ကံမကောင်းစွာဖြင့် အင်စလေမှာ စာကြည့်တိုက်အတွင်း၌ တစ်စုံတစ်ယောက် ရှိနှင့်ပြီးဖြစ်ကြောင်း မသိထားချေ။ အယ်လီယာနာပင်လျှင် ဧည့်သည်၏ တည်ရှိမှုအား အာရုံမခံမိပေ။
အင်စလေအား အမှုထမ်းသည့် အိမ်အကူများမှာလည်း ဦးလေးရော်ဂျာ၏ သတင်းထိန်ချန်ထားမှုကြောင့် ဧည့်သည်ရှိနေမှန်း မသိကြချေ။
ထိုသည်ကပင် သူ၏အကြီးဆုံးအမှားဖြစ်လာသည်။
သူမတစ်ယောက်တည်းဟု တွေးကာ အင်စလေ သီချင်းညည်းရင်း စင်၏ အောက်ဘက်ဆုံးရှိ စာအုပ်တစ်အုပ်အား ကောက်ယူလိုက်သည်။
အရမ်းပဲ ပုတိုနေလို့ အမြင့်က စာအုပ်တွေကို ယူလို့မရဘူး.. ဟုတ်ပြီလား..
“အင်း..”
အင်စလေသည် စာအုပ်အထူအချို့အား ယူ၍ ကြမ်းပြင်ပေါ် ဖြန့်ထားလိုက်သည်။ စာအုပ်များမှာ သူမ၏ ခန္ဓာကိုယ်လေးနှင့်ယှဉ်လျှင် အလွန်လေးသောကြောင့် ကြမ်းပြင်ပေါ်တွင်ချကာ ဖွင့်လိုက်သည်။
ပထမဆုံး ဖတ်သည့်စာအုပ်မှာ ဂေါ့လိဖ်နိုင်ငံ၏ သမိုင်းကြောင်းဖြစ်သည်။ နိုင်ငံအမည်များမှာ ကမ္ဘာနှင့်မတူကြောင်း သိရသော်ငြား ဂေါ့လိဖ်ဟူသောအမည်မှာ အီတလီဘာသာစကားနှင့် အနည်းငယ်ဆင်သည်။
အင်စလေ မာဖီးယားနိုင်ငံတစ်ခုဖြစ်သည့် ဂေါ့လိဖ်၏ သမိုင်းအား အပေါ်ယံဖတ်ရှုပြီးနောက် ဂေါ့လိဖ်ဟူသော အမည်မှာ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကျော်တစ်ဦးဖြစ်သော မာဖီးယားတို့၏ဖခင် ဂေါ့ဖားသားမှ ဆင်းသက်လာခြင်းဖြစ်သည်။
အင်စလေရှာဖွေနေသော အချက်အလက် အတိအကျပင်ဖြစ်သည်။
ဒီကမ္ဘာမှာ ဂေါ့ဖားသားက စိတ်ကူးယဉ်ဇာတ်ကောင်မဟုတ်ဘဲ တကယ်ရှိခဲ့ဖူးတဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ပေါ့လေ.. သူက နာမည်ကျော်တဲ့လား.. ဆိုတော့.. သူ့နာမည်ကိုသုံးရင် ပိုပြီးတောင် စိတ်ချသွားရပြီ..
အင်စလေသည် ဒဏ္ဍာရီလာ နာမည်ကျော် ဂေါ့ဖားသားအကြောင်း ပိုမိုသိလာသည်နှင့်အမျှ မျက်လုံးများ တလက်လက်တောက်ပလာသည်။ ဂေါ့ဖားသား၏ စကားပြောဆိုပုံ၊ အမူအကျင့်၊ မကြိုက်သည့်အရာ၊ ကြိုက်နှစ်သက်သည့်အရာ၊ စရိုက်လက္ခဏာ စသည့်အရာများကိုပင် သေသေချာချာ လေ့လာလိုက်သည်။
ဂေါ့ဖားသားဝိညာဉ် ပိုင်စိုးခံရသည်ဟု သရုပ်ဆောင်မည်ဆိုပါက ဝိညာဉ်အကြောင်း များများစားစား သိထားရန် လိုအပ်သည်။
ဟီးဟီး မသိတော့ရင်လည်း ဝိညာဉ်က အရမ်းအသက်ကြီးနေပြီမို့လို့ မှတ်ဉာဏ်ချို့ယွင်းနေပြီလို့ ပြောလို့ရပြီ..
ဒီလိုသာဆို ငါ့ကို သံသယဝင်ကြဦးမှာတဲ့လား..
အင်စလေ အသံမထွက်ဘဲ ပါးစပ်နားရွက်ချိတ်လုတမျှ ပြုံးနေသည်။ မကောင်းဆိုးဝါးဆန်ဆန် ပြုံးပြီးနောက် စာဆက်ဖတ်နေပြီး ထိုအပြုံးအား မြင်တွေ့သွားသူတစ်ဦး ရှိလေသည်။
ယင်းမှာ ဧည့်သည်လေးပင်။
စာကြည့်တိုက်၏ ဒုတိယထပ်အား မျက်နှာကြက်များဖြင့် ကာရုံထားခြင်းမဟုတ်ချေ။ ဒုတိယထပ်သို့ တက်မည်ဆိုလျှင် လှေကားများမှတဆင့် လွယ်လင့်တကူ တက်နိုင်သည်။ စာကြည့်တိုက်၏ ခေါင်မိုးမှာ ဒုတိယထပ် အပေါ်၌ရှိသောကြောင့် အလယ်ဗဟိုမှာ ဗလာနေရာလွတ်ဖြစ်နေသည်ဟု ဆိုရမည်။
စာကြည့်တိုက်မှာ တိုင်လုံးများဖြင့် တည်ဆောက်ထားသော နှစ်ထပ်အဆောက်အဦပင်။ ထို့ကြောင့် ဒုတိယထပ်၌ ရှိနေသူမှာ ပထမထပ်တစ်ခုလုံးအား ရှင်းလင်းစွာ မြင်နိုင်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဧည့်သည်လေးသည် ပြတင်းပေါက်တစ်ခုအား ရွေးကာ ထိုရှေ့၌ ထိုင်နေခြင်းဖြစ်သည်။ သူရွေးလိုက်သည့်နေရာမှာ အယ်လီယာနာ၏ ရုံးခန်းလေး အပေါ်၌ဖြစ်သည်။ ထိုနေရာမှဆိုလျှင် စာအုပ်တန်းတစ်တန်းအား ရှင်းလင်းပြတ်သားစွာ မြင်နိုင်သည်။
ထိုစာအုပ်တန်းမှာ အင်စလေ မခွဲနိုင်မခွာနိုင် ဖြစ်နေသော “အထွေထွေဗဟုသုတ” စာအုပ်တန်းပင်ဖြစ်သည်။
သူတို့က ဘယ်သူတွေလဲ..
သက်တူရွယ်တူ ကလေးငယ်များထက် အနည်းငယ် ပုသော ကောင်ငယ်လေးသည် ပထမထပ်ရှိ အယ်လီယာနာအား စူးစမ်းလိုမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ အမျိုးသမီးသည် သူမနားမလည်သော စာရွက်စာတမ်းများဖတ်ရင်း အလုပ်ရှုပ်လျက်ရှိသည်။
အင်စလေသည် အိပ်ရာဝင်ပုံပြင်အဖြစ် ယနေ့ဖတ်ခဲ့သမျှအား ပြန်ပြောပြရမည်ဟု မှာကြားထားသောကြောင့် အယ်လီယာနာသည် အဆိုပါ စာရွက်စာတမ်းများအား မဖြစ်မနေ ဖတ်ရတော့သည်။
အယ်လီယာနာသည် သူမရှေ့၌ရှိနေသည့် တောင်လိုပုံနေသော စာရွက်များထံ၌သာ အာရုံရှိနေသည်။ ထို့ကြောင့် ဒုတိယထပ်တွင် သူမအား စိုက်ကြည့်နေသူ တစ်ဦးတစ်ယောက် ရှိနေမှန်း အာရုံမခံမိချေ။
ဒီမိန်းမကို မသိပါဘူး.. တစ်ခါမှ မမြင်ဖူးဘူး..
ဧည့်သည်လေးသည် လက်ထဲရှိ စာအုပ်အားပိတ်ကာ တိုင်လုံးအားမှီလိုက်သည်။ လင်းပိုင်ပုံသဏ္ဌာန်ရှိသော ပြတင်းတိုင်ကြားမှတဆင့် ဧည့်သည်လေးသည် အယ်လီယာနာ၏ ဦးခေါင်းအား မြင်နိုင်သည်။
အမျိုးသမီး၏ မျက်နှာအား မမြင်နိုင်သော်ငြား အငွေ့အသက်မှတဆင့် ဤအမျိုးသမီးအား တစ်ခါမျှ မြင်တွေ့ဖူးခြင်းမရှိကြောင်း သေချာသည်။
ဒီမိန်းမက ဒီနေရာမှာ ဘာလုပ်နေတာလဲ.. စလိုအန်မိသားစုရဲ့ စာကြည့်တိုက်က လူတိုင်းကို ကြိုဆိုနေတာ မဟုတ်ဘူးလေ.. မိသားစုခေါင်းဆောင်နဲ့ အကြီးပိုင်းတွေပဲ ဝင်နိုင်တာ..
အမွေဆက်ခံသူဆိုရင်တောင် ဆန္ဒရှိသလို ဝင်ခွင့်မရှိဘူး..
ဖင်းလီသည် သိချင်စိတ် ပြင်းပြလာသည်။ အယ်လီယာနာအား မမှိတ်မသုန် လေ့လာရင်း ဖြစ်နေခြေများအား ကောက်ချက်ချနေမိသည်။
စလိုအန်မိသားစုက ဒီနှစ်ထဲမှာ ဒေဝါလီခံရတော့မှာ ငါသိတယ်.. ဒေဝါလီခံရတော့မယ် ဆိုပေမဲ့ စာကြည့်တိုက်ထဲကို လူတိုင်းကို ဝင်ခွင့်ပြုမှာ မဟုတ်ဘူး..
ပြီးတော့ စလိုအန်မိသားစုနဲ့ ပတ်သက်ပြီး ထူးဆန်းနေတယ်.. မိသားစုခေါင်းဆောင် ထွက်ပြေးသွားပြီးတော့ သူတို့က ခေါင်းဆောင်အသစ်ကို ခန့်အပ်ရမယ်.. ငါ မှတ်မိသလောက်ဆိုရင် ခေါင်းဆောင်အသစ်က ၃ နှစ်ပြရှိသေးတဲ့ အမွေဆက်ခံသူ ဖြစ်လိမ့်မယ်..
သူမက လမ်းလျှောက်ခါစ ကလေးတစ်ယောက်ဖြစ်လို့ အုပ်ထိန်းသူလိုတယ်.. အုပ်ထိန်းသူက ဦးလေးရော်ဂျာဖြစ်ပြီး ခုနက တွေ့ခဲ့တဲ့လူပဲ..
ဒါပေမဲ့ မိသားစုခေါင်းဆောင် မရှိဘူးလို့ သူပြောခဲ့တယ်.. မဖြစ်နိုင်ဘူး မဟုတ်လား.. ကလေးလေးကို အုပ်ထိန်းသူမပါဘဲ ဘယ်သူက အပြင်သွားခိုင်းမှာတဲ့လဲ..
ဖင်းလီ ပြောင်ချောနေသည့်မေးအား လက်ဖြင့်ပွတ်ရင်း မှတ်ဉာဏ်များအား ပြန်လည်စီနေသည်။
တစ်ခုခု ပြောင်းလဲသွားတာလား.. အရင်ဘဝမှာ ဖြစ်ခဲ့တာတွေနဲ့ တစ်ခုခု ကွာခြားနေသလိုပဲ..
အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦး၏ မှတ်ဉာဏ်များရှိသော ကောင်ငယ်လေး ဖင်းလီသည် ကြုံတွေ့ခဲ့ဖူးသော အနာဂတ်မှာ ပြောင်းလဲနေသဖြင့် မရှင်းပြတတ်အောင် စိတ်လှုပ်ရှားနေသည်။
စလိုအန်မိသားစုက အုပ်ထိန်းသူ ပြောင်းလိုက်တာလား.. ဦးလေးရော်ဂျာ မဟုတ်တော့ဘူးပေါ့.. ဒီလိုဆို..
ဖင်းလီသည် အိမ်အကူများမှ ကူညီပေးသည့်တိုင်အောင် စာရွက်စာတမ်းများဖြင့် ပျာယာခတ်နေသော အယ်လီယာနာအား ကြည့်လိုက်သည်။
အနီးကပ်ကြည့်လိုက်သည့်အခါ အဆိုပါ စာရွက်စာတမ်းများ၌ စလိုအန်မိသားစု၏ တံဆိပ်တုံး ရိုက်နှိပ်ထားသည်။
မိသားစုခေါင်းဆောင်နှင့် အုပ်ထိန်းသူမှလွဲ၍ ထိတွေ့ကိုင်တွယ်ခွင့် မရှိချေ။
ဖင်းလီ၏ မြစိမ်းရောင်မျက်လုံးများ တဖျပ်ဖျပ်လှုပ်လာသည်။
ဒီမိန်းမက အုပ်ထိန်းသူများလား.. ဦးလေးရော်ဂျာ မဟုတ်ဘူးပေါ့.. ခဏလေး.. ဒါဆိုရင် အဲဒီ လူအိုကြီးက မိသားစုခေါင်းဆောင် မရှိဘူးလို့ ဘာလို့ လိမ်ပြောတာလဲ..
မိသားစုခေါင်းဆောင် ဘယ်ရောက်နေလဲဆိုတာ မသိလို့လား.. ဒါမှမဟုတ် သူက မိသားစုခေါင်းဆောင်ရဲ့ အုပ်ထိန်းသူ ဖြစ်မလာလို့လား..
ဖင်းလီ အလင်းပွင့်သွားသည်။
သူကြုံတွေ့ခဲ့ဖူးသည့် အနာဂတ်၏ တစ်စိတ်တစ်ပိုင်းမှာ ပြောင်းလဲသွားပြီပင်။
အပြောင်းအလဲမှာ ဤနေရာ၌ဖြစ်သည်။ စလိုအန်မိသားစု..။