ဖင်းလီသည် အနာဂတ်ပြောင်းလဲမှု ကိန်းရှင်တစ်ခုဖြစ်လာနိုင်သော ကလေးငယ်အား စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ အထောက်အထားကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေမိသည်။
ကလေးငယ်သာ ဖင်းလီမှာ အခြားမိသားစုတစ်ခု၏ အမွေဆက်ခံသူဟု သိသွားမည်ဆိုလျှင် သူနှင့် အကွာအဝေးတစ်ခု ခြားသွားနိုင်သည်။
‘ဟင်း.. ငါဘယ်သူလဲဆိုတာကို လောလောဆယ် အသိမပေးသင့်သေးဘူး.. သူမရဲ့ရှေ့မှာ ကိန်းကြီးခမ်းကြီးနိုင်တဲ့ပုံ မပေါ်ချင်ဘူး.. ဒီတော့ လိမ်လိုက်သင့်လား.. ဘယ်လို အထောက်အထားမျိုး သုံးသင့်လဲ..’
ဖင်းလီ ရုတ်တရက်ဆိုသလို စံအိမ်၌ ချန်ထားခဲ့သည့် နတ်သမီးလေးအား အမှတ်ရလိုက်သည်။ နတ်သမီးလေးမှာ သူ၏ဘိုးဘေးနှင့်တူပြီး ရွှေအိုရောင်ဆံပင်နှင့် မြစိမ်းရောင်မျက်လုံးများရှိသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် အဆိုပါနတ်သမီးမှာ အချိန်နတ်သမီးဖြစ်ပြီး ဖင်းလီအား အချိန်နောက်ပြန်ဆုတ်ပေးခဲ့သူဖြစ်ကာ အလဲအလှယ်အနေဖြင့် ကြီးမားသောအဖိုးအခ ပေးခဲ့ရသည်။
ဖင်းလီသည် လက်ရှိအချိန်တွင် အဖိုးအခနှင့် ပတ်သက်၍ ဘေးဖယ်ထားလိုက်ပြီး ထိုနတ်သမီး၏ အထောက်အထားအား အသုံးပြုရန် စီစဉ်လိုက်သည်။ သူ၏ ဆံပင်နှင့် မျက်လုံးအရောင်ကြောင့် တော်ဝင်နတ်သမီးအဖြစ် ဟန်ဆောင်နိုင်သည်။
‘ငါက နတ်သားလို့ ခေါ်လို့ရအောင် ခံ့ညားတယ်မဟုတ်လား..’
ဖင်းလီသည် ကလေးမျက်နှာလေးအား လက်ဖြင့်ထိပြီး အတ္တကြီးစွာ ပြုံးလိုက်သည်။
အင်း.. ဒီလိုဆိုတော့ ငါက စာကြည့်တိုက်နတ်သမီးလို့ ဟန်ဆောင်သင့်လား.. အခုက စာကြည့်တိုက်ထဲ ရောက်နေတာလေ.. ဒါက အကောင်းဆုံးပဲ.. အနာဂတ်ကိုလည်း မြင်နိုင်တယ်ဆို... အားးး ငါက အနာဂတ်ကို သိထားပြီးသား..
ငါက ဒီကမ္ဘာနဲ့ ပတ်သက်ပြီး အတော်များများကို သိထားတယ်.. ဆိုတော့ စာကြည့်တိုက်နတ်သမီးတစ်ယောက်လို ဟန်ဆောင်ဖို့ လုံးဝအဆင်ပြေတယ်..
ဖင်းလီသည် စာကြည့်တိုက်နတ်သမီးဟန်ဆောင်ရန် ချက်ချင်းဆုံးဖြတ်လိုက်သည်။ ကံကောင်းစွာဖြင့် သူ၏ အပေါ်ယံသွင်ပြင်နှင့် စွမ်းရည်မှာ နတ်သမီးတစ်ယောက်၏ ဝိသေသလက္ခဏာနှင့် တူညီနေခြင်းပင်။
ကောင်လေးသည် သန့်စင်သောသွင်ပြင်၊ လူသားတစ်ဦး၏ အလှအပစံနှုန်းထက် ကျော်လွန်သော ခံ့ညားချောမောသောရုပ်ရည်တို့ ပိုင်ဆိုင်ထားသည်။ အချိန်နတ်သမီးနှင့် ပဋိညာဉ်ပြုထားသောကြောင့် သူ၏ရောင်ဝါမှာလည်း မြင်သာသည်။
အနာဂတ်အားလည်း သိရှိထားသည့်အပြင် ယင်းမှာ စာကြည့်တိုက်နတ်သမီး၏ စွမ်းရည်များထဲမှ တစ်ခုဖြစ်သည်။ ယခင်ဘဝ၌ ၂၅ နှစ် နေထိုင်ခဲ့ပြီး ယခုဘဝ၌ ၈ နှစ် ရှိပြီဖြစ်သောကြောင့် လုံလောက်သော ဗဟုသုတရှိပြီဟု ယူဆနိုင်သည်။
ဒီလောက်ကတော့ စာကြည့်တိုက်နတ်သမီးအစစ်နဲ့တောင် ယှဉ်လို့ရလောက်မှာပါ.. ပြီးတော့ စာကြည့်တိုက်နတ်သမီးကိုလည်း ဘယ်သူကမှ မမြင်ဖူးကြဘူးလေ.. အဲဒီတော့ ကွဲပြားမှုကို သိကြမှာတဲ့လား..
တောင်ပံတွေကတော့...
ဖင်းလီသည် တောင်ပံမဲ့နေသည့် နောက်ကျောအား စောင်းငဲ့ကြည့်လိုက်သည်။ သူ၏ ဇာတ်ကွက်တွင် တစ်ခုတည်းသော အားနည်းချက်မှာ အတောင်ပံများဖြစ်သည်။ သို့သော်လည်း အလုံးစုံ ချို့ယွင်းနေခြင်း မဟုတ်ပေ။
တော်ဝင်နတ်သမီးများသည် သူတို့၏ တောင်ပံများအား ဖုံးဝှက်ထားနိုင်ကြောင်းနှင့် အတောင်ပံများအား ယခုမပြနိုင်ကြောင်းပြောကာ အင်စလေအား လိမ်ညာနိုင်သည်။
ဖင်းလီ၏ နှုတ်ခမ်းများ ကွေးတက်သွားပြီးနောက် သူ၏အပြစ်ကင်းစင်သော သွင်ပြင်နှင့် မလိုက်ဖက်သည့် ဆိုးယုတ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏မျက်နှာအား မြင်လိုက်မည်ဆိုလျှင် ဉာဏ်ပညာရှိသော နတ်သမီးတစ်ယောက်ထက် လျှို့ဝှက်အကြံအစည်များပြည့်နေသော နတ်သမီးဟု မြင်သွားနိုင်သည်။
‘ဟုတ်ပြီ.. ကလေးကို စောင့်နေတုန်း အိပ်ချင်ယောင်ဆောင်ရမယ်.. ပြီးတော့ စာကြည့်တိုက်နတ်သမီးနဲ့ ကိုက်ညီတဲ့ စရိုက်မျိုး ရှိအောင်လုပ်ရမယ်..’
အစီအစဉ် ချမှတ်ပြီးနောက် ဖင်းလီ အလျင်အမြန်ပင် ခုံပေါ်၌ ဒူးပိုက်ကာ ကွေးကွေးလေးနေလိုက်သည်။ ကောင်လေးသည် မျက်လုံးမှိတ်ကာ စာကြည့်တိုက်နတ်သမီးအစစ်နှင့် တူစေရန် တဖြည်းဖြည်းချင်း လုပ်ယူနေသည်။
စာကြည့်တိုက်နတ်သမီးမှာ ရှက်ကြောက်တတ်သည်။ ထို့ကြောင့် ရှက်တတ်၊ ကြောက်တတ်ဟန်ဆောင်ဖို့ လိုအပ်သည်။ တစ်ချိန်တည်းမှာပင် ဉာဏ်ပညာကြီးသူတစ်ဦးအသွင်လည်း ပေါ်ရမည်။
သူ၏ ၃၃ နှစ်တာ ကာလအတွင်း အကြီးမားဆုံးသော လိမ်ညာမှုအား စတင်နေစဉ် အင်စလေသည် ဒုတိယထပ်၏ ဧရိယာတစ်ဝက်ခန့်အား ရှာဖွေပြီးဖြစ်သည်။ သူမ မရှာဖွေရသေးသည်မှာ ဖင်းလီရှိနေသော နေရာတစ်ဝိုက် ဖြစ်သည်။
‘အင်း.. နတ်သမီးနဲ့ ပတ်သက်တဲ့ သဲလွန်စတောင် ရှာမတွေ့ဘူး.. ဒါပေမဲ့ စာအုပ်ထဲမှာ ပြောထားတာကတော့ နတ်သမီးတွေက ပြတင်းပေါက်နဲ့နီးပြီး နေရောင်ရတဲ့ နေရာတွေကို ကြိုက်ကြတယ်တဲ့.. အဲဒီနေရာတွေကို အရင်ဆုံးရှာရမယ်..’
အင်စလေ လျှာတောက်လိုက်ပြီး နေရောင်ခြည်ရသည့် နေရာသို့ အရှိန်တင်ကာ သွားလေသည်။ ထိုနေရာ၌ ကြီးမားသော စာအုပ်စင် အနည်းငယ်သာရှိသော်ငြား နေရောင်ခြည်မရချေ။
ဒီနေရာမှာ သေချာပေါက် နတ်သမီး မရှိနိုင်ဘူး..
နတ်သမီးရှာမတွေ့နိုင်ဟု တွေးလိုက်ရုံနှင့်ပင် အင်စလေ၏ ရင်ဘတ်တစ်ခုလုံး တင်းကြပ်လာသည်။ ခက်ခဲမည်အား သိသော်ငြား စလိုအန်မိသားစု၏ စာကြည့်တိုက်မှာ စာကြည့်တိုက်နတ်သမီးအား ဆွဲဆောင်နိုင်စွမ်း မရှိဟု တွေးလိုက်ရုံနှင့်ပင်..။
အင်စလေ မကျေမနပ် ညည်းညူရင်း သူမ၏ ကြက်တောင်စည်းလေးအား လက်ဖြင့်လိမ်နေမိသည်။ နတ်သမီးအား တွေ့လိုသည့် စိတ်ဆန္ဒကြောင့် ပူလောင်နေမိပြီး ယင်းမှာ မဖြစ်နိုင်သည့် အိမ်မက်တစ်ခုမျှသာဖြစ်ကြောင်း နားလည်သဘောပေါက်သွားသည်။
လက်တွေ့ဘဝက ရက်စက်ကြမ်းတမ်းလိုက်တာ..
‘အချိန်နဲ့ ဒိုင်မေးရှင်းကို ဖြတ်သန်းလာခဲ့မိတဲ့ ငါ့ရဲ့ ကံကြမ္မာများလား.. ဒီကမ္ဘာကြီးက ငါ့ကို ငြင်းပယ်နေတာလား..’
အင်စလေ မပျော်မရွှင် ဖြစ်လာချိန်တွင် သူမ၏ ချူနီဗြောရောဂါ ထလာပြန်သည်။ အခက်အခဲတစ်ခုနှင့် ကြုံချိန်တိုင်း၌ ချူနီဗြောရောဂါ ပေါ်လာတတ်သည်။
ယခုလိုဖြစ်သည်။
“ဟင်း...”
ကလေးသည် အသက်ပြင်းပြင်းရှူကာ ဖင်းလီပုန်းနေသည့်နေရာမှအပ ကျန်နေရာများသို့ တတောက်တောက် လျှောက်သွားနေသည်။ ရလဒ်အနေနှင့် မည်သူ့ကိုမျှ ရှာမတွေ့ချေ။
သူမ မရှာဖွေရသေးသည့် တစ်ခုတည်းသောနေရာမှာ ကြီးမားသော စာအုပ်စင် နှစ်ခုသာ ကျန်တော့ပြီး အဆိုပါ စာအုပ်စင်များမှာ လျှို့ဝှက်ဆန်းကြယ်ရမည့်အစား ထိတ်လန့်ချောက်ချားဖွယ်ကောင်း၏။
စာအုပ်စင်များမှာ လျှို့ဝှက်တံခါးပေါက်နှင့်တူသော်ငြား အင်စလေ မဝံ့မရဲ ချဉ်းကပ်သွားသည်။
အဲဒီ စင်တွေရဲ့နောက်မှာ မကောင်းဆိုးဝါးဝိညာဉ်ကို ချိပ်ပိတ်ထားတာဆို ဘယ်လိုလုပ်မလဲ.. ငါက မတော်တဆ ချိပ်ဖွင့်ပေးလိုက်မိမှာလဲ.. မန်ဟွတွေ ဝတ္ထုတွေထဲတော့ အဲလိုမျိုးတွေ ဖတ်ရတာ ခဏခဏပဲ..
အင်စလေ မကြည်မသာဖြင့် သူမ မစစ်ဆေးရသေးသော စာအုပ်စင် ၂ ခု ရှိရာသို့ ဂရုတစိုက် ချဉ်းကပ်သွားသည်။
ရှပ်.. ရှပ်.. ရှပ်..
တိတ်ဆိတ်ငြိမ်သက်နေသော စာကြည့်တိုက်အတွင်း၌ ပေါ့ပါးသောခြေသံများ ထွက်ပေါ်လာသည်။ ရံဖန်ရံခါ အင်စလေ၏ အသက်ရှူသံမှာ ခြေသံနှင့် ရောနှောသွားသည်။
စာကြည့်တိုက်မှာ ထူးဆန်းဖွယ်ကောင်းစွာ တိတ်ဆိတ်နေကြောင်း သိရှိသွားပြီးနောက် အင်စလေ အသက်ရှူအောင့်လိုက်မိသည်။ နှလုံးခုန်သံ မြန်လာပြီး သူမ၏ ချူနီဗြောအာရုံအရ တစ်စုံတစ်ခု ကွဲပြားနေကြောင်း သိနေသည်။
‘လေထုက နည်းနည်းထူးဆန်းနေတယ်..’
အင်စလေ တံတွေးမျိုချမိသည်။ ဤသို့သော လေထုအခြေအနေမှာ အဖြစ်အပျက်အသစ်များ စတင်သော လက္ခဏာရပ်ပင်။
မန်ဟွနှင့် ဝတ္ထုများထဲ၌ အဓိကဇာတ်ဆောင်များသည် သူတို့၏ ဘဝအား ပြောင်းလဲသွားစေမည့် အရာတစ်ခုခုအား တွေ့ရှိပါက လေထုအခြေအနေမှာ ပုံမှန်မဟုတ်တော့ချေ။
ဒီအတိုင်းပဲ..
အရမ်းပဲ တိတ်ဆိတ်နေတယ်.. တိတ်ဆိတ်လွန်းလို့ အယ်လီယာနာ စာရွက်တွေ လှန်နေတာ တီးတိုးပြောနေတာတောင် မကြားရတော့ဘူး..
ပတ်ဝန်းကျင်က တားဆီးပိတ်ဆို့ခံထားရတဲ့အတိုင်းပဲ..