စိတ်ကူးယဉ်ရုပ်ရှင်များထဲမှ ဇာတ်ကောင်များအား ရွေးချယ်ခြင်းမှာ ပို၍ အာမခံချက်ရှိသည်။ အစောင့်အရှောက်ဝိညာဉ်ဆိုသည်မှာ စိတ်ဝိညာဉ်တစ်ခုသာဖြစ်သည်။ အစောင့်အရှောက်ဝိညာဉ်မှာ မည်သို့သော စွမ်းအင်မျိုး ရှိနေမလဲ ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။
ဒါဆို ဂေါ့ဖားသားကို ရွေးသင့်လား.. နာမည်နဲ့တင် အတော်လေး ဒွိဟဖြစ်စေတယ်.. ဘယ်သူကမှ ဂေါ့ဖားသားဆိုတာကို စေ့စေ့စပ်စပ် လိုက်ရှာနေမှာမဟုတ်ဘူး.. ဒီကမ္ဘာကလူတွေက ဂေါ့ဖားသားကို သိကြမယ်လို့ မျှော်လင့်ရတာပဲ..
ရှာကြည့်သင့်လား..
အင်စလေ ပုခတ်ပေါ်လှိမ့်ရင်း သူမ၏ အစောင့်အရှောက်ဝိညာဉ်အဖြစ် ဂေါ့ဖားသားဟူသည့် အမည်အား အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ သူမထံ၌ အစောင့်အရှောက်ဝိညာဉ်မရှိသော်ငြား သူမ၏ အထောက်အစား အစစ်အမှန်အား ဖုံးကွယ်ရန် အသုံးပြုသော လှည့်ကွက်တစ်ခုပင်ဖြစ်သည်။
ဂေါ့ဖားသားဟူသော အမည်မှာ တစ်နေ့တွင် ဂေါ့ဘေဘီဟူ၍ ပြောင်းလဲသွားလိမ့်မည်မှန်း ကလေးငယ်မှာ မသိရှာပေ။
နောက်တစ်နေ့..။
“ပြွတ် ပြွတ် ပြွတ်”
အင်စလေ ပုခက်ပေါ်၌ထိုင်ကာ နို့ဘူးထဲရှိ နို့အားစုပ်သောက်နေသည်။
ထုံးစံအတိုင်းပင် ယနေ့၌လည်း အိမ်အကူများသည် သမူအား ဝိုင်းရံကာ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဝတ်ဆင်ခဲ့ဖူးသည့် ပန်းရောင်-အပြာရောင်စပ် ‘ရုံးဝတ်စုံ’ အား ဝတ်ဆင်ပေးနေခြင်း ဖြစ်သည်။
ယနေ့၌ အယ်လီယာနာသည် သူမအား ရုံးခန်းတစ်ဝိုက် လှည့်ပတ်ပြသရန် ခေါ်ဆောင်သွားမည်ဖြစ်သည်။ ရုံးခန်းမှာ စံအိမ်အနီးတစ်ဝိုက်၌ ဖြစ်သော်ငြား အယ်လီယာနာ၏ ပထမဆုံးသော ရုံးအလုပ်ဖြစ်သည်။
“ဟုတ်ပြီ.. ပြီးပါပြီ သခင်မလေး.. မနက်စာ စားကြရအောင်..”
ထိုသို့ပြောပြီး အိမ်အကူတစ်ဦးသည် အင်စလေအား ကောက်ယူပွေ့ချီကာ အခြားအိမ်အကူများမှ နောက်မှလိုက်ပါရင်း ထမင်းစားခန်းရှိရာသို့ ခေါ်ဆောင်သွားသည်။
ထမင်းစားခန်းမှာလည်း ယခင်အခန်းများနည်းတူ အလယ်ခေတ်ပုံစံ အလှဆင်ဖွဲ့စည်းထားပြီး စားပွဲရှည်တစ်လုံးရှိသည်။ အင်စလေသည် ထိုစားပွဲရှည်ကြီး၌ အယ်လီယာနာနှင့် နှစ်ယောက်တည်း စားသောက်ရမည်ကို တွေးမိပြီးနောက် အံ့အားသင့်နေမိသည်။
ဒီကမ္ဘာက ခေတ်သစ်ကမ္ဘာမဟုတ်ဘူးလား.. ဒါပေမဲ့ သူတို့က နီယွန်မီးအိမ်တွေ သုံးကြတယ်လေ.. ဒီအိမ်က အလယ်ခေတ်ပုံစံကို မှီငြမ်းထားတာပဲ ဖြစ်ရမယ်..
အင်စလေသည် အဖြူရောင်စကျင်ကျောက်များ ခင်းထားသည့် ထမင်းစားခန်းအားကြည့်ရင်း သူမရှေ့ရှိ အာဟာရဆန်ပြုတ်အား ခပ်စားလိုက်သည်။
ဒေဝါလီခံရတော့မည် မိသားစုဖြစ်သော်ငြား ထမင်းစားခန်းအား စိန်ရွှေတို့ဖြင့် အလှဆင်ထားဆဲဖြစ်သည်။ အသုံးပြုသော ပန်းကန်များအားလည်း ငွေထည်များဖြင့် ပြုလုပ်ထားပြီး စားပွဲခင်းပင်လျှင် အနီရောင်ပိုးထည်ဖြစ်သည်။
ထမင်းစားပွဲရှိ ထိုင်ခုံများအားလည်း ရွှေဖြင့်ပြုလုပ်ထားပြီး ဝိုင်နီရောင်ထိုင်ဖုံလေးဖြင့် တွဲဖက်အလှဆင်ထားသည်။
ကြွားဝါလွန်းသည့် အခန်းတွင်းအလှဆင်ထားပုံမှာ မိသားစု၏ လက်ရှိအခြေအနေနှင့် မအပ်စပ်ပေ။
စလိုအန်မိသားစုက ဒေဝါလီခံတော့မှာကို သိတဲ့သူ သိပ်မရှိသေးဘူးဆိုတဲ့သဘောလား..
အင်စလေ ထိုသို့တွေးပြီးနောက် ငွေပန်းကန်လုံးထဲရှိ လက်ကျန်ဆန်ပြုတ်များအား အကုန်စင်စားလိုက်သည်။ နောက်ဆုံးကျန်သည့်တစ်စက်အား မျိုချပြီးနောက်၌ အိမ်အကူတစ်ဦးမှ ကလေး၏ ပါးစပ်တစ်ဝိုက် ပေနေသည်များအား သုတ်ပေးလိုက်သည်။
အိမ်အကူ၏ လှုပ်ရှားမှုမှာ အလွန်သေသပ်မြန်ဆန်သောကြောင့် လုပ်ကြံသတ်ဖြတ်သူတစ်ဦးနှင့်ပင် တူလေသည်။
ဟမ်.. အိမ်အကူတွေကတောင် လေ့ကျင့်ထားကြတာလား.. ခဏလေး.. ဗိုက်ထဲက နေလို့မကောင်းဘူး..
“အေ့ဂ်”
အင်စလေ ရုတ်တရက် လေချဉ်တက်လိုက်ပြီး သူမအနား၌ရှိနေသော အိမ်အကူများ၏ မကြည်မသာမျက်နှာပေးများအား ဂရုမစိုက်ချေ။
ကြည့်ဦး.. ကြည့်ဦး.. အဲဒီအိမ်အကူတွေက စောင့်နေတာ သံပုရာသီးစားထားတဲ့ ရုပ်တွေနဲ့..
သို့သော် အင်စလေ ဂရုမစိုက်ချေ။ ကျယ်လောင်စွာ ပွင့်ဟလျက်ရှိသည့် ပါးစပ်အား ဖောင်းဖောင်းအိအိ လက်ဖဝါးလေးဖြင့် ရှက်ရွံ့စွာ ကွယ်လိုက်သည်။
“ဟီးးးး”
ကလေးငယ်သည် ရုတ်တရက် လေချဉ်တက်လိုက်မိသောကြောင့် ရှက်ရွံ့စွာ ရယ်လိုက်သည်။ သူမသည် ခေါင်းကလေးစောင်းကာ အပြစ်ကင်းစင်မှုအပြည့်ဖြင့် ရယ်မောနေသောကြောင့် အိမ်အကူများမှာ မည်သည့်အမှားအယွင်းမျှ ရှာမတွေ့ချေ။
မျှော်လင့်ထားသလိုပင်...
အားးးးးးး
‘အားးး အားးးး မိသားစုခေါင်းဆောင်က အရမ်းချစ်စရာကောင်းတာပဲ..’
ဒါဇင်ခန့်မျှရှိမည့် သားကောင်အသစ်များမှာ နှလုံးသားတည့်တည့် မှားစိုက်မှန်သွားကြသည်။ အိမ်အကူများသည် တိတ်ဆိတ်စွာ ရပ်နေကြသော်ငြား သူတို့၏ မျက်လုံးများမှာမူ ချစ်ခြင်းတရားတို့ တောက်လောင်နေကြသည်။
ဟွန့်.. အသာလေးပဲ
အင်စလေ ထိုင်ခုံပေါ်မှ ဂရုတစိုက် ဆင်းလိုက်သည်။ ကလေးသည် ခရမ်းရောင်ဆံပင်တိုလေးအား ကြက်တောင်စည်းနှစ်ခုအဖြစ် စည်းထားပြီး အပြစ်ကင်းစင်သည့် သွင်ပြင်အား ပိုမိုထင်ရှားစေသည်။
သူမ၏ ချစ်စရာကောင်းမှုအား အလုံးစုံသိရှိထားသောကြောင့် အင်စလေသည် ရည်ရွယ်ချက်ရှိရှိဖြင့် ကြက်တောင်စည်းလေးနှစ်ဖက်အား ယမ်းခါရင်း ခုန်ဆွဆွဖြစ်စေရန် ဟိုဟိုဒီဒီ ခုန်ကာပေါက်ကာ လမ်းလျှောက်နေတော့သည်။
“အယ်.. အယ်...”
အင်စလေ အသာခုန်ရင်း အယ်လီယာနာအား ခေါ်လိုက်သည်။ ကလေးငယ်သည် တောက်ပစွာပြုံးလျက်နှင့် ထမင်းစားခန်းမှ ထွက်သွားပြီး ယင်းအားကြည့်နေကြသည့် အိမ်အကူများမှာလည်း ချစ်စဖွယ်ကောင်းမှုနှင့် တိုက်ခိုက်ခံလိုက်ရသည်။
အားးးး မိသားစုခေါင်းဆောင်က ဘာလို့ အရမ်းချစ်စရာကောင်းနေရတာလဲ.. ကြက်တောင်စည်းလေးက လှုပ်နေတာ.. ပြီးတော့..
အူးးးးးးး
အိမ်အကူများသည် တည်ငြိမ်သောမျက်နှာထားဖြင့် အင်စလေနောက်မှ လိုက်ပါလာကြသော်ငြား စိတ်တွင်း၌မူ ကလေးငယ်အား အော်ဟစ်အားပေးလျက်ရှိသည်။
အင်စလေ မသိလိုက်သည်မှာ ထိုနေ့မှစ၍ စံအိမ်ထဲရှိ အိမ်အကူများသည် “ဘေဘီအင်၏ ပရိသတ်အဖွဲ့” အား လျှို့ဝှက်ဖွဲ့စည်းလိုက်ခြင်းပင်။
နှစ်ထပ်စာကြည့်တိုက်။
“အယ်.. မောနင်းးးး”
အင်စလေသည် ရုံးစားပွဲနောက်ရှိ ထိုင်ခုံ၌ ထိုင်နေသော အယ်လီယာနာထံ ပြေးဝင်သွားသည်။ စားပွဲမှာ အလွန်ကြီးမားသော ပြတင်းပေါက်တစ်ခုရှေ့၌ ရှိနေပြီး အမျိုးမျိုးသော စာအုပ်စင်များအလယ်၌ ရှိသည်။
စားပွဲနှင့် ထိုင်ခံမှာ အနက်ရောင်ဖြစ်သည်။ သို့သော် ရွှေရောင်ဖြင့် ဘောင်ကွပ်ထားသောကြောင့် ခမ်းနားထည်ဝါပုံပေါ်စေသည်။
“မောနင်း.. သခင်မလေး..”
အယ်လီယာနာ ချက်ချင်းမတ်တတ်ရပ်လိုက်ပြီး ၃ မီတာမြင့်သော ပြတင်းပေါက်မှလာသည့် နေရောင်အား ခန္ဓာကိုယ်ဖြင့် ကွယ်လိုက်သည်။
တောက်ပသည့် နေရောင်ခြည်မှာ သူမ၏ ရွှေရောင်ဆံနွယ်များအပေါ် ဖြာကျနေသောကြောင့် အခြားသူများ၏ မျက်လုံးထဲ၌ တလက်လက်တောက်ပနေတော့သည်။
ယနေ့၌ အယ်လီယာနာသည် အနီရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီရှည်အား တွဲဖက်ဝတ်ဆင်ထားသည်။ ဘောင်းဘီအား ငွေရောင်ချိန်းကြိုးများဖြင့် အလှဆင်ထားသောကြောင့် ရောခ့်စတားတစ်ဦးနှင့်ပင် တူသည်။
ဤသို့သော ဝတ်စားထားပုံမှာ မာဖီးယားတစ်ဦးနှင့် မကိုက်ညီသော်ငြား အင်စလေ ဂရုမစိုက်ချေ။
“အယ်.. ချာအုပ် (စာအုပ်)”
အင်စလေသည် အယ်လီယာနာ ဒူးထောက်သည်အထိ စောင့်ပြီးနောက် အမျိုးသမီး၏ လက်မောင်းအတွင်းသို့ ခုန်ဝင်သွားသည်။ ထို့နောက် ကလေးငယ်သည် တော်ဝင်ဆန်သည့် စာကြည့်တိုက်အတွင်း၌ ပြည့်နေသည့် သစ်သားစာအုပ်စင်များအား လက်ညှိုးထိုးသည်။
နောက်ဆုံးတော့ စာကြည့်တိုက်ကို ရောက်ခဲ့ပြီလေ..
အင်စလေ၏ မျက်လုံးလေးများ တလက်လက်တောက်ပနေသည်။
စလိုအန်မိသားစု၏ စာကြည့်တိုက်။ ဤစာကြည့်တိုက်သည် နိုင်ငံအတွင်းရှိ အကြီးဆုံး စာကြည့်တိုက်များထဲမှ တစ်ခုဖြစ်ကြောင်း အိမ်အကူများထံမှ ကြားထားသည်။
အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာလုံး၌ အရောင်အသွေးစုံသော စာအုပ်အဖုံးများနှင့် ပြည့်နေသည့် သက်တမ်းရင့် စာအုပ်စင်များကို တွေ့ရသည်။
ဒီစာကြည့်တိုက်က တကယ်ပဲ အရမ်းကြီးတယ်..
ဘုရားရေ.. အညိုရင့်ရောင် စာအုပ်စင်တွေက အိုဟောင်းနေပြီလို့ ထင်ရပေမဲ့ အဖြူရောင်စကျင်ကျောက်တွေခင်းထားတဲ့ ကြမ်းပြင်နဲ့ မျက်နှာကျက်ကတော့ လုံးဝအသစ်အတိုင်းပဲ..
စလိုအန်မိသားစုက အိမ်တွင်းအပြင်အဆင်ကနေတဆင့် သူတို့ ဘယ်လောက်ချမ်းသာတယ်ဆိုပြီး ကြွားနေတာလား..
ဒါက ပြယုဂ်တစ်ခုပဲလေ..