နေရာအနှံ့ ရေနှင့်မီး ထိပ်တိုက်တွေ့ဆုံနေကြသလို ကြမ်းပြင်မှာလည်း လျှပ်စီးကြောင်းအနည်းငယ်ခန့် ပစ်ခတ်ခံလိုက်ရသော်ငြား ကလေးငယ် ကြောက်ရွံ့သွားခြင်း မရှိချေ။
ကြောက်ရွံ့ရမည့်အစား ကလေးသည် အဆိုပါလူများအား တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေသည်။ ဤအခိုက်အတံ့တွ၍် သူမ၏ အပြာရောင်မျက်လုံးများမှာ ဝိညာဉ်မီးအိမ်တစ်ခုအလားပင်။
အင်စလေ ပါးဖောင်းဖောင်းလေးများအား လက်ဖြင့်အုပ်လိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေသည်။
အူးဝါးးး စွမ်းရည်အသုံးပြုသူတွေ.. တကယ်ကြီးပေါ့.. ဒီကမ္ဘာကြီးက စူပါပါဝါတွေရှိတဲ့ ကမ္ဘာကြီးပဲ.. အားးးး အရမ်းမိုက်တယ်လို့.. စိတ်ကူးယဉ်ကမ္ဘာမဟုတ်တော့ ပိုမကောင်းဘူးလား..
ငါလည်း ရန်သူကို အနက်ရောင်အလုံးတွေ ပစ်ချင်တယ်.. ကန်ပစ်လိုက်ချင်တယ်လို့.. ရေခဲလှံနဲ့ ထိုးမယ်.. အားးးးးးးး
အင်စလေ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ရေခဲအသုံးပြုသူ၊ မီးအသုံးပြုသူနှင့် အခြားသော ဒြပ်စင်စွမ်းရည် အသုံးပြုသူများ၏ အမိုက်စား အစွမ်းပြမှုကြောင့် ပါးစပ်မှ သွားရည်ကျလုနီးနီးပင်။
အင်စလေ ဝမ်းသာပျော်ရွှင်နေသော်ငြား အယ်လီယာနာ၏ မျက်လုံးထဲ၌မူ အလွန်ထိတ်လန့်ပြီး ကြက်သေသေကာ ကြောင်အသွားသည့်နှယ် ထင်မြင်သွားစေသည်။
“သခင်မလေး.. မကြောက်ပါနဲ့..”
အယ်လီယာနာသည် အင်စလေအား တင်းတင်းဖက်ရင်း အကြီးအကဲအား လျစ်လျူရှုကာ တိုက်ခိုက်နေကြသူများအား စိုက်ကြည့်လိုက်သည်။ ဒဏ်ရာရသူ အနည်းငယ်ရှိသော်ငြား သေဆုံးသူ မရှိသေးချေ။
“မကြောက်နဲ့.. မကြောက်ပါနဲ့..”
အယ်လီယာနာ အင်စလေအား ချော့မြှူရန် ကြိုးစားသည်။ သူမအား မကြောက်ရန်ပြောသော်ငြား အယ်လီယာနာ၏ စကားများမှာ အဆီအငေါ်မတည့်ဘဲ ဝါကျတည်ဆောက်ပုံမှာ ရှုပ်ထွေးလေ၏။
သူမသည် အင်စလေအား ဆိုးဝါးသည့် မြင်ကွင်းများ ထပ်မံ မတွေ့မြင်စေလိုသောကြောင့် ကလေး၏ မျက်နှာအား သူမ၏ ရင်ခွင်ထဲသို့ ထည့်ကာ ကွယ်လိုက်သည်။
အင်စလေ၏ အမြင်အာရုံအား ဖွံ့ဖွံ့ထွားထွား ရင်သားများမှ ကွယ်သွားသည်။
!
“အမ်..”
အင်စလေ ငိုကြွေးကာ ခြေလက်များအား ယမ်းခါတော့သည်။ နှာခေါင်းမှာ ရင်ဘတ်နှင့် ဖိထားခံရသောကြောင့် ရုတ်တရက် အသက်ရှူကြပ်လာသည်။
ဟေ့.. အစ်မကြီး.. ငါ့ကိုလွှတ်ပေး.. အားးး တိုက်ရိုက်ကြည့်နေရတာကို ငါ့ကို တားရဲတယ် ဟုတ်လား..
အင်စလေ အော်ဟစ်ရန် ကြိုးစားသော်ငြား ပလုံးပထွေးအသံသာ ထွက်လာသည်။ အယ်လီယာနာသည် အင်စလေ၏ အော်သံအား မကြားချေ။ ထို့အစား အကြီးအကဲသည် အင်စလေအား သနားကြင်နာစွာဖြင့် ကြည့်လာသည်။ ကလေးငယ်မှာ လွန်စွာထိတ်လန့်နေသောကြောင့် ယခုကဲ့သို့ တွန်းထိုးရုန်းကန်နေခြင်း ဖြစ်ဟန်ပင်။
“အယ်လီယာနာ.. ဆက်ခံသူသခင်မလေးကို သူမအခန်း ပြန်ခေါ်သွားတော့.. ဒီလိုမြင်ကွင်းမျိုးကို ကြည့်ဖို့အတွက် အရမ်းစောနေသေးတယ်လို့ ထင်တယ်..”
အကြီးအကဲသည် စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ခေါင်းယမ်းလိုက်သည်။ မာဖီးယားမိသားစု၏ ကလေးတစ်ဦးအနေနှင့် အသက် ၃ နှစ်အရွယ်မှ စတင်၍ တိုက်ခိုက်ရန် လေ့လာခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
မာဖီးယားမိသားစု၏ ကလေးများအနေနှင့် တိုက်ပွဲများအား ကိုယ်တိုင်တွေ့မြင်ပြီး ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်နိုင်ရန် စောနိုင်သမျှ စောစော သင်ယူကြရသည်။ သို့သော် လေဒီ အင်စလေမှာ နှလုံးသားနူးညံ့ပုံရသည်။
“ခေါင်းဆောင်ခန့်အပ်ပွဲကို ညအထိ ရွှေ့ဆိုင်းလိုက်မယ်.. ဆက်ခံသူသခင်မလေးကို ကာကွယ်စောင့်ရှောက်ပါ..”
အကြီးအကဲ နောက်တစ်ဖန် အမိန့်ပေးပြီး အယ်လီယာနာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ မည်သည့်စကားမျှ မဆိုဘဲနှင့် အင်စလေအား လက်မောင်းများထဲ ပွေ့ဖက်ကာ ခန်းမအပြင်သို့ ချက်ချင်းပြေးထွက်သွားသည်။
“သခင်မလေး.. အိပ်ခန်း.. သွားမယ်.. ကာကွယ်ပေးမယ်..”
အင်စလေ၏ နားထဲ၌ အယ်လီယာနာ၏ ခပ်တောင့်တောင့်အသံ ကြားလိုက်ရပြီးနောက် နှစ်ဦးသား နေရာမှ ပျောက်ကွယ်သွားသည်။ အယ်လီယာနာသည် သူမ၏ အရှိန်စွမ်းရည်အား အသုံးပြုကာ မျက်စိတ်တစ်မှိတ်အတွင်း ပျောက်ကွယ်သွားခြင်းဖြစ်သည်။
အမ်.. ဘာလား.. အရမ်းမြန်တာပဲ.. အားးး ငါ့ဆံပင်တွေ..
အင်စလေသည် သူမ၏ ရှုပ်ပွနေသော ဆံပင်များအား အမြန်ဖိသပ်ရင်း အလုပ်များနေစဉ် ပါးပြင်လေးများမှာ လေတိုးဒဏ်ခံနေရသည်။ အယ်လီယာနာ၏ အရှိန်မှာ အလွန်မြန်လှသဖြင့် တယ်လီပို့လုပ်နေသည်ဟုပင် ခံစားမိသည်။
လေတိုးသံတဝှစ်ဝှစ်မှာ ကလေး၏ နားရွက်များအား ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသလို ခံစားရစေပြီး ပတ်ဝန်းကျင်အား မှုန်ဝါးဝါးသာ မြင်ရတော့သည်။ အယ်လီယာနာ၏ အရှိန်သည် ပတ်ဝန်းကျင်အား အဖြူရောင်မျဉ်းကြောင်းတစ်ခုအလား ထင်မြင်မိစေသည်။
အားးး အားးး အရမ်းမြန်တယ်လို့.. သူမက ကျားသစ်လား.. ကျားသစ်ပဲဖြစ်ရမယ်.. ဒါမှမဟုတ် ကျားသစ်အဖြစ် အသွင်ပြောင်းနိုင်တာလား.. ခြေလှမ်းတွေကလည်း တိတ်ဆိတ်နေရော.. လုပ်ကြံသူကောင်းတစ်ဦး ဖြစ်ရမယ်..
အင်စလေ အယ်လီယာနာအား မလေးစားဘဲ မနေနိုင်ချေ။ ဤအမျိုးသမီး၏ အရှိန်နှင့်ဆိုလျှင် အန္တရာယ်ကြုံသည့်အခါ အယ်လီယာနာနှင့်အတူ ထွက်ပြေးနိုင်သည်။
အိုး.. အယ်လီက ငါ့မှာရှိတဲ့ အကောင်းဆုံး နယ်ရုပ်လေးပဲ..
အယ်လီယာနာမှာ အလွန်မြန်ဆန်သောကြောင့် မိနစ်အနည်းငယ်အတွင်းမှာပင် အင်စလေ၏ အိပ်ခန်းရှေ့သို့ ရောက်ရှိလာသည်။ အယ်လီယာနာသည် ကလေး၏ အိပ်ခန်းအတွင်းဝင်ကာ ကလေးပေါက်စအား ပုခတ်အတွင်း သေသေချာချာ ဂရုတစိုက် ထည့်လိုက်သည်။
“လုံခြုံသွားပြီ.. စိတ်ချပါ သခင်မလေး.. ဒီည..”
အယ်လီယာနာ ခပ်တိုတိုပြောပြီး နောက်သို့လှည့်ကာ တံခါးအား စောင့်ကြပ်နေသည်။ ကလေး၏ အုပ်ထိန်းသူတစ်ယောက်အဖြစ် ပြုမူရမည့်အစား အယ်လီယာနာ၏ အပြုအမူများမှာ သက်တော်စောင့်တစ်ဦးနှင့် ပိုတူသည်။
အုပ်ထိန်းသူဟူသော အဓိပ္ပါယ်မှာ တစ်စုံတစ်ဦးအား ကိုယ်စားပြုပြီး ထိုသူအစား ပြုမူဆောင်ရွက်ပေးခြင်းကို ဆိုလိုသည်။ သို့သော် အယ်လီယာနာသည် ‘အုပ်ထိန်းသူ’ ဟူသည့် စကားလုံးအား သက်တော်စောင့်ဟု ထင်မှတ်နေပုံရသည်။
ယင်းအား အင်စလေ ပို၍ပင် သဘောကျသည်။ အရိုးသားဆုံးပြောရလျှင် အလွန်ကျေနပ်နေသောကြောင့် သွားဖြီးနေခြင်းအား မရပ်နိုင်ချေ။
ဟီးဟီး ဟီးဟီးဟီးဟီး.. အယ်လီယာနာ.. ငါ အရမ်းကံကောင်းတာပဲ.. ငါ့ကို ကာကွယ်စောင့်ရှောက်ပေးပြီး ငါခိုင်းသမျှသာ လုပ်ပေး.. ဟီးဟီး
နောက်ပိုင်း၌ သူမ မိသားစုအား ဦးဆောင်သည့်အခါ အယ်လီယာနာ သံသယဝင်မည်အား အင်စလေ မစိုးရိမ်ချေ။ အရိပ်အမြွက် အနည်းငယ်ပြပြီး ထိုအရာများအား အိပ်မက်ထဲတွင် သိရှိခဲ့ခြင်းဟု ပြောလိုက်မည်။
အိုး.. ဟုတ်တယ်.. နိမိတ်ပြအိပ်မက်.. ဒါက ငါ့အပြုအမူတွေအတွက် ကောင်းမွန်တဲ့ အကြောင်းပြချက်ပဲ..
အင်စလေ မျက်လုံးများပင် ပြုံးလျက်ရှိပြီး အချိန်မရွေး အရည်ပျော်သွားတော့မည်ဟု ထင်ရသည်။ ထိုသို့ပြုံးနေချိန်တွင် သူမ၏ မျက်နှာမှာ အရူးတစ်ယောက်နှင့်ပင် တူလေသည်။
ဟက်.. ဟက်.. အားလုံးအဆင်ပြေနေရော.. ဒီကမ္ဘာက စူပါပါဝါတွေရှိတဲ့ကမ္ဘာဆိုတာကိုလည်း အတည်ပြုပြီးပြီ.. အခု ငါ့ရဲ့ မှတ်ဉာဏ်တွေကို စစ်ဆေးပြီး လက်တွေ့နဲ့ ကိုက်ညီမှုရှိ၊ မရှိ ပြန်စစ်ဆေးရမယ်.. ဒီကမ္ဘာက ဘယ်ဝတ္ထုကို အခြေခံထားလဲ ကြည့်ရအောင်..
ထိုသို့ဖြင့် အယ်လီနီယာ တံခါး၌ စောင့်ကြပ်နေစဉ် အင်စလေသည် အပေါ်ထပ်အင်္ကျီအားချွတ်ကာ ကြမ်းပေါ်သို့ ပစ်ပေါက်လိုက်သည်။ ထို့နောက် ကလေးငယ်သည် အဝတ်အစားများအား ချွတ်ပြီးနောက် အတွေးထဲ နစ်ဝင်နေတော့သည်။
သူမ၏ စိတ်ကူးယဉ်စွမ်းအားဖြစ်သည့် ဒေတာဘေ့စ်စုစည်းသူ အား အသက်သွင်းလိုက်သည်။
ည ၈ နာရီ။
သောက်ခွေး.. အချက်အလက် မလုံလောက်ဘူး.. မာဖီးယားမိသားစုကို အခြေတည်တဲ့ ဝတ္ထုတွေ မန်ဟွတွေ တစ်ခုမှ မသိဘူး.. ငါက အဓိကဇာတ်ဆောင်မဟုတ်ဘဲ ဖြတ်လျှောက်များလား..
ဒါမှမဟုတ် ဝတ္ထုထဲမှာတောင် မပါတဲ့ဇာတ်ကောင်လား..
အင်စလေ လက်သည်းကိုက်ရင်း အတွေးများနေပြီး နဖူးမှ ချွေးများစီးကျလာသည့်တိုင်အောင် လျစ်လျူရှုထားသည်။
ကလေးငယ်မှာ စိတ်ထဲ၌ ကြောက်ရွံ့မှုတို့ ကြီးစိုးနေသောကြောင့် မျက်လုံးများ ကဏှာမငြိမ်ဖြစ်လာသည်။
ငါက အဓိကဇာတ်ဆောင်မဟုတ်တာလား.. ဒါမှမဟုတ် ဒီကမ္ဘာနဲ့ ပတ်သက်ပြီး ဘာအချက်အလက်ကိုမှ မသိတာလား.. ဒါမှမဟုတ် ငါဖတ်ထားတဲ့ ဝတ္ထုတွေ မန်ဟွတွေက မလုံလောက်လို့လား.. ဒါ.. ဒါမှမဟုတ် ဒီကမ္ဘာက ဝတ္ထုထဲက ကမ္ဘာတစ်ခု မဟုတ်တာလား..
ဖြစ်နိုင်ချေများစွာရှိသောကြောင့် အင်စလေ လမ်းပျောက်သလို ခံစားနေရသည်။
ဘယ်တစ်ခုက အမှန်တရားလဲ..