ဖင်းလီ၏ ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းသွားသည်။
သူသိထားသော အနာဂတ်မှာ အနည်းငယ်ပြောင်းလဲနေသည်ကို သိလိုက်ရသဖြင့် အနည်းငယ်စိုးရိမ်မိသည်။
ပြောင်းလဲမှုသေးသေးလေးသည် လိပ်ပြာတောင်ပံခတ်သကဲ့သို့ သက်ရောက်မှုဖြစ်စေနိုင်ပြီး ဤဘဝအား ပြန်လည်အဖတ်ဆယ်ရန် ရယ်ရွယ်ထားသော ပြီးပြည့်စုံသည့် အစီအစဉ်မှာလည်း ပျက်သုန်းသွားနိုင်သည်။
ဘာကြောင့် ပြောင်းလဲသွားတာလဲ..
ဖင်းလီ စာကြည့်တိုက်တစ်ခုလုံးအား ဝေ့ဝဲကြည့်ရင်း အဖြေရှာတွေ့ရန် ကြိုးစားလိုက်သည်။
ငါက သတ်မှတ်ထားတဲ့အရွယ်ထက်စောပြီး စွမ်းရည်နိုးထလာခဲ့လို့များလား.. ငါ့ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ စွမ်းရည်နိုးထဖို့ လိုအပ်တယ်.. ဒါပေမဲ့ အဲဒီဟာက အခုလို ပြောင်းလဲသွားစေတာလား..
မဟုတ်ဘူး.. မဖြစ်နိုင်ဘူး.. အဲလောက်ကြီး မဖြစ်နိုင်ဘူး.. ပြီးတော့ ငါ့ရဲ့ စွမ်းရည်နိုးထမှု စောတာနဲ့ စလိုအန်မိသားစုက အုပ်ထိန်းသူ ပြောင်းတာနဲ့ ဘယ်နားက သက်ဆိုင်လို့လဲ..
ငါတို့မိသားစုတွေက မဟာမိတ်တွေဆိုပေမဲ့ ငါ့မိသားစုက စလိုအန်မိသားစုရဲ့ အတွင်းရေးကို ဝင်ပြီးထိန်းချုပ်လို့မရဘူး..
ဆိုတော့ ပြောင်းလဲမှာက စလိုအန်မိသားစု ကိုယ်တိုင်ပဲ ဖြစ်ရမယ်.. ဒါဆိုရင် အတိတ်ဘဝနဲ့ မတူဘဲ ပြောင်းလဲသွားတာ ဘာဖြစ်မလဲ..
ဖင်းလီ စဉ်းစားရင်းနှင့် စာကြည့်တိုက်အား စေ့စေ့စပ်စပ် ကြည့်နေခြင်းအားလည်း မရပ်ချေ။ တစ်နေရာအရောက်၌ ပထမထပ်၏ ထောင့်တစ်ခုရှိ ပုံရိပ်လေးတစ်ခုအပေါ် အကြည့်ရောက်သွားသည်။
ဟမ်.. ဘာလဲဟ..
ဖင်းလီ သစ်သားကြမ်းပြင်မှ ဖြည်းညင်းစွာထပြီးနောက် အင်စလေရှိနေသည့်နေရာနှင့် ပိုမိုနီးကပ်လာစေရန် တွားသွားလိုက်သည်။ ဤနေရာမှဆိုလျှင် အထွေထွေဗဟုသုတ စာအုပ်တန်းအနီး၌ ထိုင်နေသော ပုံရိပ်လေးအား ရှင်းလင်းစွာ မြင်နိုင်သည်။
...ဘာဖြစ်တယ်..
ဖင်းလီ၏ ဗာဒံစေ့နှင့်တူသည့် မျက်လုံးများ ပြူးကျယ်လာသည်။ ခရမ်းရောင်ဆံပင်ပေါ်သို့ နေရောင်ဖြာကျနေပြီး လွန်စွာမျက်လုံးဖမ်းစားနိုင်သည့် အရောင်ကြောင့် ထိုသူအား မမြင်ဘဲနေရန် မဖြစ်နိုင်ချေ။
ခရမ်းရောင်ဆံပင်မှာ တွေ့မြင်နေကျမဟုတ်ဘဲ စလိုအန်မိသားစု၏ တိုက်ရိုက်မျိုးဆက်များသာ ဆက်ခံနိုင်သော မွေးရာပါဗီဇဖြစ်သည်။
ဒီတော့ တစ်ကမ္ဘာလုံးမှာ တစ်ယောက်တည်းရှိတဲ့ ခရမ်းရောင်ဆံပင်ပိုင်ရှင်က...
ဆက်ခံသူပေါ့.. မိသားစုခေါင်းဆောင်အသစ်လား..
ဖင်းလီသည် အကြည့်တစ်ချက်နှင့်ပင် အင်စလေ မည်သူဖြစ်ကြောင်း ခန့်မှန်းလိုက်သည်။ သူ၏နေရာမှဆိုလျှင် ကောင်မလေး၏ မျက်နှာအား ရှင်းလင်းစွာ မြင်နိုင်သော်ငြား ခန္ဓာကိုယ်ပေါ်သို့ နေရောင်ဖြာကျနေသောကြောင့် သူ၏မြင်ကွင်းအား အနည်းငယ် အနှောင့်အယှက် ဖြစ်စေသည်။
ကလေး၏ အမူအရာအား မမြင်နိုင်ဘဲ အပြုအမူများကိုသာ မြင်နိုင်သည်။
စလိုအန်မိသားစုရဲ့ မိသားစုခေါင်းဆောင်အသစ်က... စာအုပ်ဖတ်နေတယ်..
ဖင်းလီ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ နတ်သားတမျှ ချောမောသော မျက်နှာလေးမှာ သူ့ဖခင်၏ ပေါင်လုံးလောက်ထူမည့် စာအုပ်ကြီးအား ဖတ်နေသည့် ၃ နှစ်အရွယ် ကလေးတစ်ဦးကြောင့် အံ့ဩဘနန်း ဖြစ်နေမိသည်။
ဝ သ... ဒါက တကယ်ကြီး မိသားစုခေါင်းဆောင်အသစ်လား.. စလိုအန်မိသားစုရဲ့ ရုပ်သေးခေါင်းဆောင်လေ..
ဖင်းလီ၏ မြစိမ်းရောင်မျက်လုံးများ စူးရဲလာပြီး ခန္ဓာကိုယ်တစ်ဝိုက် လေအေးများ ရစ်ဝဲလာသည်။
ဒီကလေးက ဘယ်သူလဲ.. တကယ်ပဲ စလိုအန်မိသားစုရဲ့ အသုံးမကျတဲ့ ရုပ်သေးခေါင်းဆောင် အင်စလေစလိုအန်လား..
ဖင်းလီ၏ မသိစိတ်မှ ကလေးအပေါ်၌ သတိအပြည့်ထားလိုက်သည်။ အနာဂတ်၌ ဤကလေးမှာ မည်သို့သောသူ ဖြစ်လာမည်အား သိထားသူတစ်ဦးအနေဖြင့် သတိမထားဘဲ မနေနိုင်ချေ။
အင်စလေစလိုအန်။ ယခင်ဘဝ၌ ဤကလေးမှာ နာမည်ကျော်တစ်ဦးဖြစ်သည်။ ကောင်းမွန်သော ကျော်ဇောခြင်းတော့ မဟုတ်ပေ။ မာဖီးယားသမိုင်း၌ အငယ်ဆုံးသော မိသားစုခေါင်းဆောင်အဖြစ် နာမည်ကျော်ကြားခြင်းဖြစ်သလို အာဏာမဲ့သောကြောင့်လည်း နာမည်ကျော်သည်။
သူမအသက် ၁၅ နှစ် မတိုင်မီအထိ စွမ်းရည်နိုးထခြင်း မရှိခဲ့ဘဲ သူမ၏ စွမ်းရည်မှာလည်း ထက်မြက်သော အကြားအာရုံသာဖြစ်သည်။ ဆက်ခံသူတစ်ယောက်အဖြစ် ကောင်းမွန်စွာ သင်ကြားခံရခြင်းမရှိခဲ့ချေ။ ထို့ကြောင့် သူမ၏ အုပ်ထိန်းသူဖြစ်သော ဦးလေးရော်ဂျာမှ မိသားစုအား ဦးဆောင်ခဲ့သည်။
ကံမကောင်းစွာဖြင့် ဦးလေးရော်ဂျာမှာ စွမ်းဆောင်ရည်ပြည့်ဝသူ မဟုတ်ချေ။ အမွေဆက်ခံသူအား မိသားစုခေါင်းဆောင်အဖြစ် ခန့်အပ်ပြီး တစ်နှစ်အကြာမှာပင် စလိုအန်မိသားစုသည် အခြားမိသားစုများအောက်သို့ ကျဆင်းသွားခဲ့သည်။
ထိပ်တန်းအဆင့်ရှိခဲ့သော မိသားစုတစ်ခုမှာ တစ်နှစ်အတွင်း အလယ်အလတ်အဆင့်သို့ ကျဆင်းသွားခြင်းဖြစ်သည်။
နှစ်အနည်းငယ်ကြာပြီးနောက် အင်စလေစလိုအန် စွမ်းရည်နိုးထလာချိန်၌ စလိုအန်မိသားစုမှာ နယ်မြေတစ်ဝက်ခန့်အား ဆုံးရှုံးထားပြီးဖြစ်သည်။ အတွင်းပိုင်းပဋိပက္ခများစွာလည်း ဖြစ်ပေါ်နေသည်။
အင်စလေစလိုအန် အသက် ၁၈ နှစ်သို့ ရောက်ချိန်တွင် စလိုအန်မိသားစုမှာ သမိုင်းမှ ပျောက်ကွယ်သွားတော့သည်။ မိသားစုနှင့် မိဘများအား ဆုံးရှုံးပြီးနောက် အင်စလေအား ကျေးကျွန်အဖြစ် ရောင်းစားခံရသည်။
ထို့နောက် သူမ မည်သို့နေထိုင်ရသည်ကို မည်သူမျှ မသိကြတော့ချေ။ သို့သော် ကောလဟာလများအရ အသက် ၂၀ အရွယ်တွင် မိမိကိုယ်ကိုယ် သတ်သေခဲ့သည်ဟု ဆိုကြသည်။
သူမသည် အဆိုပါဖြစ်ရပ်ကြောင့် နာမည်ကျော်ပြီး ဖင်းလီနှင့် တစ်ချိန်တည်း သေဆုံးခဲ့သည်။
ဖင်းလီ ယခင်ဘဝ၏ နောက်ဆုံးအခိုက်အတံ့အား သတိရမိသည်။ သူသည် သနားစဖွယ်ကောင်မလေးထက် ၅ နှစ်ပိုကြီးပြီး ထူးဆန်းစွာပင် တစ်နေ့တည်း၌ သေဆုံးခဲ့သည်။
ငါက သူမထက် ပိုပြီးကံကောင်းတယ်လို့တော့ ပြောရမှာပဲ.. ဒါပေမဲ့..
ဖင်းလီသည် နောင် ၁၇ နှစ် ကြာလျှင် သေဆုံးရတော့မည့် ကလေးငယ်အား ကြည့်လိုက်သည်။ သူမသည် အသုံးမဝင်သော ရုပ်သေးရုပ်အနေနှင့် အကျိုးမဲ့ဘဝအား နေထိုင်သွားရလိမ့်မည်။
ရက်စက်လွန်းတဲ့ ဘဝပါလား..
ဖင်းလီ ရွှေအိုရောင်ဆံပင်များအား သပ်တင်ပြီးနောက် ဒုတိယအကြိမ် သက်ပြင်းချလိုက်သည်။ အနာဂတ်အား ကြိုတင်သိမြင်ထားခြင်းမှာ ကောင်းမွန်သောအရာ မဟုတ်လှချေ။
ဒါပေမဲ့.. အနာဂတ်က ပြောင်းလဲသွားပြီလေ.. ဒီကလေးရဲ့ အုပ်ထိန်းသူက စွမ်းဆောင်ရည်မရှိတဲ့ ဦးလေးရော်ဂျာ မဟုတ်တော့ဘဲ အမျိုးသမီးတစ်ယောက် ဖြစ်လာတယ်မဟုတ်လား..
ဖင်းလီသည် ပြောင်းလဲမှုကြောင့် စိတ်ပူပင်စိုးရိမ်လာသော်ငြား မျှော်လင့်ချက်တစ်စွန်းတစ်စလည်း ပေါ်လာသည်။ သူ၏ ကံကြမ္မာသည်လည်း ပြောင်းလဲနိုင်ပေမည်။
အုပ်ထိန်းသူနေရာကိုရဖို့အတွက် အခြား အကြီးပိုင်းတွေနဲ့ယှဉ်ရင် ဦးလေးရော်ဂါက အသန်မာဆုံး ဖြစ်ပေမဲ့ ဘာဖြစ်လို့ သူမဟုတ်တော့တာလဲဆိုတာ သိဖို့ကြိုးစားရမယ်..
ဖင်းလီသည် စာအုပ်ထူကြီးအား စိတ်ပါဝင်စားစွာ ဖတ်ရှုနေသည့် ချစ်စဖွယ် ကလေးမလေးအား ကြည့်လိုက်သည်။ သူမသည် သူရှိနေကြောင်း သတိပြုမိပုံမရချေ။
“အင်း.. အင်း.. တာက တီရိုဘော့.. (ဒါက ဒီလိုပေါ့..)”
အင်စလေ ဒုတိယစာအုပ်အား ဖတ်ပြီးနောက် တီးတိုးရေရွတ်လိုက်သည်။
စကားမပီသည့် အကျင့်ကြောင့် တီးတိုးရေရွတ်နေချိန်မှာပင် အလိုအလျောက် ကလေးဘာသာစကားဖြင့် ပြောမိသွားသည်။
ထိုအရာကပင် သူမ ကံကောင်းသွားခြင်းဟု ဆိုရမည်။ ထက်မြက်သည့် အကြားအာရုံရှိသော အမည်မသိ ကောင်လေးတစ်ဦးသည် သူမအား မနီးမဝေးတစ်နေရာမှ စောင့်ကြည့်လေ့လာနေခြင်းဖြစ်သည်။
“ထု နောက်တျုပ် (ခု နောက်တစ်အုပ်)”
အင်စလေသည် ဂေါ့လ်ဖိနိုင်ငံသမိုင်းကြောင်းနှင့်၊ ဂေါ့ဖားသားဒဏ္ဍာရီအကြောင်း စာအုပ်နှစ်အုပ်အား ဘေးသို့ချလိုက်သည်။ နောက်ထပ်ဖတ်ရှုရမည့် စာအုပ်မှာ အထူးစွမ်းရည်များနှင့် ယင်းတို့၏ မူလဇာစ်မြစ်ဖြစ်သည်။
“အထူးစွမ်းရည်တွေအကြောင်း သိထားမှဖြစ်မယ်.. ရှင်သန်ဖို့အတွက် ဒါတွေကို နားလည်ထားရမယ်..”