ထိုအချိန်တွင် အင်စလေမှာ အပေါ့သွားချင်သလို ခံစားရသည်။ ကလေးပေါက်စသည် အံတင်းတင်းကြိတ်ရင်း လူအုပ်ကြီး၏ အကြည့်များအား လျစ်လျူရှုကာ ရှေ့သို့လျှောက်လှမ်းနေသည်။
ဖာ့.. ဘာကိစ္စနဲ့ အဲလောက်တောင် များနေရတာတုန်း.. အကုန်လုံးက ကြောက်ဖို့ကောင်းလိုက်တာ.. လူသတ်သမားတွေနဲ့ တူတယ်လို့.. အာ.. သူတို့က လူသတ်သမားတွေပဲကို.. မာဖီးယားတွေလေ..
အင်စလေ စစ်မရောက်မီ မြှားကုန်သလို ခံစားရသည်။ မိုးလောက်ထိမြင့်နေသော ယုံကြည်ချက်တို့မှာ အဓိကခန်းမအတွင်း ခြေချလိုက်ချိန်မှာပင် အဝီစိသို့ ထိုးဆင်းသွားသည်။
ဤဧည့်သည်များထံမှ ထွက်ပေါ်လာသည့် ဖိအားမှာ သူမစိတ်ကူးထားသည်ထက် ကျော်လွန်နေ၏။ တစ်ဦးချင်းစီ၏ ပတ်လည်၌ သေဆုံးခြင်းအငွေ့အသက်များ လွှမ်းခြုံထားပြီး လေထုထဲ၌ သွေးနံ့များ ရစ်ဝဲနေသယောင်ပင်။
သူမ၏ ပုံမှန်မဟုတ်သော ဆဌမအာရုံကြောင့် ထင်ယောင်ထင်မှား ဖြစ်နေခြင်း ဖြစ်နိုင်သော်ငြား အင်စလေမှာ ဤခန္ဓာကိုယ်အတွင်း ရောက်ရှိပြီးချိန်မှစ၍ လူတစ်ဦး၏ အရောင်အဝါ၊ အငွေ့အသက်များအပေါ် ပို၍ အာရုံခံနိုင်စွမ်း ရှိလာသည်။
ထိုလူများ၏ နောက်ဘက်၌ အမျိုးမျိုးသော သားရဲများ၏ ပုံရိပ်များအား ဝိုးတဝါး မြင်နေရသည်။ အချို့မှာ ဒြပ်စင်ရောင်ဝါရှိပြီး အချို့မှာမူ မြူခိုးဖြူများ ရစ်ဝဲနေသည်။
ထိုအရာများသည် ထိုလူများ၏ အထူးစွမ်းရည်များအား ကိုယ်စားပြုသောအရာများ ဖြစ်ရမည်။
ထိုလူများမှာ အဆင့်မြင့်စွမ်းရည်အသုံးပြုသူများပင်။
အင်စလေ ထိုသို့လက်ခံလိုက်သည်။ ကလေးပေါက်စမှာ ကျားဂူထဲဝင်လာမိသော သိုးကလေးပမာ ခံစားရသည်။
ဒီလို ကြမ်းကြမ်းတမ်းတမ်းလူတွေကို ကလေးတစ်ယောက်က ဘယ်လိုလွှမ်းမိုးနိုင်မှာလဲ..
အကြီးအကဲများထံမှပင် ထိုသို့သော ဖိအားပေးသည့် အငွေ့အသက်များ မခံစားရချေ။ ပြောရမည်ဆိုလျှင် ဤလူများထက် အကြီးအကဲများနှင့် အတူရှိနေရသည်မှာ ပို၍ သက်သောင့်သက်သာ ခံစားရသည်။
ထိုလူများမှာ အလွန်တောက်ပစွာ ပြုံးလျက်နှင့် သူမ လမ်းလျှောက်လာသည်ကို ကြည့်နေကြသည့်တိုင်အောင် အတုအယောင်ဆန်လှသည်။
ဒီသောက်.. ဒီစွမ်းရည်အသုံးပြုသူတွေနဲ့ မာဖီးယားမိသားစုကို လျှော့တွက်မိတာပဲ.. ဒီကမ္ဘာအကြောင်း များများစားစား မသိသေးခင် အရမ်းကြီး ထောင်လွှားနေလို့ မဖြစ်ဘူး..
အင်စလေ အလွန်ကြောက်လန့်သွားသောကြောင့် ခပ်တောင့်တောင့်ဖြစ်သွားသည်။ ခန္ဓာကိုယ်ပင် မတွန့်ရဲတော့ချေ။ သူမ၏ မျက်လုံးများမှာလည်း ထိုလူအုပ်အား မကြည့်ဘဲ စင်ပေါ်ရှိ ပလ္လင်ကိုသာ တန်းတန်းမတ်မတ် ကြည့်နေသည်။
ယင်းမှာ သူမ၏ ခုခံမှုနည်းလမ်းပင်။ ထိုသို့ မပြုလုပ်ပါက သူမ၏ စိတ်ကျန်းမာရေးအခြေအနေအတွက် မကောင်းနိုင်ပေ။ ကလေးတစ်ဦး၏ စိတ်ဓာတ်ခိုင်မာမှုမှာ ဤနေရာရှိလူများ၏ ဖိအားကို ခုခံနိုင်လောက်အောင် မသန်မာချေ။
ဤလူများမှာ စလိုအန်မိသားစုရှိ အကောင်းတကာ့ အကောင်းဆုံးများ ဖြစ်ရမည်။
သူမ၏ ကြောက်ရွံ့မှုအား ဖိနှိပ်နေစဉ် အင်စလေသည် စင်မြင့်ရှိရာသို့ ရောက်သည့်တိုင်အောင် လမ်းဆက်လျှောက်နေ၏။ ကလေးငယ်သည် အဖြူအနက် စကျင်ကျောက်များဖြင့် ခမ်းနားထည်ဝါစွာ အလှဆင်ထားသော အဓိကခန်းမကိုပင် ခံစားကြည့်ရှုရန် အချိန်မရှိချေ။
စင်မြင့်ရှိရာသို့ ရောက်သည်နှင့် ကလေးပေါက်စသည် ချက်ချင်းပင် ပလ္လင်ပေါ်သို့ ခက်ခက်ခဲခဲ တွယ်တက်လိုက်သည်။ ကလေးသည် ပလ္လင်ပေါ်၌ မထိုင်နိုင်မီ ခြေပုတိုလေးများကြောင့် အကြိမ်အနည်းငယ်ခန့် ပြုတ်ကျခဲ့ရသည်။
ဒါပဲကွ
အင်စလေ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် ခေါင်းမော့လိုက်ရာ ခန်းမအတွင်းရှိ လူများအား မြင်တွေ့လိုက်ရသည်။ ထိုသူအားလုံးမှာ ထူးဆန်းသည့် အရာတစ်ခုအား မျက်မြင်တွေ့လိုက်သကဲ့သို့ အင်စလေးအား ကြောင်အစွာ စိုက်ကြည့်နေကြခြင်းပင်။
သောက်ပလုတ်တုတ်
အင်စလေ အသက်ရှူရခက်လာသည်။ ကလေးငယ်မှာ အချိန်များ ရပ်သွားသလို ခံစားမိသည်။ ထိုလူများ၏ အကြည့်များမှာ အမှန်တကယ် ထူးဆန်းထိတ်လန့်ဖွယ်ပင်။
ဘာ.. ဘာလဲ.. ဘာဖြစ်နေတာလဲ.. ငါ့ပုံက အတော်လေး ရှက်စရာကောင်းနေတာလား.. သူတို့က ဘာဖြစ်လို့ ငါ့ကို သနားနေကြတာလဲ..
မှန်သည်။ ထိုလူများ၏ အကြည့်မှာ အင်စလေအား သနားကရုဏာသက်ခြင်းမှလွဲ အခြားမဟုတ်ချေ။ အင်စလေအား သနားမိသော်ငြား တစ်ချိန်တည်းမှာပင် ပါးဖောင်းဖောင်းလေးများအား ဖျစ်ညှစ်ပစ်ချင်စိတ်ကိုပါ မနည်းထိန်းချုပ်နေရသည်။
လမ်းလျှောက်ခါစ ကလေးတစ်ဦးမှာ အခက်အခဲများစွာနှင့် ပလ္လင်ပေါ်သို့ တွယ်တက်နေရသည်။ သူမသည် ပလ္လင်အား အုပ်စိုးနိုင်ရန် အားထုတ်ကြိုးပမ်းနေခြင်းဖြစ်သော်ငြား သစ်ပင်ပေါ်တက်ရန် ကြိုးစားနေပါသော ရှဉ့်ပေါက်ကလေးသဖွယ်ပင်။
နောက်တစ်နည်းဆိုရသော်...
အလွန်ချစ်ဖို့ကောင်း၏။
ဂလု (တံတွေးမျိုချသံ)
ခန်းမအတွင်းရှိလူများသည် သူတို့၏ တာဝန်များအား အမှတ်ရနေစေရန် လက်သီးတင်းတင်းဆုပ်ထားသည်။ သခင်မလေးမှာ သူတို့မျှော်လင့်ထားသည်ထက် ပိုမိုချစ်စဖွယ်ဖြစ်နေသည့်တိုင်အောင် စိတ်ယိုင်သွား၍ မရချေ။
မည်သူမျှ စကားမပြောတော့သဖြင့် အဓိကခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထိုသူများ၏ လေးနက်တည်ကြည်သော မျက်နှာအမူအရာများအား မြင်တွေ့ရသည်မှာ ဈာပနပွဲတစ်ခုသို့ တက်ရောက်နေသည့်နှယ်။ တင်းမာသော လေထုအခြေအနေမှာ အင်စလေအပေါ် ဖိအားများစေသည်။ သူမ၏ သန်မာသော စိတ်ဓာတ်ကြောင့်သာ မဟုတ်လျှင် သတိလစ်မေ့လဲသွားလောက်ပေပြီ။
ဟေ့.. တစ်ခုခုပြောကြလေ.. အစည်းအဝေးက ဘယ်တော့မှ စမှာလဲဟ.. အာ.. ခဏလေး.. ဒါက အစည်းအဝေးလား.. ဒါဆိုရင် ငါ့ရဲ့ အုပ်ထိန်းသူကို ရွေးဖို့ စစ်ဆေးရမှာပေါ့လေ..
အင်စလေ ခြေထောက်သေးသေးလေးများအား ချိတ်လိုက်ပြီးနောက် အနက်ရောင်အမွေးနုလေးများပါသည့် အပေါ်ဝတ်အား လက်ဖြင့်ဆုပ်ရင်း ထိုလူများထံမှ ထွက်ပေါ်လာသည့် ဖိအားများအား ရင်ဆိုင်လိုက်သည်။ ထိုလူများသည် အင်စလေအား ကောင်းကင်ပေါ်မှ ပြုတ်ကျလာသော အရသာရှိသည့် ပိုင်မုန့်သဖွယ် ကြည့်နေကြခြင်းပင်။
ဒီလူတွေ... သူတို့က ငါ့ကို ရုပ်သေးခေါင်းဆောင် လုပ်ချင်နေကြတာ မဟုတ်လား.. ငါက သူတို့အပေါ် မှီခိုလိုက်ပြီဆိုရင် အရွယ်ရောက်လာရင်တောင် သူတို့က အကျိုးအမြတ်တွေအများကြီး ရအောင်ယူသွားကြမှာ..
အင်စလေ အံတင်းတင်းကြိတ်ကာ သူမအရှေ့ရှိ လူများ၏ မျက်လုံးများအား စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ သူမနှင့် အဆိုပါလူအုပ်ကြား အကွာအဝေးမှာ ၅ မီတာမျှသာ ရှိသောကြောင့် အလွန်နီးကပ်နေသည်ဟု ခံစားရသည်။
ဂါးးး အကြီးအကဲတွေ ဘယ်မှာလဲ.. ဘာဖြစ်လို့ ရောက်မလာကြတာလဲ..
အင်စလေသည် အကြီးအကဲများ ရောက်လာပြီး အုပ်ထိန်းသူရွေးပွဲ စစေလိုသည်။ သူမ၏ဆန္ဒအား ဖြည့်ဆည်းပေးလိုက်သည့်နှယ် ရုတ်တရက် ပလ္လင်ဘေး၌ အပြာရောင်မျက်လုံးများရှိသော အကြီးအကဲ ပေါ်လာသည်။
အလွန်ရုတ်တရက်ဆန်စွာ ပေါ်လာသောကြောင့် အင်စလေ နှလုံးဖောက်လုနီးနီးပင် ဖြစ်သွားရသည်။
နေရာရွှေ့ပြောင်းပို့ဆောင်တာလား.. (တယ်လီပို့)
နေရာရွှေ့ပြောင်းပို့ဆောင်ခြင်း၏ နောက်ဆက်တွဲလေများ အင်စလေ၏ ပါးဖောင်းဖောင်းလေးသို့ ရိုက်ခတ်လာသောကြောင့် ထူးဆန်းသည့်ခံစားချက် ရသည်။ ဆိုပါလေများကြောင့်သာမဟုတ်လျှင် အကြီးအကဲ နေရာရွှေ့ပြောင်းပို့ဆောင်းခြင်း အသုံးပြုကြောင်း အင်စလေ သတိပြုမိမည် မဟုတ်ချေ။
သောက်ခွေး.. အရမ်းပဲ အစွမ်းထက်လွန်းတယ်.. ဒီ တယ်လီပို့က အကြီးအကဲရဲ့ စွမ်းအားလား.. ဂါးးး အရမ်းကောင်းနေရော.. သန်မာလိုက်တာ..
အင်စလေ အကြီးအကဲအား တိတ်တဆိတ် လေးစားအားကျနေစဉ် အကြီးအကဲသည် အင်စလေအား တစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြုံးပြလာသည်။ အဆိုပါအကြီးအကဲသည် အပြင်ပန်း၌ နွေးထွေးပုံရသော်ငြား လူအုပ်ကို မျက်နှာမူလိုက်သည်နှင့် ချက်ချင်း အေးစက်သွားတော့သည်။
“ရောက်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..”
အကြီးအကဲ လက်နောက်ပစ်ကာ မေးချီလိုက်သည်။ အေးစက်သောအသံမှာ အဓိကခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားပြီး လူအုပ်ကြီး သတိဆွဲလိုက်သလိုပင်။
“မဟာအကြီးကဲကို နှုတ်ဆက်ပါတယ်..”
လူအုပ်ကြီးသည် မည်သည့်အမိန့်ပေးချက်မှ မလိုဘက်ဘဲ ချက်ချင်းဆိုသလို တစ်ပြိုင်နက်တည်း ခေါင်းငုံ့ကာ အကြီးအကဲအား နှုတ်ဆက်ကြသည်။
အိုး.. ဝိုးးးး