လူတစ်ရာကျော် တစ်ညီတစ်ညွတ်တည်း ဦးညွှတ်နေသည့် မြင်ကွင်းမှာ အင်စလေအား ထိတ်လန့်စေသည်။ ကလေးငယ်သည် ပါးစပ်ဟကာ အကြီးအကဲအား တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
ဒီဖိုးဖိုးက မိသားစုထဲမှာ ရာထူးကြီးကြီး ရှိနေတာပဲ.. သူ့ကို ငါ့ရဲ့ အုပ်ထိန်းသူအဖြစ် ရွေးလို့မရဘူးလား..
အင်စလေသည် အကြီးအကဲအားကြည့်ရင်း မျက်လုံးလေးများ တဖျက်ဖျက်လက်နေတော့သည်။ သူမ၏ ရည်ရွယ်ချက်မှာ အလွန်သိသာနေသောကြောင့် အကြီးအကဲဖိုးဖိုးမှာ အနည်းငယ် ဝန်လေးလာမိသည်။
အင်စလေ၏ အကြည့်များအား လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်သည်။
“ဒီနေ့မှာတော့ သခင်မလေးက မိသားစုခေါင်းဆောင်ရာထူး ဆက်ခံမှာ ဖြစ်တယ်.. မိသားစုခေါင်းဆောင်ရာထူးကို ဆက်ခံဖို့အတွက် သခင်မလေးရဲ့ ညာလက်ရုံးအဖြစ် တာဝန်ထမ်းဆောင်ဖို့ အုပ်ထိန်းသူတစ်ယောက် လိုအပ်တယ်..”
အကြီးအကဲ ချောင်းဟန့်လိုက်ပြီးနောက် ယနေ့စုဝေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းပြသည်။
ရောက်လာကြသူများမှာ အစည်းအဝေးအကြောင်းအရာအား သိရှိထားပြီးဖြစ်သောကြောင့် အခွင့်အရေးရရန် စောင့်ဆိုင်းနေကြခြင်းပင်။
“ကောင်းပြီ.. သခင်မလေးက သူမရဲ့ အုပ်ထိန်းသူကို ကိုယ်တိုင်ရွေးချယ်မှာဖြစ်တယ်.. ဒါကြောင့် ရှေ့ဆုံးတန်းကနေစပြီး သခင်မလေးရဲ့ တစ်ယောက်ပြီးတစ်ယောက် တွေ့ဆုံရမယ်.. တစ်ယောက်ကို ၁၀ စက္ကန့်စီ ရမယ်..”
အကြီးအကဲ လက်ဝှေ့ယမ်းကာ အရှေ့ဆုံးတွင်ရှိနေသည့် လူများအား စတင်ရန် အချက်ပြလိုက်သည်။
ဤမျှတိုတောင်းသော ညွှန်ကြားချက်နှင့်ဆိုလျှင် လူတိုင်း ရှုပ်ထွေးသွားမည်မှာ အသေအချာပင်။ သို့သော် အဓိကခန်းမထဲရှိ လူ တစ်ထောင်နီးပါးမှာမူ ထိုသို့မဟုတ်ချေ။ သူတို့ကိုယ်သူတို့ အကောင်းဆုံး ပြင်ဆင်ထားကြပြီးဖြစ်သည်။
ထိုသို့နှင့် အကြီးအကဲ အမိန့်ပေးလိုသည့် အခိုက်အတန့်မှာပင် ကော်ဇော်နီပေါ်၌ စီရရီ တန်းစီလိုက်ကြပြီးနောက် သခင်မလေးအား နွေးထွေးစွာ ပြုံးပြနှုတ်ဆက်ကြလေသည်။
"ဆက်ခံသူသခင်မလေးကို နှုတ်ဆက်ပါတယ်.. ကျွန်တော်ကတော့.. "
“မင်္ဂလာပါ သခင်မလေး.. ကျွန်မက..”
“ကျွန်တော်က မိသားစုခွဲကပါ.. ဒါတွေလုပ်နိုင်...”
“သခင်မလေးက အရမ်းလှတာပဲ.. ကျွန်တော့်ကို ရွေးမယ်ဆိုရင်...”
လူပေါင်းများစွာသည် အင်စလေရှေ့၌ သူတို့ကိုယ်သူတို့ မိတ်ဆက်ကြပြီး သူတို့အား အုပ်ထိန်းသူအဖြစ် ရွေးချယ်မည်ဆိုပါက အမျိုးမျိုးသော အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြသည်။ အချို့မှာ အင်စလေအား အစားအသောက်များ၊ အရုပ်များဖြင့် လာဘ်ထိုးကြသည်။
ရေစွမ်းအင်ထိန်းချုပ်ခြင်း၊ မြေစွမ်းအင်ထိန်းချုပ်ခြင်း၊ ရေခဲစွမ်းအင်ထိန်းချုပ်ခြင်း စသဖြင့် စွမ်းအားပြသသူများလည်းရှိသည်။
အများစုသည် ကလေးငယ်အား လက်ဆောင်များပေးအပ်ခြင်းဖြင့် မျက်နှာချိုသွေးကြသောကြောင့် ပလ္လင်ဘေး၌ အမျိုးမျိုးသော လက်ဆောင်များမှာ တောင်ပူစာလေးသဖွယ် ရှိနေသည်။
များမကြာမီ အင်စလေ လူ ၅၀ ခန့် တွေ့ဆုံပြီးဖြစ်သော်ငြား တစ်ဦးတစ်လေကိုမျှ စိတ်ဝင်စားခြင်း မရှိချေ။ စွမ်းရည်အသုံးပြုသူများအား မြင်သည့်အခါ မျက်လုံးလေးများ ပြူးကြည့်မိသော်ငြား ချူနီဗြောတစ်ဦးအနေနှင့် သူမ၏ စိတ်ဝင်စားမှုအား ဆွဲငင်နိုင်သည့်အရာဟူ၍ မရှိချေ။
လူ ၁၀၀ မြောက်တွင် ကလေးပေါက်စမှာ သန်းဝေမိတော့သည်။
ဒီလူတွေက ပုပ်သိုးနေတာ.. လုံးဝ ကြင်နာတတ်တဲ့ပုံမပေါ်ဘူး.. ဟား.. ငါ့ရဲ့ ဘယ်ဘက်မျက်လုံးကတော့ ယားနေပြန်ပြီ.. ဒီလူတွေက အုပ်ထိန်းသူကောင်းတစ်ယောက် ဖြစ်လာမှာမဟုတ်ဘူးဆိုပြီး ငါ့ရဲ့ချိပ်ပိတ်ခံထားရတဲ့ စွမ်းအားက ပြောနေတယ်.. ငါ ယုံကြည်မှရမယ်..
အင်စလေသည် ထိုလူများအား မသိနားမလည်သော မျက်နှာလေးဖြင့် ကြည့်နေသည့်တိုင်အောင် သေသေချာချာ အကဲခတ်နေခြင်း ဖြစ်သည်။ ငြင်းပယ်ရာ၌လည်း ကလေးဆန်ဆန် မရင့်ကျက်ပုံပေါ်၏။
"ဟုတ်ဝူး.. ဦးဦးက ကြောက်ချာကြီး.."
"ဦးဦးက ပျင်းချာကြီး.. "
"လက်ချောင်ကို အင် ကြိုက်ဝူး.."
"ဦးဦးက ရိုင်းဒယ်.."
"တီတီ့စွမ်းအားက သေးသေးလေး (အားနည်းတယ်)"
"ပျင်းချာဂျီးးးးး"
"နောက်တျောက်"
အင်စလေ မည်သူမျှ မနိုင်သော အလိုလိုက်ခံထားရ၍ ပျက်စီးနေသည့် ကလေးဆိုးတစ်ဦးသဖွယ် ပြုမူတော့သည်။ ထိုအခါမှသာ အနာဂတ်ခေါင်းဆောင်သည် အလွန်အထက်စီးဆန် မောက်ကာကာ သူမကိုယ်သူမ ရှေ့တန်းတင်သူဖြစ်ကြောင်း လူတိုင်းနားလည်သဘောပေါက်သွားကြသည်။
အင်စလေသည် သူမအား မိတ်ဆက်နေကြသူများကို ပျော်ရွှင်မှုမပေးနိုင်သောကြောင့် စိတ်ဝင်စားမှုမရှိဟူသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ လမ်းလျှောက်ခါစ ကလေးတစ်ဦးအား ကျေနပ်စေရန်မှာ အလွန်လွယ်ကူသင့်သည်။ သို့သော် မည်သည်ကြောင့် ဤသို့ဖြစ်ရသနည်း။
အင်စလေမှာ အနည်းငယ်မျှပင် ဆီလျော်မှု ရှိမနေခြင်း ဖြစ်သည်။
စကားမပြောရသေးခင်မှာပင် ငြင်းပယ်ခံရသူ ၂၀၀ ကျော်ရှိသည်။ အကြောင်းပြချက်မှာ_
"ရမ်းရုပ်ချိုးဒယ်.. "
"အရပ် ရမ်းရှည်ဒယ်.."
"ပိန်ပိန်လေးမို့ရို့.."
"ကိုယ်လုံးကြီးကြီးဒွေဂို အင် ကြိုက်ဝူး"
"ထွေးမ"
"ဦးဦးချောချောဒွေဂိုဘဲ လိုဂျင်ဒါ"
အင်စလေ မောက်မာစွာဖြင့် အော်ဟစ်ပြောဆိုသည်။ ချောမောလှပသော အမျိုးသမီးများနှင့် အခြားအမျိုးသားများအား သူမနှင့် စကားပြောခွင့်ပင် မပေးချေ။ ချောမောခံ့ညားသည့် အမျိုးသားအချို့မှာ မိတ်ဆက်စကားပြောခွင့်ရရှိသော်ငြား အဆုံးတွင် ငြင်းပယ်ခံရသည်။
ရောက်ရှိလာသူ ထက်ဝက်ကျော်အား ငြင်းပယ်ပြီးနောက် ကျန်ရှိသူများ မကျေမနပ်ဖြစ်လာကြသည်။
“သူမက အရမ်းကို မဆီလျော်ရာကျမနေဘူးလား အကြီးအကဲ.. ဒီလောက်တောင် ရိုင်းစိုင်းနေရင် ဘယ်သူက သူမရဲ့ အုပ်ထိန်းသူ ဖြစ်နိုင်တော့မှာလဲ..”
“မဟာအကြီးအကဲ.. သခင်မလေးက ပျက်စီးနေပါပြီ.. သူမအတွက် ဆရာတစ်ယောက် ရှာပေးသင့်ပါတယ်..”
“မဟာအကြီးအကဲ.. မရင့်ကျက်သေးတဲ့ ကလေးတစ်ယောက်ကို သူမရဲ့ အုပ်ထိန်းသူ ကိုယ်တိုင်ရွေးချယ်ခိုင်းတာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ထင်မိပါတယ်..”
“အကြီးအကဲကပဲ သခင်မလေးအတွက် အုပ်ထိန်းသူကို ရွေးလိုက်သင့်ပါတယ်.. ဒီလိုသာ ဆက်သွားနေ..”
“ဟုတ်ပါတယ် အကြီးအကဲ.. ဆက်ခံသူသခင်မလေးက မြင်းရိုင်းတစ်ကောင်လို ဖြစ်နေပါတယ်.. သူမရဲ့ အပြုအမူတွေကို သင်ကြားပေးဖို့ တင်းကြပ်တဲ့ အုပ်ထိန်းသူတစ်ယောက် လိုအပ်နေပါတယ်..”
အခန်းအတွင်းရှိလူများမှာ မကျေမနပ်နှင့် အကြီးအကဲအား စတင်ညည်းညူကြသည်။ ဆက်ခံသူအပေါ် မကျေနပ်မှုများအား ထုတ်ဖော်လာကြသည်။ ယခင်က ဆက်ခံသူမှာ တည်ငြိမ်လေးနက်ပြီး မြင့်မြတ်ဟန်ရှိသောကြောင့် ကောင်းမွန်လိမ္မာသည့် ကလေးတစ်ဦးဟု ထင်မြင်မိခဲ့ခြင်းပင်။
ယခုအခါ ဓားပြတစ်ဦးကဲ့သို့ ပြုမူနေခြင်းသာ။
အင်စလေသည် သူမ၏ ထက်မြက်လှသော အကြားအာရုံကြောင့် အကြီးအကဲများထံ တောင်းဆိုနေကြသူများ၏ စကားသံများအား ကြားလေသည်။ သို့သော် ဂရုမစိုက်ချေ။
သူမသည် သာမန်ကလေးတစ်ဦးသဖွယ် ပြုမူခဲ့ပြီး ‘တစ်ကိုယ်ကောင်းဆန်သူ’ ဟူသော သဘာဝကို ထင်ထင်ရှားရှား ပြလေသည်။ သူမ၏ အုပ်ထိန်းသူအား ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့် ရရှိပြီးနောက် ဆက်ခံသူသခင်မလေးဟူသည့် ဂုဏ်သိက္ခာရှိ မြင့်မြတ်မှုအား ပြသရန် မလိုတော့ချေ။
ဟုတ်တယ်.. အရင်တုန်းက ပုံစံက နင်တို့ကို သတိပေးလိုက်တာပဲ.. အဲဒါက အလုပ်မလုပ်ဘူးဆိုတော့ ဘာကိစ္စနဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးလေး လို နေရမှာလဲ..
အင်စလေ နှာမှုတ်ပြီးနောက် စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။ ကလေးငယ်သည် ထိုလူများ၏ မသန့်ရှင်းသည့် အစစ်အမှန် ရည်ရွယ်ချက်များအား ထွင်းဖောက်မြင်နေသကဲ့သို့ ဆက်တိုက်ငြင်းပယ်နေသည်။
သို့သော် အကြီးအကဲမှ စကားပြောလာချိန်၌မူ လိမ္မာနာခံတတ်သည့် မြေးမလေးသဖွယ် ပြောင်းလဲသွားသောကြောင့် အခန်းတွင်းရှိလူတိုင်း အံ့ဩဆွံ့အသွားကြသည်။
“အကြီးအကဲ.. အရူးလုပ်မခံပါနဲ့.. ဆက်ခံသူသခင်မလေးက တကယ်ပဲ ရိုင်းစိုင်းတာပါ..”
“အမ်.. သူမက ငါ့အတွက်တော့ ချိုသာယဉ်ကျေးပြီး အပြုအမူကောင်းတွေရှိတဲ့ ကလေးလေးပဲ..”
အကြီးအကဲ ပြုံးလိုက်သော်ငြား မျက်လုံးများမှာ ထိုသို့မဟုတ်ချေ။
ဤလူများမှာ အင်စလေအပေါ် အမြတ်ထုတ်ချင်နေကြသူများဖြစ်ကြောင်း သူသိသည်။ ကလေးငယ်မှာ ထိုလူများအပေါ် ရွံရှာမုန်းတီးမှုအား ဖော်ပြနေသည်။
ဒီလို ထက်မြက်တဲ့ ကလေးလေးကို ဘယ်လိုလုပ်ပြီး အပြစ်ပေးရမှာလဲ.. ဒီလူတွေရဲ့ မကောင်းတဲ့ စိတ်ဓာတ်ကို ခံစားမိနေတာပဲဖြစ်မယ်.. ဒါကြောင့်မို့ သူတို့ကို မောင်းထုတ်ဖို့ ဆိုးဝါးတဲ့ ကလေးလေးလို ပြုမူနေတာ..
ထိုသို့ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်စေ၊ မသိစိတ်မှ အလိုအလျောက် ပြုမူခြင်းဖြစ်စေ ဆက်ခံသူသခင်မလေးမှာ အမှန်တကယ် ထူးချွန်ထက်မြက်သော ပါရမီရှင်လေးပင် ဖြစ်ရမည်။
အကြီးအကဲမှာ ထိုသို့တွေးမိပြီးနောက် မပြုံးဘဲ မနေနိုင်တော့ချေ။
လေဒီအင်စလေမှာ အမှန်တကယ်ကိုပင် ဉာဏ်ကြီးရှင်၊ ပါရမီရှင် ကလေးတစ်ဦး ဖြစ်၏။