“သူမမှာ ဓာတ်ပြယ်စွမ်းရည် ရှိနေတယ်လို့ ထင်တယ်.. ဒါမှမဟုတ်..”
မျက်လုံးပြာအကြီးအကဲမှ “ကံကောင်းမှု” ဟု ပြောချင်သော်ငြား ရပ်လိုက်သည်။ ကလေးငယ်မှာ ကံကောင်းမှုတစ်ခုတည်းနှင့် ရှင်သန်နိုင်လျှင် သူမ၏ ကံတရားမှာ မည်မျှကောင်းမွန်နေသနည်း။
ကျိန်စာ၏ သက်ရောက်မှုကိုပင် ကာကွယ်နိုင်မည်ဆိုလျှင် မယုံနိုင်စရာပင်။
“ဘာပဲဖြစ်ဖြစ် သခင်မလေးကို စောင့်ကြည့်နေရမယ်.. မိသားစုထဲက မြေခွေးအိုတွေက သူမရဲ့ အုပ်ထိန်းသူအဖြစ် ရွေးချယ်ခံရဖို့ ဖျားယောင်းနိုင်တယ်.. သခင်မလေးသာ လူမှားပြီး ရွေးလိုက်ရင်...”
မျက်လုံးပြာအကြီးအကဲ စိုးရိမ်မိသည်။
သူတို့၏ သခင်မလေးမှာ ရုပ်သေးခေါင်းဆောင်တစ်ဦး ဖြစ်လာမည်။ ထို့နောက် သူတို့သည် ကလေးငယ်၏ အုပ်ထိန်းသူ ဖြစ်လာရုံသာ မဟုတ်ပေ။ ကလေး၏ ဖုံးကွယ်ထားသော စွမ်းရည်အား ဖော်ထုတ်လိုက်လျှင် ကလေးငယ်အား ပစ်မှတ်ထားသူများ ရှိလာနိုင်သည်။
ဤစလိုအန်မိသားစုမှာ အပေါ်ယံမြင်နေရသလောက် ငြိမ်းချမ်းနေခြင်း မဟုတ်ပေ။
“မိသားစုကို ကယ်တင်နိုင်မဲ့ ကောင်းမွန်တဲ့ အုပ်ထိန်းသူတစ်ယောက်ကို ရွေးချယ်နိုင်ဖို့ မျှော်လင့်ပါတယ်.. ဒီပုံအတိုင်းဆို ကျွန်မတို့ အကြီးအကဲ ၇ ဖော် တောင်မှပဲ စလိုအန်မိသားစုရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး..”
အကြီးအကဲ ၇ ဖော်ထဲမှ တစ်ဦးတည်းသော အမျိုးသမီးမှာ ထိုသို့ပြောရင်း သက်ပြင်းချလိုက်သည်။
သူတို့မှာ သန်မာအားကောင်းကြသည့်တိုင်အောင် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ပြဿနာများအား ဖြေရှင်းနိုင်စွမ်း မရှိကြချေ။ ခေါင်းဆောင်သာ ရှိနေဦးမည်ဆိုလျှင် မိသားစုအကြပ်အတည်းအား ဖြေရှင်းနိုင်လောက်သည်။
“ဟုတ်တယ်.. ဘေဘီအင်ကို ယုံကြည်ကြစို့.. သူမက သာမန်ကလေးတွေနဲ့ မတူဘူး.. ဘူးသီး ၅ လုံးလိုမျိုး ကြီးပြင်းလာဖို့ပဲ မျှော်လင့်ကြတာပေါ့..”
မျက်လုံးနက်များရှိသည့် အကြီးအကဲမှ မျက်လုံးများမှိတ်ရင်း ပြောသည်။
ဘူးသီး ၅ လုံးမှာ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ခြင်းမရှိသလို လောဘတက်ခြင်းလည်း မရှိကြချေ။ သူတို့သည် ခေါင်းဆောင်နေရာရယူရန်ထက် မိသားစုကို ကာကွယ်ရန်သာ ပိုလိုလားကြသည်။
ဘုရားတရားမပြီး သခင်မလေးက ဘူးသီး ၅ လုံးနဲ့ ယှဉ်နိုင်မယ်ဆိုရင် အသက် ၁၅ နှစ် ကျော်တာနဲ့ မိသားစုခေါင်းဆောင်နေရာကို လက်လွှဲယူနိုင်ပြီ..
အကြီးအကဲများ ဆွေးနွေးနေစဉ် သခင်မလေး အုပ်ထိန်းသူတစ်ယောက် လိုအပ်သည်ဟူသော သတင်းစကားမှာ ပင်မမိသားစုအတွင်း ပျံ့နှံ့သွားပြီးဖြစ်သည်။ မိသားစုအခွဲများပင်လျှင် ထိုသတင်းအား ရရှိကြသည်။
သခင်မလေး၏ အုပ်ထိန်းသူအဖြစ် ရွေးချယ်ခံရသူ မည်သူမဆို စလိုအန်မိသားစု၏ ခေါင်းဆောင်ဖြစ်လာမည်ပင်။
လောဘကြီးသော ကျားအိုနှင့် မြေခွေးအိုများသည် မနက်ဖြန်ပြုလုပ်မည့် အစည်းအဝေး တက်ရောက်ရန် အမျိုးမျိုးသော မိသားစုဝင်များအား စေလွှတ်လိုက်သည်။
စေလွှတ်သူအရေအတွက်မှာ ၁၀၀၀ နီးပါးရှိပြီး မိသားစုအကုန် မဟုတ်သေးချေ။ ပင်မမိသားစုမှ အစည်းအဝေးတက်ရောက်ခွင့်ရမည့်သူများအား ရွေးချယ်နေစဉ် မိသားစုခွဲများသည် အထူးချွန်ဆုံးသောသူများအား ပေးပို့လိုက်ကြသည်။
သခင်မလေး၏ စိတ်ဝင်စားမှုအား ရရှိနိုင်မည့် အထူးချွန်ဆုံးသူများအား စေလွှတ်ခြင်းပင်။ ချောမောသောအသွင်အပြင်နှင့် သန်မာအားကောင်းသော အထူးစွမ်းရည်ရှိကာ ကလေးများနှင့် ဆက်ဆံနိုင်မည့်သူများအား ရွေးချယ်စေလွှတ်သည်။
အချို့သူများမှာ ကလေးငယ်များအား ကိုင်တွယ်နိုင်မည့်ပုံ မရသော်ငြား သန့်စင်သောစွမ်းရည်ကြောင့် ရွေးချယ်ခံရသည်။
ထိုသို့ဖြင့် စလိုအန်မိသားစု၏ ပင်မစံအိမ်၏ ခန်းမကျယ်ထဲ၌ အမျိုးမျိုးသော စွမ်းရည်ရှိသူများ စုဝေးနေကြသည်။ အဖြစ်အပျက်များမှာ ညတွင်းချင်း ဖြစ်ပွားခဲ့ခြင်းပင်။ ဤကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သူမှာမူ သူမဖန်တီးလိုက်သည့် ကိစ္စကြီးအား အနည်းငယ်မျှပင် သိထားခြင်းမရှိချေ။
နောက်တစ်နေ့၌။
အင်စလေ နိုးလာချိန်၌ သူမ၏ပတ်လည်တွင် အိမ်အကူများစွာ ရောက်ရှိနေသည်။ ယမန်နေ့ကနှင့် မတူညီဘဲ အိမ်အကူများမှာ အပြုံးကိုယ်စီနှင့်ဖြစ်ပြီး နူးညံ့သိမ်မွေ့ကာ နွေးထွေးကြသည်။
သာမန်ကလေးတစ်ဦးသာဆိုလျှင် ဤသို့ဆက်ဆံခံရပါက အလွန်သဘောကျနှစ်ခြိုက်ကာ ကျေနပ်မိလိမ့်မည်။ အင်စလေမှာမူ သာမန်ကလေးမဟုတ်ချေ။ အန်နီမဲနှင့် မန်ဟွများစွာ ဖတ်ရှုဖူးသူတစ်ဦးအနေဖြင့် သူမ၏ ရှုထောင့်မှာ အခြားသူများနှင့် ကွဲပြားသည်။
ဘာလဲဟ.. အရမ်းပဲနွေးထွေးနေတဲ့ပုံက ပုံမှန်မဟုတ်ဘူးနော်..
အင်စလေ မျက်နှာမဲ့နေရာမှ ပြန်ပြင်လိုက်သည်။ ကလေးငယ်တစ်ဦးသဖွယ် အပြစ်ကင်းစင်၍ သန့်စင်သော အကြည့်နှင့် ကြည့်လိုက်ပြီး အိမ်အကူများအား အလိုရှိသလို ပြုမူစေသည်။ အိမ်အကူများမှာ အင်စလေ၏ မျက်နှာအပြောင်းအလဲကို သတိမပြုမိဘဲ မင်းသမီးလေးသဖွယ် ဝတ်ဆင်ပေးကြသည်။
ယနေ့တွင် မင်းသမီးလေးအား အနီရောင်တစ်ဆက်တည်းဂါဝန်လေးပေါ် ခါးတစ်ပိုင်းပြတ် အနက်ရောင်သားမွေး အပေါ်ထပ်လေး ဆင်ပေးသည်။ ခရမ်းရောင်ဆံပင်တိုလေးအား ဦးခေါင်းထက်၌ အထုံးလေးထုံးပေးပြီးနောက် နှင်းဆီနီကလစ်များစွာဖြင့် အလှဆင်လိုက်သည်။
ကလေးငယ်အား အပြာရောင်ဆွဲပြားနှင့် ငွေလည်ဆွဲတစ်ခု ဆွဲပေးရန်လည်း မမေ့ကြချေ။ ဆွဲပြားပေါ်တွင် စလိုအန်မိသားစု၏ သင်္ကေတဖြစ်သည့်_
ကွေးနေသော လင်းပိုင်တစ်ကောင် ဖြစ်သည်။
ဟုတ်သည်။ စလိုအန်မိသားစု၏ သင်္ကေတမှာ အံ့ဩဖွယ်ကောင်းလောက်အောင် လင်းပိုင်ကွေးတစ်ကောင်ပင်။ မာဖီးယားမိသားစု၏ သင်္ကေတနှင့် မတူဘဲ မှော်မိသားစုတစ်ခုနှင့်ပင် တူလေသည်။
အင်စလေ မျက်ခုံးပင့်ကာ သူမ၏ လည်ပင်းတစ်ဝက် တွဲလောင်းကျနေသည့် ဆွဲပြားအား ကြည့်လိုက်သည်။ ကလေးပေါက်စမှာ ဆွဲပြားအားကြည့်ရုံကလွဲ၍ အခြားမလုပ်ချေ။ ထိုစဉ် အိမ်အကူများသည် ပူပြင်းလှသော ရာသီဥတုနှင့် လားလားမျှ မသက်ဆိုင်သော အနက်ရောင်သားမွေးဘွတ်ဖိနပ်အား စီးပေးလိုက်သည်။
အင်း.. လင်းပိုင်ကွေးတဲ့လား.. ဝှက်စာတစ်ခုခုများလား.. များသောအားဖြင့် ငါဖတ်ခဲ့ဖူးတဲ့ မန်ဟွတွေမှာဆိုရင် မိသားစုသင်္ကေတတွေက အဓိပ္ပါယ်ကြီးကြီးမားမား ရှိနေတတတ်တယ်.. တစ်ခါတစ်လေ လျှို့ဝှက်တာဝန်တွေရဲ့ အဓိကအချက်တောင် ဖြစ်နေသေးတာ..
အင်စလေ လင်းပိုင်ကွေးဆွဲပြားအား ထိလိုက်သည်။ သူမအသားထဲသို့ ဆွဲပြားမှ လေအေးများ ဝင်လာသလိုပင်။ ဤဆွဲပြားမှာ အမျိုးအမည်မသိရသော သတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသည်မှာ သေချာသည်။
သာမန်သံသတ္တုမဟုတ်ဘူး..
ဒီဆွဲပြားက ခေါင်းဆောင်အဆက်ဆက် လက်ဆင့်ကမ်းလာတာများလား.. ဘယ်လိုပဲဖြစ်ဖြစ် ထူးဆန်းနေတယ်..
အင်စလေ ဆွဲပြား၏ အဓိပ္ပါယ်အား သိရှိနိုင်ရန် ကြိုးစားနေစဉ် အဖြူအနက်ဝတ်စုံများ ဝတ်ဆင်ထားသော အိမ်အကူများထဲမှ တစ်ဦး စကားပြောလာသည်။
“ပြီးပါပြီ သခင်မလေး..”
အိမ်အကူ နူးညံ့စွာပြုံးပြီးနောက် အင်စလေအား အခန်းအပြင်ထွက်ရန် ဖြည်းဖြည်းတွန်းလိုက်သည်။
ကလေးပေါက်စ အခန်းအပြင်ရောက်သည်နှင့် အိမ်အကူများ နောက်မှ လိုက်ပါလာကြသည်။ အိမ်အကူများမှာ ကလေးခြေလှမ်းများနှင့် ကိုက်ညီအောင် ခပ်ဖြည်းဖြည်း လျှောက်ကြပြီး အလွန်စိတ်ရှည်သည်းခံကြသည်။
အင်စလေ ထိုအရာအား ခန့်မှန်းပြီးနောက် မကျေမနပ် ဖြစ်လာသည်။ ရှည်လျားသော စင်္ကြံတစ်လျှောက် သူမဘာသာ လျှောက်နေရသည်မှာ အလွန်မောပန်းလှ၏။
သူတို့က ဘာကိစ္စနဲ့ ငါ့ကို ချီပြီး မြန်မြန်လေး မလျှောက်ကြတာတုန်း..
အင်စလေ အိမ်အကူများအား သူမအားပွေ့ချီကာ ခန်းမကျယ်သို့ ခေါ်ဆောင်သွားပေးရန် ပြောလိုသော်ငြား အကူအညီတောင်းလိုစိတ်အား ဖိနှိပ်လိုက်သည်။
သူမကိုယ်တိုင် လမ်းလျှောက်စေသည့် အကြောင်းအရင်း ရှိရမည်။ ဆက်ခံသူသခင်မလေး၏ ကြီးမြတ်သော ဂုဏ်သိက္ခာအား ပြသလိုခြင်းများလား။
ဒါမှမဟုတ်.. နှိပ်စက်ခြင်းတစ်မျိုးလား.. ဒီအိမ်အကူတွေက ငါ့ကို မသိမသာနဲ့ အနိုင်ကျင့်နေကြတာလား..