အခန်း ၈ ကျိန်စာ
Viewers 3k

အခန်း ၈ ကျိန်စာ

 

အင်စလေသည် အယုံလွယ်သော ကလေးတစ်ဦးသဖွယ် သရုပ်ဆောင်ရင်း အသင့်အနေအထား ရှိနေသည်။ အကြီးအကဲအား သူမသဘောကျသည့် အုပ်ထိန်းသူကို ကိုယ်တိုင်ရွေးချယ်ခွင့် ရမလားဟု အဆက်မပြတ် မေးနေ၏။

 

“ဘေဘီအင်က အုပ်ထိန်းသူကို ကိုယ့်ဘာသာ ရွေးချင်တာလား.. ကောင်းသားပဲ..”

 

အခြားအကြီးအကဲများ စကားဝိုင်းထဲ ဝင်လာသည်။ သူတို့သည် အင်စလေ၏ ခေါင်းကလေးကိုပုတ်၊ ပါးဖောင်းဖောင်းလေးအားဖျစ်နှင့် သူမဘေး၌ ဝိုင်းလာကြ၏။

 

ညှို့ဓာတ်စွမ်းရည်၏ သက်ရောက်မှုများမှာ အားပျော့လာပြီ ဖြစ်သော်လည်း စွမ်းရည်မရှိဘဲနှင့်ပင် အင်စလေ၏ ပင်ကိုယ်ချစ်စဖွယ်ကောင်းသည့် သဘာဝမှာ လျော့မသွားချေ။

 

ကလေးတစ်ဦး၏ ညှို့ငင်ဆွဲဆောင်မှုပင်။

 

“ဟုတ်.. အင်နဲ့အတူ ကစားဖို့ အုပ်ထိန်းသူ တစ်ယောက်လိုချင်တယ်..”

 

အင်စလေ အားပြည့်အင်ပြည့် ခေါင်းညိတ်လိုက်သည်။ အကြီးအကဲများ၏ တုံ့ပြန်ပုံကြောင့် သူမ၏ မျက်လုံးများ တောက်ပလာသည်။

 

ကောင်းတယ်.. အားလုံး အစီအစဉ်အတိုင်းပဲ.. ဒီအကြီးအကဲက ငါ့ကို ရန်လိုပုံမရဘူး.. အခုက မနက်ဖြန်ကျ သူတို့နဲ့တွေ့ပြီး တစ်ယောက်လောက် ရွေးနိုင်မလားလို့ မေးရမယ်..

 

“အင်း.. ဘယ်လိုမျိုး ရွေးချင်လဲ.. မိသားစုထဲက လူတိုင်းကို ခေါ်လိုက်ရမလား..”

 

အကြီးအကဲများထဲမှ တစ်ဦးဖြစ်သော အမျိုးသမီးတစ်ယောက်သည် အင်စလေ၏ အာရုံစိုက်မှုအား ရရှိလိုက်သည်။

 

အကြီးအကဲအမျိုးသမီးသည် အင်စလေအား ချစ်ခင်မြတ်နိုးမှုတို့ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်နေသည့်တိုင်အောင် ကလေးပေါက်စသည် သူမအား အာရုံစိုက်ခြင်း မပြုပေ။ သူမ၏ အကြည့်များ ပြောင်းလဲရမည်ကို သိသည်။ သို့မဟုတ်လျှင် အင်စလေသည် နူးညံ့သော ပန်းရောင်မျက်လုံးများရှိသည့် အကြီးအကဲဖွားဖွားအား နှစ်သက်သဘောကျမှု တိုးလာနိုင်သည်။

 

“ဟုတ်.. ဟုတ်.. အင်က တခြားသူတွေကိုလည်း တွေ့ချင်တယ်..”

 

အင်စလေ ရွှင်မြူးစွာ ရယ်မောလိုက်ပြီး ကလေးပေါက်စ၏ ရယ်သံမှာ အခြားသူများအတွက် ကောင်းကင်ဘုံမှ ခေါင်းလောင်းသံအလားပင်။

 

အင်စလေ၏ ရွှင်မြူးပျော်ရွှင်နေသော မျက်နှာလေးကြောင့် သူတို့အားလုံး အရည်ပျော်သွားရတော့သည်။ ကလေးငယ်အား ကာကွယ်စောင့်ရှောက်ပေးလိုသည့် ဆန္ဒများမှာလည်း ပိုမိုကြီးထွားလာသည်။

 

“ကောင်းပြီ.. မိသားစုထဲမှာ ရှိတဲ့လူတွေအကုန် ဒီအခန်းကိုလာဖို့ အမိန့်ပေး အကြောင်းကြားလိုက်..”

 

အပြာရောင်မျက်လုံးများရှိသော အကြီးအကဲတစ်ဦးမှ အင်စလေအား နူးညံ့ကြင်နာစွာ ပြုံးပြလာသည်။ လက်ဟန်ပြကာ အခြားသူများအား အမိန့်ပေးမည် ပြုစဉ်မှာပင် အင်စလေ အကြီးအကဲ၏ အင်္ကျီလက်အား ဆွဲလိုက်သည်။

 

“ဟုတ်ဝူး.. အင် အိပ်ချင်တယ်.. အိပ်ငိုက် အိပ်ငိုက်.. နက်ဖြန် ရလား..”

 

အင်စလေ အခြားအဖွဲ့ဝင်များအား ဆင့်ခေါ်မည့်အရေးမှ တားဆီးလိုက်သည်။ သူမ၏ ညှို့ဓာတ်စွမ်းရည်မှာ လူအားလုံးအပေါ် အလုပ်မဖြစ်လျှင် သို့မဟုတ် အရေးကြီးသည့် အချိန်ရောက်မှ သက်ရောက်မှု မရှိတော့လျှင် သူမအတွက် မကောင်းတော့ချေ။

 

အပြာရောင်မျက်လုံးများနှင့် အကြီးအကဲ၏ လှုပ်ရှားမှုများ ရပ်သွားသည်။ အင်စလေ၏ ဆန္ဒမှာ သူ၏ ဆန္ဒသဖွယ် တဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။

 

“အိုး.. ဘေဘီအင်က အိပ်ချင်နေပြီပဲ.. ကောင်းပြီလေ.. ကျန်တဲ့လူတွေကို မနက်ဖြန်ကျမှ ခေါ်လိုက်တာပေါ့.. မနက်ဖြန်ကျ ဘေဘီအင်က အုပ်ထိန်းသူတစ်ယောက် ရွေးရမယ်နော်.. ဟုတ်ပလား..”

 

အကြီးအကဲသည် အင်စလေအား စိတ်ရှည်လက်ရှည် ပြောလေသည်။ အင်စလေ၏ ဦးခေါင်းကိုပင် ခပ်ဖွဖွပုတ်ကာ အသာဖွလိုက်သည်။

 

နူးညံ့သော အပြာရောင်မျက်လုံးများမှာ ကြင်နာမှုတို့ ထင်ဟပ်နေသည့်တိုင်အောင် အကြင်နာမဲ့ ရက်စက်မှုတို့လည်း စွန်းထင်းနေသည်။ မြေးမလေးအား ချစ်မြတ်နိုးသော အဖိုးတစ်ဦး ဖြစ်နေလျှင်ပင် မိသားစု၏ အမာခံအကြီးအကဲ ၇ ဖော် ထဲမှ တစ်ဦးဖြစ်နေဆဲသာ။

 

အင်စလေ ထိုအကြည့်ကြောင့် သိမ့်သိမ့်တုန်လာသည်။ အကြီးအကဲအားလုံးမှာ သူမ၏ ညှို့ဓာတ်စွမ်းရည်၏ သက်ရောက်ခြင်းမခံရဘဲ အချို့မှာ သားသမီး ဆွေမျိုးဟူ၍ မရှိကြသောကြောင့် သူမအပေါ် မျက်နှာသာပေးခြင်းသာဖြစ်ကြောင်း သဘောပေါက်သွား၏။

 

သောက်ကျိုးနည်း.. ဒီလူတွေက ကြမ်းတာပဲ.. ငါစွမ်းရည်သုံးတာကို သတိပြုမိပြီး သက်ရောက်မှု ခံလိုက်ရသလို ဟန်ဆောင်နေတဲ့သူတောင် ရှိနေမလားပဲ.. တစ်ချို့က ငါ့ကို တိတ်တဆိတ် အကဲခတ်နေကြလောက်တယ်..

 

အင်စလေ အခန်းအတွင်းရှိလူများအား အလျင်အမြန် ကြည့်လိုက်သည်။ အချို့မှာ အင်စလေအား မည်သည့်လက်ဆောင် ပေးသင့်သနည်းဟု ငြင်းခုန်နေကြပြီး အချို့မှာမူ ချစ်မြတ်နိုးစွာ ကြည့်နေကြသည်။

 

သူမ၏ စွမ်းရည် သက်ရောက်မှုခံရသူနှင့် ဟန်ဆောင်နေသူအား ခွဲခြားရန် ခက်လှသည်။

 

ဟမ့်.. ဒီအခန်းထဲက မြန်မြန်လေး ထွက်သွားမှပဲ.. တစ်ချို့လူတွေက ငါ့အတွက် အန္တရာယ်များလွန်းတယ်..

 

အင်စလေ အပြစ်ကင်းစင်သော အပြုံးလေးနှင့် အပြာရောင်မျက်လုံးများရှိသော အကြီးအကဲအား ကြည့်ကာ နာခံမှုရှိစွာဖြင့် ခေါင်းညိတ်လိုက်သည်။

 

“နက်ဖြန်.. နက်ဖြန်.. အခုက အင် ပြန်ချင်ပြီ..”

 

အင်စလေ နှုတ်ခမ်းဆူကာ သာမန်ကလေးတစ်ဦးသဖွယ် ဆူပူသောင်းကျန်းလိုက်သည်။ သူမအား သံသယမဝင်စေလိုပေ။

 

အတတ်နိုင်ဆုံး အားနည်းဟန်ဆောင်ရမယ်.. မဟုတ်ဘူး.. သူတို့က ငါ့ကို အားနည်းတယ်လို့ မြင်မှဖြစ်မယ်.. အရင်ဆုံး ဒီအခန်းထဲကလူတွေမှာလည်း စွမ်းရည်ရှိနေနိုင်တယ်.. ဒါက ပုံမှန်ပဲ.. တချို့က မကောင်းတဲ့ ရည်ရွယ်ချက်ကို မပြပေမဲ့လည်း..

 

မကောင်းတဲ့ရည်ရွယ်ချက် ရှိနေရင်ကော.. ငါ့ကို အန္တရာယ်ရှိတယ်လို့ မြင်သွားတာနဲ့ ချိန်းခြောက်မလာဘူးလို့ ပြောနိုင်လား..

 

အင်စလေသည် မျက်လုံးပြာဖိုးဖိုးအား အလျင်စလို တွယ်တက်ပြီး မလွှတ်တော့ချေ။ အဖိုးအို၏ ရင်ဘက်ထဲ မျက်နှာဝှက်ကာ လူအိုကြီး၏ ကြောင်အနေသည့် မျက်နှာအား လျစ်လျူရှုလိုက်သည်။

 

"အင်..?" 

 

“ပြန်မယ်.. အိပ်ချင်..”

 

အင်စလေ လူအိုကြီး၏ ပွေ့ဖက်မှုထဲ၌ ရုန်းကန်နေသည်။ ထို့နောက် အဆက်မပြတ် သန်းဝေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

 

အခြားသူများအမြင်၌ အင်စလေ အိပ်ပျော်သွားပြီ ဖြစ်သည်။

 

အင်စလေသည် သူမအား ပြန်ပို့စေလိုသောကြောင့် အိပ်ချင်ယောင်ဆောင်လိုက်ခြင်းသာ။ သူမ၏ အကြံအစဉ် အောင်မြင်၏။

 

“သခင်မလေးက အိပ်ပျော်သွားပုံပဲ.. သူမကို ပြန်ပို့လိုက်ဦးမယ်.. မနက်ဖြန်ကျ မိသားစုဝင်အားလုံးကို ဒီကိုလာခိုင်းလိုက်.. သခင်မလေးက သူမရဲ့ အုပ်ထိန်းသူကို သူမကိုယ်တိုင် ရွေးချယ်လိမ့်မယ်..”

 

အပြာရောင်မျက်လုံးများနှင့် အကြီးအကဲ တည်ငြိမ်စွာ မတ်တတ်ရပ်လိုက်သည်။ သူ၏ ရွှေအိုရောင်ဆံပင်ရည်များမှာ ခြင်္သေ့လည်ဆံမွေးနှင့် တူ၏။ ခံ့ညားချောမောသည့် အသွင်မှာ ဘုရင်အာသာ၏ အငြိမ်းစားဘဝ ပုံရိပ်နှင့်ပင် တူသည်။

 

သံချပ်ကာအစား ဤလူအိုကြီးမှာ သပ်ရပ်သော အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားပြီး ဓားရှည်အစား သေနတ်နှင့်ဖြစ်သည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရောင်ဝါမှာ သန်မာအားကောင်းသောကြောင့် အင်စလေအား စိုးရိမ်စိတ် ဝင်လာစေသည်။

 

ဟူး.. ဒီအဖိုးကြီးက တကယ့်အချုပ်ပဲ..

 

မျှော်လင့်ထားသလိုပင် လူအိုကြီးမှ လေးနက်သောအသံနှင့် အမိန့်ပေးလိုက်သည့်အခါ ဆူညံနေသော အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး တပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသည်။

 

“ဟုတ်ကဲ့ပါ မဟာအကြီးအကဲ..”

 

မဟာအကြီးအကဲ... ဒီလူကြီးက ငါ့ကို သံသယဝင်နေတဲ့လူထက် ပိုမြင့်တာပေါ့.. အဲဒီ အနက်ရောင်မျက်လုံးတွေနဲ့ အဖိုးကြီး.. သူက အကြီးအကဲ ၇ ဖော်ထဲမှာ ခေါင်းဆောင်မဟုတ်ဘူးပဲ..

 

အင်စလေ ချောင်းဆိုးလိုက်သည်။ သူမ၏ မျက်လုံးများအား တင်းတင်းကြပ်ကြပ် မှိတ်ထားရင်း အကြီးအကဲမှ စားပွဲဝိုင်းနှင့် ဝေးရာသို့ လျှောက်သွားသည်ကို ခံစားမိသည်။ အကြီးအကဲသည် အင်စလေအား မနှိုးမိစေရန် သတိထားပြီး လျှောက်နေခြင်းဖြစ်ကာ မြေးမလေးအား သဲသဲလှုပ်ချစ်ခင်သော အဖိုးတစ်ဦးနှယ် ဖြစ်သည်။

 

အခန်းအတွင်းရှိ လူများမှာ မဟာအကြီးအကဲ၏ အပြုအမူအားမြင်ပြီးနောက် သက်ပြင်းချမိကြသည်။

 

“မဟာအကြီးအကဲက သခင်မလေးရဲ့ အုပ်ထိန်းသူ ဖြစ်ချင်တာများလား.. အဲလို ဖြစ်နိုင်လား..”

 

“ဖြစ်နိုင်တာပေါ့.. ဒါပေမဲ့ အကြီးအကဲ ၇ ဖော်က ကလေးတွေရှိလို့မရဘူးလေ.. မေ့နေတာလား..”

 

“အားး အဲဒီကျိန်စာ.. ဒါပေမဲ့ သခင်မလေးက အဆင်ပြေပုံပဲလေ..”