အင်စလေမှာ ထက်မြက်သည့် အာရုံခံစားမှုရှိသောကြောင့် မရိုးသားသော ရည်ရွယ်ချက်များဖြင့် ချဉ်းကပ်လာသူများအား အာရုံခံနိုင်စွမ်းရှိသည်ဟု အကြီးအကဲ ယုံကြည်သည်။ သူမ၏ ပင်ကိုယ်သိစိတ်မှ အလိုအလျောက်တုံ့ပြန်နေခြင်းသာ။
“ငါ့ကို ဆန္ဒပြမနေကြနဲ့.. အုပ်ထိန်းသူရွေးချယ်မဲ့ ကိစ္စကို သခင်မလေးဆီ လွှဲထားပြီးသား.. သူမမှာ အဲလိုရွေးချယ်ခွင့်ရှိတယ်..”
အကြီးအကဲမှ စုဝေးပွဲသို့ ရောက်လာသော ရွေးချယ်ခံများ၏ မကျေမချမ်း ညည်းညူတိုင်ကြားမှုများအား ပယ်ချပြီးနောက် မည်သူမျှ မချေပနိုင်တော့ချေ။ အင်စလေထံမှ ချက်ချင်းငြင်းဆိုခံရသူများမှာ ခန်းမအတွင်းမှ ထွက်သွားကြပြီး အင်စလေနှင့် မတွေ့ဆုံရသေးသူများမှာမူ အင်စလေအား သတိအနေအထားဖြင့် ကြည့်နေကြသည်။
အကြီးအကဲသည် သခင်မလေးအား လျှို့ဝှက်အစီအစဉ်ချမှတ်ကာ ငြင်းပယ်ခိုင်းနေခြင်းများလားဟု ထင်မြင်မိလာကြသည်။
ထိုသို့ဖြင့် ရွေးချယ်ခံများမှာ သူတို့၏ လောဘများအား ကွယ်ဝှက်ပြီးနောက် ဆက်ခံသူသခင်မလေးရှေ့၌ စွမ်းအားများ ပြသတော့သည်။ သူတို့အား အုပ်ထိန်းသူအဖြစ် ရွေးချယ်မည်ဆိုပါက တောက်ပသော အနာဂတ်တစ်ခု ရှိမည်ဖြစ်ကြောင်းပါ အာမခံကြသည်။
ကံမကောင်းစွာဖြင့် အင်စလေသည် သူမ၏ အုပ်ထိန်းသူအား ထက်မြက်သူတစ်ယောက် မဖြစ်စေလိုပေ။ ငွေစာရင်းကိုင်တွယ်ရန် သို့မဟုတ် အခြားအရာများ ပြုလုပ်ရန် ဉာဏ်ရည်မြင့်မားပြီး ထူးချွန်ထက်မြက်သော ညာလက်ရုံးတစ်ယောက် ရွေးချယ်မည်ဖြစ်သော်ငြား သူမ၏ အုပ်ထိန်းသူမှာမူ ထိုသို့ဖြစ်၍မရချေ။
ငါ့အုပ်ထိန်းသူဆိုတာက မိသားစုကို သွယ်ဝိုက်သောနည်းနဲ့ ဦးဆောင်ဖို့အတွက် အကူကိရိယာတစ်ခုပဲ ဖြစ်ရမယ်.. ဘာကိစ္စနဲ့ အရမ်းကို တော်နေ တတ်နေတဲ့သူကို ရွေးရမှာတုန်း.. သန့်စင်၊ ကြင်နာပြီး သန်မာတဲ့သူကို ရွေးချယ်မှာ.. အရမ်းထုံထိုင်းတဲ့သူ မဖြစ်ရဘူး..
ရွေးချယ်ခံရမည့်သူမှာ သစ္စာရှိသူဖြစ်ပြီး သူမအပေါ် မကောင်းသည့်ခံစားချက်မျိုး မရှိရပေ။ အမျိုးသားများထက် အမျိုးသမီးတစ်ဦးအား ပို၍လိုချင်သည်။ သူမရွေးချယ်မိသော အမျိုးသားမှာ ကလေးသူငယ်များအပေါ် လိင်စိတ်တပ်မက်သူတစ်ဦး ဖြစ်နေလျှင် မကောင်းချေ။
အင်စလေ၏ စံသတ်မှတ်မှုမှာ ရိုးရှင်းသော်ငြား သူမ၏ သတ်မှတ်မှုနှင့် ကိုက်ညီသောသူ မရှိခြင်းသာဖြစ်သည်။ အမျိုးသမီးများမှာ ပရောပရည်လုပ်တတ်လွန်းပြီး အလွန်ရည်မှန်းချက်ကြီးမားပုံရသော အမျိုးသားများအားလည်း သဘောမကျချေ။
ငါ့ရုပ်သေးဖြစ်လာနိုင်မဲ့သူ မရှိတော့ဘူးလား..
မှန်သည်။ အခြားသူတစ်ဦး၏ ရုပ်သေးဖြစ်လာရမည့်အစား သူမ၏ အုပ်ထိန်းသူ ဖြစ်လာမည့်သူအား သူမကြိုးဆွဲရာကမည့်သူ ဖြစ်စေချင်သည်။ သူမ၏ ညှို့ဓာတ်စွမ်းရည် အသုံးပြုထားခြင်း မရှိလျှင်ပင် သူမအပေါ် အမှန်တကယ် သဘောကျနှစ်သက်သူမျိုးအား လိုချင်၏။
အချိန်ကုန်လွန်ပြီး နောက်ဆုံးတွင် ရွေးချယ်ခံ ၅ ဦးသာ ကျန်တော့သည်။ ထိုလူများမှာ အခြားသူများနှင့် မတူဘဲ ကြောက်မက်ဖွယ်သွင်ပြင်ရှိကာ ကလေးများနှင့် အလိုက်သင့်ဆက်ဆံနိုင်ပုံမရချေ။
ခန်းမအတွင်းရှိလူများ၏ ခန့်မှန်းချက်အရ ထို ၅ ဦးမှာလည်း ကျဆုံးမည်ပင်။ ဆိုလိုသည်မှာ အုပ်ထိန်းသူအဖြစ် ရွေးချယ်ခံရသူ မရှိပေ။
“နှုတ်ဆက်ပါတယ်.. အယ်လီယာနာ ပါ..”
ကျန်လူ ၅ ဦးထဲမှ တစ်ဦးသည် အင်စလေအား ဦးညွှတ်နှုတ်ဆက်လာသည်။ ထိုအမျိုးသမီးသည် ခပ်တိုတို မိတ်ဆက်ပြီး သူမ၏ လေသံမှာ ရက်စက်ပုံရသည်။ မည်သို့ပြုမူရမည်ကို မသိသော သားရိုင်းတစ်ကောင်အလားပင်။
ကျန်သူများသည် အဆိုပါအမျိုးသမီးအား လှောင်ပြောင်သရော်ကြသော်ငြား အင်စလေသည် အမျိုးသမီး၏ ခပ်ရိုးရိုးနှုတ်ဆက်စကားကြောင့် မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။ သူမ၏ အမူအရာမှာ အုပ်ထိန်းသူတစ်ဦးဖြစ်လာရန် စိတ်ဝင်စားဟန် မရှိသည့်အပြင် အသွင်သဏ္ဌာန်မှာလည်း ကြောက်မက်ဖွယ်ကောင်းသည်။
ဒီအမျိုးသမီး..
အင်စလေသည် ကြေးညိုရောင်အသားအရည်ရှိသော အမျိုးသမီးအား ခေါင်းအစ ခြေအဆုံး စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ မဟာအကြီးအကဲနှင့် ဆင်တူသည့် ရွှေအိုရောင်ဆံပင်အား မြင်းမြီးပုံစံ ခပ်မြင့်မြင့် စုချည်ထားသည်။ အကြီးအကဲထံ၌ နွေးထွေးသော အပြာရောင်မျက်လုံးများရှိလျှင် ဤအမျိုးသမီး၏ မျက်လုံးများမှာ သွေးကဲ့သို့ ရဲရဲနီနေသည်။
မျက်လုံးများမှာ ကျားတစ်ကောင်ကဲ့သို့ စူးရှပြီး လူတိုင်းအပေါ် အားကောင်းသော ဖိနှိပ်နိုင်စွမ်းရှိသည်။ တင်းကြပ်သောဝတ်စုံအောက်၌ ဖုံးကွယ်ထားသည့် ကြွက်သားများမှာ ယောကျ်ားလျာတစ်ဦးသဖွယ်ပင်။
သူမသည် အခြားအမျိုးသမီးများကဲ့သို့ စကတ်ဝတ်ဆင်ထားခြင်း မရှိဘဲ ဘောင်းဘီဝတ်ထားသည်။ နောက်ကျော၌ သေနတ်ရှည်တစ်လက်အား သယ်ဆောင်ထားပြီး ခံ့ညားထည်ဝါကာ ဟိတ်ဟန်ကောင်းသည်။
မည်သည့်ကလေးမဆို ရက်စက်ကာ ကြွက်သားအပြည့်ရှိသည့် အမျိုးသမီးတစ်ဦးအား အုပ်ထိန်းသူအဖြစ် လိုချင်မည်မဟုတ်ချေ။
သို့သော် အင်စလေမှာ ထိုကလေးများနှင့် မတူပေ။
ကလေး၏ နှုတ်ခမ်းများ အပေါ်သို့ကွေးတက်သွားပြီး အပြုံးတစ်ခု ဖြစ်တည်လာသည်။
“ဟရို.. ဘယ်တူလဲ..”
အင်စလေသည် အယ်လီယာနာ၏ နာမည်အား သိပြီးသည့်တိုင်အောင် နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ဤအမျိုးသမီးသည် ဉာဏ်နီဉာဏ်နက်များပြီး ထက်မြက်သူတစ်ဦး ဟုတ်၊ မဟုတ် စစ်ဆေးရန်ဖြစ်သည်။
လူတစ်ဦး၏ လမ်းလျှောက်ပုံမှတဆင့် သူတို့၏ စိတ်နေစိတ်ထားအား မြင်နိုင်သည်။
“အယ်လီယာနာ ပါ..”
အမျိုးသမီးမှ ခပ်တိုတိုပင်ဖြေသည်။ အခြားသူများသည် သူတို့ကိုယ်သူတို့ မိတ်ဆက်ရာ၌ ကျွမ်းကျင်လိမ္မာမှုရှိပြီး ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်စကားများစွာ အသုံးပြကြသော်ငြား ဤအမျိုးသမီးမှာမူ ထိုသို့မဟုတ်ချေ။
အာ.. သူမက တည့်တိုးပြောတတ်တဲ့ စရိုက်ရှိတာပဲ..
“အမ်.. ဘာရုပ်ရဒါ ကြိုက်ရဲ (ဝါသနာဘာလဲ)”
အင်စလေ အပြစ်ကင်းစွာဖြင့် ခေါင်းကလေးစောင်းရင်း မေးလိုက်သည်။ သူမ၏ မေးခွန်းမှာ ရိုးရှင်းသော်ငြား ရွေးချယ်ခံတစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် မေးခွန်းမေးလိုက်ခြင်းပင်။
ဤသို့ဆက်ဆံခံရသူ မည်သူမျှ မရှိချေ။
အိမ်မပြန်ရသေးသော ရွေးချယ်ခံများမှာ အချင်းချင်း တီးတိုးပြောကြသည်။ အယ်လီယာနာအား မွန်းစတားတစ်ကောင်အလား ကြည့်နေကြတော့သည်။
“သခင်မလေးက အဲဒီသားရဲကို ဘာကိစ္စနဲ့ စိတ်ဝင်စားနေရတာလဲ..”
“ဟုတ်တယ်.. ဟုတ်တယ်.. သူမက ထူးချွန်တဲ့နေရာ တစ်ခုမှမရှိဘူး.. တစ်ခုတည်းသော အားသာချက်က သူမရဲ့ ခွန်အားပဲ ရှိတာ..”
“ဒီလိုလူမျိုးက ဘယ်လိုလုပ်ပြီး မိသားစုခေါင်းဆောင် ဖြစ်နိုင်မှာလဲ..”
“ဟူးးးးး အုပ်ထိန်းသူပါပဲ.. အကြီးအကဲတွေကမှ မိသားစုကို ခေါင်းဆောင်မဲ့သူ ဖြစ်လာမယ်လို့ ကျုပ်လောင်းရဲတယ်..”
“တကယ်ကြီးလား.. ကျုပ်တို့မိသားစုကတော့ ပျက်စီးကိန်းကြုံပါပြီကွာ..”
ဆက်ခံသူသခင်မလေး၏ အုပ်ထိန်းသူဖြစ်လာမည့် မည်သူမဆို ဆက်ခံသူ အရွယ်မရောက်သေးခင်အထိ မိသားစုခေါင်းဆောင်ဖြစ်လာမည်ဟု ရွေးချယ်ခံများမှ မှတ်ယူထားခြင်းဖြစ်သည်။
ထို့ကြောင့် အုပ်ထိန်းသူမှာ အကျင့်စာရိတ္တမကောင်းသူတစ်ဦး ဖြစ်နေလျှင်ပင် ထက်မြက်ကာ မိသားစုအား ခေါင်းဆောင်နိုင်စွမ်းရှိရမည်။ မည်သည့်လျှို့ဝှက်အကြံအစည်များ ရှိနေစေကာမူ မိသားစု ပြိုလဲ၍မရချေ။
အခုကကော.. ဆက်ခံသူသခင်မလေးက တိုက်ခိုက်ဖို့ပဲသိတဲ့ မိန်းမတစ်ယောက်အပေါ် စိတ်ဝင်စားနေတာတဲ့.. အယ်လီယာနာ.. အရိုင်းအစိုင်းသားရဲမက စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်ပြီး ရိုးသားပေမဲ့ သူမရဲ့ ဉာဏ်ရည်ကတော့..
အယ်လီယာနာအား အရိုင်းအစိုင်းသားရဲဟု ခေါ်ဆိုကြခြင်းမှာ မကြာခဏဆိုသလို အကျိုးသင့်အကြောင်းသင့် ပြုမူခြင်းထက် သူမ၏ ပင်ကိုယ်သိစိတ်နောက်သို့ လိုက်ပါတတ်ခြင်းကြောင့်ပါ။ ထိုသို့သောလူတစ်ဦးမှာ မိသားစုခေါင်းဆောင်ဖြစ်လာရန် မသင့်တော်ပေ။
အယ်လီယာနာမှာ အသက် ၂၅ နှစ်အရွယ်ရှိသော မိသားစု၏ ထိပ်တန်းပုဂ္ဂိုလ်များထဲတွင် ပါဝင်လာမည့် အမျိုးသမီးတစ်ဦး ဖြစ်နေသည့်တိုင်အောင် ရွေးချယ်ခံများမှာ မကောင်းပြောလျက်ရှိကြသည်။
ထိုသူများ၏ စကားသံမှာ အတော်လေးကျယ်လောင်သဖြင့် အင်စလေ ပြတ်ပြတ်သားသား ကြားရသည်။ အခြားသူများ၏ မကျေနပ်ချက်များနှင့် ဆန့်ကျင်စွာ အယ်လီယာနာအား ကြည့်နေသော ကလေးငယ်၏ မျက်လုံးများမှာ အရောင်လက်လာသည်။
ဒီမိန်းမက သန်မာတယ်၊ သစ္စာရှိပြီး ရိုးသားပေမဲ့ ဦးနှောက်က ပုံမှန်မဟုတ်ဘူးတဲ့လား.. ဒါက ကောင်းကင်ကျလာတဲ့ ပိုင်မုန့်ကြီးပဲလေ..
အင်စလေ၏ ရင်ဘတ်တစ်ခုလုံး အယ်လီယာနာအား ငမ်းငမ်းတက်လိုချင်သော ဆန္ဒတို့ကြောင့် ပူလောင်လာသည်ဟု ခံစားရသည်။ သို့တိုင်အောင် အယ်လီယာနာအား သူမ၏ အုပ်ထိန်းသူအဖြစ် ချက်ချင်းခန့်အပ်ရန် မဖြစ်နိုင်ချေ။
သူမရဲ့ မိသားစုအခြေအနေကိုလည်း သိဖို့လိုအပ်သေးတယ်.. ဆိုးဝါးတဲ့ မိသားစုဆို ဘယ်လိုလုပ်မလဲ..
ထို့နောက် အင်စလေ မေးခွန်းဆက်မေးသည်။
“မိသားချုက ဘယ်ရိုရဲ”
“အတို အမ ဘယ်ရောက်ချိရဲ”
“မိဘဒွေကကော”
“ချွမ်းရည်ကဘာရဲ (စွမ်းရည်ကဘာလဲ)”