ကလေးက ဆက်ခံသူဖြစ်ပြီး မိသားစုခေါင်းဆောင် ဖြစ်လာလို့များလား.. သူမက မိသားစုရဲ့ လာဘ်ကောင်လေး ဖြစ်လိမ့်မယ်..
အခြားသူများသည် အင်စလေအပေါ် အနည်းငယ်နှစ်သက်သဘောကျလာသော်ငြား လီယွန်နယ်မိသားစုနှင့် ရာအောစ့်မိသားစုမှ လူငယ်များမှာမူ ခါးသီးသောမျက်နှာထားဖြင့် ရှိနေကြသည်။
လီယွန်နယ်မိသားစု၏ သခင်လေးလော်ရန် မျက်မှောင်ကြုတ်လိုက်သည်။ ထိုကလေးသည် သူပြောနေသည်အား နှောင့်ယှက်ပြီး စကားဝိုင်း၏ အရှိန်အား ဖျက်လိုက်ခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်သည်။
ယခုအခါ ထိုလူများအား ထပ်မံဦးဆောင်ရန် ကြိုးစားပါက ခေါင်းဆောင်တစ်ဦးအဖြစ် ပြုမူနေကြောင်း သိရှိသွားကြလိမ့်မည်။
ဒီကလေးကဘာလဲ.. ရည်ရွယ်ချက်ရှိရှိ လုပ်တာလား..
လော်ရန် အပြင်ပိုင်း၌ ပြုံးနေသည့်တိုင်အောင် အံတင်းတင်းကြိတ်လိုက်သည်။ ထို့နောက် ခေါင်းလှည့်ကာ အင်စလေအား မျက်နှာချင်းဆိုင်ကြည့်ရန် ကြိုးစားချိန်တွင် ရုတ်တရက်...
နှလုံးဖောက်သွားတော့သည်။
ဖူးးးးးးးးး
လော်ရန် နှာခေါင်းသွေးလျှံလုနီးနီးပင်။
အကြောင်းအရင်းမှာ ထိုကလေးသည် လော်ရန်အား သွားအဖြီးသားဖြင့်ကြည့်ကာ တိတ်တဆိတ် မျက်စိတစ်ဖက်မှိတ်ပြသောကြောင့်ပင်။
ဟုတ်သည်။ အင်စလေ လော်ရန်အား ဖျားယောင်းလိုက်ခြင်းဖြစ်သည်။
လော်ရန်၏မျက်နှာတစ်ပြင်လုံး နီမြန်းကာ နှာခေါင်းအား လက်ဖြင့်ပိတ်လိုက်သည်။ ရဲရဲနီနေသည့်သွေးများ မေးစေ့သို့တိုင်အောင် စီးကျလာသည်။
သောက်ခွေး.. ဘာလဲဟ.. ဆက်ခံသူ မဟုတ်ဘူး.. ရုပ်သေးခေါင်းဆောင်က ရုတ်တရက်ကြီး ငါ့ကိုကြည့်ပြီး မျက်စိမှိတ်ပြတာလား.. အဲဒါက သေစေနိုင်တယ်ဆိုတာ သိရဲ့လား..
လော်ရန်သည် အင်စလေ၏ အရှက်မဲ့သည့် အပြုအမူကြောင့် ဆူပစ်ချင်သော်ငြား အမှန်တရားမှာ ထိုသို့မဟုတ်ချေ။ ကလေးငယ်သည် သူမအား အလွန်ဆိုးဝါးသည့် ပြစ်မှုတစ်ခု ကျူးလွန်ခဲ့သည့်အတိုင်း သေစေနိုင်လောက်သည့် အကြည့်များဖြင့် စိုက်ကြည့်နေသော လော်ရန်အား ကြောင်အစွာဖြင့် ကြည့်နေလေသည်။
ဘာလဲ.. ဘာလို့ စိတ်ဆိုးနေတာလဲ.. ငါ့မျက်လုံးတွေ ယားနေလို့ မျက်တောင်ခတ်တာကို.. အဲဒါက ရန်စသလို ဖြစ်သွားလား.. ငါက တိုက်တိုက်ဆိုင်ဆိုင် သူ့ကို ကြည့်မိသွားတာပါနော်..
အင်စလေ အံကြိတ်ကာ မျက်နှာလွှဲပြီး လော်ရန်အား လျစ်လျူရှုလိုက်သည်။ မှန်သည်။ သူမ၏ ချစ်စဖွယ်မျက်နှာလေးဖြင့် လူငယ်အား ‘ဖြားယောင်း’ ပြီးနောက် လိုက်တန်းပြေးတန်း ကစားရမည်။
လော်ရန်၏ အတွေးမှာမူ ဤသို့ပင်။
ဒီကလေးမ.. သူမက ငါ့ကို လျစ်လျူရှုနေတာလား.. အခုလေးတင် ငါ့ကို ဖြားယောင်းပြီး ငါက သူမနဲ့ မတန်ဘူးလို့ ထင်နေတာလား..
လော်ရန် နှာခေါင်းသွေးသုတ်လိုက်ပြီး အင်စလေအား ခြောက်လှန့်ရန် စိုက်ကြည့်လိုက်သည်။ သတ်ဖြတ်လိုသော အကြည့်များဖြင့် စိုက်ကြည့်ခံရပါက မည်သည့်ကလေးမဆို အော်ဟစ်ငိုယိုကြလိမ့်မည်။
သို့သော် လော်ရန် သွေးဆာသည့် အရိပ်အယောင်များ ထပ်ပေါင်းကာ ပိုမိုဖိအားမပေးနိုင်ခင်မှာပင် ကလေးငယ်၏ ဖောင်းအိတုံပါးများနောက် မျက်လုံးအကြည့်များ ကပ်ပါသွားသည်။
အင်စလေ ခေါင်းလှည့်လိုက်သည့် အရှိန်ကြောင့် ဖောင်းအိအိ ပါးစုံလေးများမှာ ပူဖောင်းတစ်လုံးသဖွယ် အသာပြန်ကန်ထွက်လာသည်။
ဒါ.. ဒါ.. ချစ်စရာလေး..
သောက်ခွေး..
လော်ရန် ရင်ဘတ်အား လက်ဖြင့်ဆုပ်ကာ အင်စလေထံမှ အကြည့်လွှဲလိုက်သည်။ အဆိပ်မိသူတစ်ဦးနှယ် အသက်ရှူသံများ ပြင်းထန်ကြမ်းတမ်းနေ၏။
မှန်သည်။ ကလေးငယ်၏ ညှို့ဆိပ်မိသွားခြင်းပင်။
သောက်ခွေး.. သောက်ခွေး.. ဆက်ခံသူ.. မဟုတ်ဘူး.. မိသားစုခေါင်းဆောင်က အရမ်းအန္တရာယ်များတယ်.. ဘာတွေဖြစ်နေတာလဲ.. ဒီလောက်ချစ်ဖို့ကောင်းနေတာ ဖြစ်သင့်ရဲ့လား.. ကလေးတွေဆိုတာ နှပ်တွဲလောင်းနဲ့ လူဆိုးကောင်တွေ မဟုတ်ဘူးလား..
လော်ရန်၏ ကလေးများအပေါ် မှားယွင်းသုံးသပ်ချက်များ တမဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။ ဘေဘီအင်အား ကျေးဇူးတင်ရမည်ပင်။
အပြစ်ကင်းစင်မှုအပြည့်ရှိသော အရည်လဲ့နေသည့် မျက်လုံးကြီးများဖြင့် ကြည့်လာချိန်တွင် သူမ၏ ဆွဲဆောင်မှုအား ခုခံနိုင်သူဟူ၍ ရှိမည်မဟုတ်ချေ။ ဖောင်းအိတုန်ပါးလေးများမှာ ရှဉ့်ကလေးနှင့်တူပြီး ခြေလက်သေးသေးလေးများနှင့် ပိုးသားကဲ့သို့ နူးညံ့ပျော့ပျောင်းသည့် ခရမ်းရောင်ဆံပင်...
နှင့် သူမ၏ အသံ။ အင်စလေ၏အသံမှာ နူးညံ့ချိုသာပြီး ရှက်ရွံ့မှုအနည်းငယ် ပါဝင်သောကြောင့် လူတိုင်း၏ နှလုံးသားအား ကလိထိုးနေသယောင်ပင်။
မိစ္ဆာပဲ..
လော်ရန်သည် အင်စလေအား ဒီထက်ပို အာရုံမစိုက်တော့ဟု ကျိန်ဆိုသည်။ မိသားစုခေါင်းဆောင်မှာ စလိုအန်မိသားစု၏ လက်နက်အသစ်ဟုပင် တွေးမိလိုက်သည်။
ဟုတ်တယ်.. အဲဒီကလေးမက လူသားလက်နက်ပဲဖြစ်ရမယ်.. သူက ထူးဆန်းတဲ့စွမ်းရည်ကိုသုံးပြီး လူတွေကို ဖြားယောင်းတယ်.. နတ်ဆိုးမလိုပဲ.. သူမရဲ့ မျက်နှာဖုန်းကို ခွာချပြီး အသွင်အမှန်ကို ဖော်ထုတ်ပေးမဲ့သူ တစ်ယောက်တော့ လိုနေပြီ..
ကလေးတစ်ယောက်က အဲလောက်ကြီး တည်တည်ငြိမ်ငြိမ်နဲ့ နာခံမှုရှိတယ်ဆိုတာ မဖြစ်နိုင်ဘူး.. တအီအီ ငိုနေသင့်တာ မဟုတ်ဘူးလား..
ဒီကလေးက လုံးဝမငိုတဲ့အပြင် အခန်းထဲက လူအိုကြီးတွေကို တဟိဟိ ရယ်ပြပြီး အာရုံစားနေတာ.. အဲဒီလူတွေက အစည်းအဝေးကိုတောင် အာရုံမစိုက်နိုင်ကြတော့ဘူး..
အခန်းအတွင်းရှိ သက်လတ်ပိုင်းအရွယ်အမျိုးသားများမှာ အင်စလေ၏ ချစ်စဖွယ်မျက်နှာလေးအား ခိုးကြည့်ပြီးနောက် အသံများပင် တုန်လာသည်။
“ဆို.. ဆိုတော့.. ခင်ဗျားတို့ သိတဲ့အတိုင်းပဲ မူးယစ်ဆေးလုပ်ငန်းက အခြေအနေမဟန်ဘူး.. အဲဒီသောက်ကျိုးနည်းရဲအရာရှိတွေက ပတ်ပတ်လည်မှာ ခိုအောင်းနေကြတာ.. အထူးစုံစမ်းရေးအေးဂျင့်တွေကလည်း ကျုပ်တို့ကို ပစ်မှတ်ထားနေတယ်..”
ဒိုဘာမိသားစုမှ ဦးလေးဒိုဘာသည် လတ်တလော မိသားစု၏အခြေအနေအား ရှင်းပြသည်။ ဦးလေးဒိုဘာသည် လက်မစုပ်နေသည့် အင်စလေအားကြည့်နေသောကြောင့် စကားများ တုံ့ဆိုင်းသွားသေးသည်။
အားးး ကင်မရာတစ်လုံးလောက် ယူလာရမှာ.. အိုး.. ခဏလေး.. ငါ့ရဲ့ဖုန်းကော..
ဂိုဘာမဟုတ်သော ဦးလေးဒိုဘာသည် အိတ်ကပ်ထဲ၌ ဖုန်းရှာရင်း အလုပ်များနေစဉ် အခြားသူများမှာ မဲမှောင်သောမျက်နှာထားဖြင့် ရှိနေသည်။
“မူးယစ်ဆေးလုပ်ငန်းက အန္တရာယ်ဝိုင်းနေတယ်ဆိုတော့ လေကြောင်းလုပ်ငန်းကကော ဘယ်လိုလဲ.. ပြင်ဆင်ဖို့ လိုအပ်လား.. နောက်ပိုင်းမှာ လေကြောင်းဗုံးကြဲတာမျိုးတွေ မရှိတော့ဘူး မဟုတ်လား..”
ရီဂါမိသားစုမှ အနက်ရောင်ဆံပင်နှင့်လူ နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။
အသုံးမဝင်သည့် အဲလီမိသားစုအား အင်အားနည်းအောင် ပြုလုပ်ရမည့် အခွင့်အရေးပင်။
“ထောက်ပံ့ငွေက လီယွန်နယ်မိသားစုကို ပိုပေးသင့်တယ်မဟုတ်ဘူးလား..”
ထိုလူမှ အကြံပြုသည်။
“ခဏလေး.. ဘာကိုဆိုလိုချင်တာလဲ.. တခြားမိသားစုတွေက အားနည်းနေတဲ့ စလိုအန်မိသားစုကို ပစ်မှတ်ထားနေတယ်ဆိုတာ ခင်ဗျားမသိဘူးလား.. ကျုပ်တို့ အဲလီမိသားစုက နယ်စပ်မှာ ရှိနေတာကွ..”
အဲလီမိသားစုမှ ရွှေရောင်မျက်လုံးများနှင့်လူသည် စားပွဲအား လက်ဖြင့်ရိုက်ကာ မတ်တတ်ရပ်လိုက်သည်။
“ကျုပ်တို့ရဲ့ လေတပ်အင်အားကို တောင့်တင်းအောင်လုပ်ဖို့လိုတယ်.. ကျုပ်တို့က စလိုအန်မိသားစုရဲ့ ရှေ့တန်းပဲ.. ကျုပ်တို့သာ အားနည်းနေမယ်ဆိုရင် တခြားသူတွေ ကျူးကျော်လာလိမ့်မယ်..”
ထိုသို့ပြောပြီးနောက် ရင်ဘက် နိမ့်ချည်မြင့်ချည်ဖြစ်ကာ မျက်နှာတစ်ခုလုံး နီမြန်းလာသည်။
ရီဂါမိသားစုသည် အဲလီမိသားစု၏ အင်အားကို နည်းပါးသွားစေရန် ပြောရဲသောကြောင့် သိသိသာသာ ဒေါသထွက်နေခြင်းပင်။
“ဒါပေမဲ့ ဘာလုပ်ရမလဲ.. လီယွန်နယ်မိသားစုလည်း ရှေ့တန်းမှာပဲလေ.. သူတို့က နေ့တိုင်းကို တိုက်ခိုက်နေကြရတာ.. ပင်မမိသားစုကို ထောက်ပံ့နေတာက လီယွန်နယ်မိသားစုရဲ့ လူသတ်သမားအဖွဲ့အစည်းကရတဲ့ ဝင်ငွေနဲ့ပဲ..”
ရီဂါမိသားစုမှ ဦးလေးရော်ဂျာ သရော်လိုက်သည်။ ဦးလေးအရွယ်ဖြစ်သော်ငြား အသက် ၃၀ ဝန်းကျင်ရှိမည်ဟု ထင်ရပြီး ခံ့ညားချောမောသူဖြစ်သည်။ မျက်လုံးအောက်ရှိ အရေးအကြောင်းများသည် သူ၏ လက်ရှိအသက်အား သက်သေပြနေသည့်အလားပင်။
ထိုဦးလေးမှာ ဇနီးနှင့် သားသမီးများ ရှိဟန်တူသောကြောင့် အင်စလေ နှမြောတသဖြစ်မိသည်။
ဪ.. ခပ်ချောချောမျက်နှာကို ဖြုန်းတီးနေပါလားနော်..