အင်စလေ အတွေးနက်နေသည်။ အလွန်အာရုံစိုက်ထားသောကြောင့် သူမ အဓိကခန်းမထဲသို့ ရောက်နေကြောင်းကိုပင် သတိမမူမိချေ။ ခေါင်းဆောင်ခန့်အပ်ပွဲ အခမ်းအနား စတင်သည်မှာ အချိန်တစ်ခုခန့် ကြာမြင့်ပြီဖြစ်သော်ငြား အင်စလေမှာ မှင်တက်နေဆဲဖြစ်သည်။
အာ.. ငါ့ရဲ့ စွမ်းအားနှစ်ခုကကော.. ထက်မြက်တဲ့အကြားအာရုံနဲ့ ညှို့ဓာတ်စွမ်းရည်လေ.. ငါ့ရဲ့ စွမ်းရည်တွေကို လေ့ကျင့်ပြီး ထိန်းချုပ်ဖို့ အဓိကသော့ချက်ကို ရှာဖွေရမယ်.. စွမ်းရည်တွေရဲ့ အားနည်းချက်နဲ့ ကန့်သတ်ချက်ကို သိဖို့လည်း လိုအပ်တယ်..
ပြီးတော့ စွမ်းရည်တွေက ပိုမိုသန်မာလာနိုင်လား.. စွမ်းရည်တွေက လူတစ်ယောက်ရဲ့ မွေးရာပါစွမ်းအားလိုမျိုး ရပ်တန့်နေမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ.. အဲဒီလိုသာဆိုရင် ငါ့ရဲ့စွမ်းရည်ကို ဘယ်လိုသန်မာအောင် လုပ်ရမလဲဆိုတာကို ရှာဖွေရမယ်..
တူညီတဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ လူတွေအများကြီးရှိတာကို တွေ့လိုက်ရတယ်.. သူတို့ရဲ့ စွမ်းအားတွေက အတူတူပဲလို့ ဆိုလိုတာလား.. ဒါမှမဟုတ် တူညီတဲ့စွမ်းရည်ရှိပေမဲ့ ပိုမိုသန်မာတာမျိုးကော ရှိလား..
တခြားသူတွေနဲ့ မတူတဲ့ ထူးခြားတဲ့စွမ်းရည်မျိုးကော ရှိလား.. ရှိရင် ဘယ်လိုစွမ်းရည်မျိုး ဖြစ်မလဲ.. ဒီနေရာမှာ ရှင်သန်နိုင်ဖို့ အားလုံးကို သိထားမှဖြစ်မယ်..
အင်စလေထံ၌ မေးခွန်းများစွာ ရှိသော်ငြား အဖြေမရှိချေ။ သို့သော် ဤကမ္ဘာနှင့် ပတ်သက်သည့် အချက်အလက်များအား ရှာဖွေနိုင်ရန် အခွင့်အာဏာမရှိသောကြောင့် ဖြစ်သည်။
များသောအားဖြင့် သူမအရွယ် ကလေးများမှာ ကမ္ဘာကြီးနှင့် ပတ်သက်သည့် အရာများအား သင်ယူရန် ဆရာတစ်ယောက် ရှိတတ်ကြသည်။ သို့သော် အင်စလေထံ၌မူ သင်ကြားပေးမည့်သူဟူ၍ မရှိချေ။
ခေါင်းဆောင်ခန့်အပ်ပွဲပြီးနောက်၌ တစ်ဦးတစ်ယောက် ရလာနိုင်သည်။
စလိုအန်မိသားစုသည် မိသားစုခေါင်းဆောင်ဖြစ်သည့် သူမအား ဂရုတစိုက်နှင့် ကောင်းမွန်စွာ ဆက်ဆံပေးရန်သာ ဆန္ဒပြုမိသည်။
ဟုတ်တယ်.. ငါက ဆက်ခံသူသခင်မလေး မဟုတ်တော့ဘူး.. တရားဝင်မိသားစုခေါင်းဆောင် ဖြစ်လာပြီ.. တခြားသူတွေက ငါ့ကို သင်္ကေတတစ်ခုလို့ မြင်နိုင်ပေမဲ့ ငါ့ကိုယ်ငါတော့ အဲလိုမထင်ဘူး.. ငါက ကလေးတစ်ယောက်မို့ သူတို့က အဲဒီလို ခံစားကြရတာ..
ဒါပေမဲ့ ငါက သာမန်ကလေးတစ်ယောက်လား.. လုံးဝပဲ..
အင်စလေ တစ်ယောက်တည်း ကြိတ်ရယ်နေစဉ်မှာပင် အကြီးအကဲသည် အလွန်လှပသော အဖြူရောင်မင်းသမီးသရဖူလေးအား သူမခေါင်းထက်၌ ဆောင်းလိုက်သည်။ သရဖူ.. မဟုတ် ရတနာသရဖူ* အား စလိုအန်မိသားစုခွဲ ၇ ခုအား ကိုယ်စားပြုသည့် ရောင်စုံကျောက်မျက် ၇ မျိုးဖြင့် စီခြယ်ထားသည်။ (*သူက crown မဟုတ်ဘဲ tiara လို့ သုံးထားတာ)
သို့သော် အင်စလေ ဂရုမစိုက်ချေ။ ကလေးငယ်မှာ ခေါင်းဆောင်ခန့်အပ်ပွဲတစ်လျှောက်လုံးတွင် အလွန်နာခံစွာ ရှိခဲ့သော်ငြား သူမ၏ စိတ်အာရုံမှာမူ အခြားတစ်နေရာသို့ ရောက်ရှိနေခြင်းသာ။
ဟင်... ဒါပြီးရင်တော့ အကြီးပိုင်းတွေနဲ့ အယ်လီယာနာကြားမှာ လျှို့ဝှက်အစည်းအဝေးတစ်ခု ရှိလာလောက်တယ်..
အင်စလေ အနီရောင်ရတနာသရဖူအား ဆောင်းထားသည့် အယ်လီယာနာအား တစ်ချက်ကြည့်လိုက်သည်။ ထိုရတနာသရဖူမှာ မိသားစုခေါင်းဆောင်၏ အုပ်ထိန်းသူအား ကိုယ်စားပြုသင်္ကေတဖြစ်ပြီး အင်စလေ အရွယ်ရောက်လာပြီးမှသာ ပြန်လည်သိမ်းယူရမည် ဖြစ်သည်။
အင်စလေ အရွယ်ရောက်လာရန် ၁၅ နှစ်မျှ လိုသေး၏။
မည်သို့ပင်ဖြစ်စေ အယ်လီယာနာသည် အင်စလေကိုယ်စား မိသားစုခေါင်းဆောင်အဖြစ် တာဝန်ယူရမည်ပင်။ ဆိုလိုသည်မှာ မိသားစု၏အကြီးပိုင်းများသည် အယ်လီယာနာအား စလိုအန်မိသားစု၏ ပြဿနာများအကြောင်း ပြောမည်ပင်။
အရမ်းကောင်းတယ်.. ဒါက ငါ့အတွက် အခွင့်အရေးပဲလေ.. ငါသာ ဘာမှမသိတဲ့လူဆို အဲဒီလူတွေက အယ်လီယာနာကို နားဖာကြိုးထိုးလိမ့်မယ်.. အဲဒီအချိန်ကျ အယ်လီယာနာက တခြားမိသားစုတွေရဲ့ ရုပ်သေးရုပ် ဖြစ်လာလိမ့်မယ်..
အယ်လီယာနာက အဲလောက်ကြီး ထူးချွန်နေတာ မဟုတ်ဘူး.. မိသားစုရဲ့ လုပ်ငန်းကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး.. ဒီတော့...
အင်စလေ အပြစ်ကင်းစင်စွာပြုံးလျက် အယ်လီယာနာ၏ အင်္ကျီလက်အား ဆောင့်ဆွဲလိုက်သည်။ အခြားသူများမှာ ယခုထိတိုင် နာမည်မသိရသေးသည့် မျက်လုံးပြာအကြီးအကဲနား၌ စုဝေးနေကြစဉ် အင်စလေသည် အယ်လီယာနာအား အနားတိုးလာရန် အချက်ပြလိုက်သည်။
“ဟုတ်..”
အယ်လီယာနာ ခါးကိုင်းကာ အင်စလေ၏ ပါးစပ်အနီး နားကပ်လိုက်သည်။ ဝက်ဝံနှင့်တူသော အမျိုးသမီးမှာ အုပ်ထိန်းသူတစ်ဦး ဖြစ်လာချိန်မှာပင် ယခင်အတိုင်း ခပ်မာမာရှိနေဆဲပင်။
“အယ်.. ဘယ်နေရာမဆို ငါ့ကို ခေါ်တွားရမယ်နော်.. အိုခေလား.. တျောက်တည်းမတွားနဲ့..”
အင်စလေသည် အယ်လီယာနာအား လည်ပင်းဖက်ကာ သူမ၏ ညှို့ဓာတ်စွမ်းရည်ကို ဖြည်းညင်းစွာ အသုံးပြုလိုက်သည်။
သူမ၏ ပါးစပ်ထဲမှ နွေးထွေးသော စွမ်းအင်စီးကြောင်တစ်ခု ထွက်သွားသည်ကို အင်စလေ ခံစားမိသည်။ အဆိုပါစွမ်းအင်သည် အယ်လီယာနာ၏ လည်ပင်းအား ထိမှန်သွားသည်။
အယ်လီယာနာ၏ နှလုံး တစ်ချက်ခုန်သွားသည်။ သူမ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည့် ထူးခြားသည့် ခံစားမှုအား ခံစားမိသော်ငြား ဂရုမစိုက်မိချေ။
“အင်း.. ခေါ်သွားမယ်.. နေရာတိုင်း..”
အယ်လီယာနာ ခေါင်းညိတ်သည်။ အင်စလေ၏ ချောမွေ့သော ပါးဖောင်းဖောင်းလေးအား ကြည့်ပြီး သူမ၏ လက်ချောင်းဖြင့် ခပ်သာသာပွတ်လိုက်သည်။
ဒီကလေး.. အရမ်းပဲ အထီးကျန်နေတာလား.. သူက ငါနဲ့ ခွဲမနေချင်ရှာဘူး.. ဘယ်ကိုသွားသွား သူမကို ခေါ်သွားရမယ်.. တစ်ယောက်တည်း ထားခဲ့လို့ မဖြစ်ဘူး.. ငိုနေရင် ဘယ်လိုလုပ်မလဲ..
အယ်လီယာနာသည် မွေးလာသည့်အချိန်မှစကာ အထီးကျန်နေခဲ့ရှာသော အင်စလေအား အလွန်စာနာသနားမိသည်။ အမျိုးသမီးသည် ကလေးငယ်၏ ချိုမြိန်သော ထောင်ချောက်အတွင်းသို့ ကျရောက်သွားမှန်း သတိမပြုမိဘဲနှင့် သူမ၏ ဘဝအား ကလေးငယ်အတွက် နှစ်မြှုပ်ထားရန် နောက်တစ်ဖန် ကျိန်ဆိုလိုက်သည်။
“အူးးး ချစ်ဒယ်နော် အယ်..”
အင်စလေသည် အယ်လီယာနာ၏ ပွေ့ဖက်မှုကို ခံယူရင်း အမျိုးသမီး၏ လည်ပင်းထဲသို့ ခေါင်းတိုဝှေ့လိုက်သည်။ အယ်လီယာနာထံမှ ခွာလိုသော ရည်ရွယ်ချက်မရှိပေ။
ဟုတ်ပြီ.. ဒါပဲ.. တဖြည်းဖြည်းချင်း ငါ့ရဲ့ ဒိုင်းနဲ့ ဓား ဖြစ်လာပေး.. မိသားစုကို ကြီးပွားအောင် လုပ်ပေးမယ်..
အင်စလေသည် အယ်လီယာနာ၏ နောက်ကွယ်၌ ကောက်ကျစ်သော မြေခွေးတစ်ကောင်သဖွယ် ပြုံးလိုက်သည်။
ထိုနေ့ည၌ အင်စလေ ခန့်မှန်းသည့်အတိုင်းပင် အယ်လီယာနာအား အစည်းအဝေးပြုလုပ်ရန် ခေါ်ဆိုသည်။ မိသားစုအကြီးပိုင်းမှလူများသည် အယ်လီယာနာ တစ်ဦးတည်း ရောက်လာမည်ဟု ထင်ခဲ့ကြသော်ငြား ကလေးငယ်အား ပွေ့ချီကာ ရောက်လာခြင်းပင်။
“ဒါကဘာလဲ.. ဘာဖြစ်လို့ သခင်မလေးကို ခေါ်လာတာလဲ..”
ရီဂါမိသားစုခွဲ၏ ဒုတိယခေါင်းဆောင်မှ အဆုတ်ကွဲလုတမျှ အော်သည်။ သူ၏ အနက်ရောင်ဆံပင်တိုများမှာ ညအမှောင်တွင် လောင်ကျွမ်းနေသည့်အလားပင်။
“ဟုတ်တယ် မစ် အယ်လီယာနာ.. ဘာတွေ စဉ်းစားနေတာလဲ.. ဒီနေရာက ကလေးတစ်ယောက်အတွက် မသင့်တော်ဘူး..”
ဒိုဘာမိသားစုခေါင်းဆောင်မှ ခပ်ထေ့ထေ့ပြောသည်။ နောက်လှန်ဖြီးထားသော ငွေရောင်ဆံပင်များနှင့် အနီရောင်မျက်လုံးများကြောင့် ခက်ထန်ကြမ်းတမ်းပုံပေါက်လေသည်။
အဲလီမိသားစု၏ အတွင်းရေးမှူး၊ ချဲလ်မိသားစု၏ ညာလက်ရုံး၊ ရာအောစ့်မိသားစုနှင့် လီယွန်နယ်မိသားစု၏ အကောင်းဆုံး တိုက်ခိုက်ရေးသမားများသည်လည်း တိတ်တဆိတ် ဆန့်ကျင်နေကြသည်။
မိသားစု၏ ကံကြမ္မာ ပြောင်းလဲသွားနိုင်သည့် အစည်းအဝေးသို့ ကလေးတစ်ဦးအား ခေါ်ဆောင်လာနိုင်လောက်အောင် မည်သူက ရူးသွပ်မည်နည်း
အမျိုးသားများ၏ မကြိုဆိုသော အကြည့်များအား လျစ်လျူရှုကာ အင်စလေသည် ခေါင်းမော့ရင်ကော့ကာဖြင့် ခပ်မှိန်မှိန်အခန်းအတွင်း ဝင်ရောက်လာသည်။
“လိုက်နာတာ.. အမိန့်.. သခင်မလေး.. ခေါင်းဆောင်..”
အယ်လီယာနာ ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်ပြီး ကလေးငယ်အား ပေါင်ပေါ်တင်လိုက်သည်။ စားပွဲဝိုင်းပတ်လည်ရှိလူများအား စူးစူးဝါးဝါးကြည့်ပြီး ခြိမ်းခြောက်လိုက်သည်။
“အဲဒါ.. အမိန့်..”
အယ်လီယာနာ နောက်တစ်ဖန် ဖိပြောလိုက်သည်။
ထိုလူများသည် အယ်လီယာနာ ဆိုလိုသည်အား အပြည့်အဝ နားမလည်သည့်တိုင်အောင် ‘အမိန့်’ ဟူသည့် စကားလုံးအား နားလည်နိုင်ဆဲပင်။
အရေးကြီးတဲ့အစည်းအဝေးကို အနှောင့်အယှက်မပေးနိုင်တဲ့ မိသားစုခေါင်းဆောင်ကို ခေါ်သွားဖို့ ဒီငနုံမကို တစ်ယောက်ယောက်က ပြောထားတယ်ပေါ့..
ဘယ်သူကလဲ..