“ချာအုပ် (စာအုပ်).. အယ်”
အင်စလေ စာအုပ်တန်းတစ်ခုသို့ ညွှန်ပြရင်း နောက်တစ်ကြိမ်ထပ်ပြောသည်။ ထိုစာအုပ်တန်းမှာ “အထွေထွေဗဟုသုတ” ဟု ခေါင်းစဉ်တပ်ထားပြီး အင်စလေသည် ထိုနေရာရှိ စာအုပ်များထံသို့ သွားချင်နေခြင်းဖြစ်သည်။
မိသားစု၏ ပြဿနာများအား မဖြေရှင်းမီ ဤကမ္ဘာနှင့် ပတ်သက်၍ ပိုမိုသိရှိရန် လိုအပ်သည်။
“ဟုတ်.. သခင်မလေး.. စာအုပ်တွေ..”
အယ်လီယာနာသည် အင်စလေညွှန်ပြသည့်နေရာရှိ စာအုပ်စင်များ ရှိရာသို့ ချက်ချင်းပင် လမ်းလျှောက်သွားသည်။
အခြားအညိုရင့်ရောင်စင်များနှင့် မတူဘဲ ဤစာအုပ်စင်မှာ အတော်လေး သစ်လွင်နေသည်။ စင်မှာ အနက်ရောင်ဖြစ်သောကြောင့် ထူးထူးခြားခြား ကွဲထွက်နေ၏။
“အထွေထွေဗဟုသုတ” စာအုပ်တန်းကို အသစ်အသစ်တွေနဲ့ ထပ်ထပ်ဖြည့်နေလို့ စာအုပ်တွေက သပ်ရပ်ပြီး သစ်လွင်နေတာ ဖြစ်ရမယ်..
စက္ကန့်ပိုင်းလေးအတွင်းမှာပင် အယ်လီယာနာသည် “အထွေထွေဗဟုသုတ” စာအုပ်တန်းသို့ ရောက်လာသောကြောင့် အင်စလေ အလျင်ငအမြန် ပြောလိုက်ရသည်။
“ဒီမှာ ချပေး..”
အယ်လီယာနာ၏ ပခုံးအားပုတ်ကာ ဤနေရာ၌ ချပေးရန် အချက်ပြလိုက်သည်။ အယ်လီယာနာသည် အင်စလေပြောသည့်အတိုင်း ပြုလုပ်ပေးသဖြင့် ကလေးမှာ ချက်ချင်းပင် စာအုပ်စင်များရှိရာသို့ ပြေးသွားတော့သည်။
“တွား.. ဒီမှာနေခဲ့မယ်..”
အင်စလေ လက်ကလေးယမ်းကာ အယ်လီယာနာအား စာအုပ်တန်းမှ နှင်ထုတ်လိုက်သည်။
အစီအစဉ်မှာ ရိုးရှင်းပါ၏။ အယ်လီယာနာ စာရွက်စာတမ်းများ စစ်ဆေးနေစဉ် သူမသည် ဤကမ္ဘာနှင့် ပတ်သက်သည့် စာအုပ်များအား ဖတ်ရှုမည်ဖြစ်သည်။
“ဟုတ်ကဲ့.. ကျွန်မ.. သွားပြီ..”
အယ်လီယာနာ လေးနက်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြီးနောက် စာအုပ်တန်းရှိရာမှ ထွက်ခွာသွားသည်။ ဤရက်များ၌ အယ်လီယာနာသည် အင်စလေ၏ စကားများအား ပြန်လည်မေးခွန်းထုတ်ခြင်း မရှိဘဲ သခင်မလေး၏ အမိန့်များကိုသာ တိကျသေချာစွာ လိုက်နာဆောင်ရွက်ပေးခဲ့သည်။
အယ်လီယာနာအား ကြည့်ရသည်မှာ ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးထားသော ခွေးတစ်ကောင်နှင့်တူပြီး ထို့ကြောင့်ပင် အင်စလေသည် အမျိုးသမီးအား မျက်နှာသာပေးခြင်းဖြစ်သည်။
ဟင်း.. ကောင်းတယ်.. ကောင်းတယ်.. အခုတော့ ငါစာဖတ်နေတာ ဘယ်သူမှ မမြင်တော့ဘူး..
အင်စလေသည် သူမစာဖတ်နေသည်အား မည်သူမျှ မမြင်ဟု ယုံကြည်နေသော်ငြား သူမ စာကြည့်တိုက်သို့ မရောက်မီ ၁ နာရီအလို ယနေ့နံနက် ၇ နာရီ၌...
•
•
လွန်ခဲ့သော ၁ နာရီခန့်။
“အိုး.. အဖိုးတန်ဧည့်သည်ပဲ.. သခင်လေးက ကျွန်တော်တို့ မိသားစုကို ဒီလောက်မြန်မြန် လာရောက်လည်ပတ်လိမ့်မည်လို့ မထင်ထားဘူး..”
ဦးလေးရော်ဂျာသည် စံအိမ်၏ ဂိတ်တံခါး၌ ယဉ်ကျေးပျူငှာသော အပြုံးဖြင့် မတ်တတ်ရပ်လျက်ရှိသည်။
ရော်ဂျာမှာ အမြဲလိုလို ၈ နာရီမှ အိပ်ရာထတတ်သူဖြစ်သော်ငြား ဤဧည့်သည်လေးကြောင့် နံနက် ၇ နာရီတွင် စံအိမ်ဂိတ်တံခါးသို့ ရောက်ရှိနေခြင်းဖြစ်သည်။
ဟုတ်သည်။ ဂိတ်တံခါး၌ ဧည့်သည်လေးတစ်ဦးရှိပြီး အဆိုပါကောင်လေးမှာ သူ၏ပေါင်ရင်းထိသာ မြင့်သည်။ ကောင်ငယ်လေးသည် ဗြုန်းခနဲ ထွက်ပေါ်လာခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်ဟု မထင်ရချေ။
“အမ်.. အဆင်မပြေဖြစ်သွားရင် အားနာပါတယ်..”
အရှေ့ဘက်ဆီမှ နူးညံ့သောအသံတစ်ခု ထွက်ပေါ်လာပြီး ဧည့်သည်လေး၏ အနက်ရောင်ဝတ်စုံမှာ နေရောင်အောက်၌ တောက်ပလျက်ရှိသည်။
“စလိုအန်မိသားစုက ခေါင်းဆောင်အသစ် ရွေးချယ်ပြီးပြီလို့ ကြားပါတယ်..”
ဧည့်သည်လေးသည် ဈေးကြီးပုံရသည့် အနက်ရောင်ဝတ်စုံအား လက်ဖြင့်အသာသပ်ရင်း ကြွယ်ဝမှုအား ပြသနေသည်။
“ဟမ်.. ခေါင်းဆောင်အသစ်လား..”
ဦးလေးရော်ဂျာ အသက်ရှူအောင့်လိုက်သည်။ လက်ရှိအချိန်၌ သူ၏ငွေရောင်ဆံပင်များမှာ ငှက်သိုက်နှင့် တူနေသော်ငြား ဂရုမစိုက်ချေ။
ငါတို့က ခေါင်းဆောင်အသစ် တင်မြှောက်ပြီးတာကို ဒီကောင်လေး ဘယ်လိုသိတာလဲ.. လျှို့ဝှက်ထားတဲ့ ကိစ္စလေ..
“ဟုတ်တယ်.. ခေါင်းဆောင်အသစ်.. ခန့်အပ်ပြီးပြီဆိုတော့လည်း ခေါင်းဆောင်အသစ်ကို ဂုဏ်ပြုစကားပြောဖို့ လိုလာပြီလေ.. မဟုတ်ဘူးလား..”
ဧည့်သည်လေးမှာ နှုတ်ခမ်းများကွေးလိုက်ပြီးနောက် ဦးထုပ်ရှည်ကိုပင် မချွတ်ဘဲ ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
ဖိုသီဖတ်သီဖြစ်နေသော ဦးလေးရော်ဂျာသည် အဖြူရောင်ရှပ်အင်္ကျီအား ဝတ်ဆင်ထားပြီး ဧည့်သည်လေး၏ အပြုအမူကြောင့် အံတင်းတင်းကြိတ်လိုက်သည်။
မင်းထက်အများကြီး ကြီးတဲ့သူကို နှုတ်ဆက်တာတောင် ဦးထုပ်မချွတ်ဘူးပေါ့လေ.. ယဉ်ကျေးတဲ့ပုံတော့ ရပေမဲ့ အပေါ်ယံဟန်ဆောင်နေတာ..
ဟက်.. အသက် ၆ နှစ်အရွယ်မှာ စွမ်းရည်နိုးထလာတယ်ဆိုပြီး ပါရမီရှင်လို့ ခေါ်တဲ့ကောင်လေးက ကောလဟာလတွေအတိုင်းပဲ အရမ်းမောက်မာတဲ့ကောင်..
“အိုး.. သခင်လေးက အရမ်းကြင်နာတတ်တာပဲ.. ဒါပေမဲ့ မိသားစုခေါင်းဆောင်က အလုပ်ကိစ္စနဲ့ အပြင်ကိုရောက်နေတာပါ.. ဒါကြောင့်..”
သူတို့၏ မိသားစုခေါင်းဆောင်အသစ်မှာ ပါရမီရှင်ဟု ဆိုကြသော ဧည့်သည်လေးထက် ၅ နှစ်ငယ်သည့် လမ်းလျှောက်ခါစ ကလေးတစ်ဦးဖြစ်ကြောင်း ပြောမည့်အစား အသေခံပစ်လိုက်မည်။
“ကျွန်တော်ထင်တာတော့.. သခင်လေး.. နောက်တစ်ခေါက်မှ ပြန်လာလည်တာ ပိုကောင်းပါမယ်..”
ဦးလေးရော်ဂျာသည် ဧည့်သည်လေးအား နှင်ထုတ်ရန် ကြိုးစားသော်ငြား အဆိုပါ ဧည့်သည်မှာမူ သူ့အား တစ်ချက်လေးပင် လှည့်မကြည့်ဘဲ စံအိမ်အတွင်းသို့ ဝင်သွားသည်။
“ကျွတ်.. ကျွတ်.. ဦးလေး.. ဒီပုံစံက စလိုအန်မိသားစုရဲ့ ဝေါ်လ်တာမိသားစုကို ဆက်ဆံတဲ့ပုံပေါ့ ဟုတ်လား.. ကျွန်တော်တို့က ဦးလေးတို့ မိသားစုရဲ့ အခိုင်အမာမိတ်ဖက်တော့ ဟုတ်ပါသေးတယ်နော်..”
ဧည့်သည်လေးသည် တလက်လက်တောက်ပနေသော အနက်ရောင်သားရေဖိနိပ်ထိပ်ရှိ ဖုန်မှုန့်များအား မနှစ်မြို့ဟန်ဖြင့် ကန်ထုတ်လိုက်သည်။
ဦးလေးရော်ဂျာအား လှည့်မကြည့်ဘဲ အဖြူရောင်ဆေးသုတ်ထားသည့် ပင်မစံအိမ်ရှိရာသို့ ဆက်သွားသည်။ ဧည့်သည်လေး၏ ပြုမူနေပုံမှာ စံအိမ်ပိုင်ရှင်အလားပင်။
“ဦးလေး မြန်မြန်လုပ်ပါ.. ကျွန်တော့်ကို လမ်းပြဦးလေ.. ခေါင်းဆောင်အသစ်က တွေ့ချင်တယ်ဆိုရင် တွေ့ရတာပေါ့.. ကျွန်တော့်အဖေကိုယ်စား ရောက်လာတာလို့ ပြောပေးပါ..”
ဧည့်သည်လေးသည် အေးစက်သောအပြုံးတစ်ခုဖြင့် လက်ယမ်းပြလိုက်သည်။
ခြံဝင်းထဲသို့ ဦးဆောင်ဝင်သွားကာ သူ့အား အမိန့်ပင်ပေးသွားသည့် ဧည့်သည်လေးကြောင့် ဦးလေးရော်ဂျာမှာ ပါးစပ်အဟောင်းသားဖြစ်နေတော့သည်။
ဧည့်သည်လေး၏ လင်းလက်တောက်ပနေသော ရွှေအိုရောင်ဆံပင်မှာ နေတစ်စင်းအလားပင်ဖြစ်သောကြောင့် ထူးထူးခြားခြား ခြိမ်းခြောက်နေသလိုပင်။ ဦးလေးရော်ဂျာ ထိုသို့ခံစားမိသည်။
“ကောင်း.. ကောင်းပါပြီ.. သခင်လေး.. မိသားစုခေါင်းဆောင်က လက်ရှိ အပြင်မှာရောက်နေတာကြောင့် အမြန်ဆုံး ပြန်လာဖို့ ခေါ်လိုက်ပါမယ်..”
ဦးလေးရော်ဂျာ လက်လျော့လိုက်ရသည်။ ဤကောင်လေး၏ ဆန္ဒအား ဖြည့်စည်းပေးရန် ဆုံးဖြတ်လိုက်ပြီး အကြောင်းအရင်းမှာ ဝေါ်လ်တာမိသားစုသည် နိုင်ငံအတွင်းရှိ ထိပ်တန်းမာဖီးယားမိသားစု ဖြစ်သောကြောင့်ပင်။
“ဒီ.. ဒီလိုဆိုရင် သခင်လေးက စာကြည့်တိုက်ထဲမှာ စောင့်နေပေးလို့ရမလား..”
ဦးလေးရော်ဂျာ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေသော်ငြား အထူးဧည့်သည်လေးအား ဦးတည်ရာမရှိ ဟိုဟိုဒီဒီ လျှောက်သွားနေမည့်အရေးမှ အလျင်အမြန် တားဆီးလိုက်သည်။
ဦးလေးရော်ဂျာအနောက်ရှိ အစောင့်အကြပ်များမှာလည်း စံအိမ်အတွင်းသို့ အစောင့်အရှောက်မပါဘဲ တစ်ဦးတည်းဝင်ရောက်လာသည့် ဧည့်သည်လေးကြောင့် မျက်နှာများ မဲမှောင်နေကြသည်။
ဘယ်လိုတောင် ရဲတင်းလိုက်တဲ့ ဧည့်သည်လဲ.. တခြားမိသားစုရဲ့ စံအိမ်ကို တစ်ယောက်တည်းလာရဲတယ်.. သူ့ကိုယ်သူ အဲလောက်တောင် ယုံကြည်မှုရှိနေတာလား..
“အင်း.. စာကြည့်တိုက်က ကောင်းပါတယ်.. ဒါဆိုလည်း ခေါင်းဆောင်အသစ်ကို ကျွန်တော်ရောက်လာတယ်လို့ သွားပြောပါဦး.. အခုတော့ လမ်းပြပါ..”
ရွှေအိုရောင်ဆံနွယ်များနှင့် မိစ္ဆာလေးသည် လက်နောက်ပစ်ကာ လေချွန်လိုက်သေးသည်။
စံအိမ်အတွင်းသို့ အကြောက်အလန့်မရှိ ဝင်လာပုံမှာ စံအိမ်ပတ်လည်၌ ပုန်းအောင်းနေသော မာဖီးယားများအတွက် အလွန်အမင်း အထက်စီးဆန် မောက်မာပုံပေါ်သည်။
“ကောင်းပါပြီ.. ကောင်းပါပြီ.. အခုပဲ ခေါင်းဆောင်ကို ခေါ်လိုက်ပါ့မယ်..”
ဦးလေးရော်ဂျာ လိမ်လိုက်သည်။
ဝေါလ်တာမိသားစု၏ ရုတ်တရက် လာရောက်လည်ပတ်မှုအား ကလေးငယ်ထံ အသိပေးမည်မဟုတ်ဘဲ အခြားသူတစ်ဦးကိုသာ မိသားစုခေါင်းဆောင်အဖြစ် ဟန်ဆောင်စေမည်ဖြစ်သည်။
သို့သော် ကံကြမ္မာသည် ဦးလေးရော်ဂျာအား အနည်းငယ်မျှပင် မျက်နှာသာမပေးချေ။