အခန်း ၁၅ ကျွန်
Viewers 3k

အခန်း ၁၅ ကျွန်

 

မေးခွန်းဆက်တိုက် အမေးခံလိုက်ရသောကြောင့် အယ်လီယာနာ၏ အေးစက်စက်မျက်နှာပင် အနည်းငယ် တောင့်တင်းသွားသည်။ ဤကဲ့သို့ မေးခွန်းများစွာ အမေးမခံရဖူးသောကြောင့် မျက်မှောင်ကြုတ်ကာ အနည်းငယ် ဝန်လေးလာသည်။ သို့သော် အမျိုးသမီးသည် အင်စလေ၏ မေးခွန်းများအား ဩရှရှအသံဖြင့် ပြန်ဖြေသည်။

 

“မိသားစုက ဒီလိုပဲ..”

 

“အစ်ကို အစ်မ မရှိဘူး..”

 

“မိဘတွေ  ရှိသေးတယ်..”

 

"စွမ်းရည်က မီး နဲ့ အရှိန်"

 

 အယ်လီယာနာ၏ အဖြေမှာ ခပ်ပြတ်ပြတ်နှင့် အနည်းငယ်ကြမ်းသော်ငြား သူမ၏ စကားပြောစွမ်းရည်မှာ ကောင်းမွန်ခြင်းမရှိကြောင်း သိထားပြီးဖြစ်သည်။ ထို့ကြောင့် သူမစကားပြောရာ၌ တိုတိုတုတ်တုတ်နှင့် ရိုင်းစိုင်းဟန်ပေါက်နေခြင်းပင်။

 

အခြားသူများအတွက်မူ စကားပြောမကောင်းသည့်သူနှင့် ရင်ဆိုင်ရချိန်တွင် စိတ်အနှောင့်အယှက် ဖြစ်နိုင်သော်ငြား အင်စလေသည် အယ်လီယာနာအား အခြားသူများထက် ပို၍ တန်ဖိုးထားမိသည်။

 

ဒါပဲကွ.. သူမက စကားကောင်းကောင်းမပြောတတ်ဘူးဆိုတော့ ငါ့နောက်ကွယ်မှာ တခြားသူတွေနဲ့ အဆက်အသွယ်ရှိမှာကို စိုးရိမ်ဖို့မလိုတော့ဘူး.. ငါ့အစား စကားပြောဖို့ လူတစ်ယောက် ရွေးလိုက်မှာပေါ့..

 

ငါ့ရဲ့ အုပ်ထိန်းသူဆိုတာ ငါ့ရဲ့ အသုံးချခံပဲ ဖြစ်ရမယ်..

 

အယ်လီယာနာမှာ ညီအစ်ကိုမောင်နှမ မရှိဘဲနှင့် မိဘများမှာလည်း ပုံမှန်သာဖြစ်ကြောင်း အတည်ပြုပြီးနောက် အင်စလေ နောက်တစ်ဖန် လေ့လာကြည့်လိုက်သည်။

 

အယ်လီယာနာ မတ်မတ်ရပ်နေပုံအား ကြည့်ခြင်းဖြင့် သူမသည် အခြားသူများ၏ နောက်ကွယ်တွင် အကွက်ချကြံစည်မည့်လူထက် စစ်သည်တော်တစ်ဦးနှင့် တူလေသည်။ သူမ၏အကြည့်မှာ အင်စလေထံ၌သာ ရှိနေပြီး ထိုအကြည့်များ၌ မလိုမုန်းထားစိတ် အနည်းငယ်မျှ မပါချေ။

 

ထို့အပြင် အယ်လီယာနာသည် အင်စလေအား အတော်လေး စိတ်ဝင်စားနေဟန်ရှိသည်။ တောက်ပသောမျက်လုံးများနှင့် အနည်းငယ်တွန့်နေသော နှုတ်ခမ်းတို့အားကြည့်ကာ စိတ်လှုပ်ရှားနေပုံ အထင်းသားပင်။

 

အင်စလေသည် သူမထံ၌ အမှုထမ်းလိုဟန်ရှိသော အယ်လီယာနာအား မြင်သည့်အခါ နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။

 

“အိုခေ.. မမ အယ် ကို အင် လိုချင်တယ်..”

 

အင်စလေ ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်သည်။ ကလေးငယ်သည် အယ်လီယာနာအား အပြုံးကြီးကြီးနှင့် လက်ယက်ခေါ်လိုက်သည်။

 

“ခုကစပီး အင့် အုပ်ထိန်းသူက အယ် ဖြစ်တွားဘီ”

 

အင်စလေသည် အယ်လီယာနာအား ရွေးချယ်ခြင်းအပေါ် အလွန်စိတ်အားထက်သန်နေမိသည်။ သို့သော် ကျန်လူများမှာမူ အယ်လီယာနာ ရွေးချယ်ခံရသည်နှင့် မျက်နှာများ မည်းမှောင်လာကြသည်။ ထိုလူများသည် အင်စလေနှင့် အယ်လီယာနာအား အရူးများကဲ့သို့ကြည့်ကာ ခန်းမအတွင်းမှ ထွက်ခွာသွားကြတော့သည်။

 

“တကယ်ကြီးလား.. ငါ့အချိန်ကို သက်သက်လာဖြုန်းနေတာပဲ.. ဆက်ခံသူက ဒီလိုလူမျိုးကို ရွေးသွားတယ်ပေါ့..”

 

“ဝိုး.. ယုံဖို့တောင် ခက်နေတယ်.. ဒီပုံအတိုင်းသာဆို အကြီးအကဲတွေက နောက်ကွယ်ကနေ ထိန်းချုပ်သူ ဖြစ်လာတော့မှာပေါ့.. အယ်လီယဦနာက မိသားစုကို ဦးမ‌ဆောင်နိုင်ဘူး..”

 

“သူမက အုပ်ထိန်းသူပဲလေ.. အကြီးအကဲကမှ အချုပ်ဖြစ်လာမှာ..”

 

“အမှန်ပဲ.. ဒါပေမဲ့ ဆက်ခံသူက ဒီလိုလူမျိုးကို ရွေးတယ်ဆိုတော့ သူမက အယုံလွယ်တာလား ဘာလား..”

 

“ဟန့်.. အကျယ်ကြီးမပြောနဲ့.. ဆက်ခံသူသခင်မလေးက လမ်းလျှောက်ခါစ ကလေးတစ်ယောက်ပဲ ရှိသေးတာ.. အယ်လီယာနာရဲ့ အသားအရေနဲ့ မျက်လုံးအရောင်က ထူးခြားတယ်လို့ မြင်သွားတာ ဖြစ်မယ်..”

 

အင်စလေသည် တီးတိုးစကားသံများအား ကြားသော်ငြား မကြားဟန်ဆောင်သည်။ ကလေးငယ်သည် အယ်လီယာနာအား အနီးသို့တိုးလာရန် အဆက်မပြန် တိုက်တွန်းနေပြီး အယ်လီယာနာ ပလ္လင်အနီး ရောက်လာသည်နှင့် အင်စလေ လက်ချောင်းကွေးလိုက်သည်။

 

“ဒူးထောက်”

 

ကလေးငယ် မောက်မာစွာဖြင့် အမိန့်ပေးလိုက်ပုံမှာ လူဆိုးတစ်ဦးနှင့်မတူဘဲ ရယ်ရွှင်ဖွယ်ကောင်းစေသည်။

 

အယ်လီယာနာ ငြင်းဆန်ခြင်းမရှိဘဲ တိတ်တဆိတ် ဒူးထောက်လိုက်သည်။ အယ်လီယာနာ မျက်နှာသေနှင့် ရှိနေစဉ်မှာပင် အင်စလေ ရုတ်တရက် သူမအပေါ် ခုန်တက်လိုက်သည်။

 

“အယ်.. ဆင်ပြေပြေနေဂျမယ်”

 

အင်စလေသည် အယ်လီယာနာ၏ လည်ပင်းအား တွဲလွဲခိုကာ နူးညံ့ချောမွေ့သော နို့နှစ်ရောင်ပါးပြင်လေးနှင့် အယ်လီယာနာ၏ ကော်ဖီရောင်ပါးပြင် (အညိုရောင်) အား ပွတ်သပ်လိုက်သည်။

 

ဆန်ကျင်ဘက်နှစ်ခုအား အတူတူတွဲမြင်ရခြင်းမှာ ထူးထူးဆန်းဆန်း လိုက်ဖက်ညီကာ ရင်သပ်ရှုမောဖွယ်ကောင်း၏။

 

“အမ်.. အင်း.. အဲလိုပဲ ယုံကြည်ပါတယ်..”

 

အယ်လီယာနာသည် အင်စလေ၏ အပြုအမူ၏ အနည်းငယ် ပျာယာခတ်သွားသော်ငြား ကလေးငယ်အား တွန်းထုတ်ခြင်း မပြုပေ။ အနီရောင်မျက်လုံးများမှာ ဂဏှာမငြိမ်ဖြစ်ကာ ရှုပ်ထွေးမှုအပြည့်နှင့် တုန်လှုပ်နေသည်။ လက်ထဲ၌ ချွေးစေးများထွက်လာသော်ငြား အင်စလေ၏ နောက်ကျောအား ဂရုတစိုက် ထိန်းကိုင်ထားသည်။

 

အရမ်းသေးတာပဲ.. ဒီသတ္တဝါလေးကို ကာကွယ်ပေးရမယ်..

 

အယ်လီယာနာ အံတင်းတင်းကြိတ်ကာ ဤကလေးငယ်အား မာဖီးယားလောက၏ အကျည်းတန်မှုမှ ကာကွယ်ပေးမည်ဟု တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။ သူမသည် အင်စလေအား ပွေ့ဖက်ကာ နှလုံးသားထဲ၌ တတိတိစိမ့်ဝင်လာသော နွေးထွေးမှုအား ခံစားမိသည်။

 

သူမသည် ကလေးများနှင့် အဆင်ပြေသူမဟုတ်ချေ။ ကလေးများနှင့် ကောင်းမွန်သော ဆက်ဆံရေးမရှိဟုပင် ဆိုရမည်။ သူမအားတွေ့သည်နှင့် ကလေးများမှာ အော်ဟစ်ငိုယိုတတ်ကြသည်။ ယခုအခါတွင် ဤကလေးငယ်မှာ သူမအား ကြောက်ရွံ့ခြင်းမရှိပေ။

 

သူမသည်လည်း ကလေးငယ်နှင့် လက်တွဲလုပ်ကိုင်ရန် မျှော်လင့်နေမိသည်။

 

ဆက်ခံသူသခင်မလေး.. မဟုတ်ဘူး.. ငါ့ရဲ့ လေဒီ.. ငါ့ရဲ့ မင်းသမီးလေး.. ကျွန်မက မင်းသမီးလေးရဲ့ ဒိုင်းနဲ့ဓား ဖြစ်ပေးမယ်..

 

အယ်လီယာနာမှာ မျက်နှာသေနှင့် ခပ်တောင့်တောင့်ရှိနေပြီး စိတ်ခံစားချက်များအား အရိပ်အမြွက်မျှပင် ဖော်ပြခြင်းမရှိသောကြောင့် အင်စလေသည် သူမ၏ ကျိန်ဆိုမှုနှင့် ပတ်သက်၍ အနည်းငယ်မျှပင် မသိလိုက်ချေ။

 

ထို့ကြောင့် အင်စလေသည် အယ်လီယာနာအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီးနောက် ကျောပြင်အား လက်ဖြင့်ပုတ်ကာ မတ်တတ်ရပ်ရန် အချက်ပြလိုက်သည်။

 

“ဖိုးဖိုး.. အင် အယ့်ကို လိုချင်တယ်..”

 

အင်စလေ အော်ဟစ်ကာဖြင့် အယ်လီယာနာ၏ လည်ပင်းအား လက်ဖြင့်ပုတ်ရင်း သူမအား မျက်လုံးပြာအကြီးအကဲထံသို့ ခေါ်သွားစေသည်။ မည်သို့ပင်ဖြစ်စေ အုပ်ထိန်းသူတစ်ဦး ရွေးချယ်ပြီးပါက အကြီးအကဲ၏ ခွင့်ပြုချက် လိုအပ်သည်။

 

“အိုး.. အရိုင်းအစိုင်းသားရဲပဲ..”

 

အကြီးအကဲသည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီးနောက် ကျေနပ်သဘောကျစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ၏ စကားတစ်ခွန်းတည်းနှင့် စိတ်ထဲ၌ မည်သို့တွေးနေမည်ကို အခြားသူများ မသိနိုင်ချေ။ သို့သော် အင်စလေ ဂရုမစိုက်ပေ။

 

အကြီးအကဲမှ သူမအပေါ် ကြင်နာနေသရွေ့ စုံစမ်းစစ်ဆေးမည် မဟုတ်ပေ။

 

“အွန်း.. အုပ်ထိန်းတူ..”

 

အင်စလေသည် အယ်လီယာနာအပေါ်၌ထိုင်ကာ “အုပ်ထိန်းသူ” ဟူသည့် စကားလုံးအား ထပ်ကာထပ်ကာ ရေရွတ်နေသည်။

 

အခု အုပ်ထိန်းသူ ရွေးပြီးပြီလေ.. ခေါင်းဆောင်နေရာ ဆက်ခံရတော့မှာ မဟုတ်ဘူးလား..

 

အင်စလေ မိသားစုခေါင်းဆောင်နေရာအား ဆက်ခံရန် မေးမည်ပြင်စဉ်မှာပင် လူအုပ်ထဲရှိ တစ်စုံတစ်ယောက်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

 

“ခဏလေး.. ကျုပ် သဘောမတူဘူး”

 

ကျယ်လောင်သည့်အသံမှာ အခြားသူများ၏ အာရုံကို ဆွဲဆောင်လိုက်နိုင်သည်။ ထိုလူများသည် အသံထွက်ပေါ်ရာသို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသော်ငြား မည်သူဖြစ်ကြောင်း မသိရချေ။

 

အကြီးအကဲအား ကြားဖြတ်နှောင့်ယှက်ဝံ့သူကို မြင်တွေ့လိုသော်ငြား အခြားလူတစ်ဦး၏အသံ ထွက်ပေါ်လာပြန်သည်။

 

“ဟုတ်တယ်.. အယ်လီယာနာက မိသားစုခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ဘူး..”

 

“အမှန်ပဲ.. သူမကို လက်မခံနိုင်ဘူး”

 

“အယ်လီယာနာက ဆက်ခံသူသခင်မလေးရဲ့ အုပ်ထိန်းသူ မဖြစ်သင့်ဘူး”

 

နေရာအနှံ့မှ မကျေမနပ်ဖြင့် ဆန့်ကျင်ဆန္ဒပြသံများ စတင်ထွက်ပေါ်လာသည်။ မည်သူစတင်မှန်း မသိရသော်ငြား အရေအတွက် ၂၅၀ ခန့်ရှိမည့် လူများမှ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ကန့်ကွက်ကြသည်။

 

“အကြီးအကဲ.. ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ..”

 

“သခင်မလေးက အယ်လီယာနာရဲ့ ထူးခြားတဲ့အလှကြောင့် မျက်စိကန်းသွားတာ ဖြစ်ပါလိမ့်မယ်..”

 

“ဟုတ်တယ် ဟုတ်တယ်.. သခင်မလေးလိုချင်ရင် ကျုပ်တို့က ထူးခြားဆန်းပြားတဲ့ ကျွန်တစ်ယောက်လောက် ဝယ်ပေးနိုင်ပါတယ်..”

 

! ကျွန်လား..

 

အင်စလေ အသက်ရှူအောင့်လိုက်သည်။ ထိုလူများ၏ ကန့်ကွက်မှုအား လျစ်လျူရှုရန် ရည်ရွယ်ထားသော ကလေး၍ယ်သည် ရုတ်တရက် သူမ၏ စိတ်ကူးအား စွန့်လွှတ်လိုက်သည်။

 

မသင်္ကာစရာကောင်းတဲ့အနံ့ရတယ်

 

အင်စလေ အဖြူအနက်ဝတ်စုံများနှင့် လူအုပ်အား အလျင်အမြန်ကြည့်လိုက်သည်။ ထက်မြက်သော အကြားအာရုံကြောင့် ကျေးကျွန်အကြောင်းပြောလိုက်သူအား ချက်ချင်းပင် တိတိကျကျ ရှာတွေ့လိုက်သည်။

 

အဲဒီမှာ