အခန်း ၉ နောက်ထပ်စွမ်းရည်
Viewers 3k

အခန်း ၉ နောက်ထပ်စွမ်းရည်

 

“ဒီတိုင်း ကံကောင်းတာပဲ ဖြစ်မှာပါ..”

 

အခြားလူတစ်ဦးမှ ပြောသည်။

 

အခန်းအတွင်းရှိ လူများ၏ တီးတိုးပြောသံများ တဖြည်းဖြည်း ကျယ်လောင်လာပြီး ထက်မြက်သည့် အကြားအာရုံရှိသော အင်စလေ ထိုစကားသံများအား ကြားနေရသည်။ အကြီးအကဲမှ စင်္ကြံတွင် လျှောက်နေရင်း ကလေးပေါက်စ၏ စိတ်ထဲရှိ သံသယတို့ ပိုများလာသည်။

 

ကျိန်စာလား.. ဒီအကြီးအကဲတွေက ကလေးတွေနဲ့ နီးနီးကပ်ကပ် နေလို့မရဘူးလား.. အဲဒါကြောင့် သားသမီး မြေးမြစ်တွေ မရှိကြတာလား.. ဒါဆို ဘာဖြစ်လို့ ငါက အဆင်ပြေနေတာလဲ.. ကျိန်စာ နှောင့်နှေးသွားတာလား ဘာလား..

 

အင်စလေ တံတွေးမြိုချလိုက်သည်။ သူမ၏ မျက်တောင်လေးများ လှုပ်သွားသော်ငြား မည်သူမျှ မမြင်လိုက်ချေ။ အပြာရောင်မျက်လုံးများနှင့် အကြီးအကဲပင်လျှင် မည်သည်ကိုမျှ သတိမပြုမိချေ။ လမ်းလျှောက်နေရင်း နောက်ဆုံး၌ အင်စလေ၏ အခန်းရှိရာသို့ ရောက်လာပြီး အိမ်ထဲရှိ အခြားအခန်းများနှင့် သီးခြားခွဲထားခြင်း ဖြစ်သည်။

 

အခန်းအတွင်းရောက်သည်နှင့် အကြီးအကဲသည် အင်စလေအား ပုခတ်ပေါ်တင်ကာ တစ်ယောက်တည်း ထားခဲ့သည်။ သူမအား နှိုးမည့်ရည်ရွယ်ချက် မရှိပေ။

 

“ကောင်းကောင်းအိပ်ပါ.. အနာဂတ်မျှော်လင့်ချက်လေး..”

 

အကြီးအကဲသည် ထိုစကားလုံးများကိုပြောပြီးနောက် တံခါးပိတ်လိုက်သည်။ ဤတစ်ကြိမ်တွင် တံခါးမှာ ကြားလပ်မရှိ တင်းတင်းကြပ်ကြပ် ပိတ်သွားခြင်းပင်။

 

အင်စလေ အကြီးအကဲထွက်သွားချိန်အထိ အသက်ရှူအောင့်ကာ မလှုပ်ရဲချေ။ ထက်မြက်သော အကြားအာရုံနှင့် ခြေသံများ လုံးလုံးပျောက်ကွယ်သွားချိန်ထိအောင် စောင့်နေသည်။

 

ထိုအခါမှသာ ကလေးပေါက်စ မျက်လုံးများဖွင့်ကာ အသက်ရှူထုတ်နိုင်တော့သည်။

 

“ဝှီး.. စိတ်လှုပ်ရှားလိုက်ရတာနော်.. ဒီအကြီးအကဲက အတော်လေးသန်မာတယ်လို့ ခံစားနေရတယ်..”

 

အင်စလေ နှုတ်ခမ်းဆူရင်း မျက်လုံးပြာများရှိသည့် အကြီးအကဲအား မှတ်ချက်ပြုသည်။

 

သူ့ရဲ့စွမ်းရည်က ဘာများဖြစ်မလဲ.. ဒီကမ္ဘာမှာ စွမ်းရည်တွေရှိနေတယ်ဆိုရင်.. စွမ်းရည်အသုံးပြုသူတွေလည်း အများကြီးရှိနိုင်တယ်.. ဒါမှမဟုတ် သာမန်ကမ္ဘာတစ်ခု ဖြစ်ပေမဲ့ ငါ့ဆီမှာပဲ စွမ်းရည်ရှိနေတာများလား..

 

အင်စလေ ပထမထင်မြင်ချက်အား ယုံကြည်ရန် ရွေးချယ်လိုက်သည်။ သူမသည် တစ်ကိုယ်ကောင်းဆန်သူ ဖြစ်သည့်တိုင်အောင် သူမ၏ ချူနီဗြော ဆဌမအာရုံအရ ဤကမ္ဘာမှာ စွမ်းရည်အသုံးပြုသူများနှင့် ပြည့်နေသော ကမ္ဘာတစ်ခုဟု ပြောနေသည်။

 

“ပိုသိအောင် ကြိုးစားရမယ်..”

 

အင်စလေ ခေါင်းအုံးပေါ် ခေါင်းတင်ရင်း ပြောသည်။

 

ယခုအခါ သူမထံ၌ စွမ်းရည် နှစ်ခု ရှိပြီဖြစ်သည်။ ထိုအရာမှာ ပုံမှန် ဟုတ်၊ မဟုတ် သိလို၏။ ဤကမ္ဘာနှင့် ပတ်သက်သည့် အသိပညာများစွာအား ဖော်ထုတ်ရန် လိုနေဆဲပင်။

 

“ပထမဆုံး ငါထိန်းချုပ်နိုင်မဲ့ အုပ်ထိန်းသူကောင်းတစ်ယောက် ရှာရမယ်.. အဲဒီ အုပ်ထိန်းသူကတဆင့် အချက်အလက်တွေ အများကြီး ရနိုင်တယ်.. ပြီးရင် သူမကနေတဆင့် မိသားစုကို ဦးဆောင်ရမယ်..”

 

အင်စလေ သူမ၏ အစီအစဉ်အား ပြန်ပြောရင်း ကောက်ကျစ်စွာ ပြုံးလိုက်သည်။ ထိုသို့ အကြိမ်ပေါင်းများစွာ ပြောနေရင်း လိုအပ်သည်။ သူမ၏ ရည်ရွယ်ချက်အား မေ့လျော့မသွားလိုပေ။ ယခုအခါ လမ်းလျှောက်ခါစ  ကလေးတစ်ဦး၏ ခန္ဓာကိုယ်ထဲ ရောက်ရှိနေခြင်းဖြစ်သည်။ သာမန်ကလေးပေါက်စတစ်ဦးဖြစ်သွားလျှင် မကောင်းတော့‌ချေ။

 

ဤခန္ဓာကိုယ်မှာ သူမအား ထိန်းချုပ်ကန့်သတ်ထားသောကြောင့် သူမ၏ စိတ်အာရုံ ထက်မြက်နေမှဖြစ်မည်။ (ကလေးဆိုတော့ အမြဲပဲအိပ်ချင်၊ စားချင်၊ ဆော့ချင်နေလို့ပါ)

 

“ဟုတ်တယ်.. စိတ်ရှည်ရမယ်.. ငါ့ စွမ်းရည် နှစ်ခုရဲ့ ကန့်သတ်ချက်နဲ့ ကြာမြင့်ချိန်ကို စစ်ဆေးမှပဲ..”

 

အင်စလေ စစ်ဆေးမှုစကာ အတွေးထဲ နစ်မြုပ်နေစဉ် အကြီးအကဲ ၇ ဖော်မှာ သီးခြားအစည်းအဝေးတစ်ခု ပြုလုပ်နေကြောင်း မသိလိုက်ချေ။

 

“သခင်မလေးက စွမ်းရည်နိုးထနေပြီဆိုတာ မင်းတို့ သတိပြုမိကြမှာပါ.. ကျုပ်ပြောတာဟုတ်လား..”

 

ရွှေအိုရောင်ဆံပင်နှင့် မျက်လုံးပြာများရှိသော အကြီးအကဲသည် စားပွဲဝိုင်းတွင် ထိုင်နေသည့် အခြားအကြီးအကဲများအား ကြည့်လိုက်သည်။

 

ဟုတ်သည်။ ကျန်အကြီးအကဲများမှာလည်း အင်စလေ သူမ၏ ညှို့ဓာတ်စွမ်းအင်ကို မသိစိတ်မှ အလိုအလျောက် အသုံးပြုနေကြောင်း သိကြသည်။ ကလေးငယ်မှာ သူမ၏ စွမ်းရည်အား ထိန်းချုပ်နိုင်စွမ်းမရှိဘဲ စွမ်းရည်ရှိနေသည်ကိုပင် မသိဟု ထင်ကြခြင်းပင်။

 

“ဟုတ်ပါတယ် မဟာအကြီးအကဲ.. သခင်မလေးက ၃ နှစ်ပဲ ရှိသေးတာကို စွမ်းရည်တစ်ခု နိုးထနေပြီ.. ပါရမီရှင်ပဲ မဟုတ်လား.. ခေါင်းဆောင်က သခင်မလေး မွေးလာပြီးကတည်းက ဘာဖြစ်လို့ သီးသန့်ခွဲထားရတယ်ဆိုတာ နားမလည်တော့ဘူး..”

 

အကြီးအကဲ ၇ ဖော်ထဲ၌ တစ်ဦးတည်းသော အမျိုးသမီးဖြစ်သူမှ ပြောသည်။

 

ပါရမီရှင်တစ်ယောက်ကို သီးသန့်ခွဲထုတ်ထားဖို့ ဘယ်သူက အရူးထတာလဲ..

 

“အင်း.. သူမ မွေးလာတော့ အရှုံးသမားတစ်ယောက်လို့ သတ်မှတ်ခဲ့ကြတာ.. ကျုပ်တို့က သားတစ်ယောက်လိုချင်ပေမဲ့ ကျွမ်းကျင်သူတွေ စစ်ဆေးတဲ့အခါ သူမက အမှိုက်တစ်စပဲလို့ ပြောခဲ့ကြတယ်..”

 

အစိမ်းရောင်ဆံပင်တိုများရှိသည့် အကြီးအကဲမှ အစိမ်းရောင်မုတ်ဆိတ်အား လက်ဖြင့်သပ်ရင်း ပြောသည်။

 

“အမှန်ပဲ.. ကျုပ်လည်း အဲဒီမှာ ရှိနေခဲ့တယ်.. အဲဒါကြောင့် ကျုပ်တို့မိသားစုရဲ့ ပါရမီရှင်မျိုးဆက်သစ်ဖြစ်တဲ့ ဘူးသီး ၅ လုံးက အနာဂတ်မှာ မိသားစုကို ဦးဆောင်ရမဲ့သူတွေလို့ သူတို့ကိုယ်သူတို့ ထင်နေကြတာပေါ့..”

 

အင်စလေအား ပထမဆုံး သတိပြုမိသည့် အနက်ရောင်မျက်လုံးများရှိသော အကြီးအကဲမှ သူငယ်ချင်းဖြစ်သူ၏ စကားအား ခေါင်းညိတ်ထောက်ခံသည်။

 

ကျွမ်းကျင်သူများမှ အမှိုက်တစ်စဟု မှတ်ချက်ပေးခဲ့သော်ငြား ကလေးပေါက်စမှာ မည်သည်ကြောင့် ပါရမီရှင်တစ်ဦး ဖြစ်လာရသနည်း။

 

ထိုမေးခွန်းမှာ အကြီးအကဲ ၇ ဖော်၏ စိတ်ထဲ၌ ရှိနေသည့်တိုင်အောင် မည်သူမျှ အဖြေမရှာနိုင်ချေ။

 

“အင်း.. ပြီးတော့ ကျုပ်အထင် သူမရဲ့ စွမ်းရည်က တစ်ခုတည်း မဟုတ်လောက်ဘူး..”

 

မျက်လုံးပြာ အကြီးအကဲမှ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

 

အခြားသူများသည် အဆိုပါအကြီးအကဲအား မယုံကြည်နိုင်မှုတို့ ပြည့်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

 

“ဘာကိုဆိုလိုတာလဲ.. သူမမှာ စွမ်းရည်အများကြီး ရှိနေတာလား..”

 

သွေးကဲ့သို့ နီရဲနေသော မျက်လုံးများရှိသည့် အကြီးအကဲမှ မေးခွန်းထိုက်သည်။ ရှည်လျားသော ဆံပင်ဖြူများရှိသည့် ထိုအကြီးအကဲမှာ ထူးဆန်းသည့်ခံစားမှုကို ပေးသည်။

 

အချို့မှာ အဆိုပါအကြီးအကဲအား သွေးစုပ်ဖုတ်ကောင်ဟု ထင်လေ့ရှိသည်။

 

“ကျုပ်တို့အားလုံးက ကျိန်စာသင့်နေတယ်ဆိုတာ မင်းတို့သိတယ်ဟုတ်.. ကျုပ်တို့ရဲ့ စွမ်းအားတွေ ဖလှယ်ဖို့အတွက် ကလေးတွေနဲ့ မျက်နှာချင်းဆိုင်လို့ မရဘူး.. အသက် ၅ နှစ်အောက် ကလေးတိုင်းက ကျုပ်တို့ကို တွေ့တာနဲ့ သေသွားလေ့ရှိတယ်..”

 

မျက်လုံးပြာအကြီးအကဲမှ အလေးအနက်ဆိုသည်။

 

မျက်လုံးပြာအကြီးအကဲမှာ နက်နဲသော မျက်နှာနှင့် ကြည်လင်အေးငြိမ်းသော မျက်လုံးများထဲ၌ စိတ်ပျက်ငြီးငွေ့မှုတို့ ရှိနေသည်။

 

အခြားအကြီးအကဲများသည်လည်း တိတ်ဆိတ်သွားတော့သည်။ အကြီးအကဲများမှာ မျက်လုံးပြာအကြီးအကဲနှင့် တူညီသော မျက်နှာအမူအရာ ရှိကြသည်။

 

နောင်တတရားနှင့် ဖီဆန်လိုမှုတို့ ပါဝင်သော အမူအရာများပင်။

 

“ဒါပေမဲ့ သခင်မလေးက ကျုပ်တို့နဲ့တွေ့တော့ အဆင်ပြေနေသားပဲ.. ဘာဖြစ်လို့ နောက်ထပ် စွမ်းရည်တစ်ခု ရှိနေတယ်လို့ ထင်တာလဲ..”

 

မြစိမ်းရောင်မျက်လုံးများနှင့် အနက်ရောင်ဆံပင်ရှိသော အကြီးအကဲမှ မေးသည်။

 

အင်စလေအား စားပွဲဝိုင်း၏ အလယ်၌ ထားရခြင်းအကြောင်းမှာ ထိုသို့ဆိုလျှင် သူမ၏ နောက်၌ရှိသော အကြီးအကဲများအား မမြင်နိုင်သောကြောင့်ပင်။

 

သို့သော် ကလေးငယ်မှာ အကြီးအကဲများ၏ တည်ရှိမှုအား သတိပြုမိသည့်အပြင် ကျိန်စာသက်ရောက်မှုလည်း မခံရချေ။ ထိုစဉ်က အကြီးအကဲများမှာ ကလေးငယ်၏ ချစ်စဖွယ်ကောင်းလွန်းသော ဆွဲဆောင်မှုအောက် ကျရောက်နေခဲ့သဖြင့် ကျိန်စာအကြောင်း ခေတ္တမျှ မေ့လျော့သွားခဲ့ကြသည်။

 

“ဟုတ်တယ်.. ဘေဘီအင်မှာ နောက်ထပ် မွေးရာပါစွမ်းရည်တစ်ခု ရှိရမယ်.. အဲဒါက ဘာများလဲ..”

 

နက်ပြာရောင်ဆံပင်နှင့် နဂါးကဲ့သို့ ရွှေရောင်မျက်ဆံများရှိသော အကြီးအကဲမှ ပြောသည်။ ထိုအကြီးအကဲမှာ အနောက်တိုင်းနဂါးတစ်ကောင် လူအသွင်ပြောင်းထားခြင်းနှင့် တူလေသည်။

 

သူ၏မေးခွန်းမှာ ကျန်အကြီးအကဲများအား နှိုးဆွလိုက်နိုင်သည်။

 

ကလေးငယ်ထံ၌ ကလေးတစ်ဦး၏ ညှို့ဓာတ်အပြင် မည်သည့်စွမ်းရည် ရှိနေသနည်း။