အခန်း ၂၁ သတင်းဆိုး
Viewers 3k

အခန်း ၂၁ သတင်းဆိုး

 

အစည်းအဝေးသို့ ပြန်သွားပါစို့။

 

အဲလီမိသားစု၏ လူငယ်မှာ အတော်လေး ငယ်ရွယ်သောကြောင့် ဦးလေး ရော်ဂျာမှ ခိုင်မာသည့် ငြင်းဆိုချက် ပေးလာချိန်တွင် ဒုတိယအကြိမ် အသံမထွက်တော့ချေ။

 

“ဒါပေမဲ့.. မစ္စတာ ရော်ဂျာ.. လေကြောင်းအင်အားကလည်း လိုအပ်နေတုန်းပဲလေ..”

 

လင်းယုန်နှင့်တူသော လူငယ်လေး အဲလက်စ်သည် ခေါင်းငုံ့ရင်း ဖြည်းညင်းစွာ ထိုင်ချလိုက်သည်။ ထိုသို့ပြောရင်း အသံမှာ ပိုပိုတိုးသွားသည်။

 

လက်ရှိအချိန်၌ လေကြောင်းအင်အားကို လိုအပ်နေသည်ဟု ယုံကြည်မှုရှိရှိ မပြောနိုင်ပေ။

 

ပင်မမိသားစုအတွက် လီယွန်နယ်မိသားစု၏ ထောက်ပံ့မှုမှာ အဲလီမိသားစုထက် သိသိသာသာ ပိုများနေချိန်တွင် မိသားစုသည် လေကြောင်းအင်အား လိုအပ်သည်ဟု မပြောနိုင်ဘဲ ရှိနေသည်။

 

ရီဂါမိသားစုမှာ လီယွန်နယ်မိသားစုထံ လက်နက်များ ထောက်ပံ့ပေးသည့်အကြောင်း ထည့်ပြောရန်ပင် မလိုအပ်ဘဲ ထိုမိသားစု နှစ်စုမှာ တစ်လှေတည်းစီးနေကြသူများ ဖြစ်သည့်အပြင် အသန်မာဆုံး မိသားစုခွဲများလည်းဖြစ်သည်။

 

အဲလီ၊ ရီဂါနှင့် လီယွန်နယ်မိသားစုများအကြား အခြေအနေ တင်းမာနေစဉ် ချဲလ်မိသားစုမှ အစိမ်းရောင်ဆံပင်ရှိသော အရိုးစုမှ စကားပြောလေသည်။

 

“အဲလီမိသားစုကို အပြစ်တင်မစောပါနဲ့ဦး.. မစ္စတာ ရော်ဂျာရဲ့ လက်နက်လုပ်ငန်းကကော ဘယ်လိုအခြေအနေရှိလဲ.. သေချာပေါက် အဆင်ပြေမှာပါ.. ကျွန်တော်တို့ ထောက်ပံ့ငွေကို ဘယ်မိသားစုခွဲကိုမှ ပိုပေးစရာ မလိုပါဘူး..”

 

သူ၏အသံမှာ လေပြေညင်းကဲ့သို့ နူးညံ့ညင်သာသော်ငြား အရိုးခေါင်းနှင့်တူသည့် မျက်နှာမှာ ကြည့်ပျော်ဖွယ်မရှိဘဲ သာယာလှပသော အသံအား ဖြုန်းတီးမှုတစ်ရပ်ပင်။

 

“ကျုပ်က ထောက်ပံ့ငွေတွေကို လီယွန်နယ်မိသားစုဆီ ပိုပေးချင်ရတဲ့ အကြောင်းက ကျုပ်တို့မိသားစုရဲ့ လက်နက်လုပ်ငန်းကလည်း ထင်သလောက်မကောင်းတော့လို့ပဲ..”

 

ရီဂါမိသားစုမှ ဦးလေးရော်ဂျာ ခေါင်းယမ်းလိုက်သည်။ အနက်ရောင်မျက်လုံးများမှာ ပုံမှန်ထက် ပိုမိုနက်မှောင်နေသည်ဟု ထင်ရသည်။

 

“တိုက်ခိုက်မှုတွေကတော့ ဆက်ရှိနေမှာပဲ.. ဒါပေမဲ့ ခေါင်းဆောင်ဟောင်းက သူ့ရဲ့ လျှို့ဝှက်ချစ်သူလေးနဲ့ ခိုးပြေးသွားတယ်ဆိုတဲ့ ကောလဟာလ မာဖီးယားအသိုင်းအဝိုင်းထဲ ပျံ့သွားတဲ့အချိန်ထဲက ကျုပ်တို့စလိုအန်မိသားစုကို တခြားမိသားစုတွေက ဖယ်ကြဉ်ထားကြတာလေ..”

 

ဦးလေးရော်ဂျာ နဖူးပေါ်လက်တင်ကာ သက်ပြင်းချလိုက်သည်။ တာဝန်မဲ့စွာ ခေါင်းရှောင်ပြေးသွားခဲ့သော စလိုအန်မိသားစု၏ ခေါင်းဆောင်ဟောင်းအကြောင်း ပြောချိန်တွင် မျက်နှာမှာ ပိုမိုအိုစာသွားသည်။

 

ခေါင်းဆောင်ဟောင်းသာ ရှိနေဦးမည်ဆိုလျှင်။ ထိုသူမှာ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ပြီး စလိုအန်မိသားစုအား ထိပ်ဆုံးသို့ ခေါ်ဆောင်သွားနိုင်စွမ်းရှိသည်။

 

ဘာလို့လဲ.. ဘာလို့ ရုတ်တရက်ကြီး ထွက်ပြေးသွားရတာလဲ..

 

ခေါင်းဆောင်ဟောင်းမှာ ပြန်ပေးဆွဲခံထားရသည်ဟု အခြားသူများ သိထားကြသော်ငြား အမှန်တရားအား သိထားသူများ ရှိနေဆဲပင်။

 

ခေါင်းဆောင်ဟောင်းအကြောင်း ပြောချိန်တွင် အခန်းအတွင်းရှိလူများအားလုံး ပါးစပ်ပိတ်သွားပြီး နှာခေါင်းအား လက်ဖြင့်နှိုက်နေသည့် အင်စလေအား တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။

 

...အမ်

 

အင်စလေ ကြောင်အသွားသည်။ အလျင်စလို လက်ပြန်ရုတ်ပြီးနောက် ဆတ်ခနဲတောက်ထုတ်လိုက်သည်။

 

“ဘာရဲ..”

 

အင်စလေ ခေါင်းကလေးစောင်းကာ သူမအား သနားကြင်နာမှုအပြည့်ဖြင့် ကြည့်နေကြသည့် လူများအား ရဲရဲတင်းတင်း မေးလိုက်သည်။

 

ထိုသူများ၏အကြည့်ကြောင့် ကြက်သီးများပင်ထလာသည်။

 

ဘာကိစ္စနဲ့ လာကြည့်နေကြတာတုန်း.. ငါက မော်ဒယ်လည်း မဟုတ်ဘူးနော်..

 

“မ.. မဟုတ်.. ဘာမှမဟုတ်ပါဘူး သခင်မလေး..”

 

အင်စလေ၏ အမေးအား ပြန်ဖြေသူမှာ အဲလီမိသားစုမှ အဲလက်စ်ဟူသော ကောင်လေးဖြစ်သည်။ ရွှေရောင်မျက်လုံးများအား အလျင်အမြန် အကြည့်လွှဲလိုက်သည်။ လင်းယုန်တစ်ကောင်ကဲ့သို့ စူးရှသောအကြည့်များအား တစ်နည်းနည်းနှင့် ဆုံးရှုံးသွားပုံပင်။

 

ဘာလို့လဲဆိုတော့.. ဒီနေရာမှာရှိတဲ့လူတိုင်းက ရုတ်တရက်ကြီး သနားဖို့အကောင်းဆုံးသူက သူတို့မဟုတ်ဘဲ သခင်မလေးဆိုတာ တွေးမိသွားကြလို့ပေါ့..

 

သခင်မလေးရဲ့မိခင်က မွေးပြီးပြီးချင်းပဲ ထွက်သွားတယ်.. အဲလိုလုပ်ဖို့ ပိုက်ဆံယူထားတာပဲလေ.. ဖခင်ကတော့ ၃ နှစ်လုံးလုံး တစ်ခါလေးတောင် လာမကြည့်ခဲ့တဲ့အပြင် နောက်ပိုင်းကျ သူ့ချစ်သူနဲ့ ထွက်ပြေးသွားသေးတယ်..

 

မာဖီးယားမိသားစုတွေရဲ့ ဘယ်ကလေးကမှ ငါတို့ရဲ့ သခင်မလေးလောက် သနားစရာကောင်းမှာ မဟုတ်ဘူး.. အခုများကျ ရုပ်သေးခေါင်းဆောင်တောင် ဖြစ်လာလိုက်သေးတယ်..

 

သူမရဲ့ အနာဂတ်ကတော့ မှုန်မှိုင်းနေတာပဲ..

 

အခန်းအတွင်းရှိအခြေအနေမှာ ပိုမိုစိတ်ဓာတ်ကျဖွယ်ကောင်းလာကြောင်း ခြင်္သေ့လေး လော်ရန် သတိပြုမိသည်။ ထို့ကြောင့် ‌လျော့ပါးစေရန် ချောင်းဟန့်လိုက်သည်။

 

“ကျွန်တော်တို့မှာ တခြားစီးပွားရေးတွေ မရှိဘူးလား.. ရာအောစ့်မိသားစုက သူတို့ရဲ့ လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းကနေ အကျိုးအမြတ်တွေရတယ်မဟုတ်လား..”

 

လော်ရန်သည် ဗလာဖြစ်နေသော ရာအော့စ်မိသားစု ကိုယ်စားလှယ်နေရာသို့ ကြည့်လိုက်သည်။

 

ရာအောစ့်မိသားစုရဲ့ အော်ခါတွေက.. အတော်လေး လျှို့ဝှက်ဆန်းကြယ်ကြတယ်.. ပင်မမိသားစုမှ အန္တရာယ်ရှိနေတာတောင် ရောက်မလာကြဘူးပေါ့လေ..

 

လော်ရန် အဖက်မတန်သလို လျှာတောက်လိုက်ပြီး ထိုအော်ခါမှာ သူ့အား အထင်အမြင်သေးသော မျက်လုံးများဖြင့် တိတ်တဆိတ် ကြည့်နေသည်ကိုမူ မသိချေ။

 

ဟွန့်.. သူတို့က ငါတို့ ရာအောစ့်မိသားစုကိုပဲ အမြဲတမ်း မှီခိုနေကြတာ.. အဲလောက်တောင် အားနည်းကြတယ်လား..

 

ကျန်မိသားစုများသည်လည်း ‘ဗလားကျင်း’ နေသည့် ထိုင်ခုံအားကြည့်ကာ သက်ပြင်းချလိုက်ကြသည်။

 

“ရာအောစ့်မိသားစုက ပုန်ကန်နိုင်ချေရှိတယ်လို့ ထင်တယ်.. အမြဲပဲ မှုန်မှိုင်းမှိုင်းဖြစ်နေတဲ့ အော်ခါတွေနဲ့ ဆက်ဆံဖို့ အရမ်းခက်တယ်.. သူတို့အကြောင်းသိတာလည်း သိပ်မရှိဘူး..”

 

ချဲလ်မိသားစုမှ မဲလန်သည် သူလျှိုတစ်ဦး၏ ရှုထောင့်မှကြည့်ကာပြောသည်။ ရာအောစ့်မိသားစုမှာ အတော်လေး သံသယဝင်စရာကောင်းလှသည်။

 

“အင်း.. ဒါဆိုလည်း ရာအောစ့်မိသားစုကို စောင့်ကြည့်ကြတာပေါ့.. ပင်မမိသားစုကို ထောက်ပံ့ပေးနေသမျှတော့ သူတို့ကို သည်းခံရမှာပဲ.. ဒါပေမဲ့ ပြဿနာက ကျုပ်တို့စီးပွားရေးလုပ်ငန်းတွေ..”

 

ဦးလေးဒိုဘာ လက်သည်းကိုက်ရင်း သက်ပြင်းချလိုက်သည်။

 

အသက်ကြီးလာတော့ မျက်နှာမှာ အရေးအကြောင်းနဲ့.. ကြည့်ရတာတော့ အသက် ၄၀ လောက် ရှိပြီထင်တယ်.. အိုး.. သကြားဖေဖေလုပ်လို့ရသေးတာပဲ.. ဒါပေမဲ့ ကောင်ငယ်လေးတွေကို ပိုပြီးသဘောကျတာပါနော်..

 

ဥပမာ လော်ရန်ပေါ့..

 

အခန်းအတွင်းရှိ အမျိုးသားများ စီးပွားရေးအခြေအနေများအား ဆွေးနွေးနေချိန်တွင် အင်စလေသည် ထိုလူများ၏အကြောင်းအား အယ်လီယာနာထံ တိတ်တဆိတ် မေးမြန်းနေလေ၏။ ယခုအခါ ထိုလူများအကြောင်း တော်တော်များများ သိထားပြီဖြစ်သည်။

 

ကလေးငယ်မှာ မည်သည့်စကားမျှမဆိုဘဲ ထိုလူများထံမှ ထွက်ကျလာသည့် စလိုအန်မိသားစုအတွင်းရှိ မကောင်းသတင်းများကိုသာ စောင့်နားထောင်နေခြင်းဖြစ်သည်။

 

အဲဒီအနုတ်ဘက်ရောက်နေတဲ့ စီးပွားရေးတွေက စလိုအန်မိသားစုမှာရှိသမျှ သတင်းဆိုး ဖြစ်လောက်ပါတယ်နော်..

 

အင်စလေ ထိုသို့မျှော်လင့်မိသော်ငြား ဘုရားသခင်သည် သူမအား ပန်းခင်းလမ်းပေါ်၌ မလျှောက်စေလိုပုံရသည်။

 

“သိတဲ့အတိုင်းပဲ သူလျှိုအဖွဲ့အစည်းတောင်မှပဲ ရန်ပုံငွေပြတ်လပ်နေတယ်.. နောက်ပိုင်းမှာ ကျုပ်တို့ကို ဘယ်သူကမှ မယုံတော့လို့ လျှို့ဝှက်အချက်အလက်တွေကို မရောင်းနိုင်ဘူး.. အကြောင်းကတော့ ကျုပ်တို့မိသားစုရဲ့ ပိုက်ဆံတွေကို အလွဲသုံးစားလုပ်နေတဲ့ လူတစ်ယောက်ရှိတယ်ဆိုပြီး ကောလဟာလ ထွက်နေလို့ပဲ..”

 

မဲလန် သက်ပြင်းချပြီး ချဲလ်မိသားစုထံမှ သတင်းဆိုးအား တင်ပြပြောဆိုသည်။ ချဲလ်မိသားစုမှာ သူလျှိုများဖြစ်ကြပြီး အချက်အလက်များ စုဆောင်းကာ ပြန်လည်ရောင်းချကြသည်။ သတင်းအချက်အလက်များ ရောင်းချရာမှ ဝင်ငွေများစွာရရှိသင့်သော်ငြား နောက်ပိုင်း၌မူ..။

 

ဖောက်သည်များ၏ ယုံကြည်မှုအား ဆုံးရှုံးသွားသည်။ အဓိကအကြောင်းအရင်းမှာ စလိုအန်မိသားစုထဲရှိ လူအချို့သည် မိသားစု၏ ငွေကြေးများအား အလွဲသုံးစားလုပ်နေသည်ဆိုသော ကောလဟာလကြောင့်ပင်။

 

ချဲလ်မိသားစုသည် သူတို့၏ ဖောက်သည်များအား လုပ်ကြံဖန်တီးထားသော သတင်းအချက်အလက်များအား ရောင်းချကြသည်ဟူ၍ပင် ပြောဆိုကြသူများရှိသည်။

 

တင်ပြချက်များကို နားထောင်ရင် အင်စလေ သူမသိလိုက်ရသည့် သတင်းများကြောင့် လက်ခုပ်ပင် တီးချင်လာသည်။

 

သောက်ခွေး.. အဲလောက်တောင် ဆိုးနေတာလား..