အခန်း ၂၉ ထူးခြားသောတည်ရှိမှု
Viewers 3k

အခန်း ၂၉ ထူးခြားသောတည်ရှိမှု

 

ဝေါ်လ်တာမိသားစုသည် အင်အားအကြီးဆုံးသော မာဖီးယားမိသားစုများထဲမှ တစ်ခုဖြစ်ပြီး နတ်သမီးတစ်ယောက် ရှိသင့်သည်။ စာအုပ်ထဲ၌ ဝေါ်လ်တာမိသားစုသည် တော်ဝင်နတ်သမီးတစ်ဦးနှင့် ပဋိညာဉ်ပြုထားသည်ဟု ဆိုသည်။

 

ဝေါ်လ်တာမိသားစုမျိုးဆက်များသည် နတ်သမီးအား သူတို့၏ အပေါင်းအဖော်အဖြစ် ရရှိမည်ဖြစ်သည်။

 

အင်စလေ ကြိတ်မနိုင်ခဲမရ ဖြစ်လာသည်။

 

ဂီးး ဝေါ်လ်တာမိသားစုက စလိုအန်မိသားစုရဲ့ မဟာမိတ်လေ.. သူတို့မှာ နတ်သမီးရှိတယ်တဲ့လား.. စလိုအန်မိသားစုမှ တစ်ယောက်တောင် မရှိဘူးလေ..

 

အင်စလေသည် ဂေါ့လိဖ်နိုင်ငံသမိုင်းကြောင်းစာအုပ် ကျေးဇူးနှင့် ယခုအခါ မာဖီးယားမိသားစုများအကြောင်း အတော်များများ သိထားပြီဖြစ်သည်။ စလိုအန်မိသားစုသည် နိုင်ငံတစ်ဝှမ်းလုံးရှိ မာဖီးယားမိသားစုများထဲတွင် ထိပ်တန်း ၂၀ စာရင်းဝင်ဖြစ်သည်။

 

ဒါတောင်မှ နတ်သမီးမရှိဘူးတဲ့လား.. သာမန်နတ်သမီးဆိုရင်တောင် အဆင်ပြေတာကို..

 

နတ်သမီးများသည် မိသားစုကြီး ၇ ခုကိုသာ ကောင်းကျိုးပြုပြီး ဝေါ်လ်တာမိသားစုမှာ တော်ဝင်နတ်သမီးရှိသည့် တစ်ခုတည်းသော မိသားစုဖြစ်သည်ကိုမူ အင်စလေမသိချေ။

 

နတ်သမီးများသည် အလှအပနှင့် သာလွန်စွမ်းအားကို ချစ်မြတ်နိုးသော သက်ရှိများဖြစ်သည်။ ဝေါ်လ်တာမိသားစု၏ အိမ်အကူနှင့် အစေခံများပင်လျှင် လှပသော ရုပ်ရည်သွင်ပြင်ရှိကြပြီး ထိုအကြောင်းအား ကြွားဝါပြောဆိုတတ်သောကြောင့် နတ်သမီးများသည် ယင်းမိသားစုအား သဘောကျနှစ်သက်သည်မှာ သဘာဝပင်။

 

ဝေါ်လ်တာမိသားစု၏ မျိုးဆက်တိုင်းမှာ အနည်းဆုံး စွမ်းရည် ၃ ခု အသုံးပြုကြသူများ ဖြစ်ကြောင်းကို ထည့်မပြောရသေးချေ။

 

အင်စလေ ကြမ်းပြင်အား ခြေဆောင့်လိုက်သည်။ စလိုအန်မိသားစု၏ စာကြည့်တိုက်အား လှည့်ပတ်ကြည့်လိုက်ပြီး နတ်သမီးတစ်ယောက် ရှိနေသင့်သည်ဟု ခံစားရသည်။

 

စလိုအန်မိသားစုက ကျဆင်းနေပြီး နတ်သမီးတွေက ကြိုသိထားလို့များလား.. စာကြည့်တိုက်နတ်သမီးက အနာဂတ်ကို မြင်နိုင်တယ်လေ.. ဒါကြောင့် စလိုအန်မိသားစုကို မရွေးခဲ့တာလား.. သူတို့က ငါတို့မိသားစု ပျက်သုန်းတော့မယ်လို့ ကြိုမြင်ထားကြလို့ပေါ့..

 

အင်စလေ ရင်တထိတ်ထိတ် ခုန်လာသည်။

 

စလိုအန်မိသားစုသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် လိုအပ်ကြောင်း သူမသိသည်။ သို့မဟုတ်ပါက...။

 

“ဟင်း...”

 

အင်စလေ သက်ပြင်းရှည်ချလိုက်သည်။ စလိုအန်မိသားစုအား ထိပ်ဆုံးသို့ ခေါ်ဆောင်သွားပေးနိုင်မည့် လှုံ့ဆော်မှုနှင့် အကြောင်းပြချက်တစ်ခုရှိသည်။

 

ယင်းမှာ နတ်သမီးတစ်ယောက် ရရှိရန်ပင်။

 

အင်စလေသည် နတ်သမီးတစ်ယောက်နှင့် တွေ့ဆုံရမည်ဟူ‌သော အတွေးကြောင့် အလိုလို သွားဖြီးနေမိသည်။ သို့သော် ရုတ်တရက် ဝေါ်လ်တာမိသားစုအား အတော်လေး စိတ်ဆိုးဒေါသဖြစ်မိသည်။

 

စလိုအန်နဲ့ ဝေါ်လ်တာက မဟာမိတ်တွေလေ.. သူတို့ရဲ့ နတ်သမီးကို ငါ့ကိုပြလို့ရလား.. ငါက အခုဆို မိသားစုခေါင်းဆောင် ဖြစ်နေပြီကို..

 

အခြားသူများ၏ အမြင်တွင် သူမသည် ရုပ်သေးခေါင်းဆောင်တစ်ဦးသာဖြစ်သောကြောင့် ထိုအတွေးမှာ မဖြစ်နိုင်မှန်း အင်စလေသိသည်။ ထိုသို့ဆိုလျှင် ဝေါ်လ်တာမိသားစု၏ တော်ဝင်နတ်သမီးအား တွေ့မြင်ချင်သည်ဆိုပါက..။

 

ငါ့ကိုယ်ငါ သက်သေပြရမှာပေါ့..

 

ဂါးး

 

အင်စလေ ဒေါသတကြီးဖြင့် လျှာတောက်လိုက်သည်။ ကလေးငယ်သည် စာကြည့်တိုက်အနှံ့ လျှောက်သွားနေပြီး ဝေါ်လ်တာမိသားစုအား ကျိန်ဆဲရင်း နတ်သမီးရှာဖွေလျက်ရှိသည်။

 

ဝေါ်လ်တာမိသားစုမှာ ကလေးငယ်အတွက် အလွန်အထက်စီးဆန်ပုံရသည်။ အင်စလေ ဝေါ်လ်တာမိသားစုအား မနှစ်မြို့ရသည့် အကြောင်းအရင်းမှာ..။

 

သူမ မနာလိုဖြစ်နေသောကြောင့်ပင်။

 

အဲဒီမိသားစုရဲ့ အမွေဆက်ခံသူက တော်ဝင်နတ်သမီးတစ်ယောက်ကို ဘေးမှာထားပြီး ဟိုဟိုဒီဒီ ပြေးလွှားနေတယ်လို့ တွေးလိုက်ရုံနဲ့တင် မနာလိုမဖြစ်ဘဲ ဘယ်လိုနေနိုင်မှာလဲ.. ဟွန့်.. အဲဒါက နတ်သမီးလေ.. သိရဲ့လား.. ဒဏ္ဍာရီလာသက်ရှိလို့..

 

အင်စလေ လက်သည်းကိုက်ရင်း နောက်တစ်ဖန် ကျိန်ဆဲလိုက်ပြန်သည်။ ဝေါ်လ်တာမိသားစု၏ အမွေဆက်ခံသူအား ကျိန်ဆဲရင်း အသေဆိုးနှင့်သေပါစေဟု ဆုတောင်းနေမိသည်။ (မှတ်ချက် - ကလေးရဲ့ ရက်စက်တဲ့အပိုင်းကို ပထမဆုံးအနေနဲ့ မြင်ရတာပါ.. နောက်ပိုင်းတွေမှာ ပိုလာနိုင်လို့ သတိမပေးတော့ပါဘူးနော်..)

 

အဆိုပါ အမွေဆက်ခံသူမှာ သူမအား ကြည့်နေသည်ဆိုသည်ကိုမူ အင်စလေ မသိချေ။

 

‘ဘာတွေလုပ်နေတာလဲ.. သူ့အသက်နဲ့မလိုက်တဲ့ စာအုပ်တွေဖတ်ပြီးတော့ အခုကျ စာကြည့်တိုက်ထဲ လိုက်ရှာနေတယ်တဲ့လား..’

 

ဖင်းလီ စာအုပ်စင်နှစ်ခုအကြားရှိ သစ်သားခုံပေါ်တွင် မေးထောက်ကာ ခြေချိတ်ထိုင်လိုက်သည်။ ထိုင်ခုံ၏ တည်နေရာကြောင့် အခြားသူများ အလွယ်တကူ ရှာမတွေ့နိုင်ပေ။ သို့သော် ဖင်းလီသည် အခြားသူများကို လက်ဖဝါးလှန်လိုက်သကဲ့သို့ အလွယ်တကူ ရှာတွေ့နိုင်သည်။

 

ဖင်းလီသည် ထိုနေရာမှတဆင့် အင်စလေ၏ လှုပ်ရှားမှုတိုင်းအား စောင့်ကြည့်နိုင်သည်။

 

ရိုးရိုးသားသား ပြောရလျှင် ကလေးမှာ သူ၏မျက်လုံးထဲ၌ အတော်လေး ပုံမှန်မဟုတ်ချေ။

 

‘တစ်ခါကြည့်လိုက်ရင် အလေးအနက်ဖြစ်နေပုံပေါ်ပြီး နောက်တစ်ကြိမ်ကြည့်လိုက်ရင် စိတ်လှုပ်ရှားနေရော.. နောက်တစ်စက္ကန့်လည်းကျရော ဒေါသထွက်နေပြီး ဝမ်းနည်းလာပြန်ရော.. သူမက လူသားရုပ်စုံမှန်ပြောင်းလား..’

 

ဖင်းလီသည် မေးစေ့အား အသာပွတ်နေသည်။

 

ကလေးအား ကြည့်နေသည်မှာ ၁၅ မိနစ်မျှရှိပြီဖြစ်သည်။ ယခုအခါ ကလေးသည် စာကြည့်တိုက်တစ်ခုလုံးအနှံ့ လှည့်ပတ်သွားနေသည့်တိုင်အောင် သူမအား သတိပြုမိသူ မရှိချေ။ အိမ်အကူများမှာ အုပ်ထိန်းသူနှင့် အလုပ်ရှုပ်လျက်ရှိသည်။

 

‘မိသားစုခေါင်းဆောင်ကို စောင့်ရှောက်တာ ဘာဖြစ်လို့ ဒီလောက်တောင် လျော့ရဲရတာလဲ.. ကလေးက ရုပ်သေးတစ်ခု.. သင်္ကေတတစ်ခုပဲ ဆိုရင်တောင် မိသားစုခေါင်းဆောင် ဖြစ်နေတုန်းပဲလေ.. သူမ သေသွားရင် စလိုအန်မိသားစုအတွက် ပြဿနာဖြစ်လာလိမ့်မယ်..’

 

ဖင်းလီ စိတ်အနှောင့်အယှက်ဖြစ်စွာ လျှာတောက်လိုက်ပြီး အိမ်အကူများမှာ မည်သည်ကြောင့် ကလေးငယ်နောက် လိုက်ပါစောင့်ရှောက်ခြင်း မရှိကြသည်ကို နားလည်ဘဲ ရှိနေသည်။

 

သူသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လောက်အောင် သန်မာသူတစ်ယောက်ဖြစ်ပြီး ကလေးငယ်မှာမူ ကျည်တစ်တောင့်နှင့်ပင် သေဆုံးသွားနိုင်လောက်အောင် ထိခိုက်လွယ်ပုံရသည်။

 

‘အင်စလေစလိုအန်က သတ်မှတ်ထားတဲ့ ကံကြမ္မာထက် စောပြီးသေမှာကို စိုးရိမ်နေသင့်လား.. ငါအချိန်နောက်ပြန်ရစ်ခဲ့တာက ကလေးကို မြန်မြန်သေအောင် လုပ်လိုက်မိတာများလား..’

 

ချစ်စဖွယ် ကလေးငယ်လေးမှာ နှစ်အနည်းငယ်အတွင်း သေဆုံးသွားတော့မည်ဟု စိတ်ကူးကြည့်ယုံနှင့်ပင် ဖင်းလီ အပြစ်ရှိသလို ခံစားရသည်။

 

အသက် ၂၀ ထိတော့ အသက်ရှင်နိုင်လောက်ပါတယ်နော်.. ငါက အချိန်နောက်ပြန်ရစ်ခဲ့ပေမဲ့ သူမရဲ့ မိသားစုကို ဝင်နှောင့်ယှက်မှာတော့ မဟုတ်ဘူး..

 

ဖင်းလီသည် ဒုတိယထပ်သို့ တက်ရမည့် လှေကားအား ရှာတွေ့သွားသည့် အင်စလေအား မျက်လုံးထောက်ထောက်ကြည့်နေသည်။ ကလေးငယ်သည် ဒုတိယထပ်အနှံ့ ထပ်မံရှာဖွေဦးမည်ဆိုလျှင် အနှေးနှင့်အမြန် သူ့အား တွေ့သွားလိမ့်မည်။

 

ထိုသို့တွေးမိပြီးနောက် ဖင်းလီ၏ လေးဖျင့်နေသော အမူအရာ ပြောင်းလဲသွားသည်။ လှေကားထစ်များအား တွားသွားတက်လာသည့် ကလေးငယ်အား စိတ်ဝင်တစား ကြည့်လိုက်သည်။

 

ငါက ဝေါ်လ်တာမိသားစုရဲ့ အမွေဆက်ခံသူဆိုတာ ပြောလိုက်သင့်လား.. ဝေါ်လ်တာမိသားစုကို သိကောသိပါ့မလား.. ဒါပေမဲ့ သူက အဲဒီစာအုပ်တွေကို အတည်ကြီးဖတ်နေခဲ့တာဆိုတော့ ငါ့လိုမျိုး ထူးခြားတဲ့သူ ဖြစ်သင့်တယ်မဟုတ်လား..

 

ဖြစ်နိုင်.. ဖြစ်နိုင်တာက သူကလည်း အချိန်နောက်ပြန်ရစ်ခဲ့တာ.. ဒါမှမဟုတ် ပြန်လည်မွေးဖွားလာတာများလား..

 

ဖင်းလီ အဓိပ္ပါယ်မရှိသည်များအား စတင်တွေးမိလာသည်။ ဒဏ္ဍာရီလာ သက်ရှိတစ်ဦး၏ အကူအညီမပါဘဲနှင့် ထိုကဲ့သို့ ဆန်းကြယ်အဖြစ်အပျက် ဖြစ်မလာနိုင်ပေ။ သို့သော်..

 

ကလေးငယ်သည် သူ့ကဲ့သို့ ထူးခြားသောတည်ရှိမှုမျိုး ဖြစ်ရန် မျှော်လင့်မိသည်။ အခြားသူများနှင့် ကွဲပြားသူတစ်ဦး ဖြစ်နေရသည်မှာ လွန်စွာအထီးကျန်လှသည်။

 

ဖင်းလီ၏ ဗလာမျက်လုံးများ တဖြည်းဖြည်း ရွှန်းရွှန်းစိုလာသည်။ ကောင်လေးသည် လှေကားထစ်များအား တက်လာသည့် အင်စလေအားကြည့်ရင်း ပြုံးယောင်သန်းလာသည်။

 

အင်စလေစလိုအန်..။ မကြာခင်တွေ့ကြတာပေါ့..။