အခန်း ၂၈ နတ်သမီး
Viewers 3k

အခန်း ၂၈ နတ်သမီး

 

ဂေါ့ဖားသားနှင့် ပတ်သက်သည့် အချက်အလက်အနည်းငယ်အား ဖတ်ရှုပြီးနောက် ဤကမ္ဘာမှာ သူမ၏ ကမ္ဘာမြေနှင့် အလွန်ဆင်တူကြောင်း သိလိုက်ရသည်။ ဒဏ္ဍာရီနှင့် သမိုင်းဆိုင်ရာ အချက်အလက် အနည်းငယ်သာ ကွဲပြားခြင်းဖြစ်သည်။

 

ဤကမ္ဘာမှာ ကမ္ဘာမြေ၏ ကြေးမုံတစ်ခုသဖွယ် ဖြစ်သောကြောင့် အင်စလေ ဝမ်းနည်းစိတ်ထိခိုက်သွားမိသည်။

 

သောက်ခွေး.. ဒီတော့ ငါ့ရဲ့ ခေတ်သစ်ဗဟုသုတတွေကို ဘယ်နားသွားသုံးရတော့မလဲ.. ဗဟုသုတတွေ ဖြန့်ဝေပေးရမဲ့အစား နားကန်းတစ်လုံးတောင် မသိဘဲ ဖြစ်နေပြီ..

 

အင်စလေသည် အထူးစွမ်းရည်များနှင့် ယင်းတို့၏ မူလဇာစ်မြစ်အကြောင်း အချက်အလက်များပါဝင်သည့် အနီရောင်စာအုပ်အား ဖွင့်ရင်း နှုတ်ခမ်းဆူလိုက်သည်။ နတ်သမီး၊ နတ်သူငယ်စသည့် လျှို့ဝှက်ဆန်းကြယ်သတ္တဝါများနှင့် ပတ်သက်သည့် အချက်အလက် အနည်းငယ် ပါရှိသည်။

 

မှန်သည်။ ဤကမ္ဘာမှာ ကမ္ဘာမြေ၌မရှိသော ထူးခြားဆန်းပြားသည့် သက်ရှိများ ရှိပုံရသည်။ ဤကမ္ဘာသည် ကမ္ဘာမြေ၏ ဒဏ္ဍာရီနှင့် သမိုင်းကြောင်းများအား လက်တွေ့ဘဝသို့ အသက်သွင်းခေါ်ဆောင်လာသလိုပင်။

 

နောက်တစ်နည်းဆိုရသော် ဤကမ္ဘာသည် ကမ္ဘာမြေထက် ပိုမိုရှုပ်ထွေးကာ အန္တရာယ်များသည်။ ကမ္ဘာမြေသည် ရုပ်ရှင်တစ်ကား၏ ပထမတွဲဟုဆိုလျှင် အမည်မသိကမ္ဘာမှာ ဒုတိယတွဲပင် ဖြစ်သည်။

 

‘ဒီကမ္ဘာက ဝတ္ထုကမ္ဘာ မဟုတ်ဘူးဆိုတာကော သေချာရဲ့လား..’

 

အင်စလေသည် သူမဖတ်ရှုခဲ့ဖူးသမျှသော ဝတ္ထုများထဲ၌ ဤကမ္ဘာအကြောင်း ဖော်ပြထားသည်ကို မတွေ့ရသည့်အချက်ကြောင့် ဝမ်းနည်းကြေကွဲနေမိသည်။ အဆိုးဝါးဆိုးသော အခြေအနေမှာ..

 

ဤကမ္ဘာသည် ဝတ္ထုတစ်ခုထဲ၌ မတည်ရှိနေခြင်းသာဖြစ်ပေမည်။ ထို့အပြင် ကမ္ဘာမြေထက် ပိုမိုအန္တရာယ်များသော သီးခြားကမ္ဘာတစ်ခုဆိုလျှင်...။

 

ဤကမ္ဘာသည် ခေတ်မီကမ္ဘာနှင့် စိတ်ကူးယဉ်ကမ္ဘာတို့ ပေါင်းစပ်ထားခြင်းဖြစ်သည်။

 

‘ငါတို့က မွန်းစတားတွေနဲ့ တိုက်ခိုက်ရလိမ့်မယ်လို့ ပြောလာမယ်ဆိုရင်တောင် ဝမ်းမြောက်ဝမ်းသာနဲ့ ယုံပစ်လိုက်တော့မှာ..’

 

အင်စလေ သက်ပြင်းချပြီးနောက် အထူးစွမ်းရည်များနှင့် ဒဏ္ဍာရီလာသားရဲများအကြောင်း ပါဝင်သည့် စာအုပ်အား စတင်ဖတ်ရှုသည်။ သူမ သဘောကျနှစ်သက်မိသော ခေါင်းစဉ်မှာ နတ်သမီးများအကြောင်းဖြစ်သည်။

 

ချူနီဗြောတစ်ဦးအနေနှင့် အင်စလေသည် နတ်သမီးများအား သဘောကျနှစ်သက်ပြီး တမ်းတမ်းစွဲ ပရိသတ်တစ်ဦးလည်းဖြစ်သည်။ မှော်စွမ်းအင်များရှိကာ လှပသော သတ္တဝါများဖြစ်သည့် နတ်သမီးနှင့် နတ်သူငယ်များအား သဘောမကျသူဟူ၍ မရှိလောက်ပေ။

 

အင်စလေသည် နတ်သမီးများအား သဘောကျနှစ်သက်ပြီး စာအုပ်ထဲ၌ နတ်သမီးများသည် နတ်သူငယ်များထက် တွေ့နိုင်ချေပိုများသည်ဟု ဆိုသည်။ နတ်သူငယ်များသည် ကိုယ်ပိုင်နယ်မြေရှိပြီး နတ်သမီးများမှာမူ လူသားများ၊ အခြားဒဏ္ဍာရီလာမျိုးနွယ်များနှင့် ရောနှောနေထိုင်ကြသည်။

 

‘ရှေးဟောင်းနေရာတွေ ဒါမှမဟုတ် ရှေးဟောင်းပစ္စည်းတွေရှိတတ်တဲ့ နေရာတွေမှာ နတ်သမီးတွေကို ရှာတွေ့နိုင်တယ်တဲ့.. နတ်သမီးတွေက လူသားတွေနဲ့ ပဋိညာဉ်ပြုတဲ့ ဖြစ်ရပ်အချို့လည်း ရှိကြတယ်တဲ့..’

 

ဂေါ့လိဖ်နိုင်ငံအတွင်း၌ နတ်သမီးအများအပြားရှိပြီး ဆိုလိုသည်မှာ ထိပ်တန်းအဆင့် မာဖီးယားမိသားစုများနှင့် ပဋိညာဉ်ပြုထားသော နတ်သမီးအနည်းငယ် ရှိနိုင်သည်။ (Angel မဟုတ်ဘဲ Fairy ပါနော်.. နတ်သမီးတွေခေတ်စားနေတော့ နတ်သမီးလို့ရေးရတာတောင် နတ်သမီးလို့မမြင်ဘူး ဖြစ်နေတယ်..)

 

နတ်သမီးများထံတွင် အကူအညီပေးနိုင်သော ထူးခြားစွမ်းရည်များရှိရုံသာမကဘဲ စွမ်းရည်အသုံးပြုသူများအားလည်း စွမ်းရည်မြှင့်တင်ပေးနိုင်သည်။ စွမ်းရည်မြှင့်တင်ပေးခြင်းဆိုသည်မှာ သဘောတူညီမှုတစ်ခုနှင့် တူညီပြီး ခုခံရေး၊ တိုက်ခိုက်ရေးများအား တိုးမြှင့်ပေးခြင်းဖြစ်သည်။

 

ဘာပဲဖြစ်ဖြစ် အသုံးဝင်သားပဲ..

 

နတ်သမီးများမှာ စိတ်ဝိညာဉ်များနှင့် မတူပေ။ စိတ်ဝိညာဉ်များသည် ယင်း၏စွမ်းရည်အား စွမ်းရည်အသုံးပြုသူထံ ငှားယမ်းနိုင်သည်။ နတ်သမီးများမှာမူ တစ်နေ့လျှင် တစ်ကြိမ်သာ စွမ်းရည်မြှင့်တင်ပေးနိုင်ခြင်းဖြစ်သည်။ ထိုတစ်ကြိမ်မှာလည်း တိုတောင်းသော ကာလအပိုင်းအခြားလေးသာဖြစ်သည်။

 

ခဏလေးဆိုရင်တောင် မရှိတာထက်စာရင် ကောင်းတယ်လေ.. နော်..

 

အင်စလေ လျှာတောက်ပြီးနောက် စာအုပ်ထဲရှိ ရှားပါးနတ်သမီးပုံအား လက်ဖြင့်ပွတ်လိုက်သည်။ နတ်သမီးအများစုမှာ တောက်ပသော ဆံပင်အရောင်ရှိကြပြီး တော်ဝင်နတ်သမီးများမှာမူ ရွှေအိုရောင်ဆံပင်နှင့် မြစိမ်းရောင်မျက်လုံးများ ရှိကြသည်။

 

နတ်သမီးများသည် သူတို့၏ နတ်သမီးတောင်ပံများအား ပြသလေ့မရှိကြသော်ငြား လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းရည်နှင့် ချောမောလှပခံ့ညားသော ရုပ်ရည်အား ကြွားဝါလေ့ရှိကြသည်။

 

တော်ဝင်နတ်မျိုးနွယ်ဝင်များမှာ သူတို့သဘောကျနှစ်သက်သော နယ်နိမိတ်များ ရှိတတ်ကြသည်။ လျှို့ဝှက်ရေကန်၊ အဆင့်မြင့်မီးလင်းဖို၊ နက်ရှိုင်းသော တောအုပ် စသဖြင့် အသီးသီး၌ သဘောကျနှစ်သက်သော နယ်မြေများ ရှိကြသည်။

 

စာကြည့်တိုက်အတွင်းရှိ ရှေးဟောင်းပစ္စည်းများနှင့် နေထိုင်ရခြင်းအား သဘောကျနှစ်သက်သော နတ်သမီးတစ်ဦး ရှိခဲ့သည်ဟု ဆိုထားသည်။

 

“စာကြည့်တိုက်နတ်သမီး” ဟူသော စကားလုံးအားကြည့်ကာ အင်စလေ၏မျက်လုံးများ တောက်ပလာသည်။ ချက်ချင်းပင် သူမပတ်ဝန်းကျင်ရှိ စာအုပ်စင်များအား လှည့်ပတ်ကြည့်လိုက်သည်။

 

ဒီစာအုပ်စင်တွေကို ရှေးဟောင်းပစ္စည်းလို့ ယူဆလို့ရတယ်မဟုတ်လား.. ဒီတော့ နတ်သမီးရှိနိုင်တယ်ပေါ့.. အဲဒီအပြင် တော်ဝင်နတ်သမီးတဲ့လား..

 

စာအုပ်ထဲ၌ နတ်သမီးများသည် တစ်နေရာရာ၌ နေထိုင်ဖို့ရာ လူသားများနှင့် ပဋိညာဉ်ပြုရန် မလိုအပ်ဟု ဆိုသည်။ အကြောင်းမှာ နတ်သမီးများသည် ကျွမ်းကျင်လုပ်ကြံသတ်ဖြတ်သူများကဲ့သို့ ကောင်းမွန်စွာ ပုန်းအောင်းနိုင်သောကြောင့်ပင်။

 

ဆိုတော့ စာကြည့်တိုက်ရဲ့ တစ်နေရာရာမှာ နတ်သမီးတစ်ယောက် ရှိနိုင်တယ်ပေါ့..

 

အင်စလေသည် ဖတ်မပြီးသေးသော အထူးစွမ်းရည်စာအုပ်အား ဘေးသို့ပစ်ကာ မတ်တတ်ရပ်လိုက်သည်။

 

စာအုပ်က နောက်မှဖတ်လို့ရတယ်.. အရင်ဆုံး စာကြည့်တိုက်ထဲမှာ နတ်သမီးတစ်ယောက်ရှိလား သေချာအောင်လုပ်ရမယ်..

 

ဤစာကြည့်တိုက်မှာ အတော်လေး အိုဟောင်းနေပြီ ဖြစ်သောကြောင့် စာကြည့်တိုက်နတ်သမီးတစ်ယောက်အား ဆွဲဆောင်ရန် လုံလောက်မှုရှိသည်ဟု အင်စလေ ယုံကြည်သည်။ နတ်သမီးတစ်ယောက်အား ရှာတွေ့မည်ဆိုလျှင် နတ်သမီးထံမှ ဗဟုသုတအမြောက်အများ ရရှိလာနိုင်သည်။

 

စာကြည့်တိုက်နတ်သမီးသည် ကမ္ဘာပေါ်ရှိ ဗဟုသုတအားလုံးကို ပိုင်ဆိုင်ထားသူဟု ဆိုသည်။ နတ်သမီးသည် အနာဂတ်ကိုပင် မြင်နိုင်သည်။ ယင်းမှာ အခြားနတ်သမီးများနှင့်ယှဉ်လျှင် စူပါပါဝါရှိသော နတ်သမီးဟု ဆိုရမည်။

 

အင်စလေသည် ပါးဖောင်းဖောင်းလေးများ နီမြန်းကာ ခြေပုတိုလေးများဖြင့် စာကြည့်တိုက်ပတ်လည် လျှောက်ကြည့်တော့သည်။ ခြေထောက်လေးများ နာကျင်လာသည့်တိုင်အောင် ဂရုမစိုက်ချေ။

 

နတ်သမီးနဲ့တွေ့မှဖြစ်မယ်.. နတ်သမီးက တစ်နေရာရာမှာ ပုန်းနေတာပဲ ဖြစ်မှာ..

 

အင်စလေသည် စာအုပ်စင်များအကြားကိုပါ လိုက်လံရှာဖွေပြီး စာအုပ်စင်တိုင်းအား စစ်ဆေးကြည့်ရှုသည်။ နတ်သမီးသည် ခန္ဓာကိုယ်လေးအား အလွန်သေးငယ်စွာ ကျုံ့ထားမည်ဟု တွေးမိသောကြောင့် စာအုပ်များကိုပင် စစ်ဆေးကြည့်သည်။

 

မှန်သည်။ ပုံမှန်နတ်သမီးများနှင့်မတူသည်မှာ တော်ဝင်မျိုးနွယ်ဝင် နတ်သမီးများ၏ ခန္ဓာကိုယ်မှာ ၁၀ နှစ်ဝန်းကျင် ကလေးအရွယ်ရှိသည်။ တောင်ပံများအား ဝှက်ထားလျှင် သာမန်လူသားတစ်ဦးလိုပင် ဖြစ်သည်။ သို့သော် ခန္ဓာကိုယ်များအား ကျုံ့ကာ ပုန်းအောင်နိုင်ဆဲပင်။

 

တော်ဝင်နတ်သမီးများနှင့် လူသားများအကြား ကွာခြားချက်မှာ ရုပ်ရည်သွင်ပြင်ဖြစ်သည်။ နတ်သမီးများမှာ ဒဏ္ဍာရီလာ စိတ်ကူးယဉ်ဇာတ်ကောင်များကဲ့သို့ ခံ့ညားချောမောလှပသော ရုပ်ရည်သွင်ပြင်ရှိသည်။

 

ထို့အပြင် ရွှေအိုရောင်ဆံပင်နှင့် မြစိမ်းရောင်မျက်လုံးများလည်းရှိကြသည်။ အချို့လူသားများထံ၌ တူညီမှုများ ရှိကြသော်ငြား တော်ဝင်နတ်သမီးများကဲ့သို့ ချောမောလှပခြင်း မရှိကြချေ။

 

နတ်သမီးများ၌ ရောင်ဝါရှိကြောင်း ပြောဖို့ရန် မလိုချေ။ နတ်သမီးတစ်ယောက်နှင့် ပဋိညာဉ်ပြုထားသူမှာ တူညီသော စွမ်းရည်ရှိနိုင်ပြီး နတ်သမီးများနှင့် ထိတွေ့ဆက်ဆံမှုရှိသောသူဟု ဆိုလိုသည်။

 

အင်စလေသည် ပထမထပ်၌ လျှောက်သွားနေစဉ် နတ်သမီးများအား အစောင့်အရှောက်အဖြစ် ရရှိထားသည့် မိသားစုများစွာရှိကြောင်း တွေးမိသည်။

 

ဝေါ်လ်တာမိသားစု.. ဂျဲရယ်ဒင်းမိသားစု.. ရှားန်မိသားစု.. ဂျစ်ဖဒ်မိသားစု.. မေဒီယန်မိသားစု.. လာစတေးရှားမိသားစုနဲ့ နောက်ဆုံး လိုအီဇာမိသားစု..

 

အဲဒီ မိသားစု ၇ ခုက နတ်သမီးတွေနဲ့ ဆက်နွယ်မှုရှိနိုင်တယ်..