အခန်း ၂၃ အစောင့်အရှောက်ဝိညာဉ်
Viewers 3k

အခန်း ၂၃ အစောင့်အရှောက်ဝိညာဉ်

 

"ခူးးးး ခလော... ခူးးးး ခလော....Zzz...zzz... ဝှါးးးးး"

 

အင်စလေ ပါးစပ်ဟကာ ဟောက်သံများထွက်ရင်း သွားရည်များ တစက်စက်စီးကျလာသောကြောင့် အယ်လီယာနာ၏ အင်္ကျီလက်ပင် စိုလာသည်။

 

ကလေးငယ်မှာ စလိုအန်မိသားစု၏ အကြီးပိုင်းများရှေ့တွင် သတ္တိရှိရှိ အိပ်ပျော်နေလေသည်။

 

"…."

 

အခန်းတွင်းရှိလူများသည် စိတ်အေးချမ်းသာစွာ အိပ်ပျော်နေသည့် မိသားစုခေါင်းဆောင်အားကြည့်ကာ မျက်လုံးများမှေးကျဉ်းသွားကြသည်။ အရေးကြီးသည့် အစည်းအဝေး၌ သူတို့၏ ရုပ်သေးခေါင်းဆောင်မှာ အိပ်ပျော်နေရဲသည့်အပြင် ဟောက်သံကျယ်ကျယ်နှင့် အစည်းအဝေးအား နှောင့်ယှက်လေသည်။

 

မာဖီးယားမိသားစုထဲ၌ ကြီးပြင်းလာကြသော ကလေးများမှာ ထိုသို့မပြုမူရဲကြချေ။ ထိုသို့ပြုမူမိလျှင်လည်း ကလေးအကျဉ်းထောင်သို့ပို့ကာ မလျော်ကန်သည့် အပြုအမူများအား ပြန်လည်သုံးသပ်စေမည်ဖြစ်သည်။

 

သို့သော် မလျော်ကန်သည့် အပြုအမူအား ပြုမူနေသူမှာ မိသားစုခေါင်းဆောင်ဖြစ်လျှင် မည်သို့ဆက်လုပ်ရမည်နည်း။ မိသားစုခေါင်းဆောင်မှာ ကြိုးဆွဲရုပ်သေးခေါင်းဆောင်တစ်ဦးမျှသာ ဖြစ်နေသည့်တိုင်အောင် စလိုအန်မိသားစု ခေါင်းဆောင်ဟူသော ဂုဏ်ပုဒ်နှင့် ရာထူးအား ပိုင်ဆိုင်ထားဆဲဖြစ်သည်။

 

အဟမ်း..

 

ရော်ဂျာ ချောင်းဟန့်ပြီး ကလေးထံ အကြည့်ရောက်နေသူများအား အာရုံပြောင်းလိုက်သည်။

 

“လက်စသတ်ကြတာပေါ့.. ခေါင်းဆောင်က အတော်လေး ပင်ပန်းနေပုံပဲ.. အစည်းအဝေး သိမ်းကြတာပေါ့..”

 

ရော်ဂျာသည် အယ်လီယာနာအား မထီမဲ့မြင်ပြုကာ အစစ်အမှန်ခေါင်းဆောင်တစ်ဦးသဖွယ် ပြုမူသည်။

 

ရော်ဂျာ၏ ရဲတင်းသော အပြုအမူကြောင့် အခြားသူများအားလုံး မျက်မှောင်ကြုတ်သွားကြသော်ငြား အငြင်းအခုန်ပြုရန် လုံလောက်သောစွမ်းအင်မရှိချေ။

 

“ကောင်းပြီလေ.. အစည်းအဝေး သိမ်းကြတာပေါ့..”

 

"သဘောတူတယ်.."

 

“အိမ်ပြန်ကြမယ်ဟေ့.. ညလယ်တောင်ရောက်နေပြီ..”

 

မိသားစု၏ အကြီးပိုင်းများသည် မတ်တတ်ရပ်ရင်း အလွယ်တကူ သဘောတူခေါင်းညိတ်လိုက်ကြပြီး အိမ်ပြန်ရန် မစောင့်နိုင်တော့ဟန်ရှိသည်။ ထိုသူများသည် လက်ရှိ အမြင့်ဆုံးအာဏာပိုင်ဆိုင်ထားသော အယ်လီယာနာအား ဦးစွာနှုတ်ဆက်သင့်သော်ငြား ထိုသို့ပြုလုပ်ရန် မလိုလားချေ။

 

အယ်လီယာနာအား ခေါင်းညိတ်ပြပြီးနောက် မှိန်ပြပြအခန်းအတွင်းမှ ထွက်ခွာသွားကြသည်။ အယ်လီယာနာအား မိသားစု၏ အစစ်အမှန်အုပ်ချုပ်သူ မဟုတ်ဟု ယူဆထားသောကြောင့် လေးစားမှုမရှိကြချေ။

 

ခေါင်းဆောင်အစစ်မှာ အကြီးအကဲ ၇ ဖော် ဖြစ်နိုင်သဖြင့် များမကြာမီ မိသားစုခွဲများထဲမှ တစ်ဦးသည် ခေါင်ဆောင်နေရာအား ဖြည်းဖြည်းချင်း ထိန်းချုပ်လာနိုင်မည်ပင်။

 

“ကောင်းကောင်းလုပ်ခဲ့တယ်..”

 

အယ်လီယာနာသည် အခန်းအတွင်းရှိ လူတစ်ဝက်ခန့် ထွက်သွားပြီးနောက် မတ်တတ်ရပ်ကာ မိသားစု၏ အကြီးပိုင်းများအား ဦးညွတ်နှုတ်ဆက်လိုက်သည်။ ယဉ်ကျေးမှုအရ နှုတ်ဆက်ခြင်းနှင့် အကြီးပိုင်းများအား ကျေးဇူးတင်စကားဆိုခြင်းမှာ သင့်တော်သော အပြုအမူတစ်ရပ်ဖြစ်သော်ငြား အင်စလေ၏ မျက်လုံးထဲ၌မူ သည်းမခံနိုင်စရာပင်။

 

မှန်သည်။ အင်စလေမှာ အိပ်ပျော်နေခြင်းမဟုတ်ချေ။ အစည်းအဝေး မြန်မြန်ပြီးဆုံးသွားစေရန် အိပ်ဟန်ဆောင်နေခြင်းသာဖြစ်သည်။

 

ဟုတ်တယ်ဟာ.. တကယ်ပဲ အိပ်ပျော်သွားတော့မလို့.. ဒီသောက်ခန္ဓာကိုယ်ကတော့.. ဒါပေမဲ့... အယ်လီယာနာရဲ့ အပြုအမူက ပိုပြီးတောင် ဒေါသထွက်စရာကောင်းတယ်..

 

အင်စလေသည် အခန်းအတွင်းမှ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားသည့်လူများအားနှင့် ထိုသူများနောက်မှ လိုက်ပါနေသည့် အယ်လီယာနာအား ကြည့်လိုက်သည်။ မိသားစုအတွင်း အမြင့်ဆုံးအာဏာ ကိုင်ဆောင်ထားသူ တစ်ဦးအနေဖြင့် ထိုသို့ဆက်ဆံခံရခြင်းမှာ မသင့်တော်ပေ။

 

ငါတို့ကအရင်သွားသင့်တာ မဟုတ်ဘူးလား.. ဒီလူတွေက ခေါင်းဆောင် အရင်ထွက်သွားတာတောင် မစောင့်နိုင်ကြဘူးလား.. ဘာကိစ္စနဲ့ ဒီလိုလုပ်ကြတာလဲ.. မာဖီးယားယဉ်ကျေးမှုကိုတောင် နားမလည်ကြဘူးလား..

 

မဟုတ်ဘူး.. သိသိရက်နဲ့ အယ်လီယာနာရဲ့ ဗဟုသုတက အကန့်အသတ်နဲ့ရှိနေတယ်ဆိုပြီး လှောင်ပြောင်ချင်လို့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြတာ..

 

အယ်လီယာနာမှာ စစ်သည်တစ်ဦးဖြစ်ပြီး ရှေ့တန်းတိုက်ခိုက်ရေးသမားတစ်ဦးပင်။ ဉာဏ်ရည်မြင့်မားခြင်းမရှိသည့် အချက်အား ထပ်ပေါင်းထည့်မည်ဆိုလျှင် မျှော်လင့်ထားသလိုပင် မာဖီးယားယဉ်ကျေးမှုနှင့် ပတ်သက်၍ တစ်ခုတစ်လေမျှ မသိသည့်အပြင် အစည်းအဝေးတွင် အခြားသူများအား မည်သို့ဦးဆောင်ရမည်အားလည်း မသိချေ။

 

တိုက်ပွဲတစ်ခုအား ဦးဆောင်နိုင်သော်ငြား ယနေ့ကဲ့သို့ အသင်းအဖွဲ့၊ စီးပွားရေး စသည်တို့နှင့် ပတ်သက်သော အစည်းအဝေးများတွင်မူ ဦးဆောင်နိုင်စွမ်းမရှိချေ။

 

သောက်ခွေး.. သောက်ကျိုးနည်း မြေခွေးအိုတွေ..

 

အယ်လီယာနာ သူမအား အိပ်ခန်းရှိရာသို့ ပွေ့ချီသွားစဉ် တစ်လျှောက်လုံး အင်စလေ နှုတ်ခမ်းတင်းတင်းကိုက်ထားသည်။ ကလေးငယ်သည် လမ်းတစ်လျှောက် မည်သည်ကိုမျှ ကြည့်လိုစိတ်မရှိချေ။

 

ဟုတ်တယ်.. ငါ့ရဲ့နေရာကို တခြားသူဆီ မပေးချင်ဘူး.. ဒါပေမဲ့ အဲဒီလူတွေကို ဘယ်လိုထိန်းချုပ်ရမလဲ.. ငါ့ရဲ့ အရင်ဘဝကပုံစံမျိုး နေရမလား.. ဒါဆိုရင် ငါက ဝင်ပူးခံထားရတယ်လို့ ထင်သွားနိုင်တယ်..

 

အဲဒါက မကောင်းတဲ့အကြံပဲ.. ဒါပေမဲ့ ဒီလိုမျိုး ဆက်နေမယ်ဆိုရင်လည်း ဘယ်သူကမှ ငါပြောတာကို နားထောင်ကြမှာမဟုတ်ဘူး.. အယ်လီယာနာကို လေ့ကျင့်ပေးသင့်လား.. မဟုတ်ဘူး.. သူမက အဲလောက်အရည်အချင်းမရှိဘူး..

 

ဆိုတော့ ဘာလုပ်ရမလဲ.. အကြီးအကဲနဲ့ စကားပြောသင့်လား.. သူတို့က မိသားစု အဆင်ပြေနေသမျှ ခေါင်းဆောင်ဘယ်သူဆိုတာ ဂရုစိုက်ပုံမရဘူး..

 

ဒီတော့.. လိမ်ပြောသင့်လား.. အဲဒီမြေခွေးအိုတွေကို ငါ့ရဲ့ ပုံစံအစစ်ပြပြီးမှ ဒီခန္ဓာကိုယ်ရဲ့ အစောင့်အရှောက်ဝိညာဉ်လို့ ပြောလိုက်မယ်.. အဲဒါကို စွမ်းရည်တစ်ခုလို့ ပြောလို့ရတယ်မလား..

 

အင်စလေသည် လေရောင်ဖြာကျနေသော တိတ်ဆိတ်သည့် အခန်းအတွင်းရှိ ပုခတ်ပေါ်၌ လဲလျောင်းရင် ဦးနှောက်အလုပ်ပေးနေသည်။

 

လမ်းလျောက်ခါစ ကလေးတစ်ယောက်နဲ့ မသင့်တော်တဲ့ ဖြေရှင်းနည်းမျိုး ပေးမိခဲ့ရင်လည်း အဲဒါကို အိပ်မက်ထဲကနေ သိလာပြီး ငါ့ရဲ့ အစောင့်အရှောက်ဝိညာဉ်က တခြားသူတွေကို သူ့အစားပြောပေးဖို့ ပြောလိုက်တယ်ဆိုပြီး ပြောလို့ရမယ်..

 

သရုပ်ဆောင်ကျွမ်းကျင်ပြီး စွမ်းရည်ကို အကျိုးရှိရှိ အသုံးချလိုက်မယ်ဆိုရင် လူတိုင်းကို အရူးလုပ်နိုင်မှာပဲ..

 

အင်စလေ၏ မျက်လုံးအကြည့်များမှတဆင့် ပြင်းထန်သော သဘောထားကို မြင်တွေ့နိုင်ပြီး အသစ်ရရှိလာသော “အစောင့်အရှောက်ဝိညာဉ်ပိုင်စိုးမှု” စွမ်းရည်အား အရိပ်အမြွက်ဖြင့် ဖော်ပြရန် တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။

 

အစောင့်အရှောက်ဝိညာဉ်ကိုသုံးပြီး တိုက်ခိုက်တဲ့ စွမ်းရည်ပိုင်ရှင်တွေတော့ ရှိနိုင်တယ်.. ဒါပေမဲ့ ငါ့ရဲ့ အစောင့်အရှောက်ဝိညာဉ်ကတော့ ခန္ဓာကိုယ်ကို ခဏလောက်ပဲ အပိုင်သိမ်းပြီး နိမိတ်ပြအိပ်မက်တွေ ပေးလိမ့်မယ်..

 

ငါပိုင်ဆိုင်ထားတဲ့ အစောင့်အရှောက်ဝိညာဉ်က အသိဉာဏ်မြင့်မားပြီး ဩဇာတိက္ကမနဲ့လည်း ပြည့်စုံရမယ်.. ဆိုတော့ ဘယ်လိုအစောင့်အရှောက်ဝိညာဉ်မျိုးကို ပြသင့်သလား..

 

အစောင့်အရှောက်ဝိညာဉ်ဆိုတာမျိုးက သမိုင်းက နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ဝိညာဉ်တွေပဲ ဖြစ်တတ်ကြတယ်.. ဆိုတော့ ငါမမှားနိုင်ဘူး.. ဒါပေမဲ့ ဒီကမ္ဘာက အမျိုးအမည်မသိတဲ့ စွမ်းရည်အသုံးပြုသူတွေနဲ့ ပြည့်နှက်နေတယ်လို့ ယုံကြည်ရမယ်..

 

ဆိုတော့ ဉာဏ်ရည်မြင့်မားပြီး ဩဇာတိက္ကမနဲ့ ပြည့်စုံတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တွေထဲက သင့်တော်တဲ့ တစ်ယောက်ကို ရှာကြစို့..

 

နာမည်ကြီး မာဖီးယားတွေထဲက ရွေးသင့်လား.. လက်ရှိ ငါ့ရဲ့မိသားစုက မာဖီးယားမိသားစုဆိုတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မာဖီးယားတစ်ယောက်ယောက်ကို ရွေးလိုက်မိရင် သက်ရောက်မှု အရမ်းပြင်းထန်သွားနိုင်တယ်..

 

ဆိုတော့ နာမည်ကြီးတွေက... အဲလ်ကဘုန်း.. ဂေါ့ဖားသား ဒွန်ဗစ်တို.. မိုက်ကယ်..

 

ဘုရင်အာသာ.. မာလင် စတဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တွေဆိုရင်ကော..

 

ဒီကမ္ဘာက ငါတို့ကမ္ဘာမြေနဲ့ တစ်ထပ်တည်းတူလား ဘာလားလည်း ငါမသိထားဘူး.. အဲလ်ကဘုန်းတို့ ဂေါ့ဖားသားရုပ်ရှင်တို့ ဒဏ္ဍာရီထဲက ဘုရင်အာသာတို့ မာလင်တို့ကို မသိကြရင် ဘယ်လိုလုပ်မတုန်း..

 

အင်စလေ နောက်တစ်ဖန် အကြပ်ရိုက်သွားပြန်သည်။

 

သူမ၏ စိတ်ကူးယဉ် အစောင့်အရှောက်ဝိညာဉ်အတွက် မည်သည့်ပုဂ္ဂိုလ်အား ရွေးချယ်သင့်သနည်း။