အခန်း ၁၉ တရားမဝင်ဘူး
Viewers 3k

အခန်း ၁၉ တရားမဝင်ဘူး

 

“အမိန့် ဟုတ်လား.. ဘယ်သူပြောတာလဲ..”

 

အနက်ရောင်ဆံပင်ရှိသော ရီဂါမိသားစု၏ ကိုယ်စားလှယ်မှ ခေါင်းအနည်းငယ်စောင်းကာ မေးလိုက်သည်။ ထို့နောက် အနည်းငယ်တွန့်ကြေနေသော အဖြူအနက်ဝတ်စုံအား တိတ်တဆိတ် ပြန်ဆန့်နေသည်။

 

“လျှို့ဝှက်.. အမိန့်.. လုပ်ရမယ်..”

 

အယ်လီယာနာ ခေါင်းယမ်းလိုက်ပြီး ထိုလူများအား ထိုအမိန့် နောက်ကွယ်ရှိလူအား ပြောရန် ငြင်းဆန်လိုက်သည်။ ထိုအမိန့်အား ပေးခဲ့သူမှာ အင်စလေဖြစ်ပြီး သူမနှင့်အတူ အမြဲအတူရှိနေလိုသောကြောင့်ဖြစ်မှန်း မည်သည့်အခါတွင်မျှ ထုတ်ပြောမည်မဟုတ်ပေ။

 

သူမသည် ထူးချွန်ထက်မြက်သူ မဟုတ်သော်ငြား ထိုလူများသည် သခင်မလေးအပေါ် တင်းကြပ်ကာ သွေးအေးအေးဆက်ဆံကြမှန်း သိသည်။ သခင်မလေးမှ တစ်ယောက်တည်း မထားခဲ့ရန် ပြောသောကြောင့်ဟု ဆိုလိုက်ပါက..။

 

ထိုလူများသည် ကလေးငယ်အား အထင်သေးရှုံ့ချကာ အနာဂတ်ခေါင်းဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ဟု ယိုးစွပ်ကြလိမ့်မည်။

 

မာဖီးယားမိသားစုများ၌ မွေးကာစ ကလေးတစ်ဦးပင်လျှင် နာနီများနှင့်သာထားပြီး တစ်ဦးတည်း အိပ်ကြရသည်။ မည်သည့်ကလေးမျှ သူတို့အနား အချိန်ပြည့်လူတစ်ယောက်ရှိနေပေးရန် အလိုလိုက်ခံထားရသူဟူ၍ မရှိချေ။

 

အယ်လီယာနာမှ ထုတ်ပြောရန် ခေါင်းမာနေသည်ကို မြင်ပြီးနောက် အခန်းအတွင်းရှိလူများသည် အလိုလိုပင် မျက်လုံးပြာများရှိသော အကြီးအကဲအား တွေးမလိုက်ကြသည်။ မိသားစုအတွင်ဂ၌ အဆိုပါအကြီးအကဲ၏ အဆင့်အတန်းမှာ မိသားစုခေါင်းဆောင်ထက် တစ်ဆင့်သာနိမ့်သည်။

 

ထိုအကြီးအကဲသည် အယ်လီယာနာအား ဆက်ခံသူ မဟုတ်.. ရုပ်‌သေးခေါင်းဆောင်အား ခေါ်ဆောင်ရန် အမိန့်ပေးသူသာ ဖြစ်ရမည်။

 

မိသားစုခွဲ ၆ ခုသည် အယ်လီယာနာ၏ ပေါင်ပေါ်တွင် ထိုင်နေသည့် ကလေးငယ်အား တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

 

ကလေးသည် ယုန်ရုပ်ကလေးများပါသည့် ပန်းရောင်ညဝတ်အင်္ကျီအား လဲထားပြီးဖြစ်သည်။

 

‌ခေါင်းပေါ်တွင် အမွေးပွယုန်ဦးထုပ်လေးအား ဆောင်းကာ အလှဆင်ထားသည်။

 

သူမ၏ ပုံစံမှာ ခေတ်ဟောင်းပရိဘောဂများဖြင့် အလှဆင်ထားသော ခပ်မှိန်မှိန်အခန်းထဲရှိ လေးနက်သော အခြေအနေ၊ တင်းမာခက်ထန်သောလူများနှင့် ဆန့်ကျင်ဘက်ပင်။

 

“ကျွတ်.. အကြီးအကဲက ဘာတွေစဉ်းစားနေတာလဲကွာ.. ကလေးပေါက်စက အိပ်သင့်နေပြီ မဟုတ်ဘူးလား.. ညဉ့်နက်နေပြီကို..”

 

ငွေရောင်ဆံပင်နှင့်လူမှ လျှာတောက်ပြီးနောက် ခြေထောက်ချိတ်ထိုင်လိုက်သည်။

 

သူ၏မျက်နှာမှာ ညအမှောင်ကြောင့် မသဲမကွဲရှိနေသည်။ အင်စလေ ထိုသို့မြင်ရခြင်းပင်။

 

“ဟုတ်တယ်.. အကြီးအကဲက ရူးသွားပြီထင်တယ်.. ဒါမှမဟုတ် တစ်ခုခု ကြံစည်နေတာများလား..”

 

တိတ်ဆိတ်နေခဲ့သော ချဲလ်မိသားစု၏ ကိုယ်စားလှယ်မှ ပြောသည်။

 

သူ၏ နူးညံ့သောအသံမှာ ဖြူဖျော့ဖျော့မျက်နှာနှင့် သိသိသာသာ ဆန့်ကျင်နေသည်။ အင်စလေ၏ မျက်လုံးထဲ၌ အစိမ်းရောင်ဆံပင်နှင့် ပိန်ပါးပါးလူမှာ ပုတ်သင်ညိုတစ်ကောင်အလားပင်။

 

“နောက်ဆုံးတော့ လူအိုကြီးက ရူးသွားပြီကိုး.. ရုပ်သေးခေါင်းဆောင်ကို အစည်းအဝေးခန်းထဲ လွှတ်လိုက်တယ်ပေါ့.. ဒီကလေးကို ဘာလုပ်စေချင်တာလဲ..”

 

အဲလီမိသားစုမှ လူတစ်ဦးသည် သူ၏ အညိုရောင်ဆံပင်ထောင်ထောင်အား ကုတ်ရင်းပြောသည်။

 

ထို့နောက် ကောင်းကင်တစ်ခွင် အုပ်စိုးသည့် လင်းယုန်နှင့်တူသော စူးရှသော ရွှေ‌ရောင်မျက်လုံးများဖြင့် အင်စလေအား ကြည့်လိုက်သည်။

 

သူတို့မိသားစု သင်္ကေတက ခေါင်းပြောင်လင်းယုန်သာဆိုရင် ခေါင်းပြောင်နေလောက်တယ်..

 

အင်စလေ ထိုသို့တွေးနေမိသည်။

 

“ဘာပဲဖြစ်ဖြစ်.. ကလေးကို အပိုမီးသီးလို့ သဘောထားကြတာပေါ့.. မိသားစုကို ကောင်းကောင်းဦးဆောင်နိုင်မဲ့ တစ်ယောက်ယောက် လိုနေပြီ..”

 

လီယွန်နယ်မိသားစု၏ အကောင်းဆုံးတိုက်ခိုက်ရေးသမားသည် သစ်သားစားပွဲအား လက်ဖြင့်ခေါက်ရင်း ပြောသည်။

 

အသက် ၂၀ ခန့်သာ ရှိသေးမည့် လူငယ်တစ်ဦးသည် သက်လတ်ပိုင်းအရွယ် အမျိုးသားများအကြား၌ ငယ်ရွယ်နုပျိုသော သွင်ပြင်ရှိသည့် တစ်ဦးတည်းသောသူဖြစ်သည်။ ဟေဇယ်သီးရောင်လှိုင်းတွန့်ဆံပင်များမှာ ခပ်ပွပွရှိနေပြီး အနက်ရောင်မျက်လုံးများသည် အံ့ဩဖွယ်ကောင်းလောက်အောင် နူးညံ့ပုံရသည်။

 

ထိုလူငယ်သည် ခြင်္သေ့တစ်ကောင်ဟူသော ခံစားချက်မျိုး မရသဖြင့် အခြားသူများအား ခြိမ်းခြောက်နိုင်ခြင်းမရှိချေ။

 

သို့သော် အင်စလေ၏ မျက်လုံးထဲ၌မူ အဆိုပါလူငယ်မှာ အန္တရာယ်အရှိဆုံးပင်။

 

ဂလု (တံတွေးမျိုသံ)

 

အင်စလေ သူမ၏ ယုန်ဦးထုပ်အား တင်းတင်းဆွဲလိုက်သည်။ ကလေးငယ်သည် လီယွန်နယ်မိသားစုမှ ချောမောခံ့ညားသောလူငယ် စတင်စကားပြောချိန်မှစကာ ကြက်သီးတဖြန်းဖြန်းထလာခြင်းပင်။

 

ဘာလဲ.. ဘာဖြစ်လို့ အရမ်းအန္တရာယ်များတဲ့ပုံ ပေါက်နေရတာလဲ.. အသံကတော့ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးချမ်းချမ်းပဲ.. ဒါပေမဲ့.. ဒါပေမဲ့.. အဲဒီ ဖိအားက ဘာများလဲ..

 

အင်စလေ နှုတ်ခမ်းကိုက်ကာ လီယွန်နယ်မိသားစုမှ အမည်မသိ လူငယ်အား တိတ်တဆိတ် လေ့လာနေသည်။

 

လူပျော့လူညံ့တစ်ယောက်နဲ့တူတဲ့လူ.. သူ့ရဲ့အော်ရာက အိပ်ပျော်နေတဲ့ ခြင်္သေ့တစ်ကောင်လိုပဲ.. ဘယ်လိုစွမ်းရည်မျိုး ရှိနေတာလဲ.. ဘာလို့များ ဒီအခန်းထဲမှာ အန္တရာယ်အများဆုံးလူလို့ ခံစားနေမိတာလဲ.. ငါ့ရဲ့ နောက်ထပ်စွမ်းရည်တစ်ခုများလား..

 

အင်စလေ သူမ၏ ညှို့ဓာတ်စွမ်းရည်အား အသုံးပြုမည်ဆိုလျှင်ပင် ထိုလူငယ်အား ညှို့ယူနိုင်မည်မဟုတ်ကြောင်း မသိစိတ်မှ ပြောနေသည်။

 

သူ့ပုံစံကတော့ ကလေးချစ်တတ်ပုံပဲ.. ဒါပေမဲ့..

 

အကြင်နာမရှိတဲ့သူလို့လည်း ထင်ရတယ်..

 

အင်စလေသည် လီယွန်နယ်မိသားစုမှ လူငယ်အား အာရုံစိုက်နေပြီး အခြားသူများကို လျစ်လျူရှုထားသည်။

 

ထိုသည်ကပင် သူမ၏ ပထမဆုံးသော အမှားဖြစ်လာသည်။

 

အင်စလေ၏ မမြင်ကွယ်ရာ၌ အဖြူအနက်ဆံပင်များရှိသော ကောင်ငယ်လေးတစ်ယောက်သည် သူမအား တိတ်တဆိတ် စိုက်ကြည့်လျက်ရှိ၏။ သူ၏နောက်ကျောမှာ ခပ်ကိုင်းကိုင်းရှိပြီး စိတ်ဓာတ်ကျနေဟန်ပေါ်သော်ငြား ထိုကောင်ငယ်လေးသည် ရာအော့စ်မိသားစု၏ အကောင်းဆုံးတိုက်ခိုက်ရေးသမားဖြစ်သည်။

 

အကောင်းဆုံး လူသတ်ငါးမန်း (killer whale).. အော်ခါ...

 

အော်ခါသည် အပြာရင့်ရောင်မျက်လုံးတစ်စုံဖြင့် အင်စလေအား စူးစမ်းနေခြင်းဖြစ်သည်။ မရဏမှတ်စုထဲမှ L ကဲ့သို့ ဒူးနှစ်လုံးအား လက်ဖြင့်ပိုက်ကာ ကိုးရိုးကားယားနိုင်လှသော အနေအထားဖြင့် ငုတ်တုတ်ထိုင်နေခြင်းဖြစ်သည်။

 

သို့တိုင်အောင် အော်ခါအား မည်သူမျှ အာရုံမစိုက်မိကြချေ။

 

အကြောင်းမှာ သူရှိနေသည်ကိုပင် မသိကြသောကြောင့်ပင်။

 

အော်ခါသည် အခြားသူများ၏ဘေး၌ ထိုင်နေသည့်တိုင်အောင် သူ၏ တည်ရှိမှုအား သတိပြုမူသူ တစ်ယောက်တစ်လေပင် မရှိချေ။

 

အစည်းအဝေးသို့ အော်ခါရောက်မလာဟုပင် ထင်နေကြခြင်းဖြစ်သည်။

 

“ဟ.. အမြဲပဲ ရာအောစ့်မိသားစုက ဘယ်တော့မှ ရောက်မလာဘူး.. ဟမ့်.. သူတို့က လူသတ်ရင်း အလုပ်ရှုပ်နေတာလား.. ဘာကို လုပ်ကြံသတ်ဖြတ်သူလဲ.. ကျုပ်တို့က မာဖီးယားတွေလေ.. တကယ့်ငကြောင်တွေ..”

 

ဒိုဘာမိသားစုဝင်တစ်ဦးမှ လှောင်ပြောင်သည်။

 

ထိုသူသည် ခွေးတစ်ကောင်လိုပင် ဟောင်ဖွာဟောင်ဖွာ ရှိလှသည်။

 

“အဲဒီရူးသွပ်နေတဲ့ လူသတ်သမားတွေကို လျစ်လျူရှုထားစမ်းပါ.. အခုတော့ ကျွန်တော်တို့က မိသားစုကိစ္စတွေကို ဆွေးနွေးဖို့ လိုအပ်တယ်..”

 

လီယွန်နယ်မိသားစုမှ လူငယ်သည် နွေးထွေးသော အပြုံးတစ်ခု ချိတ်ဆွဲရင်း စကားဝိုင်းအား ဦးဆောင်လိုက်သည်။

 

အခန်းအတွင်းရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားများမှာ လီယွန်နယ်မိသားစုမှ လူငယ်သည် စကားဝိုင်းအား ထိန်းချုပ်ထားကြောင်း သဘောမပေါက်သဖြင့် ထိုလူငယ်အား အလိုအလျောက်ပင် ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်ကြသည်။

 

အခန်းအတွင်းရှိ တစ်ဦးတည်းသော ကလေးမှ အသံစာစာဖြင့် စကားထွက်မပြောချိန်ထိသာဖြစ်သည်။

 

“ဝါး.. ဝါး.. စည်းဝေး.. ရှို့ဝက် (လျှို့ဝှဥ်).. ပျော်ချာကြီး.. ပျော်ချာကြီး..”

 

အင်စလေ သစ်သားစားပွဲအား အကြိမ်အနည်းငယ်ခန့် လက်ဖြင့်ပုတ်ရင်း လူငယ်အား ပြုံးပြလိုက်သည်။

 

သူမ၏ အပြုံးမှာ အလွန်အပြစ်ကင်းသန့်စင်လှသောကြောင့် သက်လတ်ပိုင်းအရွယ် အမျိုးသားအချို့မှာ ခပ်တောင့်တောင့်ဖြစ်သွားကြသည်။ စက္ကန့်ပိုင်းမျှ မျက်နှာအမူအရာ နူးညံ့သွားကြသော်ငြား များမကြာမီ ဆင်ခြင်တုံတရား ပြန်လည်ရရှိလာကြသည်။

 

ဝိုး.. ဒီကလေးက အတော်လေး ချစ်ဖို့ကောင်းပါလား..

 

သက်လတ်ပိုင်းအရွယ်အမျိုးသားများမှာ အင်စလေအပေါ် ထင်မြင်ချက်အား ဖုံးကွယ်ရန် ချောင်းဟန့်လိုက်ကြသည်။ သူထို့ထံ၌ ကလေးများရှိပြီး ကောင်ကလေး၊ ကောင်မလေးများစွာရှိသော်ငြား နတ်သမီးလေးကဲ့သို့ ချစ်ဖို့ကောင်းသူ တစ်ဦးတစ်ယောက်မျှ မရှိချေ။

 

ဒီကလေးက ဘာဖြစ်လို့ အဲလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲ.. ဒါက တရားကောဝင်ရဲ့လား..