းအတွင်းရှိ လူများမှာ အသက် ၂၅ မှ ၄၀ အတွင်းရှိပြီး အစည်းအဝေး၏ အဓိကအကြောင်းအား စတင်ဆွေးနွေးကြသည်။ သူတို့သည် အင်စလေ၏ ညှို့ဓာတ်သက်ရောက်မှု ခံနေရဆဲ ဖြစ်သော်ငြား စွမ်းအား လျော့နည်းလာသည်။
အချိန်ကုန်လာသည်နှင့်အမျှ သူတို့၏ ဆင်ခြင်တုံတရားများ ပြန်လည်ရရှိလာမည်ဖြစ်ကာ အင်စလေသည်လည်း ယင်းအား သတိပြုမိသည်။
အရည်အချင်းမရှိတဲ့ အုပ်ထိန်းသူတစ်ယောက်ကို မလိုချင်ဘူးဆိုရင် ဒီလူတွေ ငါ့စွမ်းအား သက်ရောက်မှု ခံနေရတုန်း ရွေးချယ်မှဖြစ်မယ်.. ဆိုလိုတာက အခုအချိန် ရွေးလို့မရဘူး..
ဘယ်သူတွေက သစ္စာရှိသလဲဆိုတာ ကြည့်ပြီး အကောင်းဆုံးတစ်ယောက်ကိုရွေးဖို့ အချိန်မလောက်ဘူး..
ဒီနေ့တော့ အုပ်ထိန်းသူရွေးဖို့ ငြင်းပယ်မှပဲ ဖြစ်မယ်.. ပြီးရင် စလိုအန်မာဖီးယားအဖွဲ့ရဲ့ သစ္စာရှိအဖွဲ့သားတွေကို ခေါ်လာဖို့ ပြောရမယ်..
အခန်းအတွင်းရှိလူများ ယနေ့အစည်းအဝေးသို့ ဘူးသီး ၅ လုံး ပေါ်မလာရခြင်းအကြောင်း မေးခွန်းထုတ်နေစဉ် အင်စလေ စိတ်ထဲ၌ အစီအစဉ်အချပြီးဖြစ်သည်။ ဘူးသီး ၅ လုံး၏ အပြုအမူမှာ စလိုအန်မိသားစုအား ပုန်ကန်လိုသယောင်ရှိသည်။
သို့သော် အင်စလေ မကြားလိုက်ချေ။ အစီအစဉ် ချမှတ်ပြီးနောက် ဘူးသီး ၅ လုံးနှင့် ပတ်သက်သည့် အကြောင်းအချို့ကိုသာ ကြားလိုက်ရသည်။
“ဘူးသီး ၅ လုံးက ရန်သူ လာတိုက်ခိုက်တာကို ကာကွယ်ဖို့ နယ်မြေကို စောင့်ကြပ်ရင်း အလုပ်များနေတယ်.. သူတို့က မိသားစုခေါင်းဆောင်နဲ့ အုပ်ထိန်းသူကို အစည်းအဝေးပြီးတာနဲ့ လာတွေ့ပါမယ်လို့ ပြောလိုက်တယ်..”
အင်စလေ၏ စွမ်းရည်သက်ရောက်မှု မခံရသော အကြီးအကဲမှ စိတ်ရှည်လက်ရှည် ရှင်းပြနေခြင်းပင်။ အကြီးအကဲ၏ စိတ်ထဲ၌မူ အသက် ၂၀ ပင် မပြည့်ကြသေးသည့် လူငယ်လေးများဖြစ်သော ဘူးသီး ၅ လုံး ဤအစည်းအဝေးသို့ ရောက်မလာခြင်းမှာ ကံကောင်းမှုတစ်ရပ်ဖြစ်၏။
ထိုသို့မဟုတ်လျှင် အင်စလေ၏ ညှို့ဓာတ်စွမ်းရည်အောက် ကျဆင်းသွားနိုင်သည်။
အကြီးအကဲသည် အခြားသူများအား အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ကြည့်နေသည့် အင်စလေအား တစ်ချက်ကြည့်လိုက်သည်။ ကလေးပေါက်စမှာ သာမန်ကလေးတစ်ဦးနှင့် တူသော်ငြား အကြီးအကဲ၏ ဆဌမအာရုံမှာ ထိုသို့မခံစားမိချေ။
ဒီကလေးက အသက် ၃ နှစ်ပဲ ရှိသေးတာကို စွမ်းရည်နိုးထနေပြီလား.. ဒါပ ပါရမီရှင်ပဲ မဟုတ်လား.. တစ်နိုင်ငံလုံးမှာ ပါရမီအထူးဆုံးလို့ ကောလဟာလထွက်လာတဲ့ ကောင်လေးတောင် အသက် ၆ နှစ်မှ စွမ်းရည်နိုးထလာတာလေ..
ဖြစ်နိုင်တာက.. အင်စလေ က .. စလိုအန်မိသားစုရဲ့ ရတနာလေးများလား.. သူမရဲ့ စွမ်းရည်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် မိသားစုအတွက် မျှော်လင့်ချက် ရှိလာမှာပဲ..
အင်စလေအား သံသယရှိခဲ့သော အကြီးအကဲမှာ တဖြည်းဖြည်းနှင့် အကောင်းဘက်သို့ စတင်တွေးမိလာသည်။ အင် ၏ ညှို့ဓာတ်စွမ်းရည်မှာ အကြီးအကဲအား တဖြည်းဖြည်း လွှမ်းမိုးနေခြင်းဖြစ်ကြောင်း သဘောမပေါက်ချေ။
မှန်သည်။ အကြီးအကဲ၏ အတွေးများနှင့် မတူသော်ငြား အင်စလေမှာ သူမ၏ စွမ်းရည်အား ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်တိုင် သူမ ပစ်မှတ်ထားလိုသူအပေါ် တိုက်ရိုက်အသုံးပြုနိုင်ပြီဖြစ်သည်။
ချူနီဗြော နောက်ဆုံးအဆင့် ရောဂါသည်တစ်ဦးအနေနှင့် သူမ၏ စွမ်းရည်အား အံ့အားသင့်ဖွယ်ကောင်းလှသော အမြန်နှုန်းနှင့် နားလည်တတ်ကျွမ်းခြင်း မရှိမှသာ အံ့ဩဖို့ကောင်းပေမည်။ ထိုမျှသာမကဘဲ အင်စလေသည် ညှို့ဓာတ်စွမ်းရည်အပြင် အခြားစွမ်းရည်တစ်ခုအား ရရှိထားပြီးဖြစ်သည်။
ထက်မြက်သော အကြားအာရုံဖြစ်သည်။ အဆိုပါစွမ်းရည်အား ပိုမိုထိန်းချုပ်နိုင်လျှင် အခြားသူများ၏ အတွေးများကိုပင် ကြားလာရနိုင်သည်။
အင်စလေသည် ညှို့ဓာတ်စွမ်းရည်အား သူမ မထိန်းချုပ်နိုင်ခဲ့သော အကြီးအကဲပေါ်သို့သာ ဖြန့်ကျက်ထားခြင်းဖြစ်သည်။ ကလေးပေါက်စသည် အကြီးအကဲ၏ အမူအရာမှာ သူမအားကြည့်နေရင်း အကောင်းဘက်သို့ ပြောင်းလဲလာသည်ကို တိတ်တဆိတ်ကြည့်နေခြင်းပင်။
ဟက်..
ဟီးဟီး.. ဒီအကြီးအကဲလည်း ဒူးထောက်လိုက်ရပြီ.. သူက ဒီအစည်းအဝေးရဲ့ ခေါင်းဆောင်ပဲဖြစ်မယ်.. သူ့ကို မေးရမယ်..
အင်စလေသည် သူမ၏ အုပ်ထိန်းသူ မည်သူဖြစ်သည့်ကြောင်း ငြင်းခုန်နေကြသူများအား လျစ်လျူရှုလိုက်သည်။ ထို့အစား စားပွဲဝိုင်း၏ အဆုံးရှိ အကြီးအကဲများ ထိုင်ရာသို့ လေးဘက်ထောက်သွားသည်။
“ဖိုးဖိုးရေ.. အုပ်ထိန်းသူက ဘာရဲဟင်.. အင် က သူတို့နဲ့ ကစားလို့ ရတာလား..”
အင်စလေသည် အကြီးအကဲ၏ အရေတွန့်နေသော လက်များအား ဆွဲယူကာ ခွေးပေါက်မျက်လုံးလေးများနှင့် ကြည့်လိုက်သည်။
ကြီးမားဝိုင်းစက်သော အပြာရောင်မျက်လုံးကြီးများမှာ အလွန်သနားဖွယ်ကောင်းပြီး အပြစ်ကင်းလှသောကြောင့် သက်ကြီးပိုင်းများ၏ ကဲကဲလှုပ်ချစ်ခင်စိတ်အား နှိုးဆွလိုက်သည့်နှယ် ဖြစ်သည်။
အစောပိုင်း၌ အင်စလေ၏ ပုံမှန်မဟုတ်မှုကြောင့် သဘောမကျခဲ့သော အကြီးအကဲပင်လျှင် ခွေးပေါက်မျက်လုံးလေးများအောက် မငြင်းဆန်နိုင်တော့ချေ။
“ဖိုး.. ဖိုးဖိုးလား.. ဟားဟားဟား.. ကောင်းတယ်.. အင် က လိမ္မာတဲ့ ကလေးလေးပဲ.. အုပ်ထိန်းသူဆိုတာက ဘေဘီအင်ကို စောင့်ရှောက်ကာကွယ်ပေးမဲ့သူပေါ့.. ဘေဘီအင် လိုချင်လား..”
အကြီးအကဲသည် အနည်းငယ်နီမြန်းသော မျက်နှာနှင့် အင်စလေအား ရှင်းပြသည်။
‘ဖိုးဖိုး’ ဟူသော ခေါ်သံမှာ သူ၏ နှလုံးသားအား ပီတိဖြာလာစေသည်။ သား၊ မြေး မရှိသူတစ်ဦးအဖို့ အင်စလေ၏ အပြစ်ကင်းစင်ဟန်နှင့် ‘ဖိုးဖိုး’ ခေါ်သံမှာ ရင်ထဲသို့ တိုက်ရိုက်ထိသည်။
အား.. ဒီကလေးလေးကို ဘာဖြစ်လို့ သံသယဝင်မိတာလဲ.. ဒီလောက် နာခံမှုရှိပြီး ဖြူစင်တဲ့ ကလေးကို.. သူမရဲ့ စွမ်းရည်နဲ့ တခြားသူတွေကို ဆွဲဆောင်မိတာ သူကိုယ်တိုင်တောင် သိမှာမဟုတ်ဘူး..
သူမက အပြစ်မဲ့တယ်..
သူမကို သတိထားပြီး ဆက်ဆံမဲ့အစား ငါက ဂုဏ်ယူသင့်တာ.. သူမရဲ့ စွမ်းရည်ကို ထိန်းချုပ်နိုင်အောင် ကောင်းကောင်း ပျိုးထောင်ပေးရမယ်..
အကြီးအကဲ နှလုံးသားထဲ၌ ကျိန်ဆိုလိုက်သည်။ မုတ်ဆိတ်ဖြူအကြီးအကဲ၏ ပတ်ပတ်လည်ရှိ တူညီသော အသွင်အပြင်ရှိသည့် အကြီးအကဲများမှာလည်း ထိုသို့သာ တွေးမိကြသည်။ အကြီးအကဲ ၇ ဖော်မှာ ကိုယ်ပွားများကဲ့သို့ ရှိနေကြပြီး အင်စလေအား တစ်ပြိုင်နက်တည်း ကြည့်လာသည့်အခါ အတော်လေး ထူးဆန်းသည်ဟု ခံစားရသည်။
“အုပ်ထိန်းသူလား.. ဆော့ဖို့.. ကာကွယ်ဖို့.. အဲဒါဆို အင် တစ်ယောက်လောက် ရွေးရမှာလားဟင်..”
အင်စလေသည် မျက်တောင်ခတ်ကာဖြင့် အကြီးအကဲ၏ ကြေးညိုရောင်သန်းနေသည့် လက်များအား ဖျစ်ညှစ်ရင်း အကြီးအကဲ၏ ခွန်အားကို ခန့်မှန်းကြည့်သည်။
လက်ဖဝါးများမှာ အသားမာများ ပြည့်နေသည်။
ဒီအကြီးအကဲက သန်မာတယ်..
အင်စလေ စိုးရိမ်သွားသည်။
သူမထံ၌ စွမ်းရည်ရှိနေလျှင် အခြားသူများသည်လည်း တစ်ခု သို့မဟုတ် တစ်ခုထက်ပို ရှိနေနိုင်သည်။ သူမရှေ့ရှိ အကြီးအကဲမှာ...
အန္တရာယ်များလွန်း၏။