အခန်း ၂၂ ဟောက်သံ (ခူး~ခလော)
Viewers 3k

အခန်း ၂၂ ဟောက်သံ (ခူး~ခလော)

 

အင်စလေ သူမကိုယ်သူမ အတော်လေး ကံဆိုးနေသည်ဟု ခံစားမိသော်ငြား အခြားသူများမှာမူ ထိုသို့မတွေးချေ။

 

“ဖာ့ ဒီသတင်းတွေက ဘယ်လိုဖြစ်ပြီး တစ်ချိန်တည်း အစုလိုက်အပြုံလိုက် ထွက်လာတာလဲ.. တစ်ယောက်ယောက်ကတော့ ငါတို့မိသားစုကို ပစ်မှတ်ထားနေပြီ..”

 

ဦးလေးဒိုဘာသည် အင်စလေရှိနေသည်အား မေ့လျော့သွားသောကြောင့် ကျယ်လောင်စွာ ဆဲရေးလိုက်သည်။

 

ပြဿနာများမှာ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်လာသောကြောင့် တိုက်ဆိုင်မှုဟုပြောရန်ပင် ခက်လှသည်။ မမြင်နိုင်သည့် အင်အားစုတစ်ရပ်မှာ မိသားစုခွဲတိုင်းအား ပစ်မှတ်ထားနေပုံရသည်။

 

အခြားသူများသည်လည်း ထိုသို့တွေးမိသည့်တိုင်အောင် သတင်းဆိုးများမှ မပြီးဆုံးသေးချေ။

 

“ဒါအကုန်မဟုတ်သေးဘူး.. ကျွန်တော့်အဖေဆီက ကြားတာတော့ စလိုအန် ပင်မမိသားစုက ခေါင်းဆောင်ဟောင်းကြောင့် အကြွေးလည်ပင်းနစ်နေတာတဲ့..”

 

လော်ရန်သည် အင်စလေအားကြည့်ပြီး နောက်ဆုံးဗုံးခွဲလိုက်သည်။

 

မှန်သည်။ ပင်မမိသားစုမှာ အကြွေးပင်လယ်ဝိုင်းနေပြီး ကလေးငယ်၏ ဖခင်မှာ သူ၏ ချစ်သူအား ဖြည့်ဆည်းပေးရန်အလို့ငှာ လူပေါင်းများစွာထံမှ ပိုက်ဆံချေးယူထားသောကြောင့် ဖြစ်သည်။

 

အခန်းအတွင်းရှိလူများသည် အင်စလေအား ကံဆိုးစေသောကြယ်နှင့်ယှဉ်တွဲမွေးဖွားလာသကဲ့သို့ ကြည့်လိုက်ကြသည်။

 

ဖခင်ဖြစ်သူသည် မိသားစုအား ပြဿနာတွင်းထဲ ထားရစ်ခဲ့သလို ၃ နှစ်အရွယ်သာရှိသေးသည့် သမီးလေးအားလည်း မိသားစုခေါင်းဆောင်နေရာယူရန် ထားရစ်ခဲ့သည်။

 

အင်စလေပင်လျှင် မတွေ့မမြင်ဖူးသော ဖခင်ဖြစ်သူကြောင့် ခေါင်းကိုက်လာသည်။

 

ခွေးလိုအမှိုက်ကောင်.. ဒင်းက အကြွေးတွေ လည်ပင်းလောက်ထားခဲ့သေးတာလား.. မိသားစုကို နည်းနည်းလေးတောင် မစဉ်းစားဘူးပေါ့.. စလိုအန်မိသားစုကို မုန်းတီးနေတာများလား..

 

အင်စလေ ခေါင်းငုံ့လိုက်ပြီဂ အခန်းအတွင်းရှိလူများအား မကြည့်ရဲတော့ချေ။ မိသားစုခေါင်းဆောင် ဖြစ်လိုကြသူအချို့ ရှိကြသော်ငြား မိသားစုအား ဂရုစိုက်ကြသေးသည်။

 

မိသားစု၏ ခေါင်းဆောင်ဟောင်းဖြစ်သည့် မွေးဖခင်မှာမူ တိတ်တိတ်ပုန်းအမျိုးသမီးတစ်ဦးနှင့် ထွက်ပြေးသွားပြီး အလွန်တာဝန်မဲ့၏။

 

အင်စလေ ဝမ်းနည်းစိတ်ပျက်လာပြီး တောက်ပသော အပြုံးလေးပင် မှိန်ဖျော့သွားသည်။ ဦးခေါင်းထက်၌ တိမ်မဲလေးတစ်ခု ရှိနေပုံရပြီး သူမ၏ နတ်သမီးရောင်ခြည်စက်ကွင်းလေးအား ဖျက်ပစ်နေသည့်အလားပင်။

 

အခန်းအတွင်းရှိလူများသည် ပြောင်းလဲမှုအား သတိထားမိလိုက်ကြပြီး ရင်မောစွာဖြင့် ပင့်သက်ရှိုက်မိကြသည်။

 

ကလေးက ငါတို့စကားတွေကို နားလည်တာလား.. အဲဒါကြောင့် ဝမ်းနည်းသွားတာလား.. ချစ်ဖို့ကောင်းတဲ့ ကလေးလေးကို စိတ်မချမ်းမြေ့စေတာက အရမ်း ရက်စက်တဲ့ အပြုအမူပဲ..

 

အခန်းအတွင်းရှိလူများ တံတွေမျိုချလိုက်သည်။ အစည်းအဝေးအား မိနစ်အနည်းငယ်ခန့် ရပ်ထားပြီး အင်စလေသည် သူတို့ပြောသည့်စကားအား နားလည်ခြင်း ရှိ၊ မရှိ သိနိုင်ရန် ကြိုးစားကြသည်။

 

နားလည်နိုင်သည်ဆိုပါက အကောင်းအဆိုး ဒွန်တွဲနေလေသည်။ ကောင်းသည့်အချက်မှာ ကလေးငယ်သည် ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သိသာထင်ရှားနေပြီး ဆိုးသည့်အချက်မှာမူ သူမရှေ့၌ ဖခင်ဖြစ်သူ၏ အမှားအပြစ်များအား ထုတ်ဖော်ပြောကြားမိခြင်းဖြစ်သည်။

 

ကလေးငယ်မှာ ရှက်ရွံ့ကာ စိတ်ပျက်အားငယ်နေခြင်းဖြစ်မည်။ ဤမျှငယ်ရွယ်ချိန်၌ မိသားစုဝင်တစ်ဦး ကျူးလွန်ခဲ့သည့် ပြစ်မှုများအား မည်သည့်ကလေးမျှ ခါးစည်းခံနိုင်မည်မဟုတ်ပေ။

 

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အမျိုးသားများသည် အင်စလေအား သနားကြင်နာသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ တိတ်ဆိတ်နေခဲ့သည့် အော်ခါပင်လျှင် အင်စလေအား နှစ်သိမ့်‌ချော့မြှူသင့်သည်ဟု ခံစားမိသည်။

 

မျက်မှောင်ကြုတ်ကာ မျက်လုံးထဲရှိ ဝမ်းနည်းသောကတို့အား မြင်ပြီးနောက် အခန်းအတွင်းရှိလူများမှာ နှလုံးသားအား ကုတ်ခြစ်ခံရသကဲ့သို့ ခံစားလိုက်ရသည်။

 

သခင်မလေး.. ဝမ်းမနည်းပါနဲ့.. ငါတို့ပြောတာတွေကို နားမထောင်ပါနဲ့.. သခင်မလေး နားလည်နိုင်တယ်ဆိုတာ မသိလို့ပါ..

 

လော်ရန်၊ ရော်ဂျာ၊ ဒိုဘာ၊ မဲလန်၊ အော်ခါနှင့် အဲလက်စ်တို့သည် အင်စလေနှင့် အယ်လီယာနာအား တစ်လှည့်စီကြည့်လိုက်ကြသည်။ အင်စလေအား နှစ်သိမ့်ပေးနိုင်မလားဟု အယ်လီယာနာအား မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။

 

အယ်လီယာနာသည်လည်း အင်စလေ၏ စိတ်အခြေအနေ ကျဆင်းသွားကြောင်း သိလိုက်သည်။ ထို့ကြောင့် ကလေးငယ်၏ ဦးခေါင်းလေးအား လက်ဖြင့်ခပ်ဖွဖွပုတ်ရင်း အသံတိုးတိုးဖြင့်ပြောသည်။

 

“လိမ္မာတဲ့ ကလေးလေး.. လိမ်မာတယ်နော်.. ဘေဘီအင် မငိုပါနဲ့.. မငိုနဲ့..”

 

အယ်လီယာနာသည် မျက်လုံးထောင့်တွင် ဖြစ်တည်လာသည့် မျက်ရည်များအား ကျဆင်းမသွားစေရန် ထိန်းချုပ်ထားသည်။

 

အင်စလေမှာ ထက်မြက်သည့် ကလေးတစ်ဦးဖြစ်ကြောင်း သူမသတိထားမိသော်ငြား ကလေးငယ်သည် လူကြီးများ၏ စကားများကိုပင် နားလည်လိမ့်မည်ဟု မထင်ခဲ့ချေ။

 

ပါရမီရှင်တစ်ယောက်.. ဒါက ကောင်းချီးပေးခံရတာလား ကျိန်စာလား..

 

အယ်လီယာနာ ခေါင်းပုတ်ပေးနေစဉ်မှာပင် အင်စလေ တဖြည်းဖြည်း တည်ငြိမ်လာသည်။ ကလေးငယ်သည် ခေါင်းအသာညိတ်ပြီး အမူအရာမှာ သက်သောင့်သက်သာ ရှိသွားပုံပင်။ ထိုအချိန်မှသာ သူမအတွေးများအားလုံး မျက်နှာထက်တွင် ထင်ဟပ်နေသည်ကို သိရှိသွားသည်။

 

သောက်ခွေး.. ငါ သူတို့စကားတွေကို နားလည်နေတာ သိသွားကြပြီလား..

 

ထိုအတွေးကြောင့် အင်စလေ နောက်ကျောတစ်ခုလုံး အေးစက်သွားသည်။ အခန်းအတွင်းရှိ လူများမှာ သူမအား စိုးရိမ်သော အမူအရာများဖြင့် စိုက်ကြည့်နေကြဆဲဖြစ်သောကြောင့် အင်စလေ၏ သံသယအား အတည်ပြုလိုက်နိုင်သည်။

 

မည်သည့်စကားမျှ မဆိုသော်ငြား သူတို့၏ အကြည့်နှင့်ပင် လုံလောက်သည်။

 

အားးး ၈ထ် သူတို့က ငါ့ကို သနားနေကြတာပဲ.. သူတို့ပြောတာကို နားလည်တယ်လို့ ထင်နေတာ.. ဆိုးတာပဲ.. သာမန်ကလေးတစ်ယောက်နဲ့တူအောင် လုပ်ရတော့မယ်..

 

အင်စလေ ဦးနှောက်အား ကျောက်ခဲရေညှစ်သကဲ့သို့ ညှစ်ထုတ်ကာ အဖြေရှာလိုက်ပြီး အကောင်းဆုံးသော ဖြေရှင်းနည်းမှာ_

 

“အယ်.. အယ်.. ဘိုက်ချာ (ဗိုက်ဆာ)..”

 

အင်စလေ ဗိုက်ဖောင်းဖောင်းလေးအား ထိကာပြောချိန် အလွန်တိုက်ဆိုင်စွာပင် ဗိုက်ထဲမှ အသံထွက်လာသည်။

 

အသံမှာ အလွန်ကျယ်သောကြောင့် အခန်းအတွင်းရှိလူအကုန် ကြားလိုက်ရသည်။

 

! မိသားစုခေါင်း‌ဆောင်.. က .. ဗိုက် ဆာ နေတာလား

 

လူကြီးတစ်သိုက်မှာ ကြောင်အသွားလေသည်။

 

“အာ.. ဟုတ်ပြီ.. ခဏလေး.. ကွတ်ကီး..”

 

အယ်လီယာနာ အလျင်အမြန် မတ်တတ်ထကာ စားပွဲပေါ်ရှိ ကွတ်ကီးဘူးအား ယူလိုက်သည်။ သူမသည် အင်စလေအား ကွတ်ကီးဘူးပေးပြီးမှ ပေါင်ပေါ်တွင် ပြန်ထိုင်စေသည်။

 

“စား.. စား..”

 

အယ်လီယာနာ အင်စလေအား ကွတ်ကီးစားရန် တိုက်တွန်းပြီးနောက် သက်ပြင်းချလိုက်သည်။

 

သခင်မလေးက ဗိုက်ဆာလို့ ဝမ်းနည်းနေတာပေါ့.. တော်ပါသေးရဲ့ ငါတို့စကားတွေကို နားလည်သွားလို့ မဟုတ်တာ..

 

“ကျေးချူးးး” (ကျေးဇူး)

 

အင်စလေသည် အယ်လီယာနာအား ပျော်ရွှင်စွာ ကျေးဇူးတင်ပြီးနောက် ရှဉ့်ကလေးတစ်ကောင်ကဲ့သို့ ပါးစောင်အပြည့် ကွတ်ကီးများသွပ်တော့သည်။

 

စိတ်ပျက်ဝမ်းနည်းနေသည့် အမူအရာမှာ မရှိခဲ့ဖူးသလို ပျောက်ကွယ်သွားသည်။ ကြီးမားလှသော စိတ်ခံစားချက်အပြောင်းအလဲကြောင့် အခန်းအတွင်းရှိလူအားလုံး နောက်တစ်ဖန် ကြောင်အသွားကြပြန်သည်။

 

ဘာဖြစ်တယ်.. ဆိုတော့ ဗိုက်ဆာလို့ အခုလိုဖြစ်နေတာပေါ့.. ငါတို့က နားလည်မှုလွဲသွားတာပေါ့လေ.. တွေးကြည့်မှ လမ်းလျှောက်ကာစ ကလေးတစ်ယောက်က လူကြီးတွေပြောစကားကို နားလည်နိုင်မှာတဲ့လား..

 

လူကြီးများမှာ အတွေးလွန်ကာ လှည့်စားခံလိုက်ရသည်ဟု ခံစားမိကြသည်။ ထို့ကြောင့် ချောင်းဟန့်ကာ အရှက်ရမှုအား ဖုံးကွယ်ပြီးနောက် ဆက်လက်ဆွေးနွေးကြသည်။

 

မိသားစု၏ အကြပ်အတည်းအား ဖြေရှင်းရန် အသေးစိတ်ဆွေးနွေးတိုင်ပင်ကြသော်ငြား အစောပိုင်း၌ ပြောခဲ့သော အဓိကအချက်များမှလွဲ၍ အင်စလေ စိတ်မဝင်စားတော့ချေ။

 

အစည်းအဝေး အဆုံးသတ်လုဆဲဆဲမှာပင် ကျယ်လောင်သော ဟောက်သံသည် အစည်းအဝေး၏ လေးနက်မှုအား ဖျက်ဆီးလိုက်လေသည်။

 

"ခူးးးး ခလော... ခူးးးး ခလော....Zzz...zzz..."

 

သောက်....

 

အသံထွက်ပေါ်လာသည့် အရင်းအမြစ်အား ရှာဖွေရာ၌ နှာခေါင်းထိပ်တွင် နှာရည်ပူဖောင်းလေးနှင့် အိပ်ပျော်နေသည့် ကလေးငယ်အား တွေ့လိုက်ရလေသည်။

 

ကလေး အသက်ရှူရာမှတဆင့် ပူဖောင်းသည် တဖြည်းဖြည်း ကြီးလာကာ ဖောက်ခနဲပေါက်သွားသည်။

 

အဆိုပါ ကလေးငယ်မှာ လက်ရှိမိသားစုခေါင်းဆောင်ဖြစ်သော အင်စလေစလိုအန်မှလွဲ အခြားသူမဟုတ်ချေ။