အခန်း ၁၁ ဆက်ခံသူသခင်မလေး
Viewers 3k

အခန်း ၁၁ ဆက်ခံသူသခင်မလေး

 

သူမအား အနိုင်ကျင့်နေသည်ဟု ထင်သောကြောင့် အင်စလေ အိမ်အကူများအား အပြစ်တင်လိုသည်။ သို့သော် သူမ မည်မျှပင် စိတ်ကူးယဉ်ဆန်သော ချူနီဗြောရောဂါသည်တစ်ဦးနေစေကာမူ အရူးတစ်ယောက် မဟုတ်ချေ။

 

တစ်နေ့ မိသားစုခေါင်းဆောင်ဖြစ်လာမည့်သူအား အိမ်အကူများမှ ဤကဲ့သို့ ပေါ်တင်အနိုင်ကျင့်လိမ့်မည် မဟုတ်ချေ။ ယခုအခါ သူမထံ၌ အုပ်ထိန်းသူတစ်ဦး ရှိလာသည်နှင့် အမည်ခံသာဖြစ်သည့်တိုင်အောင် မိသားစုခေါင်းဆောင်ဟု ခေါ်ဆိုနိုင်မည်ဖြစ်သည်။

 

သူတို့က ငါ့ကို အနိုင်ကျင့်နေတာ မဟုတ်ဘူးဆိုရင် ဘာဖြစ်လို့ မပွေ့သွားကြတာလဲ..

 

ဖြစ်နိုင်တာက...

 

မာဖီးယားမိသားစုဆိုတာ တင်းကြပ်သင့်တယ် မဟုတ်လား.. ဆိုတော့ ကလေးတွေကို ငယ်ငယ်ကတည်းက အမှီအခိုကင်းအောင် လေ့ကျင်ပေးတာမျိုးဆိုရင်တော့ နားလည်ပေးလို့ရပါတယ်လေ..

 

သူတို့က ငါ့ကို သာမန်ကလေးတစ်ယောက်ရဲ့ စံနှုန်းကို ကျော်လွန်စေချင်လို့ ဒီလောက်အကွာအဝေးကို ငါ့ဘာသာ လျှောက်ခိုင်းတာပဲ.. မျှော်လင့်ထားသလိုပဲ မာဖီးယားမိသားစုကတော့.. ဟက်..

 

ဂုဏ်သိက္ခာမြင့်မားသော ဆက်ခံသူတစ်ဦးဖြစ်ကြောင်း သက်သေပြရန်အတွက် ကိုယ့်အားကိုယ်ကိုးကာ လမ်းလျှောက်ရခြင်းဖြစ်ကြောင်း အင်စလေ ကိုယ့်ကိုယ်ကိုယ် အယုံသွင်းလိုက်သည်။

 

မိမိကိုယ်ကိုယ် အဓိကဇာတ်ဆောင်တစ်ဦးဟု မှတ်ယူထားသူတစ်ဦးအနေနှင့် အင်စလေသည် အလွန်ဝေးကွာသည့် ခရီးအား လျှောက်ရန် ရုန်းကန်နေရမည့်အစား အထက်စီးဆန်စွာဖြင့် ဆောင့်ကြွားကြွား လျှောက်လှမ်းသွားသည်။

 

ဟွန့်.. ကြီးမြတ်တဲ့ငါက ခြေထောက်တိုတိုလေးတွေကြောင့်နဲ့တော့ ကျဆုံးသွားမှာ မဟုတ်ဘူး..

 

အင်စလေ ခြေထောက်ကြွကာ ခပ်မြန်မြန်လျှောက်လှမ်းသွားသည်မှာ ချစ်စရာကြောင်ပေါက်လေးတစ်ကောင် လှုပ်လီလှုပ်လဲ့ သွားနေသည်နှင့် တူလှသည်။

 

မာဖီးယားမိသားစုများမှာ တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများ ရှိသည်ဆိုသော ထင်မြင်ချက်မှာ မှန်သော်ငြား အိမ်အကူများမှ အင်စလေအား ပွေ့ချီသယ်ဆောင်သွားခြင်း မပြုသည်မှာ သူမထင်နေသကဲ့သို့ မဟုတ်ချေ။

 

အိမ်အကူများသည် အင်စလေ အဓိကခန်းမ (ခန်းမကျယ်) သို့ ရောက်ရှိသွားမည့်အချိန်ကို စောင့်မျှော်နေကြခြင်းပင်။ ကိုယ့်အားကိုယ်ကိုးကာ အကောင်းဆုံးကြိုးစား၍ လျှောက်လှမ်းနေသည့် သခင်မလေးအားကြည့်နေရင်း မျက်လုံးများ ရဲလာကြသည်။

 

အားးး အဲဒီ ခြေပုတိုလေးတွေကို ကြည့်ပါဦး.. သူမက အခုထိ ကိုယ့်ဘာသာ လျှောက်ချင်နေတုန်းပဲ..

 

ဘုရားရေ.. သခင်မလေးက ဘယ်လိုတောင် ပြောင်းလဲသွားတာလဲ.. အရင်က အရမ်းပဲ အလိုလိုက်ခံထားရတာလေ.. အခုတော့ ကိုယ့်အားကိုယ်ကိုးတတ်နေပြီ..

 

အကြီးအကဲတွေက သခင်မလေး အရွယ်ရောက်လာရင် ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေးပေးလိုက်တာ အံ့ဩစရာ မရှိတော့ပါဘူး.. သခင်မလေးက အတော်ဆုံးပဲ..

 

ကြည့်ပါဦး.. လမ်းလျှောက်ဖို့ အားကုန်ရုန်းကန်နေရပေမဲ့ လုံးဝ အထွန့်မတက်ဘူး.. အရမ်းပဲ ထူးချွန်လိုက်တာ..

 

အိမ်အကူများသည် အမှီအခိုကင်းမဲ့သူတစ်ယောက်ဖြစ်လာလိုသော ကလေးပေါက်စ၏ သန်မာသော စိတ်ဆန္ဒနှင့် လွှမ်းမိုးခံလိုက်ရသည်။ လမ်းလျှောက်ခါစ ကလေးငယ်မှာ ငယ်ရွယ်အားနည်းသော်ငြား အိမ်အကူများအဖို့ တမူထူးစွာ ကျော့ရှင်းတင့်တယ်နေ၏။

 

အင်စလေ ညှို့ဓာတ်စွမ်းရည် အသုံးပြုထားခြင်း မရှိချိန်မှာပင် ထိုမျှ ဆွဲဆောင်နိုင်စွမ်း ရှိနေခြင်းဖြစ်သည်။

 

အိမ်အကူများသည် အင်စလေ အဓိကခန်းမသို့ သွားရာတစ်လျှောက် နောက်မှလိုက်ပါရင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ အကွာအဝေးမှာ အတော်လှမ်းသောကြောင့် အဓိကခန်းမသို့ ရောက်ရန် မိနစ် ၃၀ မျှ လျှောက်ရသည်။

 

လူကြီးတစ်ဦးအတွက်မူ ၁၀ မိနစ်ခန့်သာလိုသည်။ သို့သော် အင်စလေအတွက်မူ အကွာအဝေးမှာ ၃ ဆပင်။

 

နောက်ဆုံးတော့ ရောက်ပြီလေ..

 

အင်စလေ လင်းပိုင်ကွေးသင်္ကေတ ထွင်းထုထားသော ရွှေရောင်တံခါးမကြီ၏အရှေ့သို့ ရောက်မှသာ စိတ်သက်သာရာရတော့သည်။

 

အဓိကခန်းမက ဒီတံခါးနောက်မှာ ဖြစ်ရမယ်..

 

အင်စလေ အသက်ပြင်းပြင်းရှူရင်း စိတ်ပြင်ဆင်လိုက်သည်။ သူမ၏ နှလုံးခုန်နှုန်းမှာ ပုံမှန်ထက် အနည်းငယ်ပိုမြန်နေသော်ငြား သူမ၏ စိတ်ခံစားချက်အား အလျင်အမြန် ထိန်းချုပ်လိုက်သည်။

 

ဟုတ်တယ်.. ငါနောက်တွန့်နေလို့ မရဘူး.. ချစ်ဖို့ကောင်းတဲ့ ကလေးလေးလို ဟန်ဆောင်ပြီး အဓိကခန်းမတစ်ခုလုံးကို သိမ်းပိုက်ရမယ်..

 

ပြီးပြည့်စုံတဲ့ အဓိကဇာတ်ဆောင်တစ်ယောက် ဖြစ်လာဖို့ ပထမဆုံး ခြေလှမ်းပဲ..

 

ဤအချိန်တွင်မူ အဓိကခန်းမထဲသို့ ဝင်ရောက်ရန် အိမ်အကူတစ်ဦးမှ ခေါ်ဆောင်ပေးသွားလိမ့်မည်ဟု အင်စလေ ထင်ခဲ့သည်။ ထိုအခါမှသာ အဓိကခန်းမထဲရှိ လူများအား တူညီသောအမြင့်မှ ကြည့်နိုင်မည် ဖြစ်သည်။

 

ကနဦး စီစဉ်ထားသည်မှာ ထိုသို့ဖြစ်သည်။ သို့သော် အိမ်အကူများသည် အင်စလေ၏ ကိုယ့်အားကိုယ်ကိုးနေမှုအား ထောက်ခံအားပေးသည့်အနေနှင့် နားလည်မှုရှိရှိ နောက်ဆုတ်လိုက်ကြသည်။

 

တံခါးစောင့်များမှ အင်စလေ၏အမည် ကြေညာပြီးသည့်တိုင်အောင် မည်သူကမျှ အင်စလေအား ပွေ့ချီခေါ်ယူခြင်း မရှိကြချေ။

 

“ဆက်ခံသူသခင်မလေး လေဒီ အင်စလေစလိုအန် ရောက်လာပါပြီ..”

 

မိုးခြိမ်းလုတမျှ ကျယ်လောင်သော အသံနှင့်အတူ ရွှေရောင်တံခါး ပွင့်လာသည်။ စက္ကန့်အနည်းငယ်အတွင်း ခန်းမအတွင်းရှိ အမျိုးမျိုးသော စကားသံများ တိတ်ဆိတ်သွားပြီး လေးလံသော တံခါးမကြီးမှ ထွက်‌ပေါ်လာသည် ကျွီကျွီမြည်သံကိုသာ ကြားနေရသည်။

 

ထောင်ပေါင်းများစွာသော မျက်လုံးများသည် တံခါးရှိရာသို့ တပြိုင်နက်တည်း ကြည့်လိုက်ကြပြီး ထိုလူများ၏ အာရုံမှာလည်း လူကြီးတစ်ဦး၏ ဒူးခေါင်းလောက်သာမြင့်သော ပုံရိပ်လေးပေါ်၌သာ ရှိနေသည်။

 

လမ်းလျှောက်ခါစကလေးတစ်ဦး၏ ပုံရိပ် မြင်ကွင်းထဲပေါ်လာသည်။ ဗီလိန်တစ်ဦးနှင့်တူသော ခရမ်းရောင်ဆံပင်များအား ဦးခေါင်းထိပ်၌ အထုံးလေးထုံးထားသည်။ အပြာရောင်မျက်လုံးများမှာ သူမ၏ လည်ပင်း၌ ဆွဲထားသော လင်းပိုင်ကွေး ပြန်လည်မွေးဖွားလာသလိုပင်။

 

ကလေးပေါက်စသည် ခြေပုတိုလေးများဖြင့် တံခါးဝမှ စင်မြင့်ထိ ခင်းထားသော ကော်ဇောနီထက်၌ တိတ်ဆိတ်စွာ လျှောက်လှမ်းနေသည်။ စင်မြင့်ထက်၌ ကြီးကျယ်ခမ်းနားသော အနီရောင်ထိုင်ခုံနှင့် ရွှေရောင်ပုလ္လင်တစ်လုံးရှိလေသည်။

 

စကျင်ကျောက်များဖြင့် အလှဆင်ထားသော အဓိကခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အဖြူအနက်ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူများသည် အလိုအလျောက် ဘေးသို့ကပ်ကာ ကလေးငယ်အတွက် လမ်းရှင်းပေးသည်။ သူတို့၏ လှုပ်ရှားမှုမှာ လက်တစ်ချက်လှုပ်ရုံနှင့် ကွဲထွက်သွားသော ပင်လယ်နီနှင့်ပင် တူသည်။

 

လူတိုင်း နောက်ဆုတ်သွားပြီးနောက် ယခင်က ကျိတ်ကျိတ်တိုးနေသော ကော်ဇောနီမှာ ဗလာကျင်းသွားလေသည်။ ကော်ဇော်နီပေါ်၌ လမ်းလျှောက်လာသူ တစ်ဦးသာ ရှိတော့သည်။

 

ထိုသူမှာ အင်စလေ ဖြစ်သည်။

 

ကလေးငယ်၏ ပုံသဏ္ဌာန်မှာ သေးငယ်ကာ အားနည်းပုံရသော်ငြား သူမ၏ မျက်လုံးများမှာ ပင်လယ်သားရဲကဲ့သို့ တောက်ပနေသည်။ ထိုမျက်လုံးများမှာ လင်းပိုင်တစ်ကောင်၏ အပြစ်ကင်းစင်မှုနှင့် သန့်စင်သော အနှစ်သာရများ ပါဝင်သည်။

 

အဓိကခန်းမအတွင်းရှိလူများ အသက်ရှူအောင့်လိုက်ကြသည်။ ထိုသူအားလုံးသည် ခြေပုတိုလေးများဖြင့် လူပင်လယ်ကြီးအားဖြတ်သန်းကာ လျှောက်လှမ်းနေသော အကောင်ပေါက်လေးအား အကြည့်မလွှဲနိုင်ဘဲ ရှိနေကြသည်။

 

သတ္တိရှိရှိနှင့် ရဲဝံ့စွာ တစ်ဦးတည်းချီတက်နေသော ကလေးငယ်လေးအား မြင်ရသည့်အခါ နှလုံးသားထဲ၌ မအံ့ဩဘဲ မနေနိုင်ချေ။ လက်သွေးစွန်းနေသောလူများ၏ ဖိအားကို မည်သည့်ကလေးကမျှ ခံနိုင်ရည်မရှိချေ။

 

အပြင်ပန်း၌ ကြင်နာပုံရသော်ငြား သူတို့၏ သွေးဆာသော စရိုက်လက္ခဏာအား အလွယ်တကူ မဖိနှိပ်နိုင်ပေ။

 

ဤကဲ့သို့သော လူများစွာနှင့် ရင်ဆိုင်ရပါက မာဖီးယားမိသားစုမှ ကလေးများပင် နောက်တွန့်ကာ တုန်ယင်လာကြပေမည်။ သာမန်ကလေးများမှာမူ ကြောက်လန့်တကြား အော်ဟစ်ထွက်ပြေးငိုကြွေးမည်သာ။

 

သို့သော် ဤ ၃ နှစ်အရွယ်သာရှိသေးသည့် လမ်းလျှောက်ခါစ ကလေးငယ်မှာမူ ပတ်ဝန်းကျင်ရှိ ဧည့်ပရိသတ်များ၏ အကြည့်များကိုပင် စိတ်အနှောင့်အယှက်ဖြစ်ပုံမရချေ။ သူမ၏ မျက်လုံးများမှာ စင်ပေါ်ရှိ ရွှေပလ္လင်ကိုသာ အာရုံစူးစိုက်ထားလေသည်။ ထိုလူများမှာ သူမ၏ မျက်လုံးထဲပင် မဝင်နိုင်ပုံရသည်။

 

နုံချာလိုက်တာ..

 

ယင်းမှာ ကလေးငယ်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါပင်။ တမင်ရည်ရွယ်၍ ပြုလုပ်ခြင်းမဟုတ်သော်ငြား သူမ၏ ဖိအားမှာ ခန်းမအတွင်းရှိလူများအား ခြိမ်းခြောက်ရန် လုံလောက်သည်။

 

ဆက်ခံသူသခင်မလေးမှာ ဆက်ခံသူသခင်မလေး ဖြစ်နေဆဲပင်။

 

မဟုတ်လို့ ဘာဖြစ်ရမှာလဲ..